နဂါးနက်နှင့်တိုက်ခိုက်ခြင်း
Vol. 40 Ch. 553
အန်လင်းသည် ကျွန်းပေါ်ဆင်းသက်လာပြီးနောက် အရောင်အသွေး စုံလင်စွာ တောက်ပနေသော အပင်များကိုကြည့်ကာ အံ့အားသင့်နေမိသည်။ သူသည် ချက်ချင်းဆိုသလို ဖုန်းအားထုတ်ယူကာ အမှတ်တရ ဓာတ်ပုံရိုက်ထားလိုက်၏။
ချလက်.......
"နဂါးသိုက်က အရှေ့မှာပဲ။ နဂါးနက်ကြီးက ဂူပေါက်ဝမှာ စောင့်နေတယ်တွေ့လား။ ကျွန်မက စွမ်းအင်စီးဆင်းမှုတွေကို အာရုံခံနိုင်တယ်။ အဲ့ဒါကြောင့် ဂူထဲမှာ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ရှိနေတာကို ခံစားမိတယ်။"
မိယက အဝေးတွင် ရှိနေသော အဖြူရောင်ဂူအား ညွှန်ပြလိုက်သည်။
"အော်....အဲ့နဂါးနက်လား။ ကြည့်ရတာ တော်တော်အားကောင်းမယ့်ပုံပဲ။"
အန်လင်းသည် အစောင့်အရှောက် နဂါးကြီး၏ အသက်စွမ်းအင်အား အာရုံခံကာ ခေါင်းညိတ်ပြလိုက်သည်။
မိယ စကားဆိုလိုက်သည်။
"အဲ့နဂါးကြီးက ကျင့်ကြံရေးအခြေခံနဲ့ ပက်သတ်ပြီး ကန့်သတ်ထားတာလားတော့ မသိပေမယ့် လောလောဆယ်တော့ ဟင်းလင်းပြင်သို့အပြန်(ကောင်းကင်အင်မော်တယ်)အဆင့်ရဲ့ အလယ်အလတ် ထိပ်ဆုံးလောက်မှာ ရှိနေတယ်။ သူ့ရဲ့ နဂါးသွေးမျိုးဆက်က အရမ်းအားကောင်းလို့ တခြား ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်တွေတောင် နဂါးကြီးကို တိုက်ဖို့မလွယ်လောက်ဘူး။ သခင်လေး အန်လင်းက သူ့ကိုတိုက်ချင်တယ်ဆိုရင်တော့ ထောက်ချောက်ဆင်ဖို့ မန္တာန်ဝင်္ကပါကို ကူလုပ်ပေးနိုင်ပါတယ်။"
အန်လင်းက နဂါးနက်အား ကြောက်ရွံ့ခြင်း မရှိပေ။ လေလွင့်စိတ်ဝိဉာဉ် မဟုတ်ပဲ သက်ရှိအစစ်အမှန်သာ ဖြစ်ပါက ၎င်း၏ကျင့်ကြံရေးသည် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်အောက်တွင်သာ ရှိပေလိမ့်မည်။ ထိုသို့မဟုတ်ပါက ဤကမ္ဘာ၏ စည်းမျဉ်းဥပဒေသများကို ချိုးဖောက်နေသောကြောင့် ဒုက္ခရောက်ရမည် ဖြစ်သည်။ နဂါးကြီးသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်၏ အထွဋ်အထိပ်တွင် ရှိနေပါသော်လည်း အန်လင်းထံတွင် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် နှစ်ယောက်နှင့် အလယ်အလတ်အဆင့် နှစ်ယောက် ရှိနေသောကြောင့် ကြောက်စရာ မရှိပေ။
"ငါတို့အဖွဲ့ရဲ့ အစွမ်းကို ပြလိုက်ကြရအောင်။"
အန်လင်း ပြုံးကာပြောလိုက်သည်။
ပုံရိပ်ငါးခုသည် လျင်မြန်လှသော အရှိန်ဖြင့် နဂါးနက်ကြီးထံ ပျံဝဲသွားသည်။
နဂါးနက်ကြီးသည် ပျံဝဲလာနေသော စွမ်းအင်ငါးခုကို အာရုံခံမိသွားသောကြောင့် ၎င်း၏မဟူရာ ကြေးခွံများမှာ ရေလပြင်အလား တလက်လက် လှိုင်းထသွားပြီး သွေးနီရောင် မျက်ဝန်းများမှ အေးစက်သော အလင်းများ ဖြာထွက်လာသည်။
"ဟားဟား.......ကိုယ့်ကိုယ်ကို သေကြောင်းကြံချင်တဲ့လူတွေ ရှိနေဦးမယ်လို့ မထင်ထားဘူး။ အရှင်သခင်ကြီး ရှောင်ဇယ်ဆီကိုတောင် ရူးရူးမိုက်မိုက် လာရဲတယ်ပေါ့လေ။"
နဂါးကြီးမှာ ခနဲ့ပြုံးပြုံးလျက် ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်လိုက်သည်။
"ဝေါင်း....."
ဆယ်ကီလိုမီတာပတ်လည် ကြားရလောက်အောင် ကျယ်လောင်လှသော နဂါးဟိန်းသံကြီးမှာ မြေပြင်အား တသိမ့်သိမ့်တုန်သွားစေသည်။ အသံလှိုင်းကြီးကြောင့် ပတ်ဝန်းကျင်ရှိ အပင်များအားလုံး ပြိုလဲကာ လေထုသည်လည်း မတည်မငြိမ် ဖြစ်လာသည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးသည် အရှေ့ဆုံးမှ ဦးဆောင်ထားကြပြီး ကတ်စီဒီမှ စတင်တိုက်ခိုက်လိုက်သည်။ သူမသည် ဓားအားလွှဲရမ်းကာ ကြောက်မက်ဖွယ် အသံလှိုင်းကို ပျက်ပြယ်သွားစေသည်။ တိုဘိယသည် အသံလှိုင်းအား ခုန်ကျော်ကာ နဂါးနက်ကြီးရှေ့သို့ မျက်စိတမှိတ်အတွင်း ရောက်ရှိသွားသည်။ သူ၏လက်အိတ်နှစ်ဖက်ပေါ်တွင် ဖုတ်ကောင်မျက်နှာများ ပေါ်ထွက်လာပြီးနောက် နဂါးနက်ကြီး၏ခေါင်းအား ထိုးချလိုက်သည်။
လေထုမှာ ဆုတ်ပြဲသွားကာ ပြင်းထန်လှသော ထိုးနှက်ချက်သည် နဂါးနက်ကြီး ခေါင်းပေါ်ရောက်ရှိလာပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
တိုဘိယ၏ လက်သီးချက်ကြောင့် နဂါးနက်ကြီးမှာ ခေါင်းမြေစိုက်သွားရသည်။
ထိုအချိန်တွင် ပေပေါင်းတစ်သောင်းကျော်ရှိသော သွေးမိစ္ဆာ အစီအရင်မှာ အသက်ဝင်လာသည်။
မာလင်သည် သွေးမိစ္ဆာ အစီအရင်အား ထိန်းချုပ်ကာ နဂါးကြီး၏ ခန္ဓာကိုယ်အား အဆက်မပြတ် ထိုးနှက်တော့သည်။ ထိုးနှက်ချက် တစ်ချက်ချင်းစီသည် ထိတ်လန့်ဖွယ် ကောင်းလွန်းလှပြီး နဂါးကြီး၏ အောက်မြေပြင်မှာ ချိုင့်ခွက်ကြီး တစ်ခုပင် ဖြစ်ပေါ်နေပြီ ဖြစ်သည်။
မိယသည် အချိန်မရွေး မန္တာန်ရွတ်ဆိုရန် ဘေးတွင်ရှိနေပါသော်လည်း သွေးမျိုးနွယ်စု သုံးဦး၏ ကောင်းမွန်လှသော ချိတ်ဆက်တိုက်ခိုက်မှုကြောင့် ငေးကြောင်နေမိသည်။ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်သို့ မရောက်သေးသူမှန်သမျှ ထိုတိုက်ခိုက်မှုအောက်တွင် ပြားပြားမှောက်သွားရပေလိမ့်မည်။
မလှမ်းမကမ်းတွင် ရှိနေသော တောက်ရဲ့သည်လည်း ထိုတိုက်ပွဲကိုကြည့်ကာ မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။ ထိုပူးပေါင်းတိုက်ခိုက်မှုကို ခံရသူသည် သူသာဖြစ်နေပါက ယခုအခါ အေးစက်တောင့်တင်းသော အလောင်းကောင်တစ်ကောင် ဖြစ်နေလောက်ပြီပင်။
သူသည် အုတ်ခဲနက်ပေါ်တွင်ထိုင်ကာ တိုက်ပွဲအား ကြီးကြပ်နေသော အန်လင်းအား အထိတ်တလန့် ကြည့်ရှုလိုက်သည်။ ကြောက်မက်ဖွယ် အဖွဲ့အား အမိန့်ပေးနိုင်ရလောက်အောင် မည်မျှပင် သြဇာအာဏာ ကြီးမားနေပါသနည်း။
"ဘာလို့လဲ။"
ရန်သူများသည် နယ်နယ်ရရ မဟုတ်ကြောင်း သိရှိပြီးသည့်နောက် နဂါးနက်ကြီးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ မည်းမှောင်နေသော တိမ်ထုများမှာ ကောင်းကင်ထက်တွင် စုဝေးလာလေသည်။
ပေတစ်ရာကျော်ရှိသော အနက်ရောင် လျှပ်စီးကြီး ကျဆင်းလာကာ သွေးမိစ္ဆာ အစီအရင်အား ထိုးဖောက်သွားသည်။
ဝိဉာဉ်စစ်သည်တော်များသည် လျှပ်စီးအား လွန်စွာကြောက်ရွံ့ကြပုံပေါ်သည်။ သွေးမိစ္ဆာ အစီအရင်မှာ ထိုးဖောက်ခံရပြီးနောက် ဝိဉာဉ်စစ်သည်တော်များစွာမှာ ဗလာနတ္ထိအဖြစ် ပြောင်းလဲပျောက်ကွယ်ကုန်ရပြီး ကျန်ရှိနေသော ဝိဉာဉ်စစ်သည်တော်များမှာလည်း ဦးတည်ရာမဲ့ ထွက်ပြေးကုန်သောကြောင့် သွေးမိစ္ဆာ အစီအရင်မှာ ပျက်စီးတော့မလို ဖြစ်လာသည်။
နဂါးနက်ကြီးက ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး တိုဘိယအား အမြှီးဖြင့် ရိုက်ချလိုက်သည်။ လှုပ်ရှားမှုမှာ လျင်မြန်လွန်းသောကြောင့် ပုံရိပ်ယောင်များသာ ထင်ကျန်ရစ်ခဲ့သည်။
တိုဘိယ နှလုံးသား တစ်ခုလုံး ကပြောင်းကပြန်ဖြစ်ကာ လက်သီးနှစ်လုံးဖြင့် နဂါးမြှီးအား ထိုးနှက်လိုက်သည်။
ဝုန်း.....
လက်သီးနှင့် အမြှီးတို့ တွေ့ဆုံသွားသောအချိန်တွင် ပတ်ဝန်းကျင် တခွင်လုံး ခေတ္တတိတ်ဆိတ်သွားပါသော်လည်း ချက်ချင်းဆိုသလို ကမ္ဘာမြေပြင် တုန်ဟီးမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ဆယ်ကီလိုမီတာအတွင်း ရှိနေသမျှ အရာအားလုံး ပျက်စီးကုန်သည်။
တောက်ရဲ့သည် စွမ်းအင်လှိုင်းဂယက်များ ရိုက်ခတ်မှုကို ခံရမည်စိုးသောကြောင့် အလန့်တကြား နောက်သို့ဆုတ်သွားသည်။ သူသည် အချိန်အခါကိုစောင့်ကာ ဘနဖူးသိုက်တူးရန် ရည်ရွယ်ထားပါသော်လည်း ယခုတွင်မူ ဆုတ်ခွာလိုက်ခြင်းကသာ ပိုမိုကောင်းမွန်လိမ့်မည်ဟု ထင်မြင်လာသည်။
တိုဘိယသည် နဂါးကြီးနှင့် ခွန်အားချင်း မယှဉ်နိုင်သောကြောင့် အမြှောက်ဆံအလား အဝေးသို့ လွင့်စင်သွားရတော့သည်။
ထိုအချိန်မှာပင် ရေလှိုင်းများ လေထုထဲ တက်လာပြီးနောက် ကြိုးများသဖွယ် လိမ်ယှက်သွားကာ နဂါးနက်ကြီး၏ ခန္ဓာကိုယ်အား ရစ်ပတ်လိုက်သည်။
မိယသည် ဘာသာစကားတစ်မျိုးဖြင့် မန္တာန်အား ရွတ်ဆိုလိုက်သည်နှင့် ရေလှိုင်းများပေါ်တွင် သင်္ကေတများစွာ ပေါ်ထွက်လာသည်။ ရေလှိုင်းများ၏ ထိတ်လန့်ဖွယ် စွမ်းအင်ကြောင့် နဂါးနက်ကြီးမှာ ခေတ္တမျှ လှုပ်မရ ဖြစ်သွားသည်။
ချက်ချင်းပင် ကောင်းကင်ထက်မှ သွေးနီရောင် ဓားအလင်းတန်းတစ်ခု ကျဆင်းလာသည်။
ဓားအလင်းတန်းကြောင့် တိမ်စိုင်များပင် ပျောက်ကွယ်သွားကာ ကတ်စီဒီ၏ဓားမှာ နဂါးနက်ကြီးထံ ပျံဝဲလာသည်။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး သွေးနီရောင်များ စွန်းထင်ကုန်လေသည်။
ဝုန်း.....
ဓားအလင်းတန်းသည် နဂါးကြီး၏ လည်ပင်းအား ထိုးစိုက်ကာ ခန္ဓာကိုယ်အား ပိုင်းဖြတ်ပစ်လိုက်သည်။
"လုပ်နိုင်ခဲ့ပြီလား။"
မိယ စိတ်လှုပ်ရှားစွာဖြင့် နဂါးနက်ကြီးအား ကြည့်ရှုလိုက်သည်။
ထိုသည်မှာ ကတ်စီဒီ အချိန်ကြာမြင့်စွာ ပြင်ဆင်ထားရသော အားအကောင်းဆုံး တိုက်ကွက်ပင်။ နဂါးနက်ကြီးသည် မည်သို့မျှ ရှောင်ရှားချိန်မရလိုက်ပေ။ ထို့အပြင် လည်ပင်းအား ထိုးစိုက်သွားခဲ့ခြင်း ဖြစ်သောကြောင့် မသေလျှင်ပင် ဆိုးဆိုးရွားရွား ထိခိုက်သွားပေလိမ့်မည်။
သွေးနီရောင် အလင်းတန်းများ ကွယ်ပျောက်သွားပြီးနောက် ခြစ်ရာလေးပင် မထင်လိုက်သော နဂါးကြေးခွံများကို တွေ့လိုက်ရသည်။
ကတ်စီဒီ မျက်ဝန်းများ ပြူးကျယ်သွားရသလို မိယသည်လည်း ကြောင်တောင်တောင်ဖြင့် နဂါးနက်ကြီးအား ကြည့်ရှုနေမိသည်။
ဓားချက်သည် လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး ဟင်းလင်းပြင်သို့အပြန် အဆင့်များအတွက်ပင် အန္တရာယ် ရှိစေနိုင်သည်။ သို့သော် နဂါးနက်ကြီး၏ ကြေးခွံမှာ ခြစ်ရာကလေးမျှပင် မထင်ခဲ့ပေ။
"အဟက်.....အံ့သြသွားသလား။"
နဂါးနက်ကြီး လှောင်ပြုံးပြုံးလိုက်သည်။
"ငါ့ရဲ့ခုခံကာကွယ်ရေး အစွမ်းက ငါအရမ်းဂုဏ်ယူရတဲ့အရာပဲ။ အဲ့အစွမ်းကြောင့်ပဲ ငါအကြာကြီး အသက်ရှင်နေနိုင်တာ။ မင်းတို့ရဲ့ မဖြစ်စလောက် တိုက်ကွက်လေးတွေနဲ့များ ငါ့ကိုနိုင်မယ် ထင်နေတာလား။ အိမ်မက်မက်မနေနဲ့။"
နဂါးနက်ကြီးသည် ခန္ဓာကိုယ်အား လျင်မြန်စွာ လှည့်ပတ်ကာ လေပွေမုန်တိုင်းတစ်ခု ဖြစ်ပေါ်စေလိုက်ပြီးနောက် ရေလှိုင်းများကို ဖယ်ရှားပစ်လိုက်သည်။
ထို့နောက် အဖျက်စွမ်းအင်များ မှုတ်ထုတ်လိုက်သောကြောင့် ကတ်စီဒီမှာ ဆုတ်ခွာရန် ကြိုးစားလိုက်သည်။
နဂါးနက်ကြီးသည် အားကုန်သုံးကာ တိုက်ခိုက်လာခြင်း ဖြစ်သောကြောင့် ကတ်စီဒီမှာ ရှောင်ချိန်မရတော့ပဲ အံကြိတ်ကာ ခုခံလိုက်ရသည်။
ဝှစ်....
အဖြူရောင် ပုံရိပ်တစ်ခုသည် သူမရှေ့သို့ ရောက်ရှိလာကာ လက်တစ်ဖက်အား ဆန့်ထုတ်လိုက်သည်။
အနက်ရောင် စွမ်းအင်များသည် ရုတ်ချည်းဆိုသလို စုပ်ယူခံလိုက်ရပြီးနောက် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်ပျံဝဲသွားသည်။ ထိုအနက်ရောင် စွမ်းအင်သည် လေပွေမုန်တိုင်းအား ထိုးဖောက်ကာ နဂါးနက်ကြီးထံ ရောက်ရှိသွားပြီး ကျယ်လောင်လှသော ပေါက်ကွဲသံ ပဲ့တင်ထပ်သွားသည်။
"သခင်....."
ကတ်စီဒီ မျက်လုံးအပြူးသားဖြင့် ရှေ့တွင်ရှိနေသော ပုံရိပ်အား ငေးကြည့်လိုက်သည်။
"ငါ့ကို မြင့်မြတ်ခေါင်းဆောင်လို့ ခေါ်ပါဆိုမှ။"
အန်လင်းသည် ကတ်စီဒီအား ဆူလိုက်ပြီးနောက် ပုခုံးထက်တွင် ရှိနေသော တီနာ၏ ခြေထောက်လေးများကို ပုတ်လိုက်သည်။
အဖြူရောင် အလင်းတစ်ခုနှင့်အတူ အန်လင်း၏ ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်သွားလေသည်။
နဂါးနက်ကြီးသည် ကိုယ့်အတတ်ကိုယ်စူးရသောကြောင့် ဒေါသထွက်စွာ ဟိန်းဟောက်လိုက်သည်။
ထိုအချိန်မှာပင် ၎င်းနှင့်မီတာတစ်ရာအတွင်း အန်လင်း၏ ခန္ဓာကိုယ် ထွက်ပေါ်လာသည်။
အန်လင်း၏ နဖူးထက်တွင် ရွှေရောက်အမှတ်အသားများ ဖြစ်ပေါ်လာကာ မျက်ဝန်းတစ်ခုအသွင် ပေါ်ထွက်လာပြီးနောက် ၎င်း၏စွမ်းအင်လှိုင်းများမှာ နဂါးနက်ကြီးထံ ပျံဝဲသွားသည်။
"အံ့ဖွယ်အဓမ္မလုယူခြင်းနည်းစနစ်...."
အန်လင်းသည် နဂါးနက်ကြီး၏ ထိုးဖောက်မရသော ခုခံကာကွယ်ရေးအား လုယူလိုက်သည်။
နဂါးကြီးသည် တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရပြီးနောက် သူ၏တလက်လက်ထနေသော ကြေးခွံများမှာ တောက်ပမှုများ ကွယ်ပျောက်သွားလေတော့သည်။
--------