ကြယ်စက်လုံးက ပေါက်ကွဲတော့မယ်
Vol. 1 Ch. 453
ကောင်းကင်ဖျက်မီး ကျင့်စဉ်ကို ကျင့်ကြံရန် နည်းလမ်းနှစ်ခု ရှိလေသည်။
ပထမနည်းလမ်းမှာ ကောင်းကင်နှင့် မြေပြင်အကြားရှိ မီးဒြပ်စင်ဟူသမျှကို စုပ်ယူပြီး အားကောင်းသည့်မီးလျှံတစ်ခု ဖန်တီးရန်ဖြစ်သည်။ ဤနည်းလမ်းသည် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရန် လိုအပ်သည်။ အရင်ဆုံး သာမန်မီးလျှံတစ်မျိုးကို သူဖန်တီးရမည်ဖြစ်ပြီး ထို့နောက်မှ ကမ္ဘာ့မီးလျှံ၊ ကောင်းကင်မီးလျှံနှင့် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံ တို့ကို အစဉ်အတိုင်း ဖန်တီးနိုင်လိမ့်မည်။ စုန်းနတ်ဘုရား၏ ခန့်မှန်းချက်အရ မှော်ကျင့်စဉ်၏ သဘာဝလွန်အဆင့်တွင် ကျင့်ကြံသူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်ကိုးဆင့် မီးလျှံစစ် တစ်နည်းအားဖြင့် ယန်ကိုးပါးမီးလျှံစစ်ကို ဖန်တီးနိုင်ပေလိမ့်မည်။ ထိုမီးလျှံသည် ကောင်းကင်ဧကရာဇ်အဆင့်များကိုတောင် အလွန်တကူ ပြာကျစေနိုင်သည်အထိ အားပြင်းလေသည်။
ထိုနည်းလမ်းသည် အချိန်ယူရန် လိုအပ်ပြီး အချိန်တိုအတွင်း ပြီးမြောက်အောင်မြင်နိုင်သည့်နည်းလမ်း မဟုတ်ပေ။ လက်ရှိအခြေအနေတွင် ကျန်းရီသည် ကနဦးအဆင့်၌သာ ရှိသေးပြီး သာမန်မီးလျှံတို့ကိုသာ ဖန်တီးနိုင်သေးသည်။
ဒုတိယနည်းလမ်းမှာ ကမ္ဘာပေါ်ရှိ မီးလျှံဆန်းများကို ရှာဖွေရန်ဖြစ်သည်။ ထိုမီးလျှံများကို သုံး၍ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ကျင့်ကြံပါက မီးလျှံ၏စွမ်းအားကို နှစ်ဆအထိ တိုးမြှင့်နိုင်လေသည်။ ကျန်းရီတွင် မီးဝိဉာဉ်ပုလဲ ရှိနေသည့်အတွက် ဒုတိယမြောက် နည်းလမ်းမှာ အသင့်တော်ဆုံး ဖြစ်သည်။ သို့သော် ကံဆိုးစွာပင် သူပထမဆုံးအကြိမ် ဤနည်းလမ်းကို စမ်းသပ်ခဲ့စဉ်က ကမ္ဘာ့မီးလျှံများကို ပထမကြယ်စက်လုံးက စုပ်ယူသွားခဲ့သည်။ နောက်ပိုင်းတွင် ထိုသို့ ဖြစ်ရသည့် အကြောင်းအရင်းကို လေ့လာရန် သူအချိန်မရခဲ့ပေ။
တကယ်တမ်းတွင် မီးလျှံများကို ဖန်တီးရန် သူ့၌ တတိယမြောက်နည်းလမ်း ရှိနေသေးသည်။ သို့သော် ထိုနည်းလမ်းကို လက်တွေ့အသုံးပြုနိုင်သူမှာ သူတစ်ယောက်တည်းသာ ရှိလောက်သည်။ ၎င်းမှာ ပထမကြယ်အတွင်းမှ အတွင်းအားများကို မီးလျှံအဖြစ် တိုက်ရိုက်ပြောင်းလဲလိုက်ရန်ဖြစ်သည်။ ထိုနည်းဖြင့် အားပြင်းသည့် မီးလျှံတစ်မျိုးဖြစ်သော ကောင်းကင်ကိုးဆင့်နဂါးမီးလျှံကို သူတိုက်ရိုက် ဖန်တီးနိုင်ခဲ့သည်။
ကောင်းကင်ကိုးဆင့် နဂါးမီးလျှံသည် အားပြင်းသည်မှာ မှန်သော်လည်း ထိုမျှနှင့် ဗာဂျရာအဆင့်လူတစ်အုပ်ကို သူရင်ဆိုင်ရန် မလုံလောက်ပေ။ ထို့ပြင် တိုက်ပွဲကို တစ်ချက်တည်းနှင့် အပြီးသတ်နိုင်ရန် ရန်သူအနီး သူကပ်သွားရန် လိုအပ်သေးသည်။
ဗာဂျရာ ပဉ္စမအဆင့်ကို ချောင်းမြောင်းတိုက်ခိုက်ခြင်းဖြင့် တစ်ချက်တည်း ပြာကျသွားအောင် သူလုပ်နိုင်သည်။ သို့သော် ဗာဂျရာ သတ္တမအဆင့်၊ အဋ္ဌမအဆင့်နှင့် အမြင့်ဆုံးအဆင့်တို့၏ အမြန်နှုန်းနှင့် တန်ပြန်တိုက်ခိုက်နိုင်စွမ်းသည် ဗာဂျရာပဉ္စမအဆင့်နှင့် မိုးနှင့်မြေပမာ ကွာဟသည်။ ထို့ကြောင့် ဗာဂျရာပဉ္စမအဆင့်ထက် မြင့်သူများကို မီးရှို့နိုင်သည့်အစွမ်း ကျန်းရီတွင် မရှိပေ။
ကျင့်ကြံသူတစ်ယောက်သည် မည်သည့်ကျင့်ကြံဆင့်တွင် ဖြစ်ပါစေ...ပထမငါးဆင့်ကို ကျော်ဖြတ်နိုင်ရန် အလွန်လွယ်ကူသည်။ ထိုငါးဆင့်အကြားတွင် အင်အားကွာခြားချက် ကြီးကြီးမားမားလည်းမရှိသလို ကျင့်ကြံရသည်မှာလည်း အလွန်လွယ်ကူသည်။ သို့သော် ပဉ္စမအဆင့်ကို ရောက်ရှိပြီးလျှင် ရှေ့ဆက်ကျင့်ကြံရမည့် အဆင့်တိုင်းသည် အလွန်ခက်ခဲလာသည်။ တစ်ဖက်တွင်မူ ပဉ္စမအဆင့် အနောက်ပိုင်းတွင် အဆင့်တက်သွားတိုင်း အင်အားမှာလည်း အဆပေါင်းများစွာ တိုးတက်လာသည်။
ကျန်းရီ၏ လက်ရှိအင်အားဖြင့် ဗာဂျရာပဉ္စမအဆင့်ကို အလွယ်တကူ မီးရှို့နိုင်သည်။ သို့သော် ရှောင်လုံဝမ်နှင့် လင်းဂိုဏ်း၏ ဘိုးဘေးကြီးတို့လို ဗာဂျရာပဉ္စမအဆင့်ထက် မြင့်သောလူများသည် ကျန်းရီ ချည်းကပ်လာသည်နှင့် ရှောင်တိမ်းနိုင်လိမ့်မည်။ ထို့ကြောင့် ရုတ်တရက် တိုက်ခိုက်ရန်ပင် သူအချိန်ရမည်မဟုတ်။ ကံကောင်းထောက်မ၍ သူတို့ကို သူမီးရှို့နိုင်လိုက်လျှင်တောင် သူတို့ထံတွင် တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိနေဦးမည်သာဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူမည်သို့ ခုခံရမည်နည်း။
ကျန်းရီသည် တိုက်ခိုက်နိုင်စွမ်းတွင် သိသိသာသာ လိုအပ်နေသေးသည်။ ရှောင်လုံဝမ်နှင့် လင်းဂိုဏ်း၏ ဘိုးဘေးကြီးကို ချက်ချင်းသတ်ဖြတ်နိုင်လျှင် ပို၍အားကောင်းသော မီးလျှံများ သူလိုအပ်နေသည်။
ထို့ကြောင့် မီးလျှံများကို တိုက်ရိုက်စုပ်ယူရန်သာ သူရွေးချယ်လိုက်သည်။ ယခင်က ကမ္ဘာ့မီးလျှံများကို သူစုပ်ယူလိုက်တိုင်းတွင် ၎င်းတို့သည် ပထမကြယ်အတွင်းသို့သာ ရောက်သွားကြသည်။ ထို့ကြောင့် ထိုအကြံကို သူစွန့်ပစ်ခဲ့သည်။ ယခု ဘာဖြစ်နေသည်ကို သူနားလည်နေပြီဖြစ်ရာ ပြဿနာကို သူအဖြေရှာနိုင်လောက်သည်။
စကြဝဠာနန်းတော်၏ ဒုတိယထပ်တွင် သူသည် မီးတောင်မှရလာခဲ့သည့် ကမ္ဘာ့မီးလျှံအချို့ကို မီးဝိဉာဉ်ပုလဲအတွင်းမှ ထုတ်လိုက်သည်။ ထို့နောက် ကမ္ဘာ့မီးလျှံ အနည်းငယ်ကို မီးလျှံစလေးတစ်ခုအဖြစ် ပြောင်းစေပြီး ဒန်တျန်းအတွင်းသို့ ဝင်ရောက်စေလိုက်သည်။
သူခန့်မှန်းထားသလိုပင် ထိုမီးလျှံစလေး ဒန်တျန်းထဲသို့ ဝင်သွားသည့်ခဏတွင် ပထမကြယ်က ချက်ချင်းစုပ်ယူလိုက်သည်။ သို့သော် ကျန်းရီသည် ခေါင်းထဲမထားဘဲ ကမ္ဘာ့မီးလျှံ နည်းနည်းစီကို ဒန်တျန်းထဲသို့ ဆက်တိုက်ဝင်ရောက်စေ၍ ပြဿနာကို အဖြေရှာနေခဲ့သည်။
တဖြည်းဖြည်းနှင့် ကမ္ဘာ့မီးလျှံအစပေါင်း တစ်ရာသို့ ရောက်ရှိသွားခဲ့သည်။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ သူ့ကောင်းကင်စိတ်အာရုံသည် ချန်းဖူအရွက်မှ စွမ်းအင်တို့ကို သူစုပ်ယူခဲ့ပြီးနောက် ပိုမိုအစွမ်းထက်လာခဲ့သည်။ သူ့စိတ်ဝိဉာဉ်မှာ သိသိသာသာ သန်မာလာခဲ့သည်။ လက်ရှိအချိန်တွင် ရှားယွိမြို့တစ်မြို့လုံးကို သူအားစိုက်စရာမလိုဘဲ အလွယ်တကူ စစ်ဆေးနိုင်နေပြီဖြစ်သည်။
ထို့နောက် သူသည် ပထမကြယ်ကို သေချာကြည့်လိုက်ရာ ပြဿနာ၏ ရင်းမြစ်ကို ရှာတွေ့သွားခဲ့သည်။ ကမ္ဘာ့မီးလျှံစများ ဒန်တျန်းအတွင်း ဝင်ရောက်သွားသည်နှင့် ပထမကြယ်ထဲမှ အနီရောင်အတွင်းအားတို့သည် စတင်လှည့်ပတ်ကြပြီး ရေဝဲတစ်ခု ဖြစ်တည်လာသည်။ ထိုဝဲသည် ဒန်တျန်းထဲသို့ ရောက်သွားသည့် ကမ္ဘာ့မီးလျှံ ဟူသမျှကို ပထမကြယ်ထဲသို့ စုပ်ယူနေသည်။ မီးလျှံစလေးသည် ပထမကြယ်အတွင်း ရောက်သွားသည်နှင့် ပျောက်ကွယ်သွားကာ အနီရောင်အတွင်းအားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ပြဿနာ၏ အရင်းခံကို ရှာတွေ့ပြီဖြစ်ရာ အဖြေကိုသာ သူတွေးရတော့မည်။
ကျန်းရီသည် နောက်ထပ်ကမ္ဘာ့မီးလျှံတစ်စကို ဒန်တျန်းအတွင်းသို့ ပို့ဆောင်လိုက်သည်။ တစ်ချိန်တည်းတွင် သူသည် ပထမကြယ်အတွင်းမှ အတွင်းအားတို့ကို မလှည့်ပတ်စေရန် စိတ်ဖြင့် ထိန်းချုပ်ထားလိုက်သည်။ ပထမကြယ်အတွင်းမှ အတွင်းအားတို့ မလှည့်ပတ်တော့သည်နှင့် ထိုကမ္ဘာ့မီးလျှံစသည် ဒန်တျန်းအတွင်း ရပ်တန့်သွားခဲ့ပြီး ကြယ်စက်လုံး၏ စုပ်ယူခြင်း မခံရတော့ပေ။
ကျန်းရီ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ ကြယ်စက်လုံးထဲမှ အတွင်းအားကို သူထိန်းချုပ်ခြင်း ရပ်တန့်လိုက်သည်နှင့် ထိုအတွင်းအားသည် အလိုလို လှည့်ပတ်လာခဲ့ပြီး ကမ္ဘာ့မီးလျှံစကို ယခင်နည်းအတိုင်း စုပ်ယူသွားခဲ့သည်။
"သေစမ်း...ငါမီးလျှံတွေနဲ့ ကျင့်ကြံတဲ့အချိန်တိုင်း ပထမကြယ်ထဲက အတွင်းအားတွေ မလှည့်ပတ်အောင် ထိန်းချုပ်နေရမှာလား။ ဒီအတိုင်းဆို စိတ်ရောလူရော သေလောက်အောင် ပင်ပန်းမှာ မဟုတ်လား"
ကျန်းရီ ဆွံ့အနေခဲ့သည်။ သူ့စိတ်ဝိဉာဉ်သည် အလွန်အားကောင်းပြီး ကိုယ်ပွားအသင်္ချေကြောင့် စိတ်အာရုံကို နှစ်ခုသုံးခု ခွဲထားနိုင်သည်။ သို့သော် ထိုနည်းလမ်းကို ဆက်တိုက်အသုံးပြုပါက သူ့စိတ်ဝိဉာဉ် ပင်ပန်းလိမ့်မည်။ ထို့ပြင် ဤပုံစံအတိုင်းဆိုပါက မီးလျှံများ သူဖန်တီးနိုင်လာလျှင်တောင် ၎င်းတို့မှာ ပထမကြယ်အတွင်းသို့ ဝင်ရောက်သွားကြမည်ဖြစ်သည်။ သူပင်ပန်းခဲ့ရသမျှ အချည်းနှီးသာ ဖြစ်သွားမည် မဟုတ်ပါလော။
"ငါ တစ်ခုခု စဉ်းစားဖို့ လိုတယ်"
ကျန်းရီ၏ မျက်ခုံးတန်းနှစ်ခုမှာ စုကျုံ့နေခဲ့သည်။ နေ့တစ်ဝက်လုံးလုံး စဉ်းစားခဲ့သော်လည်း သူ့ခေါင်းထဲတွင် ဘာမှထွက်မလာခဲ့ပေ။ ကမ္ဘာ့မီးလျှံကို သုံး၍ ကျင့်ကြံရန်အတွက် မီးလျှံကို ဒန်တျန်းထဲသို့ ပို့ဆောင်ရန်လိုအပ်သည်။ သို့သော် ၎င်းတို့သည် ဒန်တျန်းထဲရောက်သည်နှင့် ကြယ်စက်လုံးအတွင်း စုပ်ယူခံနေရသည်။ ပထမကြယ်အတွင်းမှ အတွင်းအားကို တစ်ချိန်လုံး မထိန်းချုပ်နိုင်လျှင် မီးလျှံများနှင့် ကျင့်ကြံရန် ဖြစ်နိုင်လိမ့်မည်မဟုတ်။ တစ်ဖက်တွင် ပထမကြယ်စက်လုံးကို တစ်ချိန်လုံး ထိန်းချုပ်နေရလျှင် သူ့စိတ်ဝိဉာဉ်မှာ သေလုမျောပါး ပင်ပန်းလိမ့်မည်။
"အိုး...ဟုတ်သားပဲ"
ရုတ်တရက် သူအကြံတစ်ခု ရလာခဲ့သည်။ သူသည် ကမ္ဘာ့မီးလျှံတစ်စကို ဒန်တျန်းအတွင်းသို့ ပို့ဆောင်လိုက်သည်။ ထို့နောက် ပထမကြယ်အတွင်းမှ အတွင်းအားများကို ငြိမ်သက်အောင် တစ်ဆက်တည်း ထိန်းချုပ်လိုက်သည်။ ထိုကမ္ဘာ့မီးလျှံစ ဒန်တျန်းအတွင်း ရောက်သွားအောင် သူစောင့်လိုက်ပြီးနောက် ၎င်းကို ပထမကြယ်အတွင်းသို့ ဆက်လက်ပို့ဆောင်လိုက်သည်။
ကမ္ဘာ့မီးလျှံစသည် ပထမကြယ်အတွင်း ဝင်ရောက်သွားခဲ့သော်လည်း ကြယ်အတွင်းမှ အတွင်းအားတို့ လှည့်ပတ်ခြင်း မရှိသောကြောင့် စုပ်ယူခြင်းမခံရပေ။ ထိုမီးလျှံစလေးသည် အနီရောင်အတွင်းအားများနှင့် ရောမသွားဘဲ ကြယ်စက်လုံး၏ အလယ်တွင် ငြိမ်သက်စွာ တည်ရှိနေခဲ့သည်။
ထိုအဆင့် ပြီးဆုံးသွားသည်နှင့် ကျန်းရီသည် အနီရောင်အတွင်းအားကို ထိန်းချုပ်နေခြင်းအား ရပ်တန့်လိုက်သည်။ သို့သော် အနီရောင်အတွင်းအားတို့သည် အလိုအလျောက် လှည့်ပတ်လာခြင်း မရှိခဲ့ပေ။ ကမ္ဘာ့မီးလျှံစမှာလည်း ကြယ်စက်လုံး၏အလယ်တွင် မူလအတိုင်း ငြိမ်သက်စွာ ရှိနေခဲ့သည်။
"ဟား...အောင်မြင်ပြီ"
ကျန်းရီသည် ဝမ်းသာအားရပြုံးလိုက်သည်။ အခက်ခဲဆုံးပြဿနာကို နောက်ဆုံးတွင် သူဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ ကြယ်စက်လုံးသည် သူ့ဒန်တျန်းအတွင်း ရှိနေပြီး အနီရောင်အတွင်းအားများဖြင့် ပြည့်နေသည်။ ထို့ကြောင့် ကမ္ဘာ့မီးလျှံကို ဒန်တျန်းအတွင်းထည့်၍ ကျင့်ကြံခြင်းထက် ပထမကြယ်စက်လုံးအတွင်းထည့်၍ ကျင့်ကြံခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
သူသည် ကမ္ဘာ့မီးလျှံများကို ကြယ်စက်လုံးအတွင်း ဆက်လက် ပို့ဆောင်လိုက်သည်။ ကမ္ဘာ့မီးလျှံစ ဆယ်ခုရရှိလာသောအခါတွင် ကျင့်စဉ်ထဲမှ နည်းလမ်းအတိုင်း စတင်၍ သူကျင့်ကြံခဲ့သည်။
မီးလျှံများဖြင့် ကျင့်ကြံခြင်းမှာ အလွန်ရိုးရှင်းလှသည်။ သူလုပ်ရသည်မှာ မီးလျှံများအားလုံးကို ခွဲထုတ်၍ အတူတကွ ပေါင်းစပ်လိုက်ရန်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုကမ္ဘာ့မီးလျှံဆယ်စကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ရမည်ဖြစ်သည်။ ဤသဘောတရားမှာ အတွင်းအားပေါက်ကွဲလက်ဝါးနှင့် ခပ်ဆင်ဆင်တူပြီး လေ့ကျင့်ရသည့် နည်းလမ်းသာ ကွဲပြားလေသည်။ မီးလျှံစဆယ်ခုကို တစ်ခုအဖြစ်ပြောင်းလဲခြင်း...ဆိုလိုသည်မှာ ပမာဏမှ အရည်အသွေးသို့ ပြောင်းလဲပစ်ခြင်းဖြစ်သည်။ ထို့ကြောင့် မီးလျှံများ၏ ပြင်းအားမှာ အဆများစွာ တိုးတက်လာရခြင်းဖြစ်သည်။
ကျန်းရီသည် အတွင်းအားပေါက်ကွဲလက်ဝါးကို နှစ်ပေါင်းများစွာ ကျင့်ကြံထားရာ အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။ ထို့ကြောင့် မီးလျှံများဖြင့် ကျင့်ကြံခြင်းသည် သူ့အတွက် ပန်းခင်းထဲ လမ်းလျှောက်ရသလို လွယ်ကူလှသည်။ ကျင့်စဉ်ကို နေ့တစ်ဝက်ခန့် လေ့လာပြီးနောက်တွင် လက်တွေ့ကျင့်ကြံခြင်းကို သူစတင်လိုက်သည်။
သူသည် ကမ္ဘာ့မီးလျှံ ဆယ်စကို ဂရုတစိုက် ခွဲထုတ်၍ အတူတကွ ပေါင်းစပ်လိုက်သည်။ ကမ္ဘာ့မီးလျှံ ဆယ်စဟူသော ပမာဏမှာ အသေးအဖွဲမျှသာ ဖြစ်သော်လည်း ကျင့်ကြံသည့် လုပ်ငန်းစဉ်ကို ကြယ်စက်လုံးထဲတွင် ပြုလုပ်ရခြင်းဖြစ်သည်။ သူသေချာဂရုမထားပါက ကြယ်စက်လုံး ပေါက်ကွဲသွားနိုင်သည်။ ကြယ်စက်လုံးထဲမှ အတွင်းအားများ အပြင်သို့ကန်ထွက်လာပါက သူ့ခန္ဓာကိုယ်ပါ ပေါက်ကွဲသွားလိမ့်မည်ဖြစ်သည်။
ကျန်းရီသည် အတွေ့အကြုံ ရှိလေရာ တစ်နာရီမကြာလိုက်သောအချိန်တွင် မီးလျှံစဆယ်ခုကို နှစ်ခုတွဲစီ အောင်အောင်မြင်မြင် ပေါင်းစပ်လိုက်နိုင်သည်။ ကျန်းရီသည် လေပူတစ်ချက် မှုတ်ထုတ်၍ ခဏအနားယူလိုက်သည်။ ထို့နောက် ကျင့်ကြံခြင်းကို သူပြန်စတင်လိုက်ပြီး ကျန်မီးလျှံငါးမျှင်ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန် စိတ်ကူးလိုက်သည်။ ထိုအရာသာ အောင်မြင်သွားပါက သူ့အတွက် အောင်မြင်မှုကြီးတစ်ခုပင်။
ရဲရဲနီနေသော ကြယ်စက်လုံး အတွင်းဘက်သည် မီးပင်လယ်ကြီးပမာ ဖြစ်နေသည်။ ထိုကြယ်စက်လုံးထဲတွင် အနီရောင်တောက်နေသည့် အတွင်းအားများ အပြည့်ဖြစ်နေပြီး အလယ်ဗဟိုတွင် လေဟာနယ်တစ်ခုရှိနေသည်။ လက်ရှိအချိန်တွင် ထိုလေဟာနယ် သေးသေးထဲမှ ကမ္ဘာ့မီးလျှံငါးစသည် နဂါးငါးကောင်ပမာ ဟိုဟိုဒီဒီ မရပ်မနား လှုပ်ရှားနေကြသည်။ ထိုကမ္ဘာ့မီးလျှံ ငါးစသည် ဖြည်းဖြည်းချင်း ပူးကပ်သွားကြသည်။ နောက်ဆုံးတွင် ကမ္ဘာ့မီးလျှံနဂါးတစ်ကောင်သာ ကျန်ရစ်ခဲ့ပြီး ကျန်လေးကောင်မှာ တစ်ခုပြီးတစ်ခု ကွယ်ပျောက်သွားခဲ့သည်။
ကမ္ဘာ့မီးလျှံများ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်နှင့် ကျန်ရစ်သောတစ်ခုမှ ဆတ်ခနဲတုန်သွားခဲ့ပြီး အလင်းရောင်များ ဖြာထွက်လာခဲ့သည်။ ထိုမီးလျှံစ၏အရောင်မှာ ရွှေနက်ရောင်အဖြစ် စတင်ပြောင်းလဲလာခဲ့သည်။
"အောင်မြင်ပြီ...ဟား...ဒီကမ္ဘာ့မီးလျှံကို ပေါင်းစပ်တာအောင်မြင်သွားရင် ကောင်းကင်မီးလျှံနဲ့ စွမ်းအားတူသွားလောက်ပြီ။ ငါသာ တမလွန်လောကရဲ့ တစ္ဆေမီးလျှံနဲ့ ကျင့်ကြံနိုင်မယ်ဆိုရင် ပိုပြီးအားကောင်းလာမှာပဲ"
ကျန်းရီ ဝမ်းသာသွားခဲ့သည်။ သို့သော် သူပြီးအောင်တောင် မပြုံးလိုက်ရသေး၊ သူ့စိတ်ဝိဉာဉ်မှာ တုန်ခါလာခဲ့သည်။ အလျင်အမြန် စစ်ဆေးကြည့်လိုက်သောအခါ သူအောင်မြင်စွာ ပေါင်းစပ်လိုက်သော ကမ္ဘာ့မီးလျှံသည် ထိန်းချုပ်မှုလွတ်သွားခဲ့ပြီး ကြယ်စက်လုံးထဲတွင် လျှောက်ပြေးနေခြင်းဖြစ်ကြောင်း သူတွေ့လိုက်ရသည်။ ၎င်းကြောင့် ကြယ်စက်လုံးထဲမှ အတွင်းအားများ မငြိမ်မသက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ငါတော့ သေပြီ...ဒါကြီးက ပေါက်ကွဲတော့မယ်...
ကျန်းရီသည် ထိတ်လန့်လွန်း၍ အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။ သူ့ကြယ်စက်လုံးထဲရှိ အတွင်းအားများသည် ပြင်ပမှ ရောက်လာသည့် ကမ္ဘာ့မီးလျှံ၏ နှောင့်ယှက်မှုကြောင့် ကသောင်းကနင်းဖြစ်ကုန်ကြမှန်း သူခံစားမိလေသည်။ သူငိုချချင်သော်လည်း မျက်ရည်များ ကျမလာခဲ့ပေ။ ဤအကျိုးနည်း ကြယ်စက်လုံးများအကြောင်းကို သူလုံးဝနားမလည်လေရာ ပြဿနာကို သူမည်သို့ ဖြေရှင်းရတော့မည်နည်း။
***