← Chapters

ခံစားချက်များထိန်းမနိုင်သိမ်းမရအောင်ပေါက်ကွဲထွက်ပေါ်လာခြင်း

Vol. 40 Ch. 560

ခံစားချက်များထိန်းမနိုင်သိမ်းမရအောင်ပေါက်ကွဲထွက်ပေါ်လာခြင်း

Vol. 40 Ch. 560

ရို့ကူ၏ပါးမှာ နီရဲဖောယောင်နေပြီး ဆိုးရွားလှသော နာကျင်မှုကြောင့် ဝမ်းနည်းပူဆွေးနေသည်ကိုပင် ခေတ္တမေ့လျော့သွားကာ ဘေးတွင်ရှိနေသော နှင်းပျိုမဒီအား ဒေါသတကြီး ကြည့်လိုက်သည်။

ရန်ဟွားသည်လည်း ရုတ်တရက် လုပ်မိလိုက်သော အပြုအမူကြောင့် ကြောင်တောင်တောင် ဖြစ်နေရသည်။

၎င်းတို့နှစ်ဦးလုံးသည် နန်းဆောင်သခင်မများ ဖြစ်ကြပါသော်လည်း ရို့ကူ၏ တိုက်ပွဲစွမ်းရည်နှင့် အဆင့်အတန်းမှာ သိသာစွာပင် သူမထက် ပို၍မြင့်မားသည်။ ယခုတာဝန်အတွက် ရို့ကူသည် အဖွဲ့ခေါင်းဆောင်နေရာ ရရှိထားသည်ကို ကြည့်ရုံမျှဖြင့်ပင် ထိုသည်ကို သိရှိနိုင်သည်။

သို့သော် သူမက ရို့ကူ၏ပါးအား ဖူးယောင်နေအောင် ပိတ်ရိုက်ပစ်ခဲ့သည်။

ဘုရားရေ.....ငါဘာလုပ်လိုက်မိတာလဲ.....

ရန်ဟွားမှာ ကြောက်လန့်တကြားဖြင့် ရို့ကူအား ပြူးကြည့်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ ရို့ကူ၏ မျက်စောင်းအား တွေ့လိုက်ရသောအခါ ရုတ်ချည်းဆိုသလို ဒေါသထွက်လာမိပြန်သည်။

"တောက်.....ဘာလာကြည့်နေတာလဲ ကောင်မ...."

ရို့ကူ ဒယိမ်းဒယိုင် ဖြစ်သွားကာ ဝမ်းနည်းပူဆွေးမှုကြောင့် အော်ငိုပြန်တော့သည်။

"ဝါး.....ငါကဘာကောင်မကြီးမှ မဟုတ်ဘူးလေ။ ငါ့ကိုဘာလို့ အရမ်းမုန်းနေရတာလဲ။ ဝါး.....ငါဘာအမှားမှလည်း မလုပ်ထားပဲနဲ့ ငါ့ကိုဘာလို့ ပါးရိုက်ရတာလဲ။ ငါက အရမ်းသနားဖို့ကောင်းတာပဲ…ဝါး…သနားစရားကောင်းတဲ့ငါလေးပါလား....ဝါး....ဝါး။"

ရို့ကူမှာ မျက်ရည်များသာမက နှာရည်များပါ ယိုစီးကျနေပြီး ရန်ဟွားမှာ အတောမသတ်နိုင်အောင် ဒေါသထွက်ကာ စုကျင်းရှန်းမှာလည်း စိတ်မချမ်းမြေ့ဟန်ဖြင့် ကောင်းကင်ကိုသာ ငေးမောကြည့်ရှုနေသည်။

အချိန်နှစ်နာရီခန့် ကြာမြင့်သွားပြီးနောက်.....

ကြီးမားလှသော အုတ်ခဲတစ်ခုသည် လျင်မြန်လှသော အရှိန်ဖြင့် အရောင်အသွေး စုံလင်လှပသော ကုန်းမြေပေါ် ​ပျံဝဲနေသည်။

အုတ်ခဲပေါ်မှ ဖြာထွက်နေသော အရှိန်အဝါများကြောင့် ပတ်ဝန်းကျင်တွင်ရှိသော သန္ဓေပြောင်းသားရဲများလည်း ကြောက်ရွံ့နေကြရသည်။ ထိုအရှိန်အဝါသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များ ဖြစ်ကြသော ကတ်စီဒီ၊ မာလင်၊ တိုဘိယ၊ တီနာနှင့် ရှောင်ဇယ်တို့ထံမှ ဖြစ်သည်။ ထိုအရှိန်အဝါများကိုသာ စုပေါင်းလိုက်ပါက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲများကိုပင် သေစေနိုင်လောက်သည်။

ထိုကြောက်မက်ဖွယ် အရှိန်အဝါကြောင့်ပင် ၎င်းတို့သည် မည်သည့်အခက်အခဲမှ မတွေ့ပဲ ချောချောမွေ့မွေ့ ခရီးသွားနိုင်ခဲ့သည်။

အချိန်တစ်ခုကြာမျှ ပျံသန်းပြီးသည့်နောက် အနက်ရောင် နယ်နိမိတ်စည်းထံ ရောက်ရှိလာသည်။

"ဒါက နောင်တမဲ့ကုန်းမြေရဲ့ ခံစားချက်အသင်္ချေဒေသရှိတဲ့ နေရာပေါ့။ တကယ်ပဲ ခံစားချက်ကို မြှင့်တင်ပေးနိုင်တာလား။"

အန်လင်း စပ်စုလိုစိတ် ပြင်းပြနေသည်။

"ဟုတ်တယ်။"

တိုဘိယ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ရှေးဟောင်းထိုက်ချူးကုန်မြေအား လှည့်လည်သွားလာသည်မှာ တတိယအကြိမ် ရှိနေပြီ ဖြစ်သောကြောင့် အတွေ့အကြုံရှိသည်ဟု ဆိုနိုင်သည်။

"ဖြစ်နိုင်ရင် ဒီနေရာကိုရှောင်ဖို့ အကြံပေးချင်တယ်။"

"အပိုတွေ ပြောမနေနဲ့တော့။ ဆရာက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေ စုချင်နေတာ။ အဲ့ဒါကြောင့် ဒီနေရာက အသင့်တော်ဆုံးပဲ။"

ရှောင်ဇယ် စကားဆိုလိုက်သည်။ သူသည် အန်လင်းအား ကပ်ဖားရပ်ဖား လုပ်လိုနေသည်မှာ သိသာလှသည်။

"ဟမ့်.....ငါသခင်ကြီး ရွှယ်ကျန်ထျန်းက ကောင်းကင်ရော ငရဲရော ဘာမှမကြောက်ဘူး။ ခံစားချက်အသင်္ချေဒေသကိုလည်း ငါဘယ်လို စိုးမိုးပစ်မလဲဆိုတာ စောင့်ကြည့်နေစမ်းပါ။"

ရွှယ်ကျန်ထျန်း၏ မျက်လုံးဝိုင်းကြီးများတွင် တိုက်ပွဲစိတ်ဆန္ဒများ တလက်လက် တောက်ပနေသည်။

တီနာသည် အန်လင်း၏ ပုခုံးပေါ်တွင် ထိုင်နေရင်း ကျယ်ပြန့်လှသော ပတ်ဝန်းကျင်အား မြစိမ်းရောင် မျက်ဝန်းများဖြင့် စူးစမ်းလေ့လာနေသည်။

ဤနေရာသည် ပုံမှန်မြင်ကွင်းများနှင့် ကွဲပြားနေပါသော်လည်း မျက်စိကျိန်းလောက်သော အရောင်အဝါများနှင့် လှပလွန်းလှသည်။ အန်လင်းနှင့်အတူ သွားလာခဲ့သော နေရာများအနက် စိတ်ချမ်းမြေ့ဖွယ် အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။

အန်လင်းသည်လည်း ထိုထူးခြားမှုများကို သတိပြုမိသည်။ ရှောင်ဇယ်ကသာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များ ရှာဖွေရန် အလွန်ကောင်းမွန်သော နေရာဟုသာ မဆိုခဲ့ပါက ယခုကဲ့သို့ မခန့်မှန်းနိုင်သော အရပ်မျိုးကို ရွေးချယ်မည် မဟုတ်ပေ။

"သွားရအောင်။"

ရှောင်ဇယ် ပေါ့ပေါ့ပါးပါးပင် အရှေ့ဆုံးမှ ဦးဆောင်လိုက်သည်။ အားလုံးသည်လည်း သူ၏နောက်မှ လိုက်ပါသွားကြသည်။

အန်လင်းသည် စိတ်မသက်မသာဖြင့် အနက်ရောင် နယ်နိမိတ်စည်းအား ကျော်ဖြတ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ခံစားချက် တစ်ခုမှာ သူ၏စိတ်တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။

တစ်ချိန်တည်းမှာပင် ရှောင်ဇယ်လည်း ယိုင်တိယိုင်တိုင် ဖြစ်သွားကာ အနောက်သို့ ပြန်ဆုတ်လာပြီး အန်လင်း၏ လက်မောင်းအား အားကိုးတကြီး ဆုပ်ကိုင်ထားလိုက်သည်။

အန်လင်း : "......"

ရှောင်ဇယ် ရှက်ကိုးရှက်ကန်း ရယ်မောကာ အန်လင်းအား ကြည့်ရှုလိုက်ပါသော်လည်း သူ၏မျက်ဝန်းများတွင် အကြောက်တရားများ ပြည့်လျှံနေသည်။

"ဆရာ.....ကျွန်တော်ကြောက်တယ်။ ရုတ်တရက်ကြီး လုံခြုံမှု မရှိတော့သလို ခံစားလာရတယ်။ ဆရာ့ကို ဖက်ထားပါရစေနော်....နော်။"

အန်လင်း: " ......"

"စိတ်မပူပါနဲ့ ပူတူတူးလေးရဲ့။ ငါကမင်းရဲ့ ထောက်တိုင်ပဲလေ။ ဘာကိစ္စတွေပဲရှိရှိ ငါမင်းကို ကာကွယ်ပေးသွားမှာပါ။"

အန်လင်း၏ နှလုံးသားထဲတွင် အကြင်နာတရားများ ဖုံးမနိုင် ဖိမရအောင် ရှိနေလေသည်။

"အား....."

စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

အန်လင်း လှည့်ကြည့်လိုက်သောအခါ ရွှယ်ကျန်ထျန်းသည် မျက်နှာအားအုပ်ကာ မြေပြင်ပေါ်တွင် တဆတ်ဆတ် တုန်နေသည်ကို တွေ့လိုက်ရသည်။

"ရှောင်ဇယ်တောင် မလုံခြုံဘူးလို့ ခံစားရရင် ဒီနေရာက အရမ်း​ကြောက်ဖို့ကောင်းမှာပဲ။ ငါသေလိုက်တာပဲ ကောင်းပါတယ်။"

ရွှယ်ကျန်ထျန်း တုန်ရီစွာ ရေရွတ်လိုက်သည်။

"ခွေးမသား ကောင်းကင်က ငါ့ကိုသတ်ချင်နေတာပဲ ဖြစ်ရမယ်။ သူတို့တွေက ငါ့ကိုဆန့်ကျင်ချင်နေကြတာပဲ။ ငါ.....ငါခံစားလို့ ရနေတယ်။ ဒီကမ္ဘာမှာ ငါ့အတွက် အချိန်သိပ်မကျန်တော့ဘူး။"

အန်လင်း ရွှယ်ကျန်ထျန်းအား ကလေးငယ်သဖွယ် ပွေ့ဖက်ထားလိုက်သည်။

"သနားစရာကောင်းလိုက်တဲ့ ကလေးလေး.....မကြောက်ပါနဲ့....သခင်က ကာကွယ်ပေးမှာပါ။"

သူသည် ရွှယ်ကျန်ထျန်းအား ညင်သာစွာ ပြုံးပြလိုက်ပြီးနောက် သေးငယ်သော နှာခေါင်းထိပ်လေးကိုပင် အနမ်းခြွေလိုက်သေးသည်။

ရွှယ်ကျန်ထျန်း: "......."

ရှောင်ဇယ်: "........"

ရွှယ်ကျန်ထျန်းသည် အူကြောင်ကြောင် ဖြစ်သွားပြီးနောက် မျက်ရည်အဝိုင်းသားဖြင့် အန်လင်းအားကြည့်ကာ အော်ဟစ်လိုက်ပြန်သည်။

"အား.....သခင်က ငါ့ကိုသေအောင်လို့ ကျက်သရေမရှိ ရွံစရာကောင်းတာတွေ လာလုပ်ပြနေတယ်။ ဘယ်လောက်တောင် အကြင်နာတရား ကင်းမဲ့လိုက်သလဲ။ ငါ့ကိုသတ်ချင်တာနဲ့ အော့အော့တွေတောင် လုပ်ပြနေတာ။ အမလေး....ငါ့ရဲ့နုနယ်တဲ့ နှလုံးသားလေးက ခံနိုင်ရည် မရှိတော့ပါဘူး။ အမလေး....ငါ့နှလုံး....ငါ့ကျောက်ကပ်...."

ရွှယ်ကျန်ထျန်းမှာ ဟောဟဲဟောဟဲ ဖြစ်လာပြီး မကြာမီမှာပင် သတိလစ်သွားတော့သည်။

အန်လင်း၏ ပုခုံးပေါ်တွင် ရှိနေသော တီနာသည်လည်း မျက်ရည်ပုလဲဥများ ကျဆင်းလာကာ အော်ဟစ်ငိုကြွေးလာလေသည်။

"ဝါး.....ငါကအမှိုက်သာသာပဲ။ ဘီလူးအန်လင်း ငါကအရမ်းတုံးတာပဲ.....ဝါး.....ဝါး.....ငါက အရမ်းမိုက်မဲတယ်။ ဦးနှောက်လည်း မရှိဘူး။ အရမ်းသေးပြီးတော့ ဘာမှလည်း မသိဘူး....ဝါး....."

"အဲ့ဒါက ပြဿနာ မဟုတ်ပါဘူး နာလေးရဲ့။ ဘယ်သူကမှ မွေးထဲက အသိဉာဏ်တွေ ကြွယ်ဝပြီး အတွေ့အကြုံ ရှိနေတာ မဟုတ်ဘူးလေ။"

အန်လင်း သက်တောင့်သက်သာ ပြုံးပြလိုက်သည်။

"မင်းလုပ်ခဲ့တာတွေအားလုံး အရမ်းကောင်းပါတယ် နာလေးရဲ့။ မင်းက အရမ်းလည်း လှတယ်လေ။ အားလည်းကြီးသေးတယ်။"

တီနာက သတ်သေချင်နေဟန်ဖြင့် ဘောလုံးတစ်လုံးအလား ခန္ဓာကိုယ်ကို လုံးခွေပစ်လိုက်သည်။

"ဒါပေမယ့် လှတာနဲ့ အားကောင်းတာကလွဲရင် ဘာမှသုံးစားမရဘူးလေ။"

အန်လင်း: "......."

ဒါဆိုမင်းကဘာများလိုချင်သေးတာတုန်း.....

တိုဘိယမှာ ကောင်းကင်ထက်တွင် ရှိနေသော ကြယ်ပွင့်တစ်ပွင့်အား လက်ဖြင့်ဖမ်းဆုပ်ဟန် ပြုနေသည်။

"လူစီ.....မင်းလားဟင်။ ကြယ်လေးက မင်းပဲမလား။ မင်းကိုယ့်ကို လိုက်ရှာနေတုန်းပဲဆိုတာ ကိုယ်သိပါတယ်။"

အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်နှင့် ဆင်ကိုးစီး စားမကုန်သော ခန္ဓာကိုယ်ကြီးမှာ လွမ်းဆွတ်မှုများကြောင့် တုန်ခါလာတော့သည်။

"ဝါး.....လူစီ...မင်းပြောတော့ ကိုယ်နဲ့အတူ သက်ဆုံးတိုင် အတူရှိနေမှာဆို။ ဘာလို့ ကိုယ့်ကိုထားသွားရတာလဲ။ ကောင်းကင်ဘုံကနေ ကိုယ့်ကိုကြည့်နေတော့ရော ဘာထူးမှာတဲ့လဲ။ ကိုယ်မှမင်းကို မမြင်ရတာ။"

အားလုံးသည် မကောင်းသော စိတ်ခံစားချက်များကြောင့် စိတ်ဓာတ်များ အဆုံးထိ ကျဆင်းနေကြသည်။

သို့သော် ၎င်းတို့နှင့် မတူညီသော လူနှစ်ဦး ရှိနေလေသည်။

ကတ်စီဒီနှင့် မာလင်သည် အခြားသူများအားကြည့်ကာ ပေါကားတစ်ကား ကြည့်နေရသည့်အလား ခွက်ထိုးခွက်လန် ရယ်မောနေကြသည်။

"ဟားဟားဟား......တိုဘိယကို ကြည့်စမ်းပါဦး။ သူ့ကို ဒီလိုပုံစံနဲ့ တစ်ခါမှ မမြင်ဖူးဘူး။ အရမ်းရယ်ရတာပဲ....ဟားဟားဟားဟား....."

မာလင် ရယ်ကြောမသေ ဖြစ်နေသည်။

ကတ်စီဒီသည်လည်း ခါးထောက်ကာ ရွှယ်ကျန်ထျန်းအား လက်ညှိုးတထိုးထိုးဖြင့် မျက်ရည်ကျလောက်အောင် ရယ်မောနေသည်။

"ဟားဟားဟား.....ကောင်းကင်ရော ငရဲရော ဘာမှမကြောက်ဘူးဆိုတဲ့ ဝတုတ်အမွှေးလုံးကို ကြည့်ပါဦး။ ပြောတော့ဖြင့် လောကနိယာမတွေ ချိုးဖျက်မယ်လေး ဘာလေးနဲ့။ ပြောတော့မူး၊ လူးတော့အိုင်ပဲဟေ့။ တကယ့် ငကြောင်ကောင်ပဲ....ဟားဟားဟား။"

ရွှယ်ကျန်ထျန်းမှာ ထိုစကားကြောင့် ဒေါသထွက်သွားရပြီးနောက် ကတ်စီဒီတို့ထံ ​ပြေးဝင်သွားရန် ပြင်လိုက်ပါသော်လည်း အန်လင်း၏ ရင်ခွင်ထဲ ပြန်ဝင်ကာ တီတိုးရေရွတ်လိုက်သည်။

"ဟမ့်.....သူတို့ရဲ့ လှည့်ကွက်ထဲ ဝင်သွားစရာလား။ သူတို့တွေက ငါ့ဒေါသကို တမင်ဆွပြီး ငါ့ဘက်က စတိုက်ခိုက်အောင် လုပ်နေတာပဲ။ အဲ့ဒါမှ ငါ့ကို အုပ်စုဖွဲ့ပြီး သတ်လို့ရမှာလေ။"

အန်လင်းမှာ မာသာထရီဇာအလား ကြင်နာသနားသော မျက်ဝန်းများဖြင့် အဖွဲ့သားများအား ကြည့်ရှုလိုက်ပြီးနောက် တစ်ယောက်ချင်းစီကို လိုက်လံနှစ်သိမ့်ပေးလိုက်သည်။

ဥပမာအားဖြင့် တိုဘိယ၏ အချစ်ရေးအား နားထောင်ပေးသလို ကတ်စီဒီနှင့် မာလင်တို့ကိုလည်း အရယ်ရပ်စေရန် တစ်ချက်မျှ နားဘမ်ကျင်းပေးမိသည်။

ဘန်..ဘန်..

တီနာအား နှစ်သိမ့်ပေးသလို ရွှယ်ကျန်ထျန်းကိုလည်း အာဘွားများ တပြွတ်ပြွတ် ပေးနေသည်။

အန်လင်းသည် နတ်ကောင်းနတ်မြတ် သူတော်စင် တစ်ပါးအလား အဖွဲ့သားများအပေါ် အကောင်းမွန်ဆုံး ဆက်ဆံပေးနေလေသည်။

သူသည် ယခင်ကထက် အကြင်နာတရားများ ပြည့်လျှံလာသလို ခံစားမိသည်။

ဒီခံစားချက်က.....တကယ်ကောင်းတာပဲ.....

All Chapters