အခန်း (၉၆၃)
Vol. 65 Ch. 963
လျှပ်စီးကျင့်ကြံသူ နတ်ဘုရားတစ်ပိုင်းက သူ၏ခန္ဓာကိုယ်မှ ခရမ်းရောင်လျှပ်စီးအားလုံးကို သူ၏ညလက်သီး၌ စုစည်းလိုက်သည်။ ထို့နောက် သူ့ထံသို့လွင့်ထွက်လာသောကျင်းဖူကိုကြည့်၍ ဒေါသတကြီး ကြုံးဝါးအော်ဟစ်လိုက်သည်။
“သေလိုက်စမ်း.တိရစ္ဆာန်ကောင်”
သူက ကြုံးဝါးလိုက်သကဲ့သို့ ခရမ်းရောင်လျှပ်စီးတို့ တလက်လက်ထနေသည့် ပြင်းထန်ပြီးစွမ်းအားကြီးမားသော လျှပ်စီးလက်သီးဖြင့် ကျင်းဖူကထိုးနှက်လိုက်သည်။
“မင်းကသေချင်နေတာပဲ”
မြင့်မားသော အရှိန်ဖြင့်လွင့်ထွက်သွားသော ကျင်းဖူက သူ့ထံသို့ လာနေသော လျှပ်စီးလက်သီးအား မြင်တွေ့လိုက်ရသည့်အခါတွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
နတ်ဘုရားတစ်ပိုင်းနယ်ပယ် တစ်ဦး၏ စွမ်းအားကြီးတိုက်ခိုက်မှုကို ခံရပြီးနောက် သူအနေဖြင့် မတည်မငြိမ်ဖြစ်နေသေးသော်လည်း သူ၏ညာလက်အားလှုပ်ရှားနိုင်သေးသည်ဖြစ်ပြီး မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်အလင်းတန်းတစ်ခုက လျှပ်စီးလက်သီးထံသို့ ဦးတည်သွားသည်။
“ဒီနေ့သေချင်နေတဲ့သူကမင်းပဲ ကျင်းဖူ”
ဤအချိန်တွင် ကျင်းဖူအား နောက်မှလက်သီးဖြင့်ဖျက်နဲထိုးကာ လွင့်ထွက်သွားစေသောနတ်ဘုရား တစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူက စွမ်းအားကြီးလက်သီးတစ်လုံးကို စုစည်းပြီး ကျင်းဖူထံထိုးနှက်လိုက်သည်။
မိုင်တစ်ထောင်နတ်ဘုရားမှန်မှ ဆန်းကြယ်သောအစိမ်းရောင်အလင်းတစ်ခု ပစ်လွှတ်လိုက်သော်လည်း လျှပ်စီးကျင့်ကြံသူနတ်ဘုရားတစ်ပိုင်းနယ်ပယ်၏ ဖွဲ့စည်းထားသော လျှပ်စီးကိုသာဖျက်ဆီးပစ်ပြီးသူကတော့အော်ဟစ်ရင်းဆက်လက်လွင့်ပျံသွားဆဲဖြစ်သည်။
သို့သော် ကျင်းဖူ၏နောက်ကျောကတော့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ၏ နောက်ထပ်လက်သီးချက်ကိုခံစားရဆဲဖြစ်သည်။ မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်အလင်းက သူ့အားကာကွယ်ပေးထားဆဲဖြစ်သော်လည်း ယခင်တိုက်ခိုက်ခံရမှုကြောင့် အစိမ်းရောင်အလင်းက တော်တော်လေး မှေးမှိန်နေပြီဖြစ်သည်။ ဤအကြိမ်တွင် ဘေးအန္တရာယ်က တစ်ခုပြီးတစ်ခုကျရောက်လာပြီးကျင်းဖူ၏ ကိုယ်အား ကာကွယ်ပေးထားသည့် အစိမ်းရောင်အလင်းမှာ လုံးဝဖျက်ဆီးခံလိုက်ရသည်။
အဆုံးသတ်တွင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ၏ စွမ်းအားကြီးလက်သီးက ကျင်းဖူ၏ ကျောပေါ်သို့ကျရောက်လာသည်။
“အူး”
ကျင်းဖူတစ်ယောက် နာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။သူက နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးဖြစ်နေပြီး သန်မာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ သူ၏ခန္ဓာကိုယ်အားကာကွယ်ပေးထားသည့်အစိမ်းရောင်အလင်း သူ့အပေါ် တိုက်ခိုက်လာမှုအား ကာကွယ်ပေးထားခဲ့သောကြောင့်သာ မဟုတ်ခဲ့လျှင် ကျင်းဖူ၏ခန္ဓာကိုယ်အနေဖြင့် ထိုကြမ်းကြုတ်ပြင်းထန်သောလက်သီးချက်ကြောင့် ထိုးဖောက်ခံရပြီး သေဆုံးရလိမ့်မည်ဖြစ်သည်။
“ဒီလက်သီးချက်နဲ့ ငါတန်ဟု မင်းရဲ့ခွေးလိုအသက်ကို ယူမယ် ကျင်းဖူ”
တန်ဟု ဟုခေါ်သော နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူက အော်ပြောလိုက်သည်။ ထို့နောက် ကျယ်လောင်သောမြည်ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
သို့သော် တန်ဟု ၏ ပြင်းထန်သော လက်သီးချက်က ကျင်းဖူ၏ကိုယ်အား ထိုးဖောက်မသွားပေ။ ထိုအစား တန်ဟု၏ကိုယ်ကသာ ရုတ်ခြည်းနောက်သို့လွင့်ထွက်သွားသည်။ ဘာဖြစ်သွားမှန်းမသိလိုက်ဘဲ သူ၏မျက်နှာထက်၌ မယုံကြည်နိုင်မှု စိတ်ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
သူ၏လက်သီးက ကျင်းဖူ၏ ကျောထက်သို့ ကျရောက်တော့မည်ဖြစ်သည်။ ဤလက်သီးချက်ဖြင့် ကျင်းဖူအား သတ်ပစ်နိုင်လိမ့်မည်ဟု တန်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသည်ဖြစ်၏။
သို့သော် သူ၏လက်သီးချက်က ကျင်းဖူထံသို့ မရောက်နိုင်သေးခင် လွန်စွာစွမ်းအားကြီးမားသော စွမ်းအားတစ်ခုက ဟင်းလင်းပြင်ထဲ၌ပေါ်လာပြီး သူ၏လက်သီးအားတုန်ခါသွားစေကာ သူ့အားတကယ်ကြီးနောက်သို့လွင့်ထွက်သွားစေခဲ့သည်။
“ငါမင်းကိုပြောခဲ့တယ်လေ ပြင်ပအရာတွေရဲ့စွမ်းအားနဲ့ အစွမ်းထက်တယ်ဆိုတာက ထင်ယောင်ထင်မှားဖြစ်မှုသက်သက်ပဲ… လူတစ်ယောက်က အကြွင်းမဲ့စွမ်းအားကို ရရှိပိုင်ဆိုင်မှာသာ အစစ်အမှန်စွမ်းအားကို ရရှိမှာဖြစ်တယ်.. ပြင်ပအရာဝတ္ထုတွေဆိုတာက အကူအညီသက်သက်ပဲ”
ထိုအချိန်တွင် အိုမင်းအက်ရှသောအသံတစ်ခုက ဤကမ္ဘာအတွင်း ရိုက်ခတ်ထွက်ပေါ်လာသည်။ အသံက ဘက်ပေါင်းစုံမှလာသကဲ့သို့ ထင်ယောင်ထင်မှားထင်ရသည်။ စကားပြောသူတည်ရှိနေသော နေရာအား ပြသရန်မှာ မဖြစ်နိုင်ချေ။
ဖြည်းဖြည်းချင်း ကျင်းဖူ၏နောက်ကျောဘက်၌ အနက်ရောင်ပုံရိပ်တစ်ခုပေါ်လာသည်။ အနက်ရောင်ပုံရိပ်က ဝတ်ရုံနက်ဝတ်လူအဖြစ် ကျစ်လျစ်ဖွဲ့စည်းသွားသည်။ ၎င်းကအနက်ရောင်ဝတ်ရုံကိုလုံးဝဖုံးလွှမ်းဝတ်ဆင်ထားသော ဝတ်ရုံနက်ပင်ဖြစ်သည်။
ဝတ်ရုံနက် ပေါ်လာသည့်အခိုက်အတန့်တွင် အစိမ်းရောင်အလင်းကြောင့်လွင့်ထွက်သွားသော မိုးကြိုးလျှပ်စီးကျင့်ကြံသူ နတ်ဘုရားတစ်ပိုင်းနယ်ပယ်နှင့် ကျင်းဖူအား သတ်နိုင်လုနီးပါးဖြစ်ခဲ့သည့် တုန်ဟု တို့က သူတို့၏ လမ်းကြောင်းများကို ရုတ်ခြည်း ရပ်တန့်လိုက်ကြသည်။ထိတ်လန့်တုန်လှုပ်သော မျက်နှာနှင့် မျက်လုံးများပြူးကျယ်လျှက် ကျင်းဖူ၏နောက်ကျောဘက်မှ ဝတ်ရုံနက်အားစိုက်ကြည့်နေ၏။
မိုးကြိုးလျှပ်စီးကျင့်ကြံသူ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သည်သာမက တန်ဟု၌ပါ တူညီသောအမူအယာမျိုးရှိနေခြင်းဖြစ်သည်။
ဝတ်ရုံနက်က သူတို့အားတော်တော်လေး စိုးရိမ်ပူပန်စေသည်မှာ သိသာသည်ဖြစ်သည်။
“မင်း”
ဤအချိန်တွင်ကျင်းဖူကလှည့်လိုက်ပြီး ဝတ်ရုံနက်ကိုကြည့်လိုက်သည်။ သူ၏မျက်နှာက ရေခဲတမျှအေးစက်နေပြီး “မင်း” ဟု တစ်လုံးတည်းသာပြောလိုက်သည်။ ရှစ်ဖုန့်နှင့်ဖြစ်ပျက်ခဲ့သောကိစ္စကြောင့် ဝတ်ရုံနက်အား မုန်းတီးနေဆဲဖြစ်ကြောင်းကို မြင်နိုင်သည်ဖြစ်သည်။
ဝတ်ရုံနက်က ကျင်းဖူအား ကယ်တင်ခဲ့သော်လည်း အာရုံထားခြင်းမရှိပေ။ကျင်းဖူအားကျောပေးကာ သူ့ကြောင့်လွင့်သွားသည့် တန်ဟုကိုမျက်နှာမူလိုက်ပြီး အိုမင်း အက်ရှသောအသံဖြင့်မေးလိုက်သည်။
“နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးက ဘာလို့ဖြစ်တာလဲမင်းသိလား.ဘယ်သူကအဲ့တာကိုသက်ဆင်းလာစေတာလဲ”
“ဘယ်သူ့ကြောင့်သက်ဆင်းလာတာလဲဆိုတာကို မင်းမသိသေးဘူးလား”
ဝတ်ရုံနက်၏မေးခွန်းအားကြားလိုက်ရသောအခါတွင် တန်ဟု၏ ကြောက်လန့်နေသောမျက်နှာထက်၌ မယုံသင်္ကာဖြစ်မှုတို့ ဖြစ်ပေါ်လာသည်။
လူငယ်နှင့်ဝတ်ရုံနက်တို့က တောင်ပေါ်နတ်ဆရာမျိုးနွယ်စုနှင့် ဆက်နွယ်ကြောင်းကို သူယုံကြည်သည်ဖြစ်သည်။ သူတို့က နတ်ဆိုးရိုင်းတောင်တန်းအတွင်း အတူတကွ ဝင်ထွက်ခဲ့ကြသောကြောင့်ဝတ်ရုံနက်အနေဖြင့် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးအောက်မှလူကို သိသင့်သည်ဖြစ်သည်။
နတ်ဆိုးရိုင်းတောင်တန်းအတွင်းတွင် ဝတ်ရုံနက်က ကျင်းဖူနှင့်ပူးပေါင်းကာ မိုင်တစ်ထောင်နတ်ဘုရားမှန်နှင့် နတ်ဘုရားမြေခေါင်းလောင်းတို့ကိုအသုံးပြုပြီး သူတို့အားရှေးဟောင်းအစီအရင်အတွင်း ပို့လွှတ်ခဲ့သည်ဖြစ်သည်။ သူထုတ်ယူအသုံးပြုခဲ့သော နတ်ဘုရားမြေခေါင်းလောင်းအား လူငယ်မှ ယာယီငှားထားခဲ့ခြင်းဖြစ်လောက်၏။
သတင်းများကမြေရိုင်းဒေသအတွင်းပျံ့နှံ့ပြီးဖြစ်သည်။ မြေကလန်၏ ရတနာဖြစ်သော နတ်ဘုရားမြေခေါင်းလောင်းမှာ ထိုညက ယန်မျိုးနွယ်ဆီသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူငယ်လက်ထဲသို့ကျရောက်သွားမှန်း လူတိုင်းသိကြသည်ဖြစ်သည်။
လျှပ်စီးနတ်ဘုရားတစ်ပိုင်းနယ်ပယ်နှင့်တုန်ဟုတို့ တောင်ပေါ်နတ်ဆရာမျိုးနွယ်မှလူငယ်အား ပူးပေါင်းရင်ဆိုင်တိုက်ခိုက်ချိန်တွင် သူတို့အားဆန့်ကျင်ရန် ၎င်းက နတ်ဘုရားမြေခေါင်းလောင်းကို ထုတ်သုံးခဲ့သည်ဖြစ်သည်။ ယင်းမှာ နတ်ဘုရားမြေခေါင်းလောင်းက တကယ်ပဲလူငယ်နှင့်သက်ဆိုင်ပြီး ဝတ်ရုံနက်က အသုံးပြုပြီးနောက် ပြန်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
လူငယ်မှာ ဝတ်ရုံနက်နှင့်အတူ တကယ်ပဲတောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူဖြစ်သောကြောင့် သူ့၌တစ်စုံတစ်ခုဖြစ်ပျက်လာခဲ့လျှင် အနီးဆုံးလူအားဆက်သွယ်ရန်အတွက် လျှို့ဝှက်နည်းစနစ်တစ်ခုအားသေချာပေါက် အသုံးပြုလောက်သည်ဖြစ်သည်။
တူညီသောကလန်မှ လူများကြားထဲတွင် အချင်းချင်းဆက်သွယ်ရန်အတွက် လျှို့ဝှက်နည်းလမ်းများပုံမှန်အားဖြင့် ရှိတတ်သည်ဖြစ်သည်။
“နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးကြောင့် မသုတ်သင်ခံရခင် ဒီသူတောင်းစားက ဝတ်ရုံနက်ကို အချိန်မှီ သတင်းမပို့နိုင်တာဖြစ်လောက်တယ်..”
ကမ္ဘာကြီးအား ဖျက်ဆီးပစ်နိုင်စွမ်းရှိသော စွမ်းအားတို့ပါရှိပုံရသည့် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးအားလှည့်ကြည့်၍ တန်ဟုက တီးတိုးရေရွတ်လိုက်သည်။
ဝတ်ရုံနက်ဤနေရာသို့ရောက်လာချိန်တွင် ဤနေရာ၌လူများကိုမြင်တွေ့လိုက်ရသည်။ ၎င်းတို့က မွန်းစတားနတ်ဘုရား သင်္ချိုင်းသို့ဝင်ရောက်ခဲ့ကြသောလူများဖြစ်ကြသည်။ ထပ်ပေါင်းရလျှင် သူအခုထိတိုင်နမည်မသိရသေးသော လူငယ်နှင့်ကျီးကန်းနက်ကလန်မှ ပါရမီရှင်ပုယာတို့လည်းရှိသေး၏။
နတ်ဆိုးသားရဲဆယ်ကောင်လည်းရှိသေးသည်ဖြစ်သည်။
တန်ဟု၏ စကားများအားကြားရပြီး မြင်တွေ့ရသော မျက်နှာထက်ရှိ အူကြောင်ကြောင်အံ့ဩနေသည့် အမူအယာမှတစ်ဆင့်ဤလူက မည်သူဖြစ်သည်အား ခန့်မှန်းခဲ့ပြီးဖြစ်သော ဝတ်ရုံနက်မှာ တကယ်ပဲထိုမွန်းစတားဖြစ်ကြောင်း သေချာသွားသည်ဖြစ်သည်။
“တကယ်ကိုအဲ့ကောင်ပဲ.. အဲ့ကောင်က အမှန်တကယ်ကြီး ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ မွန်းစတားတစ်ကောင်ပဲ…ဒဏ္ဍာရီလာ နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတောင် သူ့ကိုဖျက်ဆီးဖို့ သက်ဆင်းလာတယ်”
ဝတ်ရုံနက်မှာစိတ်ထဲမှ အံ့အားသင့်စွာရေရွတ်လိုက်သည်။
“ဘယ်သူလဲ”
ဤအချိန်တွင် ကျင်းဖူကမပြေမပြစ်လှည့်လိုက်သည်။ သူ၏အသံကရေခဲတမျှအေးစက်နေပြီး တုန်ဟုအားကြည့်၍ ပြောလိုက်သည်။
တုန်ဟု၏ စကားအားကြားရပြီး မည်သူဆိုသည်အားသူခန့်မှန်းမိပြီးဖြစ်သည်။ သို့သော် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးက ထိုလူကြောင့်ဖြစ်သည်ကိုသူ မယုံကြည်လိုသေးပေ။
ယင်းက ကျီးကန်းနက်ကလန်မှ ပုယာနှင့် နတ်ဆိုးသားရဲဆယ်ကောင်ထဲမှ တစ်ကောင်ကြောင့် ဖြစ်သည်ဟုသာ သူပိုယုံကြည်ချင်သည်။ ထိုလူက ဤကဲ့သို့ကောင်းကင်ဘုံအားဆန့်ကျင်သည့် ပါရမီအားပိုင်ဆိုင်သည်ကို ကျင်းဖူမယုံကြည်လိုပေ။
“မဟုတ်ဘူး..သူမဟုတ်ဘူး. သူမဖြစ်နိုင်ဘူး. ဘယ်လိုလုပ်ပြီးသူကထိုက်တန်မှာလဲ”
ကျင်းဖူက သူ့ဖာသာသူပြောဆိုလိုက်သည်။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE