← Chapters

အခန်း (၉၇၁)

Vol. 65 Ch. 971

အခန်း (၉၇၁)

Vol. 65 Ch. 971

သေခြင်းစွမ်းအား၊ဝိညာဉ်နှင့်သွေးတို့က ရှစ်ဖုန့်၏လျှင်မြန်စွာ ဝါးမျိုစုပ်ယူခြင်းကိုခံလိုက်ရသည်။

ဤအခိုက်အတန့်တွင် တုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်နေသည့် အိုမင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။

“ဒီမကောင်းဆိုးဝါးတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက တကယ်ကြီး ဝိညာဉ်သွေးတို့ကို ဝါးမျိုတာပဲ”

ယင်းက အကြီးအကဲ၏အသံအတိအကျပင်ဖြစ်ပြီး ၎င်း၏အော်ပြောသံက ထပ်မံထွက်ပေါ်လာသည်။

“ငမိုက်သားကောင်.မင်းကတကယ်ကြီး ဒီလိုမျိုး ယုတ်ညံ့တဲ့မကောင်းဆိုးဝါးအတတ်ကို ကျင့်ကြံထားတာပဲ.. မင်းကိုဒီကမ္ဘာပေါ်မှာ ကြီးထွားလာခွင့် သေချာပေါက်ငါထပ်ပြီးခွင့်မပြုနိုင်ဘူး”

သို့သော်ရှစ်ဖုန့်မှာ သူ့ရှေ့မှအဘိုးအိုအား သတိပြုမိသည်မှာကြာပြီဖြစ်သည်။ နတ်ဘုရားမြေခေါင်းလောင်း၏အသံလှိုင်း စွမ်းအားကြောင့် အခြားနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျင့်ကြံသူ များက နောက်သို့ အတင်းအကျပ်ဆုတ်လိုက်ရသော်လည်း ဤအဘိုးအိုကတော့ ခန္ဓာကိုယ်တစ်ခုလုံး၌ သိပ်သည်းသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားကို ထုတ်လွှတ်ထားသည်ဖြစ်၏။ ၎င်းက အသံလှိုင်းစွမ်းအားကို တားဆီးထားပြီး ရှစ်ဖုန့်ထံသို့ တစ်လှမ်းချင်းချဉ်းကပ်လာနေ၏။

အဘိုးအို၏လက်ဖဝါးအတွင်း၌ စုစည်းထားသော စွမ်းအားကြီး တိုက်ခိုက်မှုတစ်ခုကို ရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။

“ဒီသက်ကြားအိုကြီးက ထူးခြားတာပဲ”

ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက် ဆက်ပြော၏။

“အကယ်၍ဒီအဘိုးကြီးသာ နီးကပ်လာပြီး ဒီသခင်လေးရဲ့နတ်ဘုရားမြေခေါင်းလောင်းတိုက်ခိုက်မှုကို ချိုးဖျက်နိုင်ခဲ့ရင် အခြားနတ်ဘုရားတစ်ပိုင်းနယ်ပယ်တွေ ဝိုင်းအုံလာဖို့အခွင့်အရေးရသွားလိမ့်မယ်...အဲ့အခါဒီသခင်လေး အန္တရာယ်များလာလိမ့်မယ်..ဒီအဘိုးကြီးကို အရင်ရှင်းထုတ်ပစ်ရမယ်”

ရှစ်ဖုန့်က စိတ်ထဲမှတွေးလိုက်သည်။ သူကအကြီးအကဲကျိကိုသတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်၏။

မုတ်ဆိတ်ဖြူနှင့်အိုမင်းသောမျက်နှာအသွင်အပြင်ရှိသည့် အကြီးအကဲကျိမှာ နတ်ဘုရားမြေခေါင်းလောင်းစွမ်းအားကိုရင်ဆိုင် ရင်း ရှစ်ဖုန့်အားအေးစက်စွာစိုက်ကြည့်ပြီး ဖြည်းညှင်းစွာလျှောက်လှမ်းလာနေသည်။သူက ရှစ်ဖုန့်ကို အေးစက်စွာအော်ပြောလိုက်သည်။

“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကကောင်စုတ် လေး..မင်းပါရမီစွမ်းရည်က ဘယ်လောက်ပဲ အံ့ဩစရာကောင်းနေပါစေ .ငါဒီမှာရှိနေရင် မင်းသေရမှာပဲ”

“အဲ့လိုလား”

အဘိုးအို၏ စကားတို့အားကြားပြီး‌နောက် ရှစ်ဖုန့်ကအေးစက်စွာပြန်ဖြေလိုက်သည်။ ထို့နောက် စွမ်းအားကြီးလက်ချောင်းက နတ်ဘုရားမြေခေါင်းလောင်းအား ထပ်မံတုန်ခါစေလိုက်ပြီး အကြီးအကဲကျိထံ ပြင်းထန်နေသာအသံလှိုင်းတို့ ဦးတည်သွားစေသည်။

ဤအကြိမ်တွင် ရှစ်ဖုန့်၏အသံလှိုင်းတိုက်ခိုက်မှုက အသံစွမ်းအားအဖြစ်ဖွဲ့စည်းပြီး အကြီးအကဲကျိထံပေါက်ကွဲဦးတည်သွားသည်။

“ဟမ့်”

ဤအချိန်တွင် အကြီးအကဲကျိက ဒေါသထွက်စွာဖြင့်နှာခေါင်းရှုံ့လိုက်သည်။ သူ၏ခေါင်းအထက်၌ ရိုးရှင်းသော ကြွေပန်းကန်လုံးတစ်ခု ရုတ်ခြည်းပေါ်လာသည်။ ပန်းကန်လုံးက‌ ပြောင်းပြန်အနေအထားဖြစ်၏။ပန်းကန်လုံးအဝက အကြီးအကဲကျိကိုမျက်နှာမူထားပြီး ကြယ်ရောင်ကဲ့သို့လင်းလက်လာကာ အကြီးအကဲကျိအား ၎င်းအတွင်းလွှမ်းခြုံလိုက်သည်။

“ထျန်းကန် ရှေးဟောင်းပန်းကန်လုံး”

ဤအချိန်တွင် အကြီးအကဲကျိ၏ အထက်၌ပေါ်လာသည့် ရှေးဟောင်းပန်းကန်လုံးအား မြင်တွေ့လိုက်ရသောအခါတွင် တစ်စုံတစ်ယောက်က အလောတကြီး အံ့အားသင့်စွာပြောဆိုလိုက်သည်။

“ဒါက တကယ်ကို ထျန်းကန် ရှေးဟောင်း ပန်းကန်လုံးပဲ.....အကြီးအကဲ ကျိမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်အဆင့်ရှိတဲ့ ခုခံကာကွယ်ရေး ထျန်းကန်ရှေးဟောင်းပန်းကန်လုံးရှိတယ်လို့ ငါကြားဖူးတယ်.. သူကနတ်ဘုရားတစ်ပိုင်းနယ်ပယ်အဆင့်မှာ မရှုံးနိမ့်နိုင်တဲ့သူပဲ”

“နောက်ထပ်နတ်ဘုရားတစ်ပိုင်းနယ်ပယ် ပစ္စည်းတစ်ခု”

အဘိုးအို၏ ဦးခေါင်းထက်ရှိ ရှေးဟောင်းပန်းကန်လုံးအား မြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်တစ်ယောက်အံ့အား သင့်သွားသည်။ ဤအချိန်တွင် နတ်ဘုရားမြေခေါင်းလောင်း၏ စွမ်းအားပြည့် အသံလှိုင်းတို့က အကြီးအကဲကျိထံသို့ ဦးတည်သွားနေသည်ဖြစ်သည်။

ရှစ်ဖုန့်၏ အားအကောင်းဆုံးတိုက်ခိုက်မှုကို ကြယ်အလင်းတို့လွှမ်းခြုံခံထားရသော အကြီးအကဲကျိမှာ နောက်သို့ခြေလှမ်း အနည်းငယ်သာဆုတ်လိုက်ရသည်။

ရှစ်ဖုန့်က သူ၏စွမ်းအားအကုန်အားစုစည်းပြီး အကြီးအကဲကျိထံသို့ တိုက်ခိုက်လိုက်သောကြောင့် အခြားနတ်ဘုရားတစ်ပိုင်းနယ်ပယ်များအတွက် အသက်ရှူချောင်ဖို့အခွင့်အရေးတစ်ခုရသွားသည်။ ဤအချိန်တွင် ပုံရိပ်ငါးခု ရှစ်ဖုန့်၏ရှေ့၊နောက်၊ ဘယ်၊အထက်နှင့်အောက်ဘက်သို့ဖျက်ခနဲရောက်ရှိလာသည်။

လက်သီးလေးခုနှင့်ခြေတစ်ဖက်တို့၌ အကြွင်းမဲ့နတ်ဘုရားတစ်ပိုင်းစွမ်းအားများကို စုစည်းထားကြ၏။ ၎င်းတို့တွင်မီးတောက်များနှင့်လျှပ်စီးများပါရှိပြီး ရှစ်ဖုန့်၏ ခန္ဓာကိုယ်အစိတ်အပိုင်းငါးနေရာထံသို့ တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြသည်။

ငါးယောက်လုံးက ရှစ်ဖုန့်အပေါ်သို့ တစ်ချိန်တည်းတွင် ၎င်းတို့၏ အားအကောင်းဆုံးတိုက်ခိုက်မှုများအား ထုတ်ဖော်ခဲ့သည်မှာသိသာသည်။

“လောင်ကျွမ်းစမ်း”

ရှစ်ဖုန့်ကကောင်းကင်ထဲသို့မော့၍ ခက်ထန်စွာကြုံးဝါးလိုက်သည်။ ပြင်းထန်သောသွေးနီရောင်မီးတောက်တစ်ခုက ရုတ်ခြည်းရှစ်ဖုန့်၏ကိုယ်မှထွက်ပေါ်လာသည်။ ရှစ်ဖုန့်ထံသို့ ပထမဆုံးချီတက်လာသည့်သူက သွေးနီရောင်မီးတောက်တို့၏ လောင်ကျွမ်းမှုကို အရင်ဆုံးခံရသည့်သူဖြစ်သည်။

ထို့နောက်ချက်ချင်း ဤလူ၏တစ်ကိုယ်လုံးက ပြင်းထန်သော သွေးနီရောင်မီးတောက်တို့၏ လောင်ကျွမ်းမှုကိုခံရပြီး ကောင်းကင်ထဲသို့ထိုးတက်သွားသည်။

တစ်ချိန်တည်းတွင် သွေးနီရောင်မီးတောက်တို့တောက်လောင်နေ သည့် ရှစ်ဖုန့်၏ လက်သီး တို့ကရှေ့နှင့်ဘယ်၌ရှိနေသောလူနှစ်ယောက်ထံသို့ ရောက်သွားပြီး သူ၏ညာခြေထောက်ကအောက်ဘက်၌ရှိနေသာလူထံသို့ ဆောင့်နင်းချလိုက်သည်။

“အူး”

“အား”

“အား”

ချက်ချင်းပဲ အခြားနတ်ဘုရားတစ်ပိုင်းနယ်ပယ်သုံးဦးမှာ ရှစ်ဖုန့်၏ လက်သီးနှစ်ချက်နှင့် ကန်ချက်တစ်ချက်တို့ကြောင့် လွင့်ထွက်သွားသည်။ သို့သော်သူ့နောက်၌ရှိနေသောလူကတော့ ပြင်းထန်သော ခရမ်းရောင်လျှပ်စီးများနှင့် သူ၏ညာလက်သီးအား ရှစ်ဖုန့်၏ကျောပြင်ထက်သို့ကျရောက်သွားစေဆဲ ဖြစ်သည်။

“အား”

ရှစ်ဖုန့်ကနာကျင်စွာဖြင့် ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။ သွေးနီရောင်မီးတောက်တို့အဖြစ်‌ ပြောင်းလဲသွားသောလူမှာ ခရမ်းရောင်လျှပ်စီးတို့၏ လွှမ်းခြုံမှုကို ရုတ်ခြည်းဝန်းရံလိုက်သည်။

ရှစ်ဖုန့်၏ကိုယ်က ရုတ်ခြည်းလှုပ်ခါသွားကာ သူ့ကိုယ်ပေါ်ရှိ ခရမ်းရောင်လျှပ်စီးတို့အား အလျှင်အမြန်ခွဲထုတ်ပစ်လိုက်သည်။ လျှင်မြန်စွာလှည့်လိုက်ပြီး ရင်းနီးသောပုံရိပ်တစ်ခုနှင့် ရင်းနီးသောမျက်နှာတစ်ခုကို မြင်တွေ့လိုက်ရသည်။ ရှစ်ဖုန့်အားထိုးလိုက်သောလူက မိုးကြိုးကလန်၏ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ လဲ့ဟောင်ပင်ဖြစ်သည်။

“မင်းကိုး”

သူ့အားထိုးနှက်လိုက်သူကို ရှစ်ဖုန့်ချက်ချင်းမှတ်မိလိုက်သည်။

ရှစ်ဖုန့်အားထိုးနှက်လိုက်သူ လဲ့ဟောင်မှာ အရမ်းကြောက်လန့်ကာ အလောတကြီး စတင်ဆုတ်ခွာလိုက်သည်။ ထို့နောက် အလျှင်အမြန်ဖျက်ခနဲအဝေးသို့ စတင်ထွက်ပြေးလိုက်၏။

သို့‌သော် ရှစ်ဖုန့်က သူ၏ဘယ်လက်ထဲရှိ နတ်ဘုရားမြေခေါင်းလောင်းနှင့်အတူ ရှေ့သို့တက်လိုက်သည်။ သွေးနီရောင်မီးတောက်တို့ ဖုံးလွှမ်းနေသောသူ၏ ဘယ်လက်အား အလင်းကဲ့သို့ အမြန်နှုန်းဖြင့်ဆန့်ထုတ်လိုက်ပြီး ရှေ့သို့ ဖမ်းဆုပ်လိုက်သည်။

အဝေးသို့ထွက်ပြေးနေသော လဲ့ဟောင်မှာ ရှစ်ဖုန့်၏ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။

သွေးနီရောင်မီးတောက်လက်တို့နှင့်ဖမ်းဆီးခံ လိုက်ရသည့် သူ၏မျက်နှာထက်တွင် ယခုအခါ၌ ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေ၏။

“ဒီလူ..ဒီလူက ဒီလိုကြောက်ဖို့ကောင်းတဲ့အဆင့်တစ်ခုကိုရောက်ရှိနေပြီ.. ငါသူ့ကိုလုံးဝမယှဉ်နိုင်ဘူး. ငါ့မှာ သူ့ကိုခုခံဖို့စွမ်းအားလုံးဝမရှိဘူး”

လဲ့ဟောင်၏စိတ်ထဲ၌ အတွေးပေါင်းများစွာဖျက်ခနဲဖြစ်ပေါ်လာသည်။ ထို့နောက်မကြာခင် သူ၏ခန္ဓာကိုယ်အတွင်းမှ သွေးတို့က စတင်ဆူပွက်လာပြီး ဆုပ်ကိုင်ထားသောလက်ထံသို့ ပြောင်းပြန်စီးဆင်းနေသည်ကို လဲ့ဟောင်ခံစားလိုက်ရသည်။

“မဟုတ်ဘူး”

လဲ့ဟောင်ကထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ သူ့အနေဖြင့် ခုခံပြီးရုန်းကန်လိုသော်လည်း ခုခံတွန်းလှန်ရန် သူ့ကိုယ်မှ မည်သည့်ခွန်အားကိုမှ ဆင့်ခေါ်၍မရနိုင်သည်ကို ခံစားရသည်။ မကြာခင်လဲ့ဟောင်၏ထိတ်လန့်နေသော မျက်နှာထက်ရှိ ဒွာရငါးပေါက်မှ သွေးစီးကြောင်းငါးခုထွက်လာ၏။

ဤအရာအားလုံးအားဖော်ပြရန်အချိန်တစ်ခုကြာ မြင့်သော်လည်း တကယ်တမ်းဖြစ်ပျက်သွားသည်ကား မျက်စိတစ်မှိတ်အတွင်းသာဖြစ်သည်။

ဤအချိန်တွင်နောက်ထပ်ပုံရိပ်ဆယ့်နှစ်ခုက လည်း ရှစ်ဖုန့်ထံသို့ ဘက်ပေါင်းစုံမှလာနေသည်။ အခြားနတ်ဘုရားတစ်ပိုင်းနယ်ပယ်ဆယ့်နှစ်ဦး လည်း ရောက်ရှိလာပြီဖြစ်သည်။

ဤနတ်ဘုရားတစ်ပိုင်းနယ်ပယ်ဆယ့်နှစ်ဦး ပေါ်လာပြီးနောက် နောက်ထပ်ပုံရိပ်တစ်ခုလည်း ရှစ်ဖုန့်၏ ဦးခေါင်းထက်၌ပေါ်လာသည်။ ဤလူ၌ဆံပင်ဖြူမုတ်ဆိတ်ဖြူရှိ၏။ ၎င်း၏ဦးခေါင်းထက်၌ ထျန်းကန်ရှေးဟောင်းပန်းကန်လုံးရှိပြီး ကြယ်အလင်းက၎င်းကိုလွှမ်းခြုံထားသည်။ ၎င်းကအကြီးအကဲကျိပင်ဖြစ်၏။

အကြီးအကဲကျိ၏ညာလက်က လက်သည်းကုတ်တစ်ခုအသွင်ဖြစ်သွားပြီး အောက်ရှိရှစ်ဖုန့်အား ရုတ်ခြည်းဖမ်းဆုပ်လိုက်သည်။

“ဟင်းလင်းပြင်..သတ်ဖြတ်ခြင်းဓား”

ရှစ်ဖုန့်ကသူ၏ဘယ်လက်အား ဓားလက်ချောင်းအသွင်ပြုလုပ်လိုက်ပြီး သူ့ဘေးရှိ နတ်ဘုရားမြေခေါင်းလောင်းကို ထိုးညွှန်လိုက်သည်။

“ဒေါင်”

ရှစ်ဖုန့်၏ လက်ချောင်းကြောင့် နတ်ဘုရားမြေခေါင်းက နောက်တစ်ကြိမ် တုန်ခါသွားသည်။ နောက်တစ်ကြိမ် လှိုင်းလုံးတစ်ခုကဲ့သို့ ပြင်းထန်သောအသံလှိုင်းတို့က ဘက်ပေါင်းစုံသို့ဦးတည်သွားသည်။

စွမ်းအားကြီးအသံလှို်ငးတို့ကြောင့် စွမ်းအားကြီး တိုက်ခိုက်မှုများမှာ တစ်ခုပြီးတစ်ခု ရုတ်ခြည်း ဖျက်ဆီးခံလိုက်ရသည်။ ပုံရပ်များကနောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။

သို့သော်အားကောင်းသောအသံလှိုင်းကိုရင်ဆိုင် ရာအတွင် ရှစ်ဖုန့်အထက်၌ရှိနေသည့် အကြီးအကဲကျိမှာအမူအယာကပြောင်းလဲခြင်းမရှိသလို ခန္ဓာကိုယ်ကလည်း ရွေ့လျားခြင်းမရှိပေ။

ရှစ်ဖုန့်မှာ အဘိုးအို၏လက်သည်းကုတ်အောက်မှ သူ့အားလွှမ်းခြုံပြီးဖြစ်သည့် မမြင်နိုင်သောစွမ်းအားကြီးလက်သည်းစွမ်းအားကို ချက်ချင်းအာရုံခံမိလိုက်သည်။ ယင်းမှာမမြင်နိုင်သော ဧရာမလက်သည်းကြီးတစ်ခုကသူ့အားဖမ်းဆုပ် တော့မည့်နှယ်ဖြစ်သည်။

အဘိုးအိုက သူ၏ညာလက်အားချက်ချင်းတင်းကျပ်စွာဆုပ် လိုက်၏။ တစ်ချိန်တည်းတွင် ရှစ်ဖုန့်အနေဖြင့်ဘက်ပေါင်းစုံမှလာနေသည့်မမြင်နိုင်သောစွမ်းအားကိုခံစားရပြီး ထိုစွမ်းအားက သူ့အား ဖုန်မှုန့်ဖြစ်သည်အထိ ချေမွပစ်တော့မည့်နှယ်ပင်ဖြစ်သည်။

ဆက်ရန်......

ဘာသာပြန်သူ-ARISE

All Chapters