← Chapters

ရတနာဂူအားရှင်းလင်းခြင်း

Vol. 40 Ch. 556

ရတနာဂူအားရှင်းလင်းခြင်း

Vol. 40 Ch. 556

ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်အား ယခုကဲ့သို့ ပုံစဲမျိုးနှင့် တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသောကြောင့် အန်လင်းမှာ ပြောစရာ စကားများပင် ပျောက်ရှနေရသည်။

"ဒါကိုလုပ်ဖို့ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ဘယ်လောက်တောင် လိုမလဲ။"

သူတိုးညင်းစွာ ရေရွတ်လိုက်သည်။

"သိပ်မများပါဘူး။ နှစ်ဆယ့်သုံးခုတည်းပါ။"

ရှောင်ဇယ်သည် အရေးမကြီးဟန်ဖြင့် လက်ခါပြလိုက်ပါသော်လည်း သူ၏အပြုံးမှာ လက်ဝါးတစ်ချက်လောက် ကျွေးချင်စရာ ဖြစ်နေသည်။

အန်လင်း မျက်လုံးအပြူးသားဖြင့် ရှောင်ဇယ်အား လှမ်းကြည့်လိုက်သည်။

"မင်းကဘယ်လိုလုပ် အတိအကျ သိနေရတာလဲ။ ဒါကိုမင်းလုပ်ထားတာလား။"

"ဒါပေါ့။ နယ်မြေအဆီအနှစ် သလင်းကျောက်​တွေက အချိန်နဲ့အာကာပြင်ကနေ မွေးဖွားလာတဲ့ ထူးခြားတဲ့ အရာဝတ္ထုတွေလေ။ အဲ့ဒါကြောင့် အသွင်သဏ္ဍာန် အမျိုးမျိုး ပြောင်းလဲနိုင်စွမ်းရှိတယ်။ ကျွန်တော့်ရဲ့ နဂါးမင်းသမီးလေးကိုရော ဘယ်လိုထင်ကြလဲ။"

ရှောင်ဇယ်သည် ရွှေရောင်ရုပ်ထုအားကြည့်ကာ နားရွက်တက်ချိတ်မတတ် ရယ်မောလိုက်သည်။

နဂါးမင်းသမီး......

အန်လင်း ကောင်းကင်အား မော့ကြည့်ကာ နှုတ်ခမ်းအား ကိုက်ထားလိုက်ရသည်။

အခြားသူများသည်လည်း ရှောင်ဇယ်အား မလှောင်ပြောင်လိုသောကြောင့် ရယ်ချင်စိတ်များကို အားကုန်ထိန်းနေကြသည်။

"စီနီယာ သဘောကျရဲ့လား။"

ရှောင်ဇယ်သည် ကပ်ဖားရပ်ဖား လုပ်လိုသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

အန်လင်း စစ်ဆေးလိုက်သောအခါ နဂါးမင်းသမီး ရုပ်ထုမှလွဲ၍ မည်သည့်နယ်မြေအဆီအနှစ် သလင်းကျောက်မှ ရှိမနေပေ။ မိယ အာရုံခံမိခဲ့သော စွမ်းအင်မှာ ထိုရုပ်ထုမှလာခြင်း ဖြစ်ပေလိမ့်မည်။

သူတွေဝေခြင်းမရှိ ခေါင်းညိတ်လိုက်သည်။

"သဘောကျတယ်။"

"အဲ့ဒါဆို စီနီယာအတွက် လက်ဆောင်အနေနဲ့ ယူလိုက်ပါ။"

ရှောင်ဇယ်သည် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ရုပ်ထုအား မ,ယူကာ ရူးရူးမိုက်မိုက် အာဝါးများ ရှလူးလိုက်ပြီးနောက် အန်လင်းထံ ပေးလိုက်သည်။ အန်လင်းမှာ ရှောင်ဇယ်၏ သရေများပေကျံနေသော ရွှေရောင်နယ်မြေသလင်းကျောက် ရုပ်ထုအားကြည့်ကာ လက်တွန့်သွားလေသည်။

"ကျွန်တော် ဒီကျွန်းကို ရောက်ခါစက သူမက သာမန် နယ်မြေအဆီအနှစ် သလင်းကျောက်ပဲ ရှိသေးတယ်။ ကျွန်တော် သူမကို သဝအသစ်တစ်ခု ပေးအပ်ခဲ့တယ်။ အဲ့အတွက် သူမကလည်း ကျွန်တော်နဲ့အတူ နှစ်ပေါင်းများစွာ အဖော်ပြုပေးခဲ့တယ်လေ။ ဟူး....စီနီယာ သူမကို ကောင်းကောင်းဆက်ဆံပါနော်။"

ရှောင်ဇယ်၏ အမူအရာမှာ လေးနက်နေပြီး မျက်ဝန်းများထဲတွင် မျက်ရည်ဥများပင် တွဲလဲခိုလာသည်။

မသိလျှင် အန်လင်းထံ သမီးကညာပျိုအား အပ်နှံနေသော အဖေအိုကြီးတစ်ယောက်ဟု ထင်မှတ်မှားရနိုင်သည်။

အန်လင်း နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရသည်။ သူသည် နဂါးမင်းသမီး ရုပ်ထုအား စိတ်မဝင်စားပါသော်လည်း မွေးရာပါလေး မပျောက်ကွယ်ရေးအတွက် သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်သည်။

နဂါးမင်းသမီး ရုပ်ထုအား အန်လင်း ယူဆောင်သွားသည်ကို တွေ့လိုက်ရပြီးနောက် ရှောင်ဇယ်မှာ ဝမ်းနည်းဝမ်းသာ ဖြစ်နေဟန်ဖြင့် မျက်ရည်စများကို ဒရမ်မာဆန်ဆန် ပွတ်ထုတ်ကာ ရတနာဂူအား ဆက်လက်ပြသပေးလိုက်သည်။

ဒီလိုနဲ့ပဲ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် နှစ်ဆယ့်သုံးခုကို ရလိုက်တာလား.....

တိုဘိယ အံအားတကြီးဖြင့် ကတ်စီဒီအား ကြည့်ရှုကာ အသံပို့လွှတ်လိုက်သည်။

"မြင့်မြတ်ခေါင်းဆောင်က ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို ဒီလိုပဲ ရနေတာလား။ ငါကတစ်ချိန်လုံး မတူညီတဲ့ အရာကို ရှာနေခဲ့ရသလို ဘာလို့ခံစားနေရပါလိမ့်။"

ကတ်စီဒီ မျက်ခုံးများကိုနှိပ်ကာ သက်ပြင်းချလိုက်သည်။

"ဟူး....သခင်ရဲ့ ရည်ရွယ်ချက်တောင် ပြည့်တော့မယ်။ သွေးစက်ရဖို့ နည်းလမ်းတွေ နည်းသွားတော့မှာပဲ။ ဘာလုပ်ရမလဲ။"

တိုဘိယ : "...... "

သူသည် အမှန်တကယ်ပင် ကမ္ဘာခြားနေသူများနှင့် အတူရှိနေသလို ခံစားလိုက်ရသည်။

မိယမှာ မည်သည့်စကားမှ မဆိုပေ။ ဤနေရာတွင် ရှိနေသော ရတနာများသည် သူမနှင့် မသက်ဆိုင်သောကြောင့် စပ်စုရန် သက်သက်သာ ရောက်ရှိနေခြင်း ဖြစ်သည်။

ရှောင်ဇယ်သည် တောက်ပနေသော ရွှေသတ္ထုများ ရှိရာသို့ အန်လင်းကို ခေါ်ဆောင်သွားသည်။

"ဒါက မဟူရာပင်လယ်ကထွက်တဲ့ ထူးခြားတဲ့ သတ္ထုရိုင်းတွေပါ။ စီနီယာအတွက် လိုအပ်လား မသိဘူး။"

အန်လင်းမှာ သဘောကျ နှစ်ခြိုက်လှသည် မဟုတ်ပါသော်လည်း သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။

မကြိုက်ရုံမျှနှင့် ထားခဲ့စရာ အကြောင်းမရှိပေ။ ထိုကဲ့သို့ ထူးခြားသတ္ထုရိုင်းများမှာ တန်ကြေးအတော်ကြီးနိုင်သည်။

ရှောင်ဇယ်၏ အတွေးအား မည်သူကမှ မခန့်မှန်းနိုင်ပါသော်လည်း သူသည် အပြုံးတစ်ချက် မပျက်ပဲ အန်လင်းအား ဆက်လက်ခေါ်ဆောင်သွားသည်။

စိတ်ဝိဉာဉ်လက်နက်တွေလား.....သေချာပေါက် ယူသွားရမှာပေါ့.....

စိတ်ဝိဉာဉ်ဆေးလုံးနဲ့ စိတ်ဝိဉာဉ်သစ်သီးတွေလား....လာထားပဲ.....

မဟူရာပင်လယ်ရဲ့ အင်မော်တယ်ငါးရှဉ့် အလောင်းကြီးလား.....အို....ငြင်းမနေတော့ဘူး.....

ချီကျောက်တုံး တစ်ရာကျော်.....ဟားဟားဟား.....

.........

အန်လင်းမှာ ဖုန်စုပ်စက်အလား တွေ့သမျှ အကုန်ယူဆောင်လေတော့သည်။

တီနာမှာ အနည်းငယ် စိုးရိမ်လာသဖြင့် အန်လင်းထံ အသံပို့လွှတ်လိုက်သည်။

"ဘီလူးအန်လင်း....ငါတို့ယူတာ နည်းနည်းလွန်မနေဘူးလား။"

အန်လင်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ရှောင်ဇယ်လေး ဘယ်လောက်တောင် ပျော်နေလဲ နင်မတွေ့ဘူးလား။"

"သူ့ဆီမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် ရှိနေရင် ဘယ်လိုလုပ်မလဲ။"

တီနာမှာ ပူပန်နေဆဲပင်။

တီနာသည်ပင် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားမိသောကြောင့် အန်လင်းမှာ ထိုသည်ကို သတိမထားမိစရာ မရှိပေ။

အန်လင်း ပြန်လည်တုံ့ပြန်လိုက်သည်။

"သူ့ဘာသာ ဘာပဲကြံစည်နေပါစေ ငါတို့ကတော့ မြင်သမျှ ယူသွားသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူကငါတို့ကိုမှ မနိုင်တာ။ တစ်ခုခု ဖြစ်လာရင် ဒင်းကို ဆော်ပလော်တီးပြီး ထွက်သွားကြတာပေါ့။"

ထိုစကားကြောင့် တီနာမှာ အတောင်တဖျပ်ဖျပ်ခတ်ကာ စဉ်းစားခန်း ဝင်သွားရသည်။

ရှောင်ဇယ်သည် ရတနာများအားလုံး ပြောင်သလင်းခါသွားသည်အထိ အန်လင်းအား လမ်းပြပေးနေခဲ့သည်။

"နောက်ဆုံးတော့ ဘာမှမရှိတော့ဘူးပဲ...."

ရှောင်ဇယ် ခါးထောက်ကာ ရွှင်မြူးစွာ ပြုံးလိုက်သည်။

၎င်း၏ပုံစံမှာ ငရဲပန်းမှ လွတ်မြောက်လာသလို ဖြစ်နေသော​ကြောင့် အားလုံး ကြောင်တောင်တောင် ဖြစ်သွားရသည်။

အန်လင်းကတော့ အတော်ပင် စိတ်ကျေနပ်နေသည်။

"တော်တယ် …ရှောင်လေး....မင်းရဲ့ပူးပေါင်းမှုကို ငါမချီးကျူးပဲ မနေနိုင်ဘူး။"

"မခံယူဝံ့ပါဘူး။"

ရှောင်ဇယ် လက်ခါပြလိုက်သည်။

"ဒီပစ္စည်းတွေက စီနီယာ လက်ထဲရောက်မှ အမှန်တကယ် အသုံးဝင်လာမှာပါ။ ကျွန်တော်က သူတို့အတွက် အိမ်ကောင်းကောင်းလေး ရှာပေးချင်ရုံပါပဲ။"

အန်လင်းမှာ သဘောထားကြီးသူအလား ခေါင်းညိတ်ပြလိုက်သည်။

"အခုက နောက်ဆုံးအချိန်ပဲ။"

ရှောင်ဇယ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူသည် မြေပြင်အား ခြေထောက်ဖြင့် ဆောင်းနင်းချလိုက်သည်နှင့် မန္တာန်အစီအရင်တစ်ခု ထွက်ပေါ်လာသည်။

အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် အန်လင်းနား အပြေးကပ်ကာ ခုခံကာကွယ်ရေး စွမ်းအင်များ ထုတ်ဖော်လိုက်ကြသည်။

လေဟာနယ် စွမ်းအင်များနှင့်အတူ ရတနာဂူ အတွင်းရှိ လေထုသည် ဆယ်ပေါင်တူနှင့် ထုခွဲခံလိုက်ရသည့်အလား ဆုတ်ပြဲလာကာ လျှို့ဝှက်အာကာပြင်တစ်ခု ပေါ်ထွက်လာသည်။

ထိုအာကာပြင်ထဲမှ အားကောင်းလွန်းသော စွမ်းအင်များ ဖြာထွက်နေသောကြောင့် လူတိုင်းမှာ နှလုံးခုန်သံများပင် မြန်လာရသည်။

အန်လင်း လှမ်းကြည့်လိုက်သောအခါ ထူးခြားသော အရာဝတ္ထု သုံးခုကို တွေ့လိုက်ရသည်။ ၎င်းတို့သည် မည်သူ့ကိုမှ အနားမကပ်စေချင်သည့်အလား အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။

ရှောင်ဇယ် ပြုံးကာပြောလိုက်သည်။

"ဒါတွေက ဒီဂူကို ကျွန်တော် ရောက်မလာခင်တည်းက ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေပါ။ အရင်ပိုင်ရှင်က ဘာလို့သူနဲ့အတူ မယူသွားတာလဲတော့ မပြောတတ်ဘူး။ ဒါပေမယ့် ဒီရတနာတွေက အရမ်းရှားပါးပြီး အဖိုးတန်တယ်ဆိုတာတော့ သေချာပါတယ်။"

"အစက ရတနာလေးခု ရှိတာပါ။ သရဖူရယ်။ ရွှေမီးလျှံတံဆိပ်တော်ရယ်၊ မဟူရာကုဗတုံးရယ်အပြင် အနက်ရောင်သွေးစက်တစ်ခု ရှိခဲ့တယ်။"

"ဒါပေမယ့် အနက်ရောင်သွေးစက်က ကျွန်တော်နဲ့ ကိုက်ညီလို့ စုပ်ယူလိုက်တာ သွေးမျိုးဆက်က တော်တော်အားကောင်းလာတယ်။ တခြားပစ္စည်း သုံးခုကတော့ ကျွန်တော် လေ့လာနေတာ နှစ်ထောင်နဲ့ချီနေပြီ။ ဘာမှကို ထူးခြားမလာသေးဘူး။"

ရှောင်ဇယ်က စိတ်ပျက်လက်ပျက်ဖြင့် စကားပြောနေပြီးနောက် မျှော်လင့်ချက် ရောင်ခြည်သန်းနေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

"စီနီယာနဲ့ ကျွန်တော်က တွေ့ဆုံဖို့ ကံပါလာတယ်လို့ယုံတယ်။ အဲ့ဒါတင်မကဘူး။ ဒီရတနာ သုံးခုကလည်း စီနီယာလိုမျိုး သြဇာအာဏာ ကြီးမားတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ ဆုံရသင့်တာ။ အဲ့ဒါကြောင့် စီနီယာသာ ဒီရတနာတွေကို ယူနိုင်မယ်ဆိုရင် ကျွန်တော် ပျော်ပျော်ကြီး ပေးလိုက်မှာပါ။"

မြှောက်ပင့်သော စကားများကြောင့် အန်လင်းမှာ မြောက်ကြွမြောက်ကြွ ဖြစ်သွားပြီး ရတနာများထံ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

ရှောင်ဇယ်သည် နှစ်ထောင်နှင့်ချီကာ ကြိုးစားခဲ့ပါသော်လည်း ထိုရတနာ သုံးမျိုးအား မရယူနိုင်ခဲ့ပေ။ သို့သော် ယခုအခါ အန်လင်းအား ကြိုးစားကြည့်စေချင်သည်ဟု ဆိုလာသည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ဇယ်သည် အန်လင်းအား စမ်းသပ်နေခြင်းဖြစ်ကြောင်း သိသာလှသည်။ အန်လင်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။

ဒီရတနာသုံးခုလုံး ရအောင်ကို ယူသွားရမယ်....

အန်လင်း ရှေ့သို့ထွက်လာကာ ပစ္စည်းများကို ထိတွေ့လိုက်သည်။

ထိုရတနာများသည် လေဟာနယ် စွမ်းအင်ကြောင့် အချုပ်ကျနေသည်နှင့် မခြားလှပေ။

သို့သော် ရှောင်ဇယ် ကြုံတွေ့နေရသည်မှာ ထိုပြဿနာ မဟုတ်ကြောင်း သူကောင်းစွာ သိရှိနေသည်။ ရှောင်ဇယ်သည် ဟင်းလင်းပြင်သို့အပြန်(ကောင်းကင်အင်မော်တယ်)အဆင့် ဖြစ်သောကြောင့် လေဟာနယ် ချိပ်စည်းအား အလွယ်တကူ ချိုးဖျက်နိုင်ပေလိမ့်မည်။ အဓိက ပြဿနာသည် ထိုရတနာများတွင် ရှိနေသော အံ့ဖွယ်တာအိုပင်။

တာအိုပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရှိမှသာ ထိုသို့သော စွမ်းအင်မျိုးကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ အန်လင်းသည် ထိုရတနာများအား အတင်းအကြပ်ရယူလိုပါက ၎င်းတို့တစ်ခုစီတွင် စွဲထင်နေသော အံ့ဖွယ်တာအိုအား ဖျက်စီးပစ်ရမည် ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရန် အနည်းဆုံး ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသင့်သည်။ သို့သော် ထိုအဆင့်မျှရှိသော ကျင့်ကြံသူသာ ဤကမ္ဘာသို့ ရောက်ရှိလာပါက လောက၏ စည်းမျဉ်းဥပဒေသများ ချိုးဖောက်မှုကြောင့် သေဆုံးသွားနိုင်သည်။

ထို့ကြောင့် အတင်းအကြပ် ဖိအားပေးမည့်အစား ရတနာများအား သန့်စင်ရန် မှန်ကန်သည့် နည်းလမ်းကို လိုအပ်သည်။

အန်လင်း ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏နှုတ်ခမ်းများ ပြုံး​ယောင်သမ်းလာကာ မျက်ဝန်းများမှာလည်း အဖြူရောင်အဖြစ် ပြောင်းလဲသွားတော့သည်။

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်....

---------------

All Chapters