← Chapters

တပည့်တစ်ဦးအားလက်ခံခြင်း

Vol. 40 Ch. 558

တပည့်တစ်ဦးအားလက်ခံခြင်း

Vol. 40 Ch. 558

ရှောင်ဇယ်သည် သွေးအားပေးရန် ငြင်းဆိုနေပါသော်လည်း အန်လင်းမှ အကျိုးအကြောင်း ရှင်းပြပြီးသည့်နောက် သဘောတူခဲ့သည်။

ရတနာသုံးခုအား အန်လင်းမှ ယူဆောင်သွားနိုင်ရန် မျှော်လင့်မိနေဆဲဖြစ်ပြီး ထိုမှသာ ကျွန်းပေါ်မှ နောင်တမရှိပဲ ထွက်ခွာသွားနိုင်လိမ့်မည်။

ထိုစိတ်ကြောင့်ပင် ရှောင်ဇယ်မှာ အင်တင်တင် အမူအရာနှင့် လက်ကောက်ဝတ်အား လှီးဖြတ်လိုက်သည်။

"ဒီလောက်ဆို လောက်ပြီလား။ ကျွန်တော် မရလောက်တော့ဘူး။"

"မရသေးဘူး။ အခုထက်ပိုလိုတယ်။"

"ကျွန်တော် သတိလစ်တော့မယ်။"

"မရပ်လိုက်နဲ့ဦး။ သွေးတွေပိုကျပါစေဦး။"

"အား......"

ရှောင်ဇယ်မှာ အလွန်အမင်း အားအင်ကုန်ခမ်းမှုကြောင့် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်ကာ မြေပြင်ပေါ် လဲကျသွားရသည်။ သို့သော် မှော်လဟာပြင်သေတ္တာအား အန်လင်း ယူဆောင်သွားသည်ကို တွေ့လိုက်ရသောအခါ စိတ်သက်သာရာရကာ ပြုံးလိုက်မိသည်။

အန်လင်းက ရှောင်ဇယ်ထံ သွားလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ အနီရောင်ဆေးလုံး တစ်ခုအားယူကာ ထုတ်ပေးလိုက်သည်။

"ဒါကဘာလဲဟင်။"

ရှောင်ဇယ်သည် အသက်စွမ်းအင်များ ဖြာထွက်နေသော ဆေးလုံးကိုကြည့်ကာ ရေရွတ်လိုက်သည်။

"ဒါက အဆင့်ရှစ် အင်မော်တယ်ဆေးလုံး အသူရာသွေးဆေးလုံးပဲ။ မင်းရဲ့သွေးနဲ့ စွမ်းအင်တွေကို ပြန်ကောင်းစေလိမ့်မယ်။"

အန်လင်း ပြုံးကာရှင်းပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ။"

ရှောင်ဇယ် ကျေးဇူးတင်ကာ မျက်ရည်အဝဲသားဖြင့် အင်မော်တယ်ဆေးလုံးအား လက်ခံလိုက်သည်။

တကယ်ကို ကြင်နာသနားတတ်တဲ့ စီနီယာပဲ....

ရှောင်ဇယ် ဆုံးဖြတ်ချက် ချလိုက်သည်။

အန်လင်းက တောင့်တနေသေးသော အမူအရာဖြင့် ရတနာဂူအား လှည့်ပတ်ကြည့်ရှုလိုက်သည်။

"ကြည့်ရတာ အကုန်ပြောင်ပြီထင်တယ်။ တခြားတစ်ခုခု ရှိသေးလား။"

"တစ်ခုကျန်ပါသေးတယ်။ ဒီဂူထဲမှာ အရေးအကြီးဆုံးမို့လို့ စီနီယာ လက်ခံလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။"

ရှောင်ဇယ်မှာ မျက်လုံးဝိုင်းကြီးများဖြင့် အန်လင်းအား ကြည့်လိုက်သည်။

"အဲ့ဒါကဘာလဲ။"

အန်လင်း၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလို တောက်ပလာသည်။

ရှောင်ဇယ်မှာ ဆွဲဆောင်မှုများကို ပြသနေသော မိန်းမပျိုလေးအလား နူးညံ့ညင်သာစွာ ပြုံးလိုက်သည်။

"ကျွန်တော်လေ....စီနီယာရဲ့။ ကျွန်တော့်ကိုလည်း စီနီယာနဲ့အတူ ခေါ်သွားပါနော်....နော်..နော်.. နော်..နော်။"

အန်လင်း : "......"

လူတိုင်း : "....."

ဘာတွေဖြစ်နေတာလဲ.....ရတနာတွေ အလကားပေးပြီး သူ့ကိုယ်သူပါ အလကားပေးတော့မလို့လား.....

"အဟင်း.....ဘာကိုပြောချင်တာလဲ ရှောင်လေး...."

အန်လင်း ဒယိမ်းဒယိုင် ဖြစ်သွားရသည်။

"စီနီယာ....ကျွန်တော်က နဂါးမျိုးနွယ်ရဲ့ ရှောင်မိသားစုကနေ တိုက်ရိုက်ဆင်းသက်လာတဲ့သူပါ။ ကျွန်တော့်ရဲ့ သွေးမျိုးဆက်က သန့်စင်ပြီး အားကောင်းတဲ့အပြင် ကျင့်ကြံရေးနဲ့ ပက်သတ်ပြီးတော့လည်း တော်တော်လေးကို အထုံပါရမီပါတယ်လို့ ကိုယ့်ကိုယ်ကို ထင်မိတယ်။ အဲ့ဒါအပြင် ကျွန်တော့်ရဲ့ တာအိုနှလုံးသားက နေတစ်စင်းလို ပြင်းပြတဲ့သူပါ။ ကျွန်တော်က ဆုံးဖြတ်ချက် ခိုင်မာပြီး လက်လျှော့တယ်ဆိုတာ ဘာမှန်းမသိတဲ့ နဂါးတစ်ကောင်ပါ။"

ရှောင်ဇယ် စကားဆက်လိုက်သည်။

"အဲ့တော့ မင်းပြောချင်တာကဘာလဲ။"

အန်လင်း ဝေခွဲမရ မြေပဲမ ဖြစ်နေလေပြီ။

"စီနီယာ...."

ရှောင်ဇယ် မီးဟုန်းဟုန်းတောက်နေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

"ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပါလားဟင်။ နဂါးမျိုးနွယ်စုရဲ့ အမွေဆက်ခံသူကလည်း ရှားပါးနေပြီ။ စီနီယာလိုမျိုး အရှိန်အဝါ ကြီးမားပြီး သြဇာအာဏာ ညောင်းတဲ့သူကသာ ကျွန်တော့်ရဲ့ အနာဂတ် ကျင့်ကြံရေးကို လမ်းပြပေးနိုင်မှာပါ။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို စီနီယာနဲ့အတူ ခေါ်သွားပါနော်။"

ရှောင်ဇယ်၏ ဆုံးဖြတ်ချက် ပြတ်သားသော စကားသံသည် ဂူအတွင်း ပဲ့တင်ထပ်သွားပြီး အန်လင်းမှာ ကျောက်ရုပ်ကြီးလို ဖြစ်နေမိရသည်။

ကတ်စီဒီတို့မှာလည်း မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်နေရလေပြီ။

အန်လင်း အသိစိတ် ပြန်ဝင်လာကာ နဖူးထက်မှ အေးစက်နေသော ချွေးများကို ပွတ်ထုတ်လိုက်သည်။

"အဲ့ဒါဆို မင်းငါ့ကို ရတနာတွေ ပေးနေတာက ဆရာတင်ချင်လို့ပေါ့လေ။"

"မဟုတ်ပါဘူး။"

ရှောင်ဇယ် ခေါင်းပြုတ်ထွက်တော့မလို ခါယမ်းလိုက်သည်။

"ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးက ဆရာနဲ့ သက်ဆိုင်ပြီးသားပါ ..ဆရာ။"

အန်လင်း ရင်ဘတ်တစ်ခုလုံး လေးလံကာ အသက်ရှူရန်ပင် ခက်ခဲလာရသည်။

ငိုး ထဲမှ.....ဆရာလို့တောင် ခေါ်နေပြီကို ခေါင်းပြုတ်မတတ် လာခါပြနေသေးတယ်.....

အစထဲက ဒင်းကအကြံနဲ့ပဲ.....

အန်လင်းက တပည့်လက်ခံရန် တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးပေ။ အထူးသဖြင့် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ ရောက်ရှိနေသော နဂါးတစ်ကောင်ဆိုလျှင် ပို၍ပင် ဆိုးရွားသေးသည်။

ဆရာကို အချိန်မရွေး ပုရွက်ဆိတ် သတ်သလို ဖိသတ်နိုင်တဲ့ တပည့်မျိုးကို ဘယ်လိုများ သင်ကြားပေးရမှာတဲ့တုန်း.....နင့်မေကလွှား.....

"ရှောင်လေး.....ဒီလိုကိစ္စတွေဆိုတာ လောတာမကောင်းဘူး။ တာအိုလမ်းစဉ်ကို ရှာဖွေရတဲ့ ခရီးလမ်းက ရှည်လွန်းတယ်လေ။ အဲ့လမ်းလျှောက် မင်းလူအမျိုးမျိုးနဲ့ တွေ့ရနိုင်တယ်။ နောင်တစ်ချိန်မျာလည်း မင်းဆရာဖြစ်ဖို့ ပိုပြီးသင့်တော်တဲ့သူနဲ့ သေချာပေါက် တွေ့ရဦးမှာပါ။"

အန်လင်းမှာ စိတ်သဘောထား ကြီးမားသူအလား ရှင်းပြလိုက်သည်။

"မဟုတ်ဘူး။ ဆရာ.....ဆရာကမှ အကောင်းဆုံးပါ။ ဆရာ့ရဲ့ စိတ်နေစိတ်ထား၊ ဆရာ့ရဲ့အစွမ်း....ဆရာ့ရဲ့ အရာရာကို ကျွန်တော် လေးစားတာပါဆရာ။"

ရှောင်ဇယ်မှာ ထုမဖြုံသော ငါးဖယ်ကဲ့သို့ ခေါင်းမာနေလေသည်။

အန်လင်း နဖူးကြောများပင် ထောင်ထလာရသည်။

ဒီသောက်နဂါးက ငါကြည့်ကောင်းအောင် ငြင်းနေတယ်ဆိုတာ နားမလည်ဘူးလား..... ဟမ်....ဘာလို့အဲ့လောက်တောင် ခေါင်းမာနေရတာလဲ....

"ဟူး.....ငါတို့က ဆရာနဲ့တပည့်ဖြစ်ဖို့ ကံမပါလာပါဘူးကွာ။"

အန်လင်း သက်ပြင်းချကာ ခေါင်းခါပြလိုက်သည်။

ရှောင်ဇယ်မှာ မခွဲခွာနိုင်သော ချစ်သူ၏လက်ကို ဆွဲထားသလို အန်လင်း၏လက်အား ဆွဲလိုက်သည်။

"မဟုတ်ဘူး။ အားလုံးက ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရတာပဲ။ ပြီးတော့ အခုတောင် ကျွန်တော်တို့ တွေ့ဆုံနေရပြီလေ။ အဲ့ဒါ ကံကြမ္မာပဲပေါ့ ဆရာရဲ့။"

အန်လင်း : "......"

လူတိုင်း : "......."

ဘယ်လိုလုပ်ရမလဲ......ဒီပုံအတိုင်းဆို ရှောင်ဇယ်ကို ကိုင်တွယ်ဖို့ မလွယ်လောက်ဘူး.....

အဲ့ဒါကြောင့် သူ့ရတနာဂူကို အပြောင်ရှင်းတာတောင် အရမ်းတွေ သဘောကောင်းနေတာကိုး....တကယ်တော့ ဒင်းက နောက်ဆုံးခြေလှမ်းအတွက် ပြင်နေခဲ့တာပဲ.....

ရှောင်ဇယ်သည် သူ၏တပည့် ဖြစ်လိုလိမ့်မည်ဟု အန်လင်း တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးပေ။

"မင်းကို အမှန်အတိုင်း ပြောပြမယ်။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

"ငါက နဂါးမျိုးနွယ်စုရဲ့ အမွေဆက်ခံသူ မဟုတ်ဘူး။ အဲ့ဒါ​ကြောင့် မင်းရဲ့ဆရာ ဖြစ်လာရင်တောင် ဘာမှသင်ကြားပေးနိုင်မှာ မဟုတ်ဘူး။"

သူသည် ရှောင်ဇယ်အား အမှန်တရားကို ဝန်ခံလိုက်သည်။ အဆိုးဆုံးအနေဖြင့် နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရရန်သာ ရှိသည်။

သို့သော် အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ရှောင်ဇယ်မှာ တည်တည်ငြိမ်ငြိမ် ရှိနေပြီး အန်လင်းအား ပိုမိုလေးစားစွာ ကြည့်ရှုလာသည်။

"ကျွန်တော် စိတ်ထဲမထားပါဘူး။ ကျွန်တော်က ဆရာ့ကို ဆရာဖြစ်နေလို့ လေးစားတာပါ။ ဆရာ ဘာတွေသင်ပြပေးနိုင်မလဲဆိုတာကို မတွေးပါဘူး။ ဒီအတိုင်း ဆရာ့ရဲ့ ပြောင်မြောက်တဲ့ အောင်မြင်မှုတွေကို အနောက်ကနေ သင်ယူလေ့လာရလည်း ဖြစ်ပါတယ်။"

အန်လင်း နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရသည်။

"မင်းလက်လျှော့သွားအောင် ငါဘာလုပ်သင့်လဲ ပြောပြပါလား။"

"ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ လက်လျှော့မှာ မဟုတ်ဘူး။"

ရှောင်ဇယ်မှာ ပြောရမည့်ပုံ မပေါ်ပေ။

"ငါမင်းကို ပြောပြမယ်။ ငါက သာမန်လူသား တစ်ယောက်ပဲ။"

"ကိစ္စမရှိပါဘူး။ ဆရာက ဆရာဖြစ်နေလို့ ဆရာ့ကို လေးစားတာပါ။"

"ငါက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ပဲ ရှိသေးတယ်။"

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်မှာတောင် ဆရာက ဒီလောက်တော်နေတာ။ ဆရာ့တပည့် ဖြစ်ကိုဖြစ်မှရမယ်။"

"ငါက ကန်ရာသီဖွားပဲ။"

"အဲ့ဒါက ဘာကိုပြောတာလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စိတ်ထဲမထားပါဘူး။"

“ငါက……..”

“ဆရာက ဆရာမို့လို့……”

...........

အန်လင်းမှာ အကြိမ်ရေများစွာ ကိုယ့်ကိုယ်ကို အသရေဖျက်ပြီးသည့်နောက် မည်သည့်စကားမှ မဆိုနိုင်တော့ပေ။

ရှောင်ဇယ်၏ ကောင်းကင်ထောက်တိုင်အလား မယိမ်းယိုင်သော ဆုံးဖြတ်ချက်ကို အရှုံးပေးခဲ့ရလေပြီ။

မည်သို့ပင်ဆိုစေကာမူ ပြစ်ချက်များအား အမှုမထားပဲ စိတ်လိုလက်ရနှင့် နောက်လိုက်တပည့် လုပ်လိုသည်မှာ ကောင်းသောအရာပင် မဟုတ်လော။

ရှောင်ဇယ်အား မည်သို့ငြင်းဆိုရမည်ကို အမှန်တကယ် မသိတော့ပေ။

အန်လင်း သက်ပြင်းချလိုက်သည်။

"ငါ့ကိုတကယ်ပဲ ဆရာတော်ချင်တာလား။ မင်းစိတ်မပြောင်းတော့ဘူးလား။"

"ဟုတ်ပါတယ်။ ကျွန်တော် နည်းနည်းလေးတောင် စိတ်ပြောင်းမှာ မဟုတ်ဘူး။"

ရှောင်ဇယ် လေးလေးနက်နက် တုံ့ပြန်လိုက်သည်။

အန်လင်း မျက်ခုံးနှိပ်ကာ စကားဆိုလိုက်သည်။

"ကောင်းပြီလေ။ ငါလက်ခံတယ်။"

ရှောင်ဇယ် တက်ကြွသော ကြက်ဖကြီးအလား ဒူးထောက်ချလိုက်သည်။

"ဆရာ....ဒီတပည့်ရဲ့ ရိုသေလေးစားမှုကို လက်ခံပေးပါ။"

နောက်ဆုံးတွင် အန်လင်း သဘောတူလိုက်သောကြောင့် ရှောင်ဇယ်မှာ အလွန်ပင် ပျော်ရွှင်မြူးထူးနေသည်။

သာမန်လူသားဟုတ်လား....စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ပဲ ရှိသေးတယ်ပေါ့လေ..... ယီးလိုအလိမ်အညာတွေလား.....

ဒါက ငါ့ရဲ့စိတ်ဓာတ်ကို စစ်ဆေးတာပဲ....ရှောင်ဇယ်ဆိုတဲ့ငါက ဒီလောက်မ အ ပါဘူး…ဟီးဟီး

ရှောင်ဇယ်က စစ်ဆေးမှုအား အမှတ်ပြည့်နှင့် အောင်မြင်လာသလို ခံစားနေရသည်။

ထိုမျှရိုးရှင်းသော စစ်ဆေးမှုကိုသာ မမြင်နိုင်ပါက သူ၏ဘဝတစ်ခုလုံး ရှင်သန်လာခဲ့ရသည်မှာ အလကား ဖြစ်သွားပေလိမ့်မည်။

ယခုဆိုလျှင် ဆရာ၏ဘေးတွင် နေနိုင်ပြီ ဖြစ်သောကြောင့် အချိန်နှင့်အမျှ ဆက်ဆံရေး တိုးတက်လာစေရန် ကြိုးစားရမည်။ ဆရာသည် တဖြည်းဖြည်းနှင့် ကျင့်စဉ်များ ပေးအပ်သင်ကြားပေးလာမည်ဖြစ်ပြီး သူ၏ဘဝသည်လည်း လေလာရာ ဖင်ပေးထားရသလို အေးချမ်းနေပေလိမ့်မည်။

အန်လင်းနှင့် ရှောင်ဇယ်သည် အတော်အတန် ရိုးရှင်းသော ဆရာနှင့်တပည့် စာချုပ်အား ချုပ်ဆိုလိုက်ကြသည်။ ထိုစာချုပ်သည် တစ်ဦးနှင့်တစ်ဦး တည်နေရာအား သိရှိစေနိုင်ပြီး တပည့်ဖြစ်သူ အနေဖြင့် ဆရာဖြစ်သူအား ထိခိုက်နာကျင်စေခြင်းများ မလုပ်နိုင်အောင် ထိန်းချုပ်ထားသည်။ ထိုအချက်အား ဖောက်ဖျက်ပါက ၎င်း၏တာအိုအခြေခံလည်း ပျက်စီးသွားမည် ဖြစ်သည်။

ဤသို့ဖြင့် ရှောင်ဇယ်မှာ အန်လင်း၏တပည့် ဖြစ်လာခဲ့သည်။

ကတ်စီဒီတို့သည်လည်း ပြောစရာ စကားများပင် မရှိတော့ပေ။

မြင့်မြတ်ခေါင်းဆောင်က အစွမ်းကြီးတဲ့ နဂါးကိုတောင် တပည့်အဖြစ် ဖိနှိပ်သိမ်းသွင်းပစ်လိုက်တယ်လို့ ပြောသင့်လား.....ဘာပြောရမလဲတောင် တကယ်မသိတော့ဘူး.....

မိယကမူ စိတ်သက်သာရာ ရနေလေသည်။

ရတနာဂူထဲတွင် ရှိနေသော ရှေးဟောင်းပစ္စည်းများသာမက အစောင့်အရှောက် နဂါးကြီးပင် အန်လင်းအပိုင် ဖြစ်လာခဲ့သည်။

သူမတို့နှစ်ဦးမှာ အမှန်တကယ် ကမ္ဘာခြားနေသလိုပင်။

အန်လင်းသည် ဂူတစ်ခုလုံးအား ပြောင်သလင်းခါနေအောင် ရှင်းထုတ်လိုက်ခြင်းပင် ဖြစ်တော့သည်။

All Chapters