ဟေးရှန်း ညီအစ်ကို
Vol. 116 Ch. 1734
မျိုးနွယ်စုတစ်ခုလုံးတွင် ထိုသူနှစ်ဦးသာ ဤကဲ့သို့သော လုပ်ရပ်မျိုးကို ကျူးလွန်ဝံ့ကြပေမည်။
သူတို့သည် ယခုထိ လက်မလျှော့ကြသေးပေ။
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်
“သူတို့တွေကတော့ အစွမ်းကုန် ကြိုးစားနေကြပြီပဲ၊ အိုးရန်မျိုးနွယ်ကို ငရဲထဲအထိ ဆွဲချဖို့ ဆုံးဖြတ်ထားပုံရတယ်”
ယခုအချိန်တွင် အိုးရန်မျိုးနွယ်စု၏ စစ်သည်တော်အားလုံးမှာ စစ်မြေပြင်သို့ ရောက်ရှိနေကြပြီး မျိုးနွယ်စုအတွင်း၌ စစ်သည်အနည်းငယ်နှင့် အမျိုးသမီးများ၊ ကလေးသူငယ်များသာ ကျန်ရစ်ခဲ့သည်။ ထိုသူတို့မှာ အလုံးအရင်းနှင့် လာရောက်တိုက်ခိုက်သော နတ်ဘုရားမျိုးနွယ်စုကို ခုခံနိုင်စွမ်း မရှိကြပေ။
အိုးရန် ညီအစ်ကိုများ၏ လုပ်ရပ်မှာ အိုးရန် မျိုးနွယ်စုကို သေတွင်းထဲသို့ တွန်းပို့လိုက်ခြင်းပင် ဖြစ်ပြီး သူတို့၏ အလွန်အမင်း ရက်စက်ကြမ်းကြုတ်မှုကို ပြသနေသည်။
“ခင်ဗျားတို့အားလုံး ငါ့အဖိုးဆီသွားပြီး ကူညီပေးကြ”
ယဲ့ဖန်က အိုးရန်ဟွာနှင့် အခြားသူများကို အမိန့်ပေးလိုက်ပြီး နက်ဗျူလာနှင့် ချုံချီတို့ကိုပါ သူတို့နှင့်အတူ စေလွှတ် လိုက်လေသည်။
“ဒါဆို မင်းကရော”
အိုးရန်ဟွာက မေးလိုက်သည်။
“ငါက အိုးရန် မျိုးနွယ်စုဆီ ပြန်မယ်”
ယဲ့ဖန်က တည်ငြိမ်စွာ ဖြေကြားခဲ့သည်။
“မဖြစ်ဘူး”
အိုးရန်ဟွာ အပါအဝင် အိုးရန် မျိုးနွယ်စုဝင် အားလုံးက ပြင်းထန်စွာ တုံ့ပြန်ကြပြီး ယဲ့ဖန်ကို ဤကဲ့သို့ မဆင်မခြင် မလုပ်ရန် တားဆီးကြသည်။
အကယ်၍ ယဲ့ဖန်က နက်ဗျူလာနှင့် ချုံချီတို့ကို ခေါ်သွားမည်ဆိုပါက သူတို့ စိတ်အနည်းငယ် အေးနိုင်သေးသည်။ သို့သော် ယခုမူ ယဲ့ဖန်က အိုးရန်မျိုးနွယ်စုဆီ တစ်ယောက်တည်း ပြန်မည်ဆိုခြင်းမှာ သေတွင်းထဲသို့ ကိုယ်တိုင် ဆင်းသွားခြင်းနှင့် မတူပေဘူးလား။
ထို့အပြင် ယဲ့ဖန်ကဲ့သို့သော သူတော်စင်သခင် အဆင့်မျှသာ ရှိသူတစ်ဦးက တစ်ယောက်တည်း ဘာလုပ်နိုင် ပါမည်နည်း။
“ငါ ဘာလုပ်နေလဲဆိုတာ ငါသိတယ်။ ငါ့မှာ လုံးဝသေချာတဲ့ အစီအစဉ်မရှိဘဲနဲ့ သေဖို့သွားပါ့မလား”
ယဲ့ဖန်က အေးစက်စွာ ပြောလိုက်သည်။
*ဒါက*
လူတိုင်း တုံ့ဆုတ်သွားကြသည်။ အမှန်စင်စစ် ယဲ့ဖန်၏ လှုပ်ရှားမှုတိုင်းမှာ အပေါ်ယံကြည့်လျှင် မဆင်မခြင်ဟု ထင်ရသော်လည်း တကယ်တမ်း၌ သေချာစွာ တွက်ချက်ထားခြင်း ဖြစ်သည်။ ယနေ့အထိ ယဲ့ဖန် အမှားအယွင်း ဖြစ်သွားသည်ကို သူတို့ မတွေ့ဖူးသေးချေ။
“အနည်းဆုံးတော့ ... ချုံချီကို မင်းနဲ့အတူ ခေါ်သွားလို့ မရဘူးလား”
အိုးရန်ဟွာက အလျှော့မပေးဘဲ ထပ်မံ ပြောဆိုသည်။
“ဘာမှ ထပ်မပြောနဲ့တော့၊ ငါခိုင်းတဲ့အတိုင်းပဲ လုပ်ကြ”
ယဲ့ဖန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဒေါသမထွက်ဘဲ အမူအရာက တည်တင်းနေသည်။ ဤသည်ကို မြင်သောအခါ အိုးရန်ဟွာနှင့် အခြားသူများလည်း ဆက်မပြောဝံ့ကြတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် သက်ပြင်းချ လိုက်ကြရသည်။
“မိသားစု ခေါင်းဆောင်ငယ်၊ ခွင့်ပြုမယ်ဆိုရင် ကျွန်တော့်ရဲ့ လီမိသားစုက မင်းအတွက် အမှုထမ်းပေးဖို့ အသင့်ပါပဲ”
အဘိုးအိုလီက သံပူတုန်း ထုရမည်ကို သိနေသဖြင့် အခွင့်အရေးကို လက်လွှတ်မခံဘဲ အရှက်မရှိ ရှေ့သို့ တိုးလာခဲ့သည်။
ယဲ့ဖန်၏ ယုံကြည်မှုကို ပြန်ရ၊ မရ ဆိုသည်မှာ ဤအခိုက်အတန့်အပေါ်တွင် မူတည်နေသည်။
ယဲ့ဖန်က သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
“မင်းရဲ့ အခုအခြေအနေနဲ့တော့ မသွားသင့်ဘူး။ ကျန်တဲ့ လီမိသားစုဝင်တွေကို ငါ့အဖွဲ့နောက် လိုက်သွား ခိုင်းလိုက်”
“ဟုတ်ကဲ့ပါ”
အဘိုးအိုလီသည် အတိုင်းမသိ ဝမ်းသာသွားပြီး အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဆွေမျိုးသားချင်းများဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။
“မိသားစု ခေါင်းဆောင်ငယ် နောက်ကို လိုက်ချင်တဲ့သူမှန်သမျှ ရှေ့ကို ထွက်ခဲ့ကြ”
“ကျွန်တော်”
“ကျွန်တော်လဲ လိုက်မယ်” “
ကျွန်တော်တို့ အားလုံး သွားချင်ကြတာပါ”
ရလဒ်အနေဖြင့် လီမိသားစုရှိ သန်မာထွားကြိုင်းသော အမျိုးသားအားလုံးနီးပါး လက်မြှောက်လိုက်ကြသည်။ သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး မျက်လုံးများတွင်လည်း ယဲ့ဖန်အပေါ် ဖုံးကွယ် ထား၍ မရသော ကြည်ညိုလေးစားမှုများ အထင်းသား ပေါ်လွင်နေတော့သည်။
သူတို့သည် ယဲ့ဖန်၏ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါအောက်တွင် လုံးဝ နစ်မျောသွားခဲ့ကြပြီး ယခုအချိန်တွင် စိတ်ရင်းအမှန်ဖြင့် ယုံကြည်ကိုးစားသွားကြပြီ ဖြစ်သည်။
သူ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါ။ သူ၏ မာန်မာန။ ထိုအရာအားလုံးက သူတို့ကို အံ့ဩမှင်သက်သွားစေခဲ့သည်။
“မျိုးနွယ်စုခေါင်းဆောင်ငယ် ... လီမိသားစုက မင်းရဲ့ အမိန့်ပေးသမျှကို နာခံဖို့ အသင့်ပါပဲ”
အဘိုးအိုလီသည် ယဲ့ဖန်ရှေ့တွင် ရိုသေလေးစားစွာ ဒူးထောက်လိုက်လေသည်။
ယဲ့ဖန်က ခေါင်းတစ်ချက်ညိတ်ပြကာ ဘာမှမပြောဘဲ လှည့်ထွက်သွားခဲ့သည်။
မာနကြီးသည်။ ခပ်တန်းတန်း နေတတ်၏။
“မင်းတို့ အရူးတွေ ... ငါ့မျက်နှာကို အိုးမည်းသုတ်မယ့်အလုပ်မျိုး မလုပ်ကြနဲ့ဦး”
အဘိုးအိုလီသည် လီမိသားစုမှ သန်မာသော အမျိုးသားများကို ချက်ချင်းပင် ဆူပူကြိမ်းမောင်းလိုက်သည်။
“စိတ်မပူပါနဲ့ မိသားစု ခေါင်းဆောင်၊ ကျွန်တော်တို့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး ခေါင်းဆောင်ငယ် ရှေ့မှာ အစွမ်းပြခဲ့ပါ့မယ်”
အမျိုးသားအားလုံးက ခိုင်မာသော မျက်နှာအမူအရာဖြင့် ပြန်လည် ပြောကြားခဲ့ကြသည်။ သူတို့၏ မျက်လုံးထဲတွင် ယဲ့ဖန်မှာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေပြီး လေးစားမှုမှတစ်ပါး အခြားမရှိတော့ချေ။
ယခုအခါ လူတိုင်းက ယဲ့ဖန်ရှေ့တွင် အစွမ်းပြလိုနေကြရာ လီမိသားစု၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် အပြုအမူမျိုး မည်သို့ ပြုလုပ်ကြပါမည်နည်း။
“အဖိုး ... ကျွန်တော်လည်း လိုက်ချင်တယ်”
ကောင်လေးတစ်ဦးက အဘိုးအိုလီကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
အဘိုးအိုလီက အားရပါးရ ရယ်မောလိုက်ပြီး ထိုကလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“ဒီမျောက်လောင်းလေး... မင်းက မိသားစု ခေါင်းဆောင်ငယ်အတွက် တိုက်ပွဲဝင်ပေးချင်တယ်ဆိုရင် အခုကစပြီး ကြိုးကြိုးစားစား ကျင့်ကြံရမယ်။ မဟုတ်ရင် ခေါင်းဆောင်ငယ်က မင်းကို ဘယ်လိုလုပ် သတိထားမိမှာလဲ”
“ဒါဆို ကျွန်တော် အခုပဲ သွားပြီး ကျင့်ကြံတော့မယ်။ နောက်ဆိုရင် ပျင်းလည်း မပျင်းတော့ဘူး၊ ငှက်သိုက်တွေ ကိုလည်း ခိုးမနှိုက်တော့ဘူး”
ကောင်လေးက အလေးအနက် ပြောလိုက်လေတော့သည်။
“စစ်ယွီ ... မင်း အဆင်ပြေရဲ့လား”
အဘိုးအိုလီသည် လီစစ်ယွီ၏ ဘေးသို့ ရောက်သွားသည်။
လီစစ်ယွီက သူမ၏အဖိုးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
“အဖိုး... သမီးမှာ သူနဲ့ မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးရှိခဲ့တာ မဟုတ်လားဟင်”
သူမ မည်သည့်အရာကို ဆုံးရှုံးလိုက်ရသည်ဆိုသည်ကို သူမကိုယ်တိုင် ကောင်းကောင်းသိသည်။
ဤကဲ့သို့သော အမျိုးသားမျိုးသည် အနာဂတ်တွင် တစ်လောကလုံးကို လွှမ်းမိုးချုပ်ကိုင်မည့်သူ ဖြစ်သည်။ မူလက သူမတွင် သူ၏ မဟာမိတ်ဖြစ်ခွင့် အခွင့်အရေးရှိခဲ့သော်လည်း အလွန်အမင်း မိုက်မဲသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ မိလေသည်။
အဘိုးအိုလီက သက်ပြင်းချလိုက်သည်။
“သူက ငါတို့မိသားစုရဲ့ အကူအညီကို လက်ခံလိုက်တယ်ဆိုကတည်းက ငါတို့ကို ပြန်လက်တွဲဖို့ ဆုံးဖြတ်ပြီးသားလို့ ဆိုလိုတာပဲ။ ဒီထက်ပိုပြီး ငါတို့ ဘာများ တောင်းဆိုနိုင်ဦးမှာလဲ”
သူ၏ ဆိုလိုရင်းမှာ လီစစ်ယွီကို ထိုမျှနှင့်ပင် ကျေနပ်ပြီး လက်လျှော့လိုက်ရန် ပြောခြင်းပင် ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လီစစ်ယွီ၏ လှပသော မျက်နှာလေးမှာ အေးခဲသွားပြီး ပို၍ပင် ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။
......
ထိုအချိန်တွင် အိုးရန် မျိုးနွယ်စုအတွင်း၌ အရိုးကွဲမတတ် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုမှာ တစ်ခဏချင်းအတွင်း ပျံ့နှံ့သွားခဲ့သည်။
အိုးရန် မျိုးနွယ်စုဝင် အားလုံးမှာ တစ်နေရာတည်းတွင် စုဝေးနေကြပြီး အများစုမှာ အမျိုးသမီးများ၊ ကလေး သူငယ်များနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။ သူတို့အားလုံးမှာ မျက်နှာများ ဖြူလျော့ကာ ငိုယိုနေကြသည်။
နတ်ဘုရား မျိုးနွယ်စု၏ စစ်တပ်မှာ ဆယ်မိုင်ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ် ဆယ်မိနစ်အတွင်း အိုးရန် မျိုးနွယ်စု၏ နယ်မြေအတွင်းသို့ ရောက်ရှိလာတော့မည်ဟူသော သတင်းကို သူတို့ ရရှိထားကြပြီးဖြစ်သည်။
သူတို့၏ အိုးရန် မျိုးနွယ်စုတွင် လက်ရှိ၌ အိုးရန်ယု နှင့် အိုးရန် ရှန့်ဖုန်း ဟူသော အင်မော်တယ် ဧကရာဇ် နှစ်ဦးသာရှိပြီး ကျန်ရှိသောသူများမှာ နတ်ဘုရင်အဆင့် ဆယ်ယောက်ပင် မပြည့်ချေ။ ဤတစ်ကြိမ်တွင်မူ အလွန် ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်လာပေတော့မည်။
“ဘာလို့ ဒုတိယသခင်လေးနဲ့ တတိယသခင်လေးတို့ ရောက်မလာသေးတာလဲ၊ သူတို့ကို ဖိတ်ဖို့ လူလွှတ်လိုက်တယ် မဟုတ်လား”
အိမ်တော်ထိန်းတစ်ဦးက ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် မေးမြန်းလိုက်သည်။
“သူတို့ ... သူတို့တွေ တံခါးပိတ် ကျင့်ကြံဖို့ ဝင်သွားပြီတဲ့”
“ဘာ၊ ဒီလိုအချိန်မျိုးမှာမှ တံခါးပိတ် ကျင့်ကြံတယ် ဟုတ်လား၊ မင်း ငါ့ကို နောက်နေတာလား”
လူတိုင်း မှင်သက်သွားကြသည်။ ဒါက တကယ့်ကို တိုက်ဆိုင်လွန်းလှသည်။
မျိုးနွယ်စုရဲ့ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးနေတဲ့ အချိန်မျိုးမှာမှ အဘယ်ကြောင့် တံခါးပိတ် ကျင့်ကြံရန် ရွေးချယ်ခဲ့ကြသနည်း။
ဤသည်မှာ မိသားစု၏ ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုလိုက်ခြင်းပင်။ ဤသို့ ရည်ရွက်ချက် ရှိရှိ လုပ်ခဲ့ပုံရသည်။
တောက်!”
အိမ်တော်ထိန်း၏ မျက်နှာမှာ ရုတ်ချည်းပင် ဆိုးရွားစွာ ပျက်ယွင်းသွားသည်။ ဆိုလိုသည်မှာ သူတို့သည် မိမိဘာသာသာ အားကိုးကြရတော့မည် ဖြစ်သည်။
ထိုအိမ်တော်ထိန်း၏ အမည်မှာ အိုးရန်ချန်း ဖြစ်ပြီး၊ သူသည် အိုးရန်ယိ၏ ဖခင်ဖြစ်သည်။
အိုးရန်ချန်းသည် သူ၏ ထူးကဲသော ပါရမီကြောင့်သာ ရာထူးတိုးမြင့်လာခဲ့ပြီး အိုးရန် မျိုးနွယ်စု၏ အိမ်တော်ထိန်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အိုးရန်ကျန်း ထွက်ခွာသွားချိန်တွင် အိုးရန် မျိုးနွယ်စုက သူ့ကို တာဝန် အပြည့်အဝ ပေးအပ်ထားခဲ့သည်။
“အစ်ကိုချန်း ... နတ်ဘုရား မျိုးနွယ်စုရဲ့ ပင်မစစ်တပ်ကြီးက ရောက်တော့မယ်။ ငါတို့မှာ လူအင်အား ဒီလောက် နည်းနည်းလေးပဲ ရှိတာ၊ သူတို့ကို တားဆီးထားနိုင်ပါ့မလား”
တစ်စုံတစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။
“ငါတို့ မလုပ်နိုင်ရင်တောင်မှ တောင့်ခံထားမှ ရမယ်၊ မိသားစု ခေါင်းဆောင်ငယ်ကို စိတ်ပျက်အောင် ငါတို့ လုပ်လို့ မရဘူး”
အိုးရန်ချန်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“မိသားစု ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်ငယ်တို့ ပြန်မလာမချင်း ငါတို့ အစွမ်းကုန် အချိန်ဆွဲထားရမယ်”
“ဒါပေမဲ့ ... ကျွန်တော် ကြားတာတော့ ကွမ်လင်လမ်းဘက်မှာ သူတော်စင် သော်ပေါင် ဆိုတဲ့ ကြောက်စရာ ကောင်းတဲ့ သူတော်စင်တစ်ဦးက ဦးဆောင်နေတာတဲ့။ ခေါင်းဆောင်ငယ်ရဲ့ ဒီခရီးစဉ်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေမှာကို ကျွန်တော် စိုးရိမ်မိတယ်”
တစ်ဦးက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
*ဘာ*
ဤစကားကို ကြားလိုက်ရသောအခါ အိုးရန် မျိုးနွယ်စု တစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး လူတိုင်း၏ မျက်နှာတွင် အလွန်အမင်း ဆိုးရွားသော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
*သူတော်စင် သော်ပေါင် ဟုတ်လား*
ထိုအမည်မှာ အိုးရန် မျိုးနွယ်စုကို အကြီးအကျယ် နာကျင်ခံစားရအောင် လုပ်ဆောင်ခဲ့သည့် အမည်နာမပင် ဖြစ်သည်။ ယနေ့ထက်တိုင် ထိုအမည်ကို ကြားလိုက်ရုံနှင့်ပင် သူတို့ ကျောချမ်းနေရဆဲ ဖြစ်သည်။
အတိတ်ကာလက ထိုပုဂ္ဂိုလ်တစ်ဦးတည်းကပင် အိုးရန် မျိုးနွယ်စုမှ အင်မော်တယ် ဧကရာဇ် တစ်ရာကျော်ကို သတ်ဖြတ်ခဲ့ဖူးရာ၊ သူတို့အတွက် မျှော်လင့်ချက်မဲ့ခြင်းနှင့် နာကျင်ခြင်း ဆိုသည်က ဘာလဲဆိုသည်ကို ကောင်းကောင်းကြီး နားလည်သွားစေခဲ့သည်။
ယခုတစ်ကြိမ်တွင် ထိုမိစ္ဆာအိုကြီးက လူ့လောကသို့ အမှန်တကယ် ဆင်းသက်လာခဲ့ပြီလား။
အကယ်၍ ယဲ့ဖန်သာ ကွမ်လင်လမ်းသို့ သွားခဲ့မည်ဆိုပါက သူကိုယ်သူ သေတွင်းထဲသို့ ခုန်ဆင်းလိုက်သည်နှင့် မတူပေဘူးလား။
တစ်ခဏချင်းအတွင်းမှာပင် အိုးရန် မျိုးနွယ်စုတစ်ခုလုံးတွင် မျှော်လင့်ချက်မဲ့မှုများ လွှမ်းမိုးသွားလေတော့သည်။
“မထိတ်လန့်ကြနဲ့၊ မိသားစု ခေါင်းဆောင်ငယ်ဟာ ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူပဲ၊ သူ ကျိန်းသေပေါက် ဘေးကင်းမှာပါ”
အိုးရန်ချန်းက လူတိုင်းကို နှစ်သိမ့်လိုက်သည်။
သို့သော်လည်း လူတိုင်း၏ မျက်နှာမှာမူ ခါးသီးနေဆဲပင်။ ယဲ့ဖန်က မည်မျှပင် ထူးခြားဆန်းပြားပါစေဦးတော့၊ သူသည် သူတော်စင်သခင် အဆင့်မျှသာ ရှိသေးသည်။ သူတော်စင် သော်ပေါင်ကဲ့သို့သော မိစ္ဆာအိုကြီးကို သူ မည်သို့ ခုခံနိုင်ပါမည်နည်း။
*ဒါဟာ လုံးဝကို မဖြစ်နိုင်တဲ့ အရာပဲ*
*ယဲ့ဖန်တော့ သေတွင်းထဲ ရောက်သွားလောက်ပြီ*
“အိမ်တော်ထိန်း အိုးရန် ... ငါတို့တွေက အိမ်နီးချင်းဖြစ်ခဲ့တာ ကြာပြီပဲ။ ငါတို့ရောက်လာတာကို ဒီလောက် အေးစက်စက် ဆက်ဆံတာကတော့ နည်းနည်းလွန်ရာကျမနေဘူးလား”
ရုတ်တရက် စနစ်တကျ ကျလာသော မြင်းခွာသံများနှင့်အတူ အပြင်ဘက်မှ ကောက်ကျစ်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ရှေးဟောင်းသားရဲကြီး နှစ်ကောင်သည် အိုးရန် မျိုးနွယ်စု၏ တံခါးမကြီးကို တိုက်ဖွင့်ကာ ဝင်ရောက်လာခဲ့သည်။
“ဘုန်း! ဘုန်း”
တံခါးချပ်ကြီး နှစ်ချပ်မှာ ဝုန်းကနဲ ပြိုလဲသွားတော့သည်။ ထိုတံခါးများကို သံမြင်းခွာများဖြင့် နင်းခြေဖျက်ဆီး လိုက်ခြင်းပင်။
မိသားစုတစ်ခု၏ သိက္ခာမှာ သူတို့၏ ဂုဏ်ယူဝင့်ကြွားမှုဖြစ်ရာ ယခုကဲ့သို့ နင်းခြေခံလိုက်ရခြင်းမှာ သူတို့၏ အရှိန်အဝါ အားလုံးကို ဆုံးရှုံးလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်။
ရုပ်ချင်း ၇၀ ရာခိုင်နှုန်းခန့် တူညီသော အမျိုးသားနှစ်ဦးသည် ရှေးဟောင်းဒဏ္ဍာရီလာ သားရဲများကို စီးနင်းလျက် တံခါးဝ၌ ပေါ်လာခဲ့ကြသည်။ သူတို့၏ နှုတ်ခမ်းများတွင် စဉ်းလဲသော အပြုံးများ ရှိနေကြသည်။
တစ်ဦးမှာ မျက်နှာတစ်ခုလုံး အမာရွတ်များဖြင့် ပြည့်နှက်နေသော သန်မာထွားကြိုင်းသည့် ကြမ်းကြုတ်သူဖြစ်ပြီး၊ ပုခုံးပေါ်တွင် ရွှေရောင်နောက်ကျောပါသည့် ဓားမကြီးတစ်လက်ကို ထမ်းထားကာ မာန်ဝင့်သော အမူအရာ ရှိနေသည်။
အခြားတစ်ဦးမှာမူ အလွန်ပိန်ပြီး အသားညိုမည်းကာ အရေးအကြောင်းများဖြင့် ပြည့်နေသည်။ သူသည် မိစ္ဆာအသွင် ပြောင်းထားသော မျောက်တစ်ကောင်နှင့်ပင် တူနေတော့သည်။ သူ၏မျက်လုံးများမှာ ကောက်ကျစ်ရက်စက်သော အလင်းတန်းများဖြင့် တောက်ပနေသည်။
“ဟေးရှန်း ညီအစ်ကိုတွေ”
သူတို့ကို မြင်လိုက်ရသောအခါ အိုးရန်ချန်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ထိုညီအစ်ကို နှစ်ဦးမှာ တောရိုင်းနယ်မြေမှ နာမည်ဆိုးဖြင့် ကျော်ကြားသော ဓားပြခေါင်းဆောင်များ ဖြစ်ကြသည့် ဟေးရှန်းနှင့် ဟေးဖုန်းတို့ ဖြစ်ကြသည်။
ထိုညီအစ်ကိုနှစ်ဦးသည် အိုးရန် မျိုးနွယ်စုနှင့် မဝေးလှသော ရှန့်ရွှေတောင်ထိပ်ကို သိမ်းပိုက်ထားကြသူများဖြစ်ပြီး အိုးရန် မျိုးနွယ်စု၏ အိမ်နီးချင်းများ ဖြစ်ခဲ့ကြသည်။ ထိုညီအစ်ကိုများမှာ ပုံမှန် လက်ဆောင်ပဏ္ဏာများ ဆက်သလေ့ ရှိသဖြင့် အိုးရန် မျိုးနွယ်စုက သူတို့ကို မျက်ကွယ်ပြုထားပေးခဲ့ခြင်း ဖြစ်သည်။
ထိုညီအစ်ကိုနှစ်ဦးမှာ အိုးရန် မျိုးနွယ်စု၏ အနီးအနားတွင် လုယက်မှုများ မပြုလုပ်သရွေ့ အိုးရန် မျိုးနွယ်စုကလည်း သူတို့ကိစ္စတွင် အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။
သို့သော် ယနေ့တွင်မူ သူတို့သည် ယုတ်မာသော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။
ဟေးရှန်း ညီအစ်ကိုများ ဝင်ရောက်လာသည်နှင့်အမျှ ရက်စက်ကြမ်းကြုတ်သော ဓားပြရာပေါင်းများစွာသည်လည်း သူတို့နောက်မှ လိုက်ပါလာကြသည်။ သူတို့၏ ဓားသွားများမှာ ပြောင်လက်နေပြီး ကျောချမ်းဖွယ် အရှိန်အဝါ တစ်ခုမှာလည်း ရုတ်ချည်း ပျံ့နှံ့သွားတော့သည်။
တစ်ခဏချင်းအတွင်းမှာပင် သူတို့ညီအစ်ကိုများ၏ ရည်ရွယ်ချက်ကို လူတိုင်း သဘောပေါက်လိုက်ကြသည်။
အိုးရန်ချန်း လုံးဝ ဆွံ့အသွားခဲ့ရသည်။ ရောက်လာသူမှာ နတ်ဘုရား မျိုးနွယ်စု၏ စစ်တပ်မဟုတ်ဘဲ ဤဟေးရှန်း ညီအစ်ကိုများ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ချက်ချင်းဆိုသလိုပင် နတ်ဘုရား မျိုးနွယ်စုသည် အိုးရန် မျိုးနွယ်စု မသိအောင် မည်သို့ တိတ်တဆိတ် ချဉ်းကပ်နိုင်ခဲ့သည် ဆိုသည်ကို သူတို့ နားလည်သွားကြသည်။ ၎င်းမှာ အိုးရန် မျိုးနွယ်စုက သံသယ အနည်းဆုံးဖြစ်သည့် ဟေးရှန်းညီအစ်ကိုများကို အသုံးချခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
“ညီအစ်ကို ဟေးရှန်းက ရက်ရက်ရောရော လက်ဆောင်ပဏ္ဏာ ဆက်သလာပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
ဟေးရှန်းက ကောက်ကျစ်စွာ ပြုံးလိုက်ပြီးနောက် သွေးစွန်းနေသော အဝတ်အိတ်တစ်ခုကို ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။
ဦးခေါင်းများမှာ မြေပြင်ပေါ်သို့ တစ်လုံးပြီးတစ်လုံး လိမ့်ကျလာခဲ့သည်။
*ဟင်*
၎င်းကို မြင်လိုက်ရသောအခါ အနားရှိ အိုးရန်မျိုးနွယ်များ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ အဘယ်ကြောင့် ဆိုသော် ထိုဦးခေါင်းများမှာ အခြားသူများမဟုတ်ဘဲ အိုးရန် မျိုးနွယ်စု၏ ကင်းထောက်များ ဖြစ်နေသောကြောင့်ပင်။
ပုံမှန်ဆိုလျှင် သူတို့သည် ဟေးရှန်းညီအစ်ကိုများကို ညီအစ်ကိုများကဲ့သို့ ခင်မင်စွာ ခေါ်ဝေါ်လေ့ရှိသော်လည်း ယခုမူ သူတို့သည် ထိုညီအစ်ကိုနှစ်ဦး၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရလေပြီ။
“ဟေးရှန်းညီအစ်ကိုတွေ ... မင်းတို့ တော်တော် ရဲတင်းနေပါလား”
အိုးရန်ချန်းက သွားကြိတ်လျက် ပြောလိုက်သည်။ အတိတ်ကာလက ဟေးရှန်းညီအစ်ကိုများသည် သူတို့၏ အိုးရန် မျိုးနွယ်စုရှေ့တွင် ခွေးတစ်ကောင်ကဲ့သို့ ဝပ်တွားနေခဲ့ကြသူများ မဟုတ်ပါလား။
သို့သော် ယခုမူ သူတို့က အိုးရန် လူမျိုးများကို သတ်ဖြတ်ဝံ့နေကြပြီလား။
“ငါတို့က သူများဆီက ပိုက်ဆံယူပြီး ပြဿနာရှင်းပေးရတဲ့သူတွေ။ ငါတို့ ဟေးရှန်းညီအစ်ကိုတွေ ဘာလုပ်လဲဆိုတာ မင်း သိသားပဲ။ နတ်ဘုရား မျိုးနွယ်စုက မင်းတို့ အိုးရန် မျိုးနွယ်စုရဲ့ ဦးခေါင်းတွေကို ဖြတ်ပေးဖို့ ငါတို့ကိုကို ငွေတွေ အများကြီး ပေးထားတယ်”
ဟေးရှန်းက လှောင်ပြောင်လိုက်သည်။
ဟေးဖုန်းကလည်း ကောက်ကျစ်စွာ ပြုံးနေသည်။
“ငါတို့ ညီအစ်ကိုတွေက မင်းတို့ အိုးရန် မျိုးနွယ်စုကို ဒီတောက်လျှောက် ပိုက်ဆံတွေ အများကြီး ပေးလာခဲ့တာ။ ဒီနေ့တော့ အဲ့ဒါတွေကို အတိုးနဲ့ ပြန်ယူရမယ့် အချိန်ပဲ”