← Chapters

ရှေးဟောင်းရတနာသုံးခု

Vol. 40 Ch. 557

ရှေးဟောင်းရတနာသုံးခု

Vol. 40 Ch. 557

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်သည် အန်လင်းအား ရတနာ သုံးခု၏ အချက်အလက်များကို ပိုမိုသိရှိစေလိမ့်မည်။

အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ဖြင့် သရဖူအား ကြည့်ရှုလိုက်ပြီးနောက် အချက်အလက်များ သူ၏စိတ်ထဲတွင် ပေါ်လာတော့သည်။

"တော်ဝင်သရဖူ....နဂါးမျိုးနွယ်စု၏ သြဇာအာဏာ ကြီးမားသူ ရှောင်တုကိုယ်တိုင် အံ့ဖွယ်နဂါး၏ ကျောရိုးနှင့် သွေးအဆီအနှစ်တို့ကို အသုံးပြုကာ ပြုလုပ်ထားသည်။ ဤရတနာသည် အကန့်အသတ်မဲ့သော နဂါးစွမ်းအင်များကို ထုတ်လွှတ်နိုင်ပြီး ကြွားဝါရန်အတွက် လွန်စွာသင့်တော်လှသည်။ သရဖူတွင် အာရုံခံစားနိုင်သော အသိစိတ်ရှိပြီး ရယူနိုင်ရန်အတွက် သင့်အားချစ်ကြောက်ရိုသေစိတ် ဖြစ်လာရန် လိုအပ်သည်။"

စာကြောင်းသည် ရှည်လျားလွန်းခြင်း မရှိပါသော်လည်း အချက်အလက်များစွာ ပါဝင်နေသည်။

ရှောင်တု.....ရှောင်တု....

အန်လင်းက အလွန်အမင်း သေချင်နေပါသော်လည်း မသေနိုင်သော နဂါးမျိုးနွယ်စုမှ ရှောင်တု အမည်ကို ရေရွတ်လိုက်မိသည်။

ဒါဆို....ဒီပစ္စည်းက သူလုပ်ခဲ့တာပေါ့.....

နေပါဦး....

အန်လင်း အတွေးများသွားသည်။

အဲ့ဒါဆို ဒီဂူက ရှောင်တုရဲ့အိမ်လား.....

သူအခြားအတွေးတစ်ခုကို တွေးမိကာ ရှောင်ဇယ်အား လှမ်းကြည့်လိုက်သည်။

ရှောင်တုနဲ့ ရှောင်ဇယ်.....နှစ်ယောက်လုံးက ရှောင်မျိုးရိုးပဲ....သူတို့က တစ်မိသားစုတည်းကလား......

အန်လင်း မနေနိုင်စွာ မေးလိုက်သည်။

"မင်းရှောင်တုကိုသိလား။"

ရှောင်ဇယ်မှာ လေးစားရိုကျိုးသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ရှောင်တု...သူက ကျွန်တော်တို့ နဂါးမျိုးနွယ်စုက အရမ်းကို ပါရမီရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူက အပျက်အစီးမဲ့တာအိုကို ကျင့်ကြံတာလေ။ အခုဆို တာအိုပေါင်းစည်းခြင်း အဆင့်ကိုတောင် ရောက်တော့မယ်။ သူက ကျွန်တော်တို့ မျိုးနွယ်စု ဂုဏ်ယူရတဲ့သူပါ။"

ထိုစကားအား ပြောနေချိန်တွင် ရှောင်ဇယ်၏ အမူအရာမှာ ရွှင်မြူးတက်ကြွနေပြီး ရှောင်တုနှင့်ပက်သတ်၍ အလွန်အမင်း ဂုဏ်ယူနေကြောင်း သိသာလှသည်။

ရှောင်ဇယ်သည် ရှောင်တုနှင့် သွေးမျိုးဆက် တူညီနေသောကြောင့် သွေးစက်အား စုပ်ယူနိုင်ခဲ့ပုံ ရသည်။

"ဒါပေမယ့် ကောင်းကင်နဲ့မြေပြင်ရဲ့ လောကနိယာမတွေကြောင့် အချုပ်ကျနေတာ နှမြောစရာပဲ။ ကျွန်တော်တို့လို ဟင်းလင်းပြင်သို့အပြန်(ကောင်းကင်အင်မော်တယ်)အဆင့် ရောက်နေတဲ့ သူတွေကလည်း သွားကယ်ပေးလို့ မရဘူး။ အခုဆို ဘာတွေလုပ်နေမလဲ မပြောတတ်တော့ပါဘူး။"

ရှောင်ဇယ် စိတ်မချမ်းမြေ့စွာ ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို သတ်သေချင်နေတဲ့ နဂါးအကြောင်းလား.....ဟားဟား....ဘယ်လိုတောင် တိုက်ဆိုင်နေရတာလဲ။ သခင်လည်း သူ့အကြောင်း ပြောခဲ့သေးတယ်။ စိတ်မပူပါနဲ့....သခင်က သူ့ကိုသတ်ပစ်ပြီးပြီ။"

ရွှယ်ကျန်ထျန်းက သေးငယ်သော အတောင်များကိုဖြန့်ကာ အမြင်ကပ်စရာကောင်းအောင် ပြုံးလိုက်သည်။

လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရှောင်ဇယ်မှာ အန်လင်းနှင့် ရွှယ်ကျန်ထျန်းတို့အား ကြောင်တောင်တောင်ဖြင့် ငေးကြည့်လိုက်မိသည်။

ငါနားကြားများလွဲနေတာလား....

စိတ်မပူပါနဲ့....ရှောင်တုကသေပြီဟုတ်လား....

ဘယ်လိုကြီးလဲ.....

ရှောင်ဇယ် နားမလည်နိုင်တော့ပေ။

"နင်ထင်နေသလို မဟုတ်ပါဘူး။"

အူကြောင်ကြောင် ဖြစ်နေသော ရှောင်ဇယ်၏ အမူအရာကြောင့် တီနာမှာ အလျင်အမြန် ရှင်းပြပေးလိုက်သည်။

"ရှောင်တုက အဲ့ကနေ လွတ်မြောက်ချင်လို့ ဘီလူးအန်လင်းကို သတ်ပေးဖို့အတွက် သူကိုယ်တိုင် တောင်းဆိုခဲ့တာပါ။ အဲ့ဒါကြောင့် အသတ်ခံရပြီးနောက်ပိုင်း သူလွတ်မြောက်သွားပြီလေ။"

ရှောင်ဇယ် မျက်လုံးအပြူးသားနှင့် အန်လင်းအား ကြည့်လိုက်သည်။

"စီနီယာက တကယ်ပဲ ရှောင်တုကို သတ်ပစ်ခဲ့တာလား။"

အန်လင်း ပြုံးကာခေါင်းညိတ်လိုက်သည်။

"တောင်းဆိုတာကို ဖြည့်ဆည်းပေးရုံပါပဲ။"

"ဝါး....."

ရှောင်ဇယ် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ထင်သည့်အတိုင်း သူ့အားကြောက်ဒူးတုန်စေခဲ့သော အန်လင်းမှာ ဆရာ့ဆရာကြီး ဖြစ်နေလေသည်။

အခြားသူများသည် အံ့အားသင့်ရသည်နှင့် အသားကျနေကြသောကြောင့် ရင်တုန်ပန်းတုန် မဖြစ်ကြတော့ပေ။

"အဲ့ဒါဆို ဦးလေးရှောင်တုက အခုဘယ်မှာလဲဟင်။"

ရှောင်ဇယ် သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒီကမ္ဘာက သူနဲမသင့်တော်တော့ဘူးလေ။ အဲ့ဒါကြောင့် ထိုက်ချူးကုန်းမြေကို ထွက်သွားတယ်။"

အန်လင်း အမှန်အတိုင်းပင် ပြောပြလိုက်သည်။

ရှောင်ဇယ် တုံ့ပြန်လိုက်သည်။

"ထိုက်ချူးကုန်း​မြေမှာ အခြေချနေတဲ့ သူတွေကလွဲလို့ တခြားနဂါးမျိုးနွယ်စုတွေက ဒီကုန်းမြေကနေ မဖြစ်မနေ ထွက်သွားကြရတယ်။ ကောင်းကင်နဲ့မြေပြင်ရဲ့ လောကနိယာမဆိုတာ ကျွန်တော်တို့ ငြင်းပယ်နိုင်တာမှ မဟုတ်တာ။"

အန်လင်းသည် ရှောင်ဇယ်၏ ဝမ်းနည်းပူဆွေးမှုများကို နားထောင်နေစရာ အကြောင်းမရှိသောကြောင့် သရဖူကိုသာ အာရုံစိုက်လိုက်သည်။

သူသည် ပုံရိပ်ယောင်ကြယ်စင်ဝတ်ရုံအား ဆင်မြန်းကာ အရှိန်အဝါကိုလည်း ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်ထိ မြှင့်တင်ပြီး အံ့ဖွယ်ခွန်အားနည်းစနစ်ကို အသက်သွင်းလိုက်သည်။

အန်လင်း၏ ခန္ဓာကိုယ်မှ လွန်ကဲလှသော အရှိန်အဝါများ ဖြာထွက်လာသောကြောင့် အနီးတွင် ရှိနေသူများအားလုံး ကြောက်ရွံ့ကုန်ကြရသည်။

သရဖူသည်လည်း ရုတ်တရက်ဆန်သော အခြေအနေကြောင့် အံ့အားသင့်သွားပုံရကာ အန်လင်းအား ရေလာမြောင်းပေးလိုသော အပျိုဖြန်းလေးအလား ခပ်ဖွဖွလင်းလက်လာသည်။

၎င်းသည် အန်လင်းအား ချစ်ကြောက်ရိုသေနေကြောင်း သိသာလှသည်။

အန်လင်းက သရဖူအား သန့်စင်လိုက်နိုင်ပြီ ဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါးပင် သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။

ရှောင်ဇယ်မှာ ကုန်းမြေအကြောင်း ဝမ်းနည်းပူဆွေးနေရင်း တော်ဝင်သရဖူအား အန်လင်း သိမ်းဆည်းသွားသည်ကို မြင်လိုက်ရပြီးနောက် နှလုံးသားများ နာကျင်လာရပြန်သည်။ သူသည် ထိုရတနာ သုံးခုအား သန့်စင်နိုင်ရန် နှစ်ထောင်နှင့်ချီကာ ကြိုးစားခဲ့ပါသော်လည်း အရာမထင်ခဲ့ပေ။ သို့သော် အန်လင်းက မျက်စိတမှိတ် အတွင်းမှာပင် ဝှစ်ခနဲနေအောင် ယူပြသွားခဲ့သည်။

ကတ်စီဒီတို့သည်လည်း အန်လင်းအပေါ် မျှော်လင့်ချက် သိပ်မထားကြပေ။ အသိစိတ်ရှိသော ရတနာအား ရရှိရန်မှာ ကံကြမ္မာနှင့် သက်ဆိုင်နေတတ်သည် မဟုတ်လော။ ရတနာမှ သခင်အဖြစ် အသိအမှတ် ပြုလာရန် ၎င်းတို့ကြားတွင် ဆက်နွယ်မှု ရှိနေမှ ဖြစ်လိမ့်မည်။ ထို့ကြောင့် ရှောင်ဇယ်သည်ပင် နှစ်ပေါင်းများစွာ မအောင်မြင်ခဲ့သော ရတနာအား အန်လင်းမှ ရယူသွားနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ရလဒ်မှာ ၎င်းတို့အား ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။

ကတ်စီဒီတို့အားလုံးလည်း ပြောစရာ စကားများ ပျောက်ရှကုန်ရလေပြီ။

ရှောင်ဇယ်မှာ ငေးငေးကြောင်ကြောင် ဖြစ်နေပါသော်လည်း နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ကျနေရပြီပင်။

သူ၏စိတ်မှာ အလွန်ရှုပ်ထွေးနေသည်။ ထိုရတနာများအား အန်လင်း ရရှိသွားရန် မျှော်လင့်နေပါသော်လည်း တစ်ချိန်တည်းမှာပင် ထိုသို့ဖြစ်သွားမည်ကို မလိုလားနေပေ။

ထိုသည်မှာ OCDတစ်မျိုး ဖြစ်သည်။ သူသည် ရတနာများအား မယူဆောင်နိုင်ပဲ ဂူထဲမှ ထွက်ခွာသွားပါက ဘဝတစ်ခုလုံး ပြီးပြည့်စုံခြင်း မရှိသလို တစ်ချိန်လုံး စိတ်ထဲတနုံ့နုံ့ ဖြစ်နေပေလိမ့်မည်။

(OCDဆိုသည်မှာ ပြီးပြည့်စုံခြင်းကို အလွန်အမင်း စွဲလမ်းနှစ်သက်သော စိတ်အခြေအနေတစ်မျိုး ဖြစ်သည်။ ဥပမာအားဖြင့် ကိတ်မုန့်အား အလယ်မှ ဖောက်စားခြင်း၊ တစ်စုံတစ်ခု စီစဉ်မကျခြင်းတို့အား မခံမရပ်နိုင်အောင် မုန်းတီးတတ်ကြသူများကို ခေါ်ဆိုသော ဆေးပညာပိုင်းဆိုင်ရာ ခေါ်ဆိုမှုဖြစ်သည်။)

ထိုအချက်ကြောင့်ပင် ရတနာများအား အန်လင်း ရရှိသွားရန် မျှော်လင့်မိခြင်းပင်။ အန်လင်းသာ ယူဆောင်သွားပါက ရှောင်ဇယ်အနေဖြင့် တွေဝေနေစရာ မလိုအပ်တော့ပေ။

သို့သော် တစ်ချိန်တည်းမှာပင် အန်လင်း မအောင်မြင်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။ ထိုရတနာများအား သန့်စင်နိုင်ရန် ကြိုးစားနေခဲ့ရသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေလေပြီ။ တစ်စုံတစ်ယောက်မှ မအေးအေးဝင်း စီစဉ်ထားသလို အလွယ်တကူပင် ကောက်ယူသိမ်းဆည်းသွားပါက သူ၏နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများမှာ အလဟဿ ဖြစ်သွားရပေလိမ့်မည်။

အန်လင်း အရှေ့သို့သွားကာ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ဖြင့် ရွှေမီးလျှံတံဆိပ်တော်အား ကြည့်ရှုလိုက်သည်။

"နတ်မီးလျှံတံဆိပ်တော်....ရှောင်တုကိုယ်တိုင် ထိုက်ချူး၏ ရှားပါးမီးလျှံကိုးခုဖြင့် ဖန်ဆင်းထားသော အလယ်အလတ်အဆင့် အင်မော်တယ်လက်နက် ဖြစ်သည်။ နှစ်ပေါင်းငါးထောင်အတွင်း မည်သည့်အံ့ဖွယ်မီးတောက်ကိုမှ ဝါးမြိုခဲ့ရခြင်း မရှိသဖြင့် အလွန်အမင်း ဆာလောင်ငတ်မွတ်နေသော အနေအထားတွင် ရှိသည်။ ထို့ကြောင့် အံ့ဖွယ်မီးတောက်အား ဝလင်ပြည့်အင့်အောင် ကျွေးမွေးခြင်းဖြင့် ရယူနိုင်ပေသည်။"

အဟက်....လွယ်ကူလိုက်တာ....ငါ့ဆီမှာ အံ့ဖွယ်မီးတောက် လေးခုတောင် ရှိတယ်......

ကြီးမြတ်သန့်စင်မီးတောက်၊ ကြယ်မိစ္ဆာမီးတောက်၊ လရောင်ရှုခင်းမီးတောက်၊ ကောင်းကင်ဘုံဟာလာပြင်မီးတောက် ထွက်လာခဲ့.....

အံ့ဖွယ်မီးတောက် လေးခုမှာ ရုတ်ချည်းဆိုသလို ပေါ်ထွက်လာပြီး နတ်မီးလျှံတံဆိပ်တော်အား လွှမ်းခြုံသွားသည်။

ရှောင်ဇယ် နားမလည်နိုင်စွာဖြင့် အန်လင်းအား ကြည့်လိုက်သည်။

"စီနီယာ ဘာတွေလုပ်နေတာလဲ။ ဘာလို့ တံဆိပ်တော်ကို မီးရှို့ပစ်နေတာလဲဟင်။"

အန်လင်း ပေါ့ပါးစွာ ရယ်မောလိုက်သည်။

"မင်းကို မေးပါရစေဦး။ ဒီရွှေရောင်တံဆိပ်က လောင်ကျွမ်းနေတာ ဘယ်လောက်ကြာပြီလဲ။"

ရှောင်ဇယ် ခေါင်းခါပြလိုက်သည်။

"သိပ်တော့မသေချာပါဘူး။ ကျွန်တော် ဒီကိုစရောက်တည်းက လောင်ကျွမ်းနေတာပဲ။"

"အဲ့ဒါဆို ထပ်မေးပါဦးမယ်။ ဘာစွမ်းအားနဲ့ အခုလို အဆက်မပြတ် လောင်ကျွမ်းနေလဲရောသိလား။ သူက မပင်ပန်းဘူးလား။ မဆာလောင်ဘူးလား။ စွမ်းအင်တွေ မကုန်တော့ဘူးလား။"

အန်လင်း မေးခွန်းထုတ်လိုက်သည်။

ထိုစကားများကြောင့် ရှောင်ဇယ်၏ ခန္ဓာကိုယ်မှာ ဓာတ်လိုက်သလို တဆတ်ဆတ် တုန်ယင်လာတော့သည်။

သူသည် ယုံကြည်မှုများ ပျက်စီးရုံသာမက သူ၏တွေးခေါ်နိုင်စွမ်းကိုပါ စတင်၍ သံသယ ဖြစ်လာသည်။

ဤသို့ဖြင့် မသိလိုက်ခင်မှာပင် လေးနာရီဟူသော အချိန်မှာ ကုန်လွန်သွားခဲ့သည်။ အန်လင်းသည် သွေးဝိဉာဉ်ဆေးလုံးများ အဆက်မပြတ် သောက်သုံးကာ မီးတောက်လေးခု၏ အရှိန်အား အစွမ်းကုန် မြှင့်တင်ထားသည်။ သူ၏ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်လာသလို စတင်ခံစားရချိန်မှာပင် နတ်မီးလျှံတံဆိပ်တော်မှာ ပြည့်အင့်သွားလေသည်။

ထို့ကြောင့် အန်လင်းမှာ နတ်မီးလျှံတံဆိပ်တော်အား ဖက်ခနဲ သိမ်းဆည်းလိုက်ပြန်သည်။

ရွှယ်ကျန်ထျန်းမှာ မယုံကြည်နိုင် ဖြစ်နေရသည်။

"ထင်ထားတဲ့အတိုင်း ငါ့သခင်က အင်မော်တယ်လက်နက်ကိုတောင် လွယ်လွယ်လေး သိမ်းပိုက်နိုင်တယ်။"

အန်လင်း မျက်ဆံလှန်လိုက်သည်။

"ငါ့ကိုလာမြှောက်မနေနဲ့။ ရတနာတစ်ခု ကျန်နေသေးတယ်။"

သူသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ဖြင့် မဟူရာကုဗတုံးအား ကြည့်လိုက်ပြန်သည်။

"မှော်လဟာပြင်သေတ္တာ....ရှောင်တု၏ ကိုးခု​မြောက် ပြန်လည်ရှင်သန်ခြင်း ဝှက်ဖဲ ဖြစ်သည်။ သေဆုံးသွားပြီးသည့်နောက် ရှောင်တုအနေဖြင့် ဤသေတ္တာထဲတွင် ပြန်လည်ရှင်သန်လာနိုင်သည်။ ထို့အပြင် လဟာပြင် ချိပ်ပိတ်ခြင်း စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်။ ယခုအခါတွင် အဆင့်မြင့် နဂါးမျိုးနွယ်စု၏ သွေးအားလိုအပ်နေပြီး ငြိမ်သက်နေသော အခြေအနေတွင် ရှိသည်။"

အန်လင်းမှာ သေတ္တာအားကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေမိသည်။

ရှောင်တုမှာ ပြန်လည်ရှင်သန်တဲ့ ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိတာလဲဟ....သူ့ရဲ့ အပျက်အစီးမဲ့တာအိုက ဒီလိုနည်းလမ်းတွေနဲ့ ကျင့်ထားတာများလား......

ဘာပဲဖြစ်ဖြစ် လဟာပြင် ချိပ်ပိတ်တဲ့အစွမ်းက အသုံးဝင်မယ့်ပုံပဲ....ဒါကိုလည်း ရအောင်သယ်သွားရမယ်....

အန်လင်းက ခေတ္တမျှ တွေဝေနေပြီးနောက် ရှောင်ဇယ်အားကြည့်ကာ လူယုတ်မာအပြုံး ပြုံးလိုက်သည်။

ထိုအပြုံးကြောင့် ရှောင်ဇယ်မှာ ရှိသမျှ အမွှေးများအားလုံး ထောင်ထသွားရပြီး အနောက်သို့ ခြေနှစ်လှမ်းမျှ ဆုတ်လိုက်သည်။

"စီနီယာ....ဘာလို့အဲ့လိုကြီး ကြည့်နေရတာလဲဟင်။"

"ရှောင်လေး....အစ်ကိုကြီးကို သွေးလေးနည်းနည်းပေးပါလား.....။"

အန်လင်း ကျောချမ်းစရာကောင်းအောင် ပြုံးလိုက်သည်။

"မဖြစ်ဘူး။ စီနီယာရယ် ကျွန်တော့်ရဲ့ ပိန်လှီနေတဲ့ ခန္ဓာကိုယ်ကို ကြည့်ပါဦး။ ဘယ်လိုလို့ သွေးရှိပါ့မလဲ။"

ရှောင်ဇယ် အပြုံးတစ်ပွင့်အား ဖျစ်ညှစ်ကာ ပြုံးပြလိုက်သည်။

"နဂါးပုံစံနဲ့ဆိုရင်တော့ မင်းဆီမှာ သွေးတွေအများကြီး ရှိမှာပါ....ဟင်းဟင်း။"

အန်လင်းသည် မုဒိမ်းကောင် တစ်ယောက်အလား လျှပ်တသပ်သပ်ဖြင့် ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးနေလိုက်တော့သည်။

All Chapters