ရတနာဂူ
Vol. 40 Ch. 555
အန်လင်းသည် ရိုရိုကျိုးကျိုး ဒူးထောက်နေသော နဂါးနက်ကြီးအားကြည့်ကာ ပြောစရာ စကားများပင် ပျောက်ရှသွားရသည်။
ရှောင်ဇယ်ကငါ့ကို ခုနက နဂါးကြီးနဲ့များ အမှတ်မှားနေတာလား.....
ထိုသည်မှာ ရှောင်ဇယ်၏ အပြစ်ဟု မဆိုသာပေ။ အန်လင်းသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သာ ရှိသေးပါသော်လည်း ဟင်းလင်းပြင်သို့အပြန်(ကောင်းကင်အင်မော်တယ်)အဆင့် ဆရာကြီးများအား လက်အောက်ငယ်သားအဖြစ် ထားနိုင်သည့်အပြင် ရှောင်ဇယ်၏ ခုခံကာကွယ်ရေး စွမ်းအင်ကိုပါ မျက်စိတမှိတ်အတွင်း ခိုးယူသွားခဲ့သည်။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တွင်သာရှိသော မည်သည့်ကျင့်ကြံသူက ထိုသို့လုပ်နိုင်လိမ့်မည်နည်း။ မည်သို့ပင် တွေးတောစေကာမူ အန်လင်းသည် ဆရာ့ဆရာကြီး ဖြစ်နေသည် မဟုတ်လော။
ရှောင်ဇယ်သည် နဂါးကြီး၏ ပုံရိပ်အား တွေ့လိုက်ရပြီးနောက် သံသယများအားလုံး သေချာသွားခဲ့သည်။ ထိုသည်သာမက အန်လင်းသည် ထင်မှတ်ထားသည်ထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ် ကောင်းနေသောကြောင့် မည်သည့်ခုခံမှုမှပင် မပြုလုပ်နိုင်ခဲ့ပေ။
တစ်နည်းဆိုသော် ရှောင်ဇယ်သည် အကြောက်တရားကြောင့် စိတ်ဆန္ဒများအားလုံး ပျက်စီးသွားပြီ ဖြစ်သည်။
"ထလို့ရပါပြီ။ ငါကဂူထဲက ပစ္စည်းတချို့ကို လာယူရုံပါပဲ။"
အန်လင်းက စိတ်သဘောထား ပြည့်ဝသူတစ်ယောက်လို လက်ခါပြလိုက်သည်။
"ဒါပေါ့။ စီနီယာ အလိုရှိရာကို ယူဆောင်နိုင်ပါတယ်ခင်ဗျ။"
ရှောင်ဇယ်သည် ရိုရိုကျိုးကျိုးဖြင့် ခေါင်းညိတ်ပြကာ ဖော်လန်ဖား လုပ်နေသလို အမူအရာဖြင့် နဂါးနှုတ်ခမ်းမွှေးများကိုပါ ခါရမ်းပြလိုက်သည်။
"အင်း...."
အန်လင်းက စိတ်ကျေနပ်သွားဟန်ဖြင့် စကားဆိုလိုက်သည်။
"ကြည့်ရတာ မင်းကကိုယ့်အမှားကိုယ် သိသွားပုံပဲ။ ကောင်းပြီလေ ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ။ သုံးမိနစ်ပြီးရင် ငါမင်းကို ခုခံကာကွယ်ရေး အစွမ်းတွေ ပြန်ပေးမယ်လေ။"
ရှောင်ဇယ်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ တဆတ်ဆတ် တုန်ခါလာကာ ဝမ်းသာပျော်ရွှင်မှုများကြောင့် မျက်ရည်များရော၊ နှာရည်များပါ ဒလဟော ကျဆင်းလာတော့သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ။ စီနီယာက အရမ်းကို ကြင်နာသနားတတ်တာပဲ။ ဒီဂျူနီယာလေးက ကျေးဇူးကြွေးကို တသက်လုံး မှတ်သားထားပါ့မယ်။"
အန်လင်းက ဟိတ်ဟန်အပြည့်ဖြင့် ခေါင်းအားခါယမ်းလိုက်သည်။
"ကျေးဇူးတင်စရာ မလိုပါဘူးကွာ။"
အံဖွယ်အဓမ္မလုယူခြင်းနည်းစနစ်ရဲ့ ခိုးတဲ့အစွမ်းက ဆယ်မိနစ်ပဲ ခံတာလေ.....အခုပဲ ခုနစ်မိနစ် ရှိနေပြီဆိုတော့ သုံးမိနစ်အတိပဲ ကျန်တော့တာ.....ဟားဟား.....ငါက တကယ်ကို ကတုံးပေါ် ထိပ်ကွက်မယ့် ဉာဏ်ကြီးရှင်ပါလား.....ဟဲဟဲ
အဖြစ်အပျက်များအား အဝေးမှ လှမ်းကြည့်နေသော တောက်ရဲ့မှာ ချွေးစေးများ ပျံလာသလို ခြေထောက်များပါ ပျော့ခွေလာရသည်။
အန်လင်း၏ အံ့မခမ်း အစွမ်းများမှာ ထိတ်လန့်ဖွယ်ရာပင်။ ညစန္ဒာအကြီးအကဲသည် အန်လင်းအား ပြဿနာရှာပါက အမြန်ချောပို့ပင်မလိုပဲ အလျင်အမြန် ဘဝကူးသွားမည်မှာ သေချာသည်။
မဖြစ်ဘူး.......
တောက်ရဲ့ စိတ်အားပြင်ဆင်လိုက်သည်။ ထိုက်ချူးကုန်းမြေသို့ ပြန်ရောက်သည်နှင့် ညစန္ဒာအကြီးအကဲအား ကိုယ့်သေလမ်းကိုယ်ရှာသည့် တာဝန်မှ နှုတ်ထွက်ရန် ဖြောင်းဖြပြောဆိုရလိမ့်မည်။
အန်လင်းအား ကြည့်ရှုနေသော ရွှယ်ကျန်ထျန်း၏ ဝိုင်းစက်တောက်ပသော မျက်ဝန်းကြီးများထဲတွင် ချစ်ခင်ရိုသေမှုများ ဖိတ်ဖိတ်တောက်နေသည်။ သူ၏သခင်သည် ကမ္ဘာကြီး၏ အထွဋ်အထိပ်တွင် ရပ်တည်ရန် ကံကြမ္မာပါလာသူပင်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကောင်းကင်ကိုပင် ဆယ့်နှစ်ခြမ်း ခွဲပြမည့်သူ ဖြစ်သောကြောင့် သူသည်လည်း သမိုင်းတွင်မည့် အောင်မြင်မှုများအား မျက်မြင်တွေ့ခွင့် ရလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။
............
ရှေးဟောင်းထိုက်ချူးကုန်းမြေ...ရှေးဟောင်းနတ်ဘုရားအပိုင်း၌
ကောင်းကင်ထက်တွင် ရှိနေသော နေနှစ်စင်းသည် ဖြည်းညင်းစွာ မှေးမှိန်လာပြီးနောက် အရပ်မျက်နှာ တစ်ခုသို့ လှည့်သွားသည်။
"ဟမ်.....အဲ့ဒါ ချူတုန်းလား။ မဟုတ်သေးဘူး.....ဒါက သူ့ရဲ့အသိစိတ် တစ်စိတ်တစ်ပိုင်းပဲ။"
သြဇာအာဏာ ကြီးမားသော စကားသံ ပျောက်ကွယ်သွားသည်နှင့်အတူ နေနှစ်စင်းမှာလည်း ပြန်လည်တောက်ပလာကာ ပြိုကျနေသော ရှေးဟောင်းထိုက်ထျူးကုန်းမြေတလျှောက် လှည့်လည်နေတော့သည်။
............
သုံးမိနစ် ကြာမြင့်ပြီးနောက် ဆွမ်းကြီးဝိုင်းလောင်းခံထားရ၍ သနားစဖွယ် သွေးအလိန်းလိန်း ဖြစ်နေသော ရှောင်ဇယ်၏ ခန္ဓာကိုယ်မှာ သတ္ထုရောင်များ တလက်လက် ဖြစ်လာသည်။
စွမ်းအင်တစ်စုံတစ်ခု ပြန်လည်ရောက်ရှိလာသည်ကို အားလုံး ခံစားနိုင်ပေသည်။
အခွင့်အရေးရတုန်း တစ်ယောက်တစ်လုံး ထိုးနှက်ထားသည့် ဒဏ်ရာဒဏ်ချက်များသည်လည်း လျင်မြန်စွာ ကောင်းမွန်လာသည့်အပြင် ကြေးခွံများသည်လည်း မျက်စိကျိန်းရလောက်အောင် တောက်ပလာသည်။ ခန္ဓာကိုယ်မှ အညစ်အကြေးနှင့် မသန့်စင်မှု အားလုံးလည်း ဖယ်ရှားခံလိုက်ရသည်။
ရှောင်ဇယ်သည် လေးစားနေသော မျက်ဝန်းများဖြင့် အန်လင်းအား နတ်ဘုရားတစ်ပါးသဖွယ် ကြည့်ရှုလိုက်သည်။
အန်လင်းက အိန္ဒြေရစွာ ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် ဂူထဲသို့ ပျံသန်းဝင်ရောက်သွားသည်။
ကတ်စီဒီတို့မှာ ကြောင်တောင်တောင် ဖြစ်နေကြပြီး မကြာမီမှာပင် အန်လင်းနောက်မှ တန်းစီလိုက်ပါသွားကြသည်။
လူတိုင်းအား ဤနေရာသို့ရောက်အောင် ပို့ဆောင်ပေးခဲ့သောကြောင့် မိယသည် သူမ၏ ကတိစကားအား တည်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် မိန်းကလေးများ၏ သဘာဝအရ စပ်စုလိုစိတ်များကြောင့် အချိန်တစ်ခုကြာသည်အထိ ဆက်နေနေရန် ဆုံးဖြတ်ထားသည်။
ထိုကိစ္စနှင့်ပက်သတ်၍ အန်လင်းမှာ စိတ်အနှောင့်အယှက် မဖြစ်မိပေ။ မိယသည် ၎င်းတို့အား ထိခိုက်နစ်နာအောင် မလုပ်ပါဟု ပင်လယ်မိစ္ဆာ၏ အမည်နာမနှင့် တိုင်တည်ခဲ့သည်။ ထိုကျိန်ဆိုခြင်းကိုသာ ဖောက်ဖျက်ပါက သူမ၏ တာအိုအခြေခံ ပျက်စီးမည် ဖြစ်သောကြောင့် အန်လင်းမှာ မြူတစ်မှုန်စာပင် စိုးရိမ်ပူပန်မှု မရှိပေ။
တိုဘိယက တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ကာမေးလိုက်သည်။
"မြင့်မြတ်ခေါင်းဆောင်က နဂါးမျိုးနွယ်စုကလား။ ဒါမှမဟုတ် နဂါးသွေးဆက်ကို ပိုင်ဆိုင်ထားတာလားဟင်။"
အန်လင်း ခပ်ဖွဖွပြုံးကာ ဆရာကြီးများအလား မတိကျသော အဖြေတစ်ခုကိုသာ ပေးလိုက်သည်။
"ငါကလူသားပါပဲ။"
အော်.....အဲ့ဒါဆို မြင့်မြတ်ခေါင်းဆောင်က သန်မာတဲ့ နဂါးသွေးဆက်ကို ပိုင်ဆိုင်ထားတဲ့ လူသားပေါ့.....
သို့ဖြစ်၍ တိုဘိယမှာ ရှုပ်ထွေးလှသော ပဟေဠိပုစ္ဆာအား ဖြေရှင်းလိုက်နိုင်သလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ဝိုင်အရက်ကဲ့သို့ ယစ်မူးစေနိုင်လောက်သော ညှို့ငင်အားပြင်းသည့် စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ကျွန်မကို ကယ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။"
အန်လင်း လှည့်ကြည့်လိုက်သောအခါ ကျိုးနွံမှုနှင့် ကျေးဇူးတရား အရိပ်အယောင်များ ပါဝင်နေသော တဖျပ်ဖျပ် ခတ်နေသည့် ကတ်စီဒီ မျက်ဝန်းများကို တွေ့လိုက်ရသည်။
အမ်....ပြီးတော့ ဒင်းကရှက်နေတာလား....
၎င်းတို့နှစ်ဦး အကြည့်ချင်း ဆုံသွားချိန်တွင် ကတ်စီဒီမှာ မျက်လွှာချကာ နူးညံ့သော နှုတ်ခမ်းသားအား ဆွဲဆောင်မှုရှိစွာ ဖိကိုက်လိုက်သည်။
ဒီအရှက်မရှိ သရက်စိမက တကယ်ကြီး ရှက်နေတာလားဟ........
အန်လင်း အံ့အားသင့်သွားရသည်။
ကောင်းလိုက်တာ.....အဲ့ဒါဆို ငါမုဒိမ်းကျင့်ခံရမှာ ကြောက်စရာ မလိုတော့ဘူး....
ထိုသို့တွေးနေစဉ်မှာပင် အနက်ရောင် ဆံပင်တိုတိုနှင့် ချောမောခန့်ညားသော လူငယ်တစ်ဦး ဂူထဲသို့ ပြေးဝင်လာသည်။
"စီနီယာ.....ကျွန်တော့်ကို စောင့်ပါဦး။"
လူငယ်လေး၏ ဦးခေါင်းထက်တွင် မဟူရာ နဂါးချိုတစ်ချောင်း ပါရှိသည်။ သူ၏အဝတ်အစားတွင် သွေးများပေကျံနေပါသော်လည်း နှုတ်ခမ်းထက်တွင် ညင်သာသော အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားသည်။
အန်လင်းက လူငယ်လေးအား တအံ့တသြ ကြည့်ရှုလိုက်သည်။
"မင်းက ရှောင်ဇယ်လား။"
လူငယ်လေး စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်။"
"မင်းကဒီကို ဘာလာလုပ်တာလဲ။ ခုနက ဆုံးဖြတ်ချက်ကို နောင်တရသွားလို့လား။"
အန်လင်း ပြုံးကာမေးလိုက်သည်။
"မဟုတ်ပါဘူး။"
ရှောင်ဇယ် ခေါင်းခါပြလိုက်သည်။
"စီနီယာက လမ်းမသိမှာစိုးလို့ လမ်းပြလုပ်ပေးဖို့ လာခဲ့တာပါ။"
"ကောင်းပြီလေ။ မင်းရှေ့ကသွားပေါ့။"
နေတဲ့အိမ်ကဖြင့် ဓားပြတိုက်ခံရတော့မယ်.....အဲ့ဒါကို ဒင်းက လိုလိုလားလားနဲ့ သူခိုးလမ်းပြ လုပ်နေသေးတယ်....တကယ်ကို စိတ်ထားကောင်းတဲ့ကောင်ပဲ.....
မည်သို့ပင်ဆိုစေကာမူ အန်လင်းက ၎င်း၏စကားတိုင်းကို ယုံကြည်မည် မဟုတ်ပေ။ ရှောင်ဇယ်သည် တစ်စုံတစ်ရာ ဖုံးကွယ်ထားမည်ကို စိုးရိမ်သောကြောင့် အပ်တစ်ထောက်စာပင် မကျန်အောင် ချောင်ကြိုချောင်ကြားမှန်သမျှ စစ်ဆေးနေလိုက်သည်။
ကျောက်ဂူထဲတွင် ဆန်းကြယ်သော သားရဲများစွာ၏ ကြောက်မက်ဖွယ် ရုပ်ထုများရှိပြီး အလယ်ဗဟိုတွင်မူ အနက်ရောင်ကန်တစ်ခု ရှိသည်။ အနက်ရောင် အရည်များသည် ပွက်ပွက်ထနေပြီး ညင်သာသော ရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။
"ဒါက နဂါးမိစ္ဆာရဲ့ ရိုးတွင်းခြင်ဆီကန်ပါ။ ကျွန်တော် ရေချိုးနေကြ နေရာပေါ့။"
ရှောင်ဇယ် ကန်အားညွှန်ပြကာ မိတ်ဆက်ပေးလိုက်သည်။
အန်လင်းက ချက်ချင်းဆိုသလို ထိုကန်အား ယူဆောင်သွားချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။
လိုချင်တောင့်တစိတ်များ ပြည့်လျှံနေသော အန်လင်း မျက်ဝန်းများကြောင့် ရှောင်ဇယ် တုန်လှုပ်သွားပါသော်လည်း မည်သည့်စကားမှ မပြောရဲပေ။
စီနီယာက ငါ့ရေချိုးကန်တောင် စိတ်ဝင်စားမယ်လို့ ဘယ်သူထင်မှာလဲ.....
"ဒါက မင်းနေတဲ့ဂူလား။"
အန်လင်း သိလိုစိတ်ဖြင့် မေးကြည့်လိုက်သည်။
"ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော် မလာခင်တည်းက ဒီနေရာမှာ ရှေးအရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦး နေခဲ့ဖူးပုံပါပဲ။ ဒီမှာရှိနေတဲ့ တချို့ပစ္စည်းတွေက ကျွန်တော်တောင် သုံးလို့မရဘူး။ ထာဝရ ချိပ်ပိတ်ခံထားရသလိုပဲ။"
ရှောင်ဇယ် ရှင်းပြလိုက်သည်။
အန်လင်းသည် အသုံးပြု၍ မရသော ပစ္စည်းများအား အတင်းအကြပ် ရယူရန် ကြိုးစားရင်း သူ၏အိမ်အား ဖျက်စီးမိမည်ကို စိုးရိမ်သဖြင့် လမ်းပြလုပ်ပေးရန် ရောက်လာခဲ့ရခြင်း ဖြစ်သည်။
ရှောင်ဇယ် ကျောက်နံရံတစ်ခုရှေ့သို့သွားကာ မန္တာန်ရွတ်ဆိုလိုက်သည်။
ဝုန်းခနဲ မြည်သံနှင့်အတူ ကျောက်နံရံမှာ ပွင့်ဟသွားပြီး မြေပြင်ပေါ်တွင် မန္တာန်အစီအရင်များ ပေါ်ထွက်လာသည်။ ကျောက်နံရံပေါက်မှ သက်တံ့အလင်းများ ဖြာထွက်လာကာ လှပသော လမ်းကြောင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။
ရှောင်ဇယ်သည် အရှေ့ဆုံးမှ ဦးဆောင်ကာ ဝင်ရောက်သွားပြီး အန်လင်းတို့က နောက်မှလိုက်ပါသွားကြသည်။ ကျောက်နံရံနောက်တွင် တန်ဖိုးရှိသော အရာများရှိကြောင်း သိသာနေပါသော်လည်း မန္တာန်အစီအရင်၏ ပြင်းထန်လှသော စွမ်းအင်လှိုင်းများကြောင့် ရှောင်ဇယ်သည် ၎င်းတို့အား လှည့်ဖြားနေခြင်း မဟုတ်ပဲ မနည်းလှသော ရတနာများ ရှိနေလိမ့်မည်ဖြစ်ကြောင်း သေချာသွားသည်။
လူတိုင်းက သက်တံ့တံတားအား ကျော်ဖြတ်ပြီးသည့်နောက် တလက်လက် တောက်ပနေသော ရွှေရောင်အမျိုးသမီးတစ်ဦးကို တွေ့လိုက်ကြရသည်။
အန်လင်းတို့အားလုံး ဖုံးမရဖိမရအောင် ပါးစပ်အဟောင်းသားဖြစ်ကာ အသက်ရှူသံများ ပြင်းပြကုန်ရသည်။
ထိုအမျိုးသမီးသည် လှပလွန်းလှပြီး လက်တစ်ဖက်အား ပုရိသများ ရင်ဖိုရလောက်အောင် သေးသွယ်သော ခါးလေးပေါ်တွင် တင်ထားပြီး ကျန်တစ်ဖက်အား နှုတ်ခမ်းရှေ့တွင်ထားကာ အနမ်းတစ်ပွင့် မှုတ်ပေးနေဟန် ရှိနေသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဗလာကျင်းနေသောကြောင့် ပြစ်မျိုးမှဲ့မထင် အချိုးအစားကို ကောင်းစွာတွေ့မြင်နေရပြီး ပြီးပြည့်စုံမှု အရှိဆုံး ရုပ်ထုတစ်ခုဟု ဆိုနိုင်သည်။
သူမထံမှ ဖြာထွက်နေသော ရွှေရောင်အလင်းများမှာ မျက်စိကျိန်းလောက်စရာ ဖြစ်နေသောကြောင့် အမြင်အာရုံများ ကွယ်သွားနိုင်သည်ဟုပင် ထင်မှတ်ရသည်။
မှန်ပေသည်။ ထိုလှပလွန်းလှသော ရုပ်ထုမှာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များဖြင့် ထုလုပ်ထားခြင်းပင် ဖြစ်သည်။
-------