အခန်း (၉၆၁)
Vol. 65 Ch. 961
“ဟင်းလင်းပြင်ဓား”
မမြင်နိုင်သောစွမ်းအားကြီးဓားနှစ်လက်က ရှစ်ဖုန့်၏ရှေ့နှင့်နောက်ကျောဘက်၌ ပေါ်လာသည်။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်နှစ်ယောက်က ရှစ်ဖုန့်အား တစ်ဖက်စီမှတိုက်ခိုက်လိုက်သော်လည်း သူတို့၏ တိုက်ခိုက်မှုများက မမြင်နိုင်သော ဓားတို့ကိုထိမှန်သွားသည်။
သူတို့၏ရှေ့တွင် မိုးကြိုးဓားက မမြင်နိုင်သောဓားကိုထိမှန်သွားပြီး မိုးကြိုးဓားမှာ ရုတ်ခြည်း ဖျက်ဆီးခံလိုက်ရသည်။
နောက်ကျောဘက်တွင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ၏ လက်သီးချက်ကလည်း အားလုံးဖျက်ဆီးပစ်ခံလိုက်ရသည့် ပုံပေါ်၏။ ထို့နောက် ရှေ့နှင့် နောက်၌ ရှိနေသာ နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူနှစ်ဦးလုံး ပြင်းထန်စွာ တုန်ယင်သွားသည်။ သူတို့အနေဖြင့် နာကျင်မှုပင်ဖြစ်နေသည့်ပုံပေါ်၏။ ထို့နောက် မမြင်နိုင်သော ဓားချက်တို့၏စွမ်းအားအောက်တွင် နှစ်ယောက်လုံး နောက်ပြန်လွင့်သွားသည်။
ယခုရှစ်ဖုန့်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်သွားပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏စွမ်းအားကို ပိုင်ဆိုင်လာပြီဖြစ်သည်။ ဟင်းလင်းပြင်ဓား၏စွမ်းအားက ယခင်ကနှင့်နှိုင်းယှဉ်၍ မရတော့သလို ၎င်းအား ဤသာမန်နတ်ဘုရားတစ်ပိုင်းနယ်ပယ် နှစ်ဦးတို့၏ စွမ်းအားတို့ကလည်း ဖက်ပြိုင်၍မရတော့ပေ။
ရှစ်ဖုန့်က မှုန်မိုင်းသော ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေပြီး နောက်ပြန်လွင့်ထွက်သွားသော သူ့ရှေ့ရှိပုံရိပ်ကို ဝင့်ကြွားစွာကြည့်နေသည်။
ဤအချိန်တွင် ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ကြမ်းတမ်းသော လေပြင်းတို့စတင်တိုက်ခတ်လာသည်။ လေကရှစ်ဖုန့်အားဗဟိုပြု၍ တိုက်ခတ်ပုံရပြီး ပို၍ပို၍ပြင်းထန်လာ၏။
လေကရှစ်ဖုန့်အား ဗဟိုပြု၍
တိုက်ခတ်နေသကဲ့သို့ သူ၏ ရှုပ်ပွရှည်လျားသောဆံပင်တို့ကလည်းလေနှင့်အတူ တဖျပ်ဖျပ်လူးလွန့်နေသည်။ သူကရူးသွပ်နေသော နတ်ဆိုးတစ်ပါးနှင့်တူ၏။
တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏အထက်တိုက်ရိုက်ကောင်းကင်ထဲ၌ ဧရာမအနက်ရောင်ဝဲကြီးတစ်ခု ရုတ်ခြည်းပေါ်လာသည်။ ၎င်းက စည်းချက်တစ်ခုနှင့် ဖြည်းညှင်းစွာ လည်ပတ်နေပုံရ၏။
“ဒါ”
“ဒါက”
နောက်ပြန်လွင့်သွားသောပုံရိပ်နှစ်ခုမှာ မှောင်မိုက်ကျသွားသောကောင်းကင်ကိုသာမက ကြမ်းတမ်းစွာတိုက်ခတ်သောလေပြင်းနှင့် ပေါ်လာသော ဧရာမအနက်ရောင်ဝဲကြီးကို မြင်တွေ့လိုက်ရသည်။ ရှေးဟောင်းဒဏ္ဍာရီတစ်ခုအားတွေးမိသကဲ့သို့ သူတို့၏မျက်နှာထက်၌ ရုတ်ခြည်း ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နှက်လာသည်။
ရှေးခေတ်အချိန်ကာလက မသေမျိုးနတ်ဆိုးတစ်ပါးရှိခဲ့သည်။ ထိုမသေမျိုးနတ်ဆိုး အဆင့်ချိုးဖျက်ချိန်တွင် ကောင်းကင်က အရောင်ပြောင်းလဲပြီး လေပြင်းများတိုက်ခတ်လာသည်ဟုပြောကြသည်။ထို့နောက်တွင် ကောင်းကင်ထဲ၌ ဧရာမအနက်ရောင်ဝဲကြီး ပေါ်လာသည်ဟုဆို၏။
ဤအနက်ရောင်ဝဲကြီးက နတ်ဆိုးဖျက်ဆီးခြင်း မိုးကြိုးများကို ပစ်ချလိမ့်မည်ဖြစ်သည်။
“ဝုန်း”
ဤအချိန်တွင် ကောင်းကင်ထဲ၌ ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုထွက်ပေါ်လာသည်။
ရှစ်ဖုန့်အနေဖြင့် ဤကမ္ဘာ၏ပြောင်းလဲမှုအား သတိပြုမိပြီးဖြစ်သည်။ သူ၏အထက်၌ ပေါ်လာသောဧရာမ အနက်ရောင်ဝဲကြီးကို မော့ကြည့်လိုက်၏။ အနက်ရောင်ဝဲကြီးအတွင်း၌ အနက်ရောင်လျှပ်စီးတို့ ရုတ်ခြည်းလင်းလက်နေပြီး မိုးခြိမ်းသံများမြည်ဟိန်းနေသည်။
ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။
“မသေမျိုးအဆင့်ကိုဝင်ရောက်တာက နတ်ဘုရားစွမ်းအားကို သေမျိုးအဆင့်မှာချိုးဖျက်ခြင်းလို့ ရှေးဟောင်းစာလိပ်တွေမှာ မှတ်တမ်းတင်ထားတယ်.. ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့အပြုအမူတစ်ခုက မိုးကြိုးလျှပ်စီးတွေကိုစွဲဆောင်စေလိမ့်မယ်တဲ့..ဒါက အမှန်ဖြစ်တဲ့ပုံပဲ”
ရှေးဟောင်းစာလိပ်အတွင်း မှတ်တမ်းတင်ထားသော နတ်ဘုရားနယ်ပယ်က အစစ်အမှန်နတ်ဘုရားနယ်ပယ်လား သူယခုဝင်ရောက်နေသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်လား ဆိုသည်ကိုရှစ်ဖုန့်မသိချေ။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ချိုးဖျက်ဝင်ရောက် ပြီးနောက် မိုးကြိုးလျှပ်စီးဒုက္ခကပ်ဘေးအား ဆွဲဆောင်ခြင်းက မြေရိုင်းတိုက်ကြီး၌ပင် လွန်စွာရှားပါးသော တည်ရှိမှုဟုပြောနိုင်၏။ မြေရိုင်းတိုက်ကြီး၏ သမိုင်းမှတ်တမ်းများ၌ပင် များစွာရှိမနေပေ။
ကောင်းကင်ဘုံအားဆန့်ကျင်သည့် ပါရမီကိုပိုင်ဆိုင်ထားသည့်ထိုလူများအား ကောင်းကင်ဘုံမှ သည်းမခံဘူးဟူသော ကောလဟာလများရှိသည်။ထို့ကြောင့် ကောင်းကင်ဘုံက၎င်းတို့အား ဖျက်ဆီးပစ်ရန် မိုးကြိုးလျှပ်စီးကပ်ဘေးကို ပစ်ချသည်ဖြစ်သည်။
များသောအားဖြင့် ထိုသို့သောလူများက ကောင်းကင်နှင့်မြေကြီး၏ အပြစ်ပေးမှုမှအသက်ရှင်ကျန်ရစ်ပြီး ပုခတ်အတွင်း အတောင်မစုံမီ၎င်းတို့ အသတ်မခံရလျှင် ၎င်းတို့ကြီးပြင်းလာသောအခါ၌ ကမ္ဘာကြီးအား တုန်လှုပ်စေသောသူများ ကျိန်းသေဖြစ်လာလိမ့်မည်ဖြစ်သည်။
“ဝုန်း”
ဤအချိန်တွင် ရှစ်ဖုန့်အထက်ရှိ အနက်ရောင်ဝဲကြီးအတွင်းမှ နောက်ထပ်မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ အနက်ရောင်ဝဲအတွင်း အနက်ရောင်မိုးကြိုးများက တလိပ်လိပ်ထနေသည်။
ထို့နောက် အနက်ရောင်ဝဲထံမှ ပြင်းထန်သော အနက်ရောင်လျှပ်စီးတန်းကြီးတစ်ခု ဆင်းသက်လာ၏။ ကောင်းကင်ဘုံအား ဆန့်ကျင်သည့် ဤလူအား ဖျက်ဆီးပစ်ချင်သကဲ့သို့ ကောင်းကင်နှင့်မြေကြီး၏ ဖျက်ဆီးနိုင်သော စွမ်းအားတို့နှင့် ရှစ်ဖုန့်ထံသို့ ပစ်ချလာသည်။
“လာစမ်းပါ..မိုးကြိုးကပ်ဘေးလေးတစ်ခုများ..ဒီသခင်လေးအရင်ကကြိုးစားဖူးပါတယ်”
ကျဆင်းလာသောဧရာမ အနက်ရောင်လျှပ်စီးတန်းကြီးကိုမော့ကြည့်၍ ရှစ်ဖုန့်က ကောင်းကင်ထဲသို့အော်ပြောလိုက်သည်။ ထို့နောက်ဆင်းသက်လာသော မိုးကြိုးကပ်ဘေးကို ကြိုဆိုသကဲ့သို့ ကောင်းကင်ထဲသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
မိုးကြိုးကပ်ဘေးအကြောင်းသူသိသည်ဖြစ်သည်။ အားလုံးထက်သူက ကောင်းကင်ဘုံကိုဆန့်ကျင်သည့် မသေမျိုးခန္ဓာဖြစ်သော ငရဲဘုံခန္ဓာကိုယ်ကို သေမျိုးဘဝဖြင့် နှစ်ဘဝလုံးကျင့်ကြံခဲ့သည်ဖြစ်သည်။ထို့ကြောင့်မိုး ကြိုးလျှပ်စီးဖြင့် နှစ်ကြိမ် အပစ်ခံခဲ့ရသည်ဖြစ်၏။
မိုးကြိုးကပ်ဘေးက ကောင်းကင်ဘုံအားဆန့်ကျင်သည့် သူလိုလူအား ဖျက်ဆီးရန်ဟုပြောသော်လည်း သူသာရှင်သန်နိုင်သည်နှင့် မိုးကြိုးလျှပ်စီးတို့၏ သန့်စင်ခြင်းအောက်၌ သူရိပ်သိမ်းရရှိလာမည့် အကျိုးအမြတ်က စိတ်ကူးကြည့်၍ပင် ရလိမ့်မည်မဟုတ်ပေ။
အနက်ရောင်မိုးကြိုးကပ်ဘေးကြီးက ကျဆင်းလာသကဲ့သို့ မမြင်နိုင်သောဓားတို့ကြောင့် နောက်ပြန်လွင့်သွားသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်နှစ်ဦးမှာလည်း ရပ်တန့်သွားပြီးဖြစ်သည်။သို့သော် ဤအချိန်တွင် အနက်ရောင်မိုးကြိုးတို့ အပစ်ခံရတော့မည် ဤလူငယ်အနားသို့သူတို့အနေဖြင့် ကပ်ရဲခြင်းမရှိပေ။
ကောင်းကင်နှင့်မြေကြီး၏မိုးကြိုး ကပ်ဘေးဖြစ်သော ဒဏ္ဍာရီလာ နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုး၌ ကောင်းကင်နှင့်မြေကြီး၏ ဖျက်ဆီးနိုင်သောစွမ်းအားတို့ပါရှိ၏။ မိုးကြိုးလျှပ်စီးအားကျင့်ကြံပြီး မိုးကြိုးလျှပ်စီးတို့ထုတ်လွှတ်နိုင်သည့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူများပင် နတ်ဆိုးသုတ်သင်အနက်ရောင်မိုးကြိုးအား မယှဉ်နိုင်ပေ။
ဤအချိန်တွင်သူတို့အနေဖြင့် မချဉ်းကပ်ရဲရုံသာမက နတ်ဆိုးသုတ်သင်ကောင်းကင်ဘုံမိုးကြိုးတို့ပစ်ခတ်ရာ ဟင်းလင်းပြင်မှ အလျှင်အမြန်ပင် ဆုတ်ခွာလိုက်ကြ၏။
သူတို့အနေဖြင့် ကောင်းကင်ဘုံဆန့်ကျင်သူ လူငယ်အား ဖျက်ဆီးမည့် မိုးကြိုးကပ်ဘေးထဲအတူမပါလိုပေ။သူတို့အနေဖြင့် လွန်စွာအန္တရာယ်များသော နတ်ဆိုးသုတ်သင်အနက်ရောင်မိုးကြိုးအလယ်သို့ မရောက်ရှိလိုပေ။ယင်းကအချိန်မရွေး ၎င်းတို့အား ဖျက်ဆီးပစ်နိုင်သည်ဖြစ်သည်။
သို့သော် သူတို့အနေဖြင့် ထွက်တော့မသွားပေ။ကြီးမားသော အခြေအနေအား အဝေးမှကြည့်နေပြီး စိတ်ထဲမှ မကောင်းသောအကြံတို့ကိုကြံစည်နေကာ တိတ်တဆိတ်စောင့်ဆိုင်းနေကြ၏။
ဤအချိန်တွင်ရှစ်ဖုန့်၏ ဝန်းကျင်မှ ရွှေရောင်အလင်းက အနက်ရောင်မိုးကြိုးတို့ကျရောက်လာမှုကို အာရုံခံမိပုံရပြီး တိတ်တဆိတ်ဆုတ်ခွာသွားသည်။
ဤအချိန်တွင် ကြမ်းကြုတ်သော အနက်ရောင်မိုးကြိုးတို့က နတ်ဘုရားတစ်ပါးကဲ့သို့ ရဲရင့်သောအော်ရာနှင့် ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသည့် ပုံရိပ်ထံသို့ ရုတ်ခြည်းကျဆင်းလာသည်။မျက်စိတ်တစ်မှိတ်တွင်း၎င်း၏ မြင့်မားပြီး ဖြောင့်တန်းသောကိုယ်က အနက်ရောင်လျှပ်စီးပင်လယ်အတွင်း အပြီးနှစ်မြုပ်သွားသည်။
“ဟမ်..ဒါကဘာလဲ..အဖိုးတန်ရတနာတစ်ခုက မွန်းစတား နတ်ဘုရားသင်္ချိုင်းထဲမှာ ပေါ်လာတာလား”
ရှစ်ဖုန့်နှင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်နှစ်ဦးအပြင် ကျင်းဖူ၊ဝတ်ရုံနက်နှင့် ပုယာတို့သည်လည်းမွန်းစတားနတ်ဘုရား သင်္ချိုင်းအတွင်းသို့ ဝင်လာခဲ့ကြသည်ဖြစ်သည်။
ဤအချိန်တွင် မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကိုင်ပြီး မွန်းစတားနတ်ဘုရားသင်္ချိုင်း၏ လျှို့ဝှက်ချက်တို့အား ရှာဖွေနေသည့် ကျင်းဖူမှာ အကွာအဝေးတစ်ခုအတွင်းရှိ ဟင်းလင်းပြင်အတွင်းမှ ထူးဆန်းသောဖြစ်ရပ်ဆန်းကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
ကောင်းကင်ကအရောင်ပြောင်းလဲပြီးမှောင်သွား၏။ဧရာမအနက်ရောင်ဝဲကြီးတစ်ခုပေါ်လာပြီး ပြင်းထန်သောအနက်ရောင်လျှပ်စီးတို့ဖြစ်ပေါ်လာသည်။
ထူးဆန်းသောဖြစ်ရပ်ဆန်းက ရတနာတစ်ပါး မွေးဖွားခြင်းကြောင့်ဟု သံသယရှိနေသာ ကျင်းဖူမှာ လျှင်မြန်စွာထိုဘက်သို့ဦး တည်ရွေ့လျားလိုက်သည်။
“ဟမ်..ကောင်းကင်ကအရောင်ပြောင်းလဲသွားတယ်..ဒါကအနက်ရောင်ဝဲလား.. ပြီးတော့ဒီအနက်ရောင်မိုးကြိုးက... တစ်ယောက်ယောက်က မွန်းစတားနတ်ဘုရားသင်္ချိုင်းထဲ အဆင့်ချိုးဖျက်ပြီးတော့ ဒဏ္ဍာရီလာ နတ်ဆိုးသုတ်သင် အနက်ရောင်မိုးကြိုးကပ်ဘေးကို စွဲဆောင်လိုက်တာလား..ဒီလိုသာဆိုရင် မြေရိုင်းတိုက်ကြီးထဲမှာ နောက်ထပ်အံ့ဖွယ်ကောင်းတဲ့သူတစ်ယောက် ပေါ်လာပြီပဲ”
ဝတ်ရုံတစ်ခုအားဝတ်ဆင်ထားသည့် ဝတ်ရုံနက်သည်လည်း အကွာအဝေးတစ်ခုအတွင်းမှ ထူးဆန်းသော ဖြစ်ရပ်ဆန်း၏ စွဲဆောင်မှုကိုခံလိုက်ရသည်။သူ၏အနက်ရောင်ပုံ ရိပ်က ဖျက်ခနဲထိုဘက်သို့ ဦးတည်သွား၏။
“အနက်ရောင်ဝဲ..အနက်ရောင်မိုးကြိုး.. ဘာတွေဖြစ်နေတာလဲ..သွားပြီးကြည့်တာပေါ့”
ကျီးကန်းနက်ကလန်၏ပါရမီရှင်ဖြစ်သူ ပုယာကလည်း ထိုဘက်သို့ကြည့်၍ ဖျက်ခနဲလှုပ်ရှားလိုက်သည်။
“ဝေါင်း”
“ဂါး”
“ဂီး”
“ဂါး”
မွန်းစတားနတ်ဘုရားသင်္ချိုင်းအတွင်းသို့ နတ်ဆိုးသားရဲတို့လည်းဝင်ရောက်ခဲ့ကြသည်ဖြစ် သည်။ကောင်းကင်ထဲမှ ပြောင်းလဲမှုကို မြင်တွေ့ရသောအခါ နေရာအနှံ့မှ သားရဲကြီးများက တစ်ကောင်ပြီးတစ်ကောင် ဟိန်းဟောက်လိုက်ကြ၏။ထို့နောက်၎င်းတို့၏ ဧရာမကိုယ်ကြီးများက ကောင်းကင်ထဲမှ ဖြစ်ရပ်ဆန်း၏ဆွဲဆောင်မှုကိုခံရပြီး ထိုဘက်သို့ဦးတည်လိုက်ကြသည်။
မွန်းစတားနတ်ဘုရားသင်္ချိုင်းအတွင်း အနက်ရောင်ဝဲကြီးပေါ်လာပြီး အနက်ရောင်မိုးကြိုးကပ်ဘေးဆင်းသက်ရာနေရာက ဤကမ္ဘာ၏ အဓိကအချက်အချာဖြစ်လာသည်။
ပြောရလျှင် မွန်းစတားနတ်ဘုရားသင်္ချိုင်း၏ကမ္ဘာငယ်လေးအတွင်းသာမက ကျယ်ပြောလှသော ပြင်ပကမ္ဘာအတွင်း၌လည်း နတ်ဆိုးရိုင်းတောင်တန်းနှင့် နီးကပ်သောလူအားလုံးက တောင်းတန်းဘက်နှင့် ဧရာမအနက်ရောင်ဝဲကြီးရုတ်တရက်ပေါ်လာရာ တောင်းတန်းအလယ်ဗဟိုသို့ မော့ကြည့်လိုက်ကြသည်။
နတ်ဆိုးရိုင်းတောင်တန်းအတွင်း ၎င်းတစ်ဝိုက်ရှိ သက်ရှိအားလုံးအား ဖျက်ဆီးပစ်ရန်ရည်ရွယ်ချက်ရှိပုံရသော အနက်ရောင်မိုးကြိုးလျှပ်စီးတို့က သက်ဆင်းလာသည်။
ဆက်ရန်.......
ဘာသာပြန်သူ-ARISE