← Chapters

ရှေးဟောင်းနဂါးပုံရိပ်၏အရှိန်အဝါ

Vol. 40 Ch. 554

ရှေးဟောင်းနဂါးပုံရိပ်၏အရှိန်အဝါ

Vol. 40 Ch. 554

အဖြူရောင် အလင်းမှာ ဖျတ်ခနဲ လက်သွားပြီးနောက် အန်လင်းသည် တစ်ကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိလာသည်။

အန်လင်းသည် ဗာမီလီယမ်ငှက်ကြေးမုံနှင့် အံ့ဖွယ်အဓမ္မလုယူခြင်းနည်းစနစ်ကြားတွင် လေဟာနယ်ခုန်ကျော်ခြင်းအား အသုံးပြုနေခြင်းမှာ အမှန်တကယ် အသုံးဝင်လှသည်။

သူကတ်စီဒီတို့အား လှမ်းအော်လိုက်သည်။

"နဂါးကြီးရဲ့ ခုခံကာကွယ်ရေး အစွမ်းကို ယူထားလိုက်ပြီးပြီ။ သူ့ကိုဆော်ကြတော့။"

ကတ်စီဒီနှင့် မာလင်တို့မှာ ထိုစကားကြောင့် အမူအရာ ပြောင်းလဲသွားရသည်။

သခင်က နဂါးနက်ကြီးရဲ့ ခုခံကာကွယ်ရေး အစွမ်းကိုတောင် ယူပစ်နိုင်တာလား.....တကယ်ကို မြင့်မြတ်ခေါင်းဆောင်ပါပဲ.....ဟိဟိ.....

မိယသည် အန်လင်း လျှာရိုးမရှိတိုင်း လျှောက်ပြောနေသည်ဟု ထင်လိုက်မိပါသော်လည်း နဂါးကြေးခွံ၏ အရောင်အဝါများ ကျဆင်းလာသည်ကို မြင်လိုက်ရသောကြောင့် ရွေးချယ်စရာ မရှိပဲ ယုံကြည်လိုက်ရသည်။ နဂါးကြီးသည် တစ်နည်းနည်းဖြင့် အားနည်းသွားပုံပင်။

ကြီးမားလှသော အနက်ရောင် လက်သီးကြီးတစ်လုံး ကောင်းကင်ထက်မှ ကျဆင်းလာသည်။

တိုဘိယသည် နဂါးကြီး၏ခေါင်းအား ချိန်ရွယ်ကာ ထိုးချလိုက်သည်။

နဂါးကြီးသည် ထိုးနှက်ခံလိုက်ရပြီးနောက် အီစလံဝေကာ မြေကြီးထဲ ခေါင်းစိုက်သွားရပြန်သည်။ ယခုတစ်ခါ မတူညီသည်မှာ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် ပါးစပ်မှ သွေးစများ ယိုစီးကျလာခြင်းပင်။

မိယတို့မှာ ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

အန်လင်းက နဂါးနက်ကြီး၏ ခုခံကာကွယ်ရေး အစွမ်းအား အမှန်တကယ် ယူဆောင်သွားခဲ့လေသည်။

အားလုံးသည် အခွင့်အရေးအား အမိအရ ဖမ်းဆုပ်ကာ နဂါးနက်ကြီးအား အားပါးတရ ဝိုင်းသမကြတော့သည်။ အပြာရောင် ရေလှိုင်းများသည် လေထဲပျံတက်လာသလို သွေးမိစ္ဆာ အစီအရင်မှာလည်း အသက်ဝင်လာပြီး အနီရောင် ဓားအလင်းတန်းမှာလည်း ကောင်းကင်တခွင် နေရာယူထားကြသည်။

အန်လင်းသည် အုတ်ခဲပေါ်တွင် ပြန်လည်နေရာယူကာ တိုက်ပွဲအား တည်တည်ငြိမ်ငြိမ် ကြည့်ရှုနေလိုက်သည်။

တောက်ရဲ့မှာ ထိုမြင်ကွင်းကြောင့် ပြောစရာ စကားများပင် ပျောက်ရှနေလေပြီ။

ဒါက တကယ့် အန်လင်းရဲ့ သရုပ်မှန်ပေါ့....တိုက်ပွဲထဲ ခဏလေး ဝင်ပါလိုက်ရုံနဲ့ အခြေအနေ တစ်ခုလုံး ပြောင်းသွားတာပဲ....စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အဲ့လောက်ကြီး စွမ်းပါ့မလား....ပုံမှန် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေသာဆို ဒီလိုနဂါးကြီးကိုတွေ့ရင် ချီးတောင်ထွက်ကျလောက်တယ်....ဒါပေမယ့် အန်လင်းကရော....အမယ်...တည်ငြိမ်နေလိုက်တာများ နည်းနည်းမှကို ကြောက်ပုံမရဘူး.....

ဟူး…ဉာဏ်မမီအောင် စွမ်းတဲ့သူတွေရဲ့ နှလုံးသားက မတုန်လှုပ်နိုင်ပါလား.....

မဟူရာညသည် အန်လင်း၏ လက်ထဲ၌ သေဆုံးခဲ့ရသည်မှာ မထူးဆန်းတော့ပေ။ ညစန္ဒာအကြီးအကဲဆိုလျှင်ပင် မလွယ်ကူလောက်ဟု တောက်ရဲ့ တွေးမိလာသည်။

တောက်ရဲ့သည် အန်လင်း၏ ကြောက်မက်ဖွယ် ခွန်အားကို ရင်ဆိုင်ရန် သတ္တိတစ်စက်မှပင် မရှိပေ။ သူ့အတွက် ဦးစားပေး တာဝန်မှာ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားရန်သာ ဖြစ်သည်။ ထိုမှသာ တွေ့မြင်ခဲ့ရသော အကြောင်းအရာများအား ညစန္ဒာအကြီးအကဲထံ တင်ပြနိုင်ပေလိမ့်မည်။

အန်လင်းကဲ့သို့ မကောင်းဆိုးဝါးမျိုးသည် မည်မျှပင် ထိတ်လန့်ဖွယ်ရာကောင်းကြောင်း သူမအား သတိပေးရမည်။

နဂါးနက်ကြီးသည် အရှင်လတ်လတ် ငရဲခံနေရပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည်။

နဂါးကြီးအား အသေဆော်ပြီးပြီဟု ထင်မှတ်နေကြသော အချိန်မှာပင် ၎င်း၏ခန္ဓာကိုယ်မှ ကြေးခွံများ ပွင့်ဟလာပြီး တောက်ပလွန်းသော သွေးနီရောင် အလင်းများ ဖြာထွက်လာကာ အရှိန်အဝါလည်း မြင့်တက်လာသည်။

"ဝေါင်း...."

နဂါးကြီးသည် ခန္ဓာကိုယ်အား လှည့်ပတ်ကာ လေပွေများ ဖြစ်ပေါ်လာစေသည်။ ပြင်းထန်လှသော စွမ်းအင်များကြောင့် ၎င်း၏အနီးတွင် ရှိနေသူများမှာ နောက်သို့ဆုတ်ခွာကုန်ရသည်။

ထိုအချိန်မှာပင် နဂါးနက်ကြီးမှာ အန်လင်းထံ ပျံဝဲလာခဲ့သည်။

၎င်း၏ပစ်မှတ်မှာ အန်လင်း ဖြစ်သည်။ အန်လင်းက ခုခံကာကွယ်ရေး အစွမ်းအား ခိုးယူသွားခဲ့သောကြောင့်သာ ယခုကဲ့သို့ သနားစရာ အ​ခြေအနေသို့ ရောက်ရှိနေရခြင်းပင်။ ထို့ကြောင့် တိုက်ပွဲအခြေအနေအား ပြောင်းလဲရန် အန်လင်းကို သတ်ကိုသတ်ပစ်ရမည်။

တီနာက ချက်ချင်းဆိုသလို ကာကွယ်ရေး အစီအရင်အား ထုတ်ဖော်ရန် ကြိုးစားလိုက်သည်။

အံ့အားသင့်စရာ ကောင်းစွာပင် အန်လင်းမှ တားဆီးလာလေသည်။

"ဒီကနေ ဝေးဝေးသွားနေ။ အချိန်အတိုင်းအတာ တစ်ခုအထိ ငါကအရမ်း အစွမ်းကြီးနေနိုင်တယ်။"

တီနာသည် ဆိုလိုရင်းအား နားလည်သဘောပေါက်သောကြောင့် အနောက်သို့ ဆုတ်ခွာသွားသည်။

အန်လင်းသည် တရှူးရှူးတရှဲရှဲ ဒေါသထွက်နေသော နဂါးကြီးအား ကြည့်ရှုလိုက်သည်။ နဂါးကြီးနှင့် နှိုင်းယှဉ်ပါက သူ၏ခန္ဓာကိုယ်မှာ သေးငယ်လွန်းနေပါသော်လည်း အကြောက်တရား ကင်းမဲ့သော အသွင်အပြင်သည် အားလုံး၏ မျက်ဝန်းများကို တောက်ပနေစေသည်။

"တောင်ခွင်းလျှပ်စီးလက်....."

ဝုန်း.....

အန်လင်းသည် တောင်ခွင်းလျှပ်စီးအား ဖော်ထုတ်ရန်ပင် အချိန်မရလိုက်ပဲ နဂါးကြီး၏ လက်သည်းကြောင့် မြေပြင်နှင့် မိတ်ဆက်သွားရသည်။

နဂါးနက်ကြီးသည် စွမ်းအင်များအား အနည်းငယ်ပင် ထိန်ချန်မထားပေ။ အန်လင်းအား ကြောက်မက်ဖွယ် ခွန်အားဖြင့် ရိုက်ချလိုက်သောကြောင့် လေထုများ ပြိုကွဲကာ မြေပြင်တွင်လည်း ချိုင့်ခွက်ကြီး ဖြစ်ပေါ်သွားရသည်။

အန်လင်းသည် မျက်စိတမှိတ် အတွင်းမှာပင် နဂါးနက်ကြီးအားကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဟားဟား.....အားနည်းလိုက်တာ။ နဂါးနက်ကလေးလေးရေ ဒီထက်ပိုပြီး အားမရှိတော့ဘူးလား။"

ကတ်စီဒီတို့သည် အန်လင်းအား ကူညီပေးရန် အပြေးအလွှား ရောက်လာကြပါသော်လည်း ထိုစကားကြောင့် ဒယီးဒယိုင် ဖြစ်ကုန်ကြသည်။ နဂါးနက်ကြီးမှာလည်း မယုံကြည်မှုများနှင့် အံ့သြဘနန်း ဖြစ်နေလေသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ။"

"ဝေါင်း...."

မျက်စိတဆုံး ကျယ်ပြန့်သော အနက်ရောင် မီးတောက်များ အန်လင်းထံ ပျံဝဲလာသည်။

အန်လင်းသည် ရှောင်ရှားရန် စိတ်ကူးရှိပုံ မရပဲ အုတ်ခဲနက်ပေါ် ခါးထောက်နေသည်။

အနက်ရောင်မီးတောက်များသည် အန်လင်းနှင့် တစ်ကီလိုမီတာ အကွာအဝေးသို့ ရောက်လာပါသော်လည်း မီးပင်မဟပ်သေးပေ။

"ဖွီး.....ဟားဟားဟား......အဲ့ဒါက မီးရောဟုတ်ရဲ့လား။ မင်းငါ့ကို တံထွေးနဲ့ လှမ်းထွေးလိုက်တာများလား။ နည်းနည်းမှကို မပူဘူးကွာ။"

အန်လင်းသည် ဖြတ်ရိုက်ချင်စရာ ကောင်းလောက်သော မျက်နှာပေးနှင့် နဂါးနက်ကြီးအား လှမ်းကြည့်လိုက်သည်။

နဂါးနက်ကြီး : "......."

ရှောင်ဇယ်(နဂါးနက်ကြီး၏အမည်)မှာ ကြောင်တောင်တောင် ဖြစ်နေမိသည်။ ထိုလူသား၏ ခုခံကာကွယ်ရေးမှာ မဖြစ်နိုင်လောက်အောင် အားကောင်းနေသည်။

"မင်းတို့ဘာရပ်လုပ်နေတာလဲ။ သတ်ကြတော့လေ။"

အန်လင်းက တာမွေအဝိုင်းမီးပွိုင့်တွင် မီးနီမိနေသည့်ကားများအလား ငေးကြောင်နေကြသော ကတ်စီဒီတို့ကို အော်ဟစ်လိုက်သည်။

သူသည် နဂါးနက်ကြီး၏ ခုခံကာကွယ်ရေး စွမ်းအင်အား ဆယ်မိနစ်သာ ခိုးယူထားနိုင်သည်။ ထို့ကြောင့် ယင်းအချိန်အတွင်း သူ၏အဖွဲ့သားများမှ နဂါးနက်ကြီးကို ဘဝကူးကောင်းအောင် ဂရုစိုက်ပေးနိုင်မှ ဖြစ်မည်။

ကတ်စီဒီတို့မှာ အသိစိတ် ပြန်ဝင်လာပြီးနောက် နဂါးနက်ကြီးအား လက်သီးလက်ဝါး စတုဒီသာများ မြိုင်မြိုင်ဆိုင်ဆိုင် ကျွေးလိုက်ကြပြန်သည်။

နဂါးနက်ကြီးသည် ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများအားကြည့်ကာ တိုက်ပွဲစိတ်ဆန္ဒများအားလုံး ပျောက်ဆုံးကုန်ရသည်။ သူသည် ၎င်းတို့၏ ခေါင်းဆောင်အား မသတ်နိုင်ခဲ့သည့်အပြင် ခုခံကာကွယ်ရေး အစွမ်းလည်း ခိုးယူခံလိုက်ရသည်။ တိုက်ပွဲသာ ဆက်လက်ဖြစ်ပွားနေပါက မြေကြီးလက်ခတ်မလွဲ အလံဖြူ ပြရတော့မည်မှာ သေချာနေသည်။

ဤတိုက်ပွဲမှာ အမှန်တကယ် ယုတ္တိမဲ့လွန်းလှသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ပဲရှိတဲ့ လူသားကျင့်ကြံသူက ဘာလို့အဲ့လောက်တောင် စွမ်းအားကြီးနေရတာလဲ.....

ရှောင်ဇယ်သည် လေးနက်သော မျက်ဝန်းများဖြင့် အန်လင်းအား စူးစိုက်ကြည့်ရှုလိုက်သည်။ သူသည် ထိုပြောင်စပ်စပ် မျက်နှာအား မှတ်ဉာဏ်ထဲ စွဲမြဲနေအောင် မှတ်သားတော့မည့်ပုံပင်။

"နောက်တစ်ခါကြရင် ခင်ဗျားပေးကိုပေးဆပ်ရမယ်။"

နဂါးနက်ကြီးသည် အန်လင်းအားကြည့်ကာ ဒေါသတကြီး ကြုံးဝါးလိုက်သည်။ ထိုစကားသံထဲတွင် နဂါးစွမ်းအင်များ ပါဝင်နေပြီး အနက်ရောင် အသံလှိုင်းအဖြစ် အန်လင်းထံ ပျံဝဲသွားသည်။

၎င်းသည် အန်လင်းအား အသံလှိုင်းဖြင့် တိုက်ခိုက်ရန် ရည်ရွယ်ခြင်း မဟုတ်ပဲ သိက္ခာပိုင်းဆိုင်ရာ အဖတ်ဆယ်ခြင်းသာဖြစ်ကာ ချက်ချင်းဆိုသလို တိုက်ပွဲထဲမှ သုတ်ခြေတင် ထွက်ပြေးတော့သည်။

အန်လင်းသည်လည်း တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။ သူသည် နဂါးကြီး၏ ခုခံကာကွယ်ရေး စွမ်းအင်အား ရရှိထားသောကြောင့် မည်သည်ကိုမှ ကြောက်ရွံ့နေစရာ မလိုအပ်ပေ။

ထိုအချိန်မှာပင် မထင်မှတ်ထားသော ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။ သူ၏လက်ချောင်းပေါ်တွင် ဝတ်ဆင်ထားသော လက်စွပ်သည် တစ်စုံတစ်ခုကြောင့် ခက်ထန်လာသည့်အလား ပြင်းထန်စွာ တုန်ခါကာ ရွှေရောင်အလင်းများ ဖြာထွက်လာသည်။

အန်လင်းသည်လည်း မူးနောက်နောက် ဖြစ်သွားကာ အရှိန်အဝါ ကြီးမားသော နဂါးကြီးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာသည်။ နဂါးကြီး၏ ပုံရိပ်သည် တောက်ပလွန်းလှသောကြောင့် ကြယ်ရောင်စုံသော ကောင်းကင်သည်ပင် အရောင်အဝါများ မှေးမှိန်ကုန်ရသည်။

အကန့်အသတ်မဲ့သော စွမ်းအင်များသည် ကျွန်းတစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။

"မင်းလိုမလောက်လေးမလောက်စားက ငါ့ကိုစော်ကားချင်နေတာလား။"

နဂါးကြီး၏ စကားလုံး တစ်လုံးချင်းစီတွင် ကောင်းကင်နှင့်မြေပြင်၏ တာအိုတရားများ ပါဝင်နေသောကြောင့် လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

ရှောင်ဇယ်သည်လည်း နဂါးကြီးအားကြည့်ကာ သွေးထွက်ကျမတတ် ကြောက်ရွံ့သွာပြီးနောက် မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။

"စီနီယာကို မမှတ်မိတာ ကျွန်တော့်အမှားပါ။ စော်ကားဖို့ မရည်ရွယ်ပါဘူး။ ခွင့်လွှတ်ပေးပါခင်ဗျ။"

နဂါးကြီးသည် ရှောင်ဇယ်နှင့် တထေရာတည်း တူညီပါသော်လည်း ၎င်းတို့၏ အရှိန်အဝါမှာ နဂါးနှင့်တီကောင်တမျှ ကွာခြားနေသည်။ ရှောင်ဇယ်သည် ထိတ်လန့်လွန်းသောကြောင့် အသက်ချမ်းသာပေးရန် တောင်းပန်နေရသည်။

နဂါးကြီးသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့သည်။

အန်လင်းသည်လည်း နဂါးကြီး၏ ပုံရိပ် ထွက်ပေါ်လာမှုကြောင့် အသိစိတ်တွင် စူးစူးရှရှ နာကျင်သွားရသည်။

ကောင်းကင်တွင် ကြယ်ပွင့်များ ပြိုးပြိုးပြက်ပြက် လင်းလက်နေပါသော်လည်း အားလုံးသည် အေးခဲနေသည့်အလား ငေးကြောင်နေလျက်သာ ရှိသည်။

ယန်ယွမ်ပေးခဲ့သော လက်စွပ်တွင် ထိုကဲ့သို့ အစွမ်းမျိုး ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ရှောင်ဇယ်သည် ယခုပင် သေးပေါက်ချတော့မလို ကြောက်ရွံ့နေသည်သာမက အခြားသူများကပါ ကြောင်တောင်တောင် ဖြစ်နေကြသည်။ နဂါးကြီးအား ကြောက်ရွံ့လွန်းလှသောကြောင့် ၎င်းတို့အားလုံးမှာ အသက်ပင် ပြင်းပြင်းမရှူရဲကြပေ။

ရှောင်ဇယ်သည် နဖူးထက်တွင် ရှိနေသော ချွေးစေးများအား ပွတ်ထုတ်လိုက်သည်။ ထို့နောက် ကျေးဇူးတင်သော မျက်ဝန်းများဖြင့် အန်လင်းအား အရိုအသေ ပေးလိုက်လေသည်။

"အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။"

အန်လင်း

"......"

-----

All Chapters