အခန်း (၃၅)
Vol. 4 Ch. 35
-ဗျာ? ကား ဟုတ်လား?
ဂျောင်ဂု၏ အသံမှာ အနည်းငယ် တုန်ယင်သွားသည်။ ဂျယ်ဂန်း ကွန်ပျူတာရှေ့တွင် ထိုင်ကာ ကားများကို ရှာဖွေနေသည်။
“အခု ပေးမယ့် စာချုပ်ကြိုတင်ငွေနဲ့ ဒေါ်လာ ၃၀,၀၀၀ အောက် ကားတစ်စီး ဝယ်ချင်လို့ပါ။ ကျွန်တော် အရင်က ကားတစ်ခါမှ မဝယ်ဖူးလို့ မန်နေဂျာကြီးရဲ့ အကူအညီကို လိုလို့ပါ။”
-ဟားဟား၊ အဲ့ဒါကို ပြောတာကိုး။ ဟားဟား။
“ဒါက အဆင်မပြေလို့များလား။”
-မဟုတ်တာ ဖြစ်တာပေါ့။ ဆရာ ဘယ်လိုကားမျိုး လိုချင်တာလဲ။
“ဟင်း... ကားအမှတ်တံဆိပ်တွေတော့ ကျွန်တော် သိပ်မသိဘူး။ ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ ကားမျိုးဆိုရင် ရပါပြီ။ ဆီစားသက်သာပြီး ပြုပြင်ထိန်းသိမ်းစရိတ် သိပ်မများတာမျိုးပေါ့။”
ဂျယ်ဂန်းသည် ကားပုံများကို လိုက်ကြည့်ရင်း ပြောလိုက်သည်။
သူသည် အစက ကားအသေးလေး ဝယ်ရန် စဉ်းစားခဲ့သော်လည်း မိသားစုနှင့် သူငယ်ချင်းများကို တင်ဆောင်ရန်အတွက် ကျစ်ကျစ်လျစ်လျစ်ရှိသော ကားအလတ်စားကိုသာ ရွေးချယ်လိုက်သည်။ အပိုအလျှံကြီးမားပြီး ဈေးကြီးလွန်းသည့် ကားမျိုး သူ မလိုအပ်ပါ။ ကားတစ်စီးတွင် ရှိသင့်သည့် အခြေခံအရည်အသွေးများ ရှိလျှင်ပင် လုံလောက်ပါသည်။
-ကျစ်ကျစ်လျစ်လျစ်ဆိုရင် ဟွန်ဒိုင်း က တော်တော်ကောင်းပါတယ်။ အခုထွက်တဲ့ မော်ဒယ်အသစ်တွေထဲမှာ ဒေါ်လာ ၁၄,၀၀၀ ကနေ ၂၄,၀၀၀ ကြား ရှိတယ်။ ဆရာ ဘယ်လိုထင်လဲ။
“မန်နေဂျာကြီးပဲ တစ်စီးရွေးပြီး ပေးလိုက်ပါ။ လိုအပ်တဲ့ အပြင်အဆင်တွေကိုလည်း စိတ်ကြိုက်သာ လုပ်ပေးလိုက်ပါ။”
-ဟုတ်ကဲ့ပါ ဆရာ။ အင်း... ဟွန်ဒိုင်း...
ဂျောင်ဂုသည် မှတ်စုရေးရင်း ရေရွတ်နေသည်။
-အပြင်အဆင်တွေကိုတော့ ကျွန်တော် စီစဉ်လိုက်မယ်၊ အရောင်ကရော ဘာရောင်လဲ။
“အနက်ရောင်ပဲ ယူမယ်။”
-အနက်ရောင်... သိပါပြီ။
“အရေးတကြီးလိုတာမျိုးတော့မဟုတ်ဘူး ကျွန်တော် စောင့်နိုင်ပါတယ်။ ဒီကားကိစ္စ ကူညီပေးမယ်ဆိုရင် ကျွန်တော် စာကို တကယ် အားသွန်ခွန်စိုက် ရေးပေးမှာပါ။”
-ဟားဟားဟား၊ ဟုတ်ကဲ့ပါ ဆရာ။ သိပါပြီ။ အားလုံးပြီးရင် ကျွန်တော် ဖုန်းပြန်ဆက်လိုက်မယ်။
ဖုန်းချပြီးနောက် ဂျယ်ဂန်းသည် သက်ပြင်းချကာ စိတ်သက်သာရာရသွားပြီး ရီခါ့ကို လှည့်ကြည့်လိုက်သည်။ ရီခါသည် ကြောင်မျှော်စင်ထိပ်မှ မလှုပ်မယှက် ရှိနေဆဲပင်။ သူမသည် ဂျယ်ဂန်း၏ ပွတ်သတ်တာကိုမခံချင်သကဲ့သို့ သူနှင့် ခပ်ဝေးဝေးနေနေပုံရသည်။
“ငါ ကားရတော့မယ်။ နောက်ကျရင် အပြင်တွေ သွားကြတာပေါ့။ ပန်းခြံတွေသွားမယ်၊ သူငယ်ချင်းတွေနဲ့ တွေ့မယ်။”
ပုံမှန်ကြားနေကျ ‘မြောင်’ ဆိုသည့် အသံ ထွက်မလာခဲ့ပါ။
သူ စားပွဲတင်အံဆွဲကို ဖွင့်လိုက်သည်။ ထိုထဲတွင် ဆုဂန်းဝို၏ ကော်ဖီခွက် ရှိနေသည်။ ၎င်းမှာ အရေးကြီးသည့် ပစ္စည်းမှန်း သိပြီးနောက်ပိုင်းတွင် ဘေစင်မှာ မထားတော့ဘဲ အံဆွဲထဲတွင် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။
“ဟူ... ဒါကတကယ့်ကို မှော်ဆန်တာပဲ။”
ထိုခွက်နှင့် ကော်ဖီတစ်ခွက် သောက်ပြီးတိုင်း စိတ်ဖိစီးမှုများမှာ မှော်ဆန်စွာ ပျောက်ကွယ်သွားတတ်သည်။ ဂျယ်ဂန်းသည် ရီခါ့ကို လက်ယမ်းပြပြီး အိမ်မှ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။
“သူ့ကို ဆွဲထားရမယ် ဟုတ်လား?”
ကြယ်ပွင့်စာပေ ၏ ဥက္ကဋ္ဌရုံးခန်း။ တဲဝမ်သည် ဆွံ့အသွားသည်။ ဥက္ကဋ္ဌ ပတ်ဂျီဂုက တစ်ဖက်မှ ခေါင်းညိတ်ပြနေသည်။
“အေး၊ သူ့ကို ဆွဲထား။ သူ့ကို ငါတို့ရဲ့ သီးသန့်စာရေးဆရာ အဖြစ် လုပ်လိုက်။ ဒီနေ့ နောက်ဆက်တွဲ ဝတ္ထုအကြောင်း ပြောတဲ့အခါမှာ တစ်ခါတည်းစာချုပ်မှာပါ လက်မှတ်ထိုးခိုင်းလိုက်။”
“...!”
တဲဝမ် ပြန်မဖြေနိုင်ဘဲ အကြည့်ကို အောက်ချလိုက်သည်။ သူ၏ မျက်မှန်မှာ နှာခေါင်းပေါ်တွင် လျောကျကာ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။
သူသည် နောက်ဆက်တွဲ ဝတ္ထုအတွက် တွေ့ဆုံမည့် အစီအစဉ်ကို တင်ပြရန် လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဂျီဂုက သူ့ကို ဂျယ်ဂန်းနှင့် သီးသန့်စာချုပ်ချုပ်ရန် အမိန့်ပေးနေခြင်း ဖြစ်သည်။
“ငါလည်း စာရေးဆရာတွေကို သီးသန့်စာချုပ်နဲ့ ဆွဲထားရတာ သိပ်မကြိုက်ပါဘူး။ တစ်ခါတလေ သူတို့ကို ထိန်းရတာ ခက်လို့။ ဒါပေမဲ့ ဟာဂျယ်ဂန်းကတော့ ငါတို့ လိုအပ်တယ်။ ဂျယ်ဂန်းရဲ့ စီမံကိန်းတစ်ခုက တခြားစီမံကိန်း ၃ ခု၊ မဟုတ်ဘူး ၅ ခုစာလောက် အလုပ်ဖြစ်နေတာ။ ကုမ္ပဏီ ကြီးထွားဖို့ဆိုရင် ငါတို့ ပိုက်ဆံ လိုတယ် ဆိုတာမင်းလည်းအသိပဲ။”
တဲဝမ် ထိုစကားကို ပြန်မချေပနိုင်ခဲ့ပါ။
ပထမဆုံးအနေဖြင့် ဂျယ်ဂန်းက ထိုစာချုပ်ကို လက်ခံလိမ့်မည်ဟု သူ မခံစားရပေ။ ဂျယ်ဂန်းက တဲဝမ်နှင့် ခင်မင်မှုကို အလေးထားပြီး စာချုပ်ကို လက်ခံလိုက်လျှင်တောင် ၎င်းမှာ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါသည်။
အကယ်၍ သူသည် ကြယ်ပွင့်စာပေ ၏ သီးသန့်စာရေးဆရာ ဖြစ်လာပါက တခြားကုမ္ပဏီများနှင့် စာချုပ်ချုပ်၍ မရတော့ပေ။ ၎င်းမှာ စာအုပ်တစ်အုပ်ချင်းအတွက် စာချုပ်မဟုတ်ဘဲ စာရေးဆရာတစ်ဦးလုံးကို ချုပ်ကိုင်ထားသည့် စာချုပ်မျိုး ဖြစ်သည်။
တဲဝမ် အနေဖြင့် ဂျယ်ဂန်းသည် စာရေးခြင်းကို တကယ်မြတ်နိုးသည့် စာရေးဆရာမှန်း သိသည်။
သူသည် ဝတ္ထုအမျိုးအစား တစ်ခုတည်းမှာတင် ကျေနပ်နေမည့် စာရေးဆရာမျိုး မဟုတ်ပါ။ ဒီဂျစ်တယ် စာပေပြိုင်ပွဲတွင် ဆုရရှိခဲ့ခြင်းကပင် သူ၏ ခံစားချက်ကို ဖော်ပြနိုင်စွမ်းအား သက်သေပြပြီးသား ဖြစ်သည်။
သူသည် အများကြီး ကြီးထွားလာနိုင်သည့် အလားအလာရှိသော စာရေးဆရာတစ်ဦး ဖြစ်သည်။
တဲဝမ်အတွက်ပင် ဂျယ်ဂန်းကို သီးသန့်စာရေးဆရာ လုပ်ရန် တောင်းဆိုဖို့မှာ အလွန်ခက်ခဲလှသည်။ ၎င်းမှာ ကုမ္ပဏီအမြတ်အစွန်းထက် လူအချင်းချင်းကြားရှိ ပြဿနာက ပိုကြီးမားနေသည်။ သူသည် ဂျယ်ဂန်းကို သိလာခဲ့သည်မှာ တစ်ရက်နှစ်ရက် မဟုတ်ဘဲ အကြာကြီး ရှိနေပြီဖြစ်သည်။ ဂျယ်ဂန်း၏ စာရေးဆရာဘဝကို သူ မနှောင့်ယှက်ချင်ပါ။
“ဘာလို့ ဘာမှပြန်မပြောတာလဲ။”
ဂျီဂုက မေးလိုက်သည်။
တဲဝမ်သည် အတွေးထဲမှ ရုန်းထွက်လာပြီး ဂျီဂုကို ကြည့်လိုက်သည်။
“ကျွန်တော် စဉ်းစားနေတာလေးတွေ ရှိလို့ပါ။”
“ဘာတွေ စဉ်းစားနေတာလဲ။”
“စာရေးဆရာ ဟာက ဒီစာချုပ်ကို လက်ခံမှာ မဟုတ်ဘူး။”
ဂျီဂုက မကျေမနပ်နှင့် လျှာသပ်လိုက်သည်။
“ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စာချုပ်ရအောင်ချုပ်ဖို့က မင်းအလုပ် မဟုတ်ဘူးလား။ အခုတလော မင်းရဲ့ အလုပ်လုပ်ပုံက တမျိုးကြီးပဲ။ ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ။”
‘ကျွန်တော် ပြောင်းလဲသွားတာ မဟုတ်ဘဲ ဥက္ကဋ္ဌ ပြောင်းလဲသွားတာ လို့မထင်ဘူးလား’ ဆိုသည့် စကားမှာ သူ့ပါးစပ်ဖျားအထိ ရောက်လာသော်လည်း တဲဝမ် ပြန်မျိုချလိုက်ရသည်။
အခြေအနေက ပိုပြီး ရှင်းလင်းလာသည်။ အသက်ကြီးလာပြီဖြစ်သော ဥက္ကဋ္ဌ၏ ဦးနှောက်ထဲတွင် “စာရေးဆရာ = ပိုက်ဆံ” ဆိုသည့် အတွေးကသာ ကြီးစိုးနေတော့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် ဤကဲ့သို့ မဟုတ်ခဲ့ပါ။
“ကောင်းကောင်း နားလည်အောင် ပြောလိုက်စမ်းပါ၊ ဟုတ်ပြီလား?”
ဂျီဂုက တဲဝမ်၏ ပုခုံးကို ပုတ်ရင်း လေသံခပ်အေးအေးဖြင့် ပြောသည်။
“ငါ့မှာ မင်းမရှိရင် ဒီလောက်ကြီးတဲ့ ကုမ္ပဏီကို ဘယ်သူ့ယုံပြီး လွှဲပေးရမှာလဲ။ ငါ မင်းနဲ့ အတူတူ အလုပ်လုပ်လာတာ ဘယ်နှစ်နှစ်ရှိပြီလဲ။ ၁၀ နှစ်နီးပါး ရှိနေပြီ၊ ၁၀ နှစ်တောင်။ ဒါကို အမြန်ဆုံးရှင်းလိုက် ပြီးရင် မိသားစုနဲ့အတူ တစ်ပတ်လောက် အားလပ်ရက် ခရီးသွားလိုက်။ ခရီးစရိတ်ကို ငါပေးမယ်။”
ဂျီဂု၏ ကမ်းလှမ်းချက်က တဲဝမ်အတွက်တော့ စိတ်လှုပ်ရှားစရာ လုံးဝ မဖြစ်ခဲ့ပါ။ သို့သော် ဤနေရာတွင် ခေါင်းညိတ်ရုံမှလွဲ၍ တခြား ဘာမှလုပ်စရာ မရှိပေ။
“ကြိုးစားကြည့်ပါ့မယ်။”
“အေး၊ အဆင်ပြေရင် ဘယ်အချိန်ဖြစ်ဖြစ် ဖုန်းဆက်လိုက်။”
တဲဝမ်သည် ဥက္ကဋ္ဌရုံးခန်းမှ ထွက်လာပြီးနောက် သူ၏ ရုံးခန်းသို့ ပြန်သွားသည်။
ဆိုမီ၏ ကျောပြင်ကို သူ မြင်နေရသည်။ သူမသည် သူမ၏ အလုပ်ထဲတွင် အာရုံစိုက်နေပြီး ကွန်ပျူတာဖြင့် စာတွေကို အသည်းအသန် ရိုက်နေသည်။ တဲဝမ်၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
တဲဝမ်၏ မျက်လုံးထဲတွင် ဆိုမီသည် အယ်ဒီတာတစ်ယောက်အနေနှင့် သူမ၏ အလုပ်ကို တကယ် မြတ်နိုးနေပုံရသည်။ သူမကို ကြည့်ရသည်မှာ သူ ကုမ္ပဏီသို့ စဝင်ခါစက ပုံရိပ်နှင့် ထပ်တူကျနေသည်။
‘အချိန်တွေ အကြာကြီး ကုန်လွန်ခဲ့ပြီပဲ။’
တဲဝမ်သည် သူ့ဘာသာ ရေရွတ်ရင်း ခြေလှမ်းများကို ရပ်လိုက်သည်။
ဘဝမှာ အတက်ရှိလျှင် အကျရှိစမြဲ။ ဆိုမီ့ကို ကြည့်ရင်း သူ ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို သူ ခံစားမိနေသည်။
“ဆိုမီ။”
“အာ... ဟုတ်ကဲ့၊ အယ်ဒီတာ။”
ဆိုမီသည် လန့်သွားပြီး စခရင်မှ မျက်နှာလွှဲကာ မော့ကြည့်လိုက်သည်။ တဲဝမ်က သူမ၏ ကွန်ပျူတာ စခရင်ကို ကြည့်ရင်း မေးလိုက်သည်။
“ဒီနေ့ အလုပ်တွေ အများကြီး ကျန်သေးလား။”
“မဟုတ်ပါဘူး၊ ဒီနေ့အတွက် အကုန်ပြီးပါပြီ။ ဒါကို နောက်ရက်အတွက်စောစောစီးစီး အပြီးသတ်ချင်လို့ လုပ်နေတာပါ။”
“ဒါဆို လက်စသတ်ပြီး အပြင်ထွက်ဖို့ပြင်တော့။ အပြင်ကို အတူတူ သွားရအောင်။”
“အာ... အပြင်သွားမလို့လား? အာ... စာရေးဆရာ ဟာ နဲ့ တွေ့ဖို့လား။”
တဲဝမ်က အဖြေမပေးဘဲ ပြုံးပြလိုက်သည်။ ဆိုမီသည် ချက်ချင်းပင် သူမ၏ အလုပ်ကို သိမ်းဆည်းကာ စခရင်ကို ပိတ်လိုက်သည်။ သူမ၏ ပစ္စည်းများကို သိမ်းဆည်းရင်း ပြုံးနေမိသည်။
‘စာရေးဆရာများတွေ့ဆုံပွဲ ပြီးကတည်းက သူ့နဲ့ မတွေ့ရသေးတာများလား?’
ဂျယ်ဂန်းနှင့် တွေ့ရမည်ဖြစ်၍ သူမ စိတ်လှုပ်ရှားနေမိသည်။ သူသည် အေးချမ်းသော အပြုံး၊ ယဉ်ကျေးသော စကားပြောဆိုမှုတို့ဖြင့် လူများကို ခွန်အားပေးနိုင်သည့် သူတစ်ယောက် ဖြစ်သည်။ အလုပ်လုပ်ချိန်တွင် သူ၏ စူးရှသော မျက်လုံးများကိုလည်း သူမ မြင်ယောင်နေမိသည်။
“ကျွန်မ အဆင်သင့်ဖြစ်ပါပြီ၊ အယ်ဒီတာ။”
“အေး၊ ဒါဆို သွားကြစို့။”
သူတို့ နှစ်ယောက် ကားပါကင်သို့ ဆင်းလာကြသည်။ ဆိုမီက ကားပေါ်တက်ရင်း မေးလိုက်သည်။
“ဒီနေ့လည်း ဂူရိုကိုပဲ သွားမှာလား။”
“အင်း၊ စာရေးဆရာ ဟာက အဲ့ဒီနေရာကို ကြိုက်တယ်၊ အဲ့ဒီမှာက အဆင်ပြေတယ်လေ။”
ကားသည် ပါကင်ထဲမှ ထွက်လာသည်။ တဲဝမ်သည် ခဏအကြာ ကားမောင်းနေစဉ်အတွင်း ဘာစကားမှ မပြောပါ။ ဆိုမီသည်လည်း အရင် စကားမစဘဲ အပြင်ဘက်ကိုသာ ငေးကြည့်နေမိသည်။
ကားသည် မီးပွိုင့်တစ်ခုတွင် ရပ်လိုက်သောအခါ တဲဝမ်သည် ရေဒီယိုအသံကို လျှော့လိုက်ပြီး စကားစပြောသည်။
“အဲ့ဒီကို မရောက်ခင် ငါကြိုပြောစရာရှိသေးတယ်”
“ဟုတ်ကဲ့၊ ပြောပါ အယ်ဒီတာ။”
“ဥက္ကဋ္ဌက စာရေးဆရာ ဟာကို သီးသန့်စာချုပ်ချုပ်ချင်နေတယ်။”
“သီးသန့်စာချုပ် ဟုတ်လား?”
ဆိုမီ၏ မျက်လုံးများ အဝိုင်းသား ဖြစ်သွားတော့သည်။
“ဒါဆိုရင် စာရေးဆရာဟာက အခြားနေရာမှာ ဘာမှရေးလို့မရတော့ဘူးပေါ့ ဟုတ်လား?”
“အေး၊ ဥက္ကဋ္ဌက စာရေးဆရာဟာရဲ့ ဘယ်လက်ရာကိုမှ လက်လွတ်မခံချင်တော့ဘူး ဖြစ်နေတာ။”
ဆိုမီသည် တဲဝမ်၏ ခါးသီးသော အပြုံးကို မြင်နေရသည်။ အယ်ဒီတာအသစ်လေးတစ်ယောက်အနေဖြင့် သူမ ဘာပြန်ပြောရမှန်း မသိတော့ပါ။
“ငါ မကြာခင် အလုပ်ထွက်တော့မယ်။”
“အလုပ်... ထွက်မယ်? ကုမ္ပဏီကနေလားဟင်?”
ဒါက တကယ့်ကို အံ့ဩဖို့ကောင်းလှသည်။ ဆွံ့အသွားသော ဆိုမီ့ကို ကြည့်ရင်း တဲဝမ်က အေးစက်စွာ ဆက်ပြောသည်။
“ငါ ဒီမှာ နေခဲ့တာ ကြာပါပြီ။ အခု ကုမ္ပဏီရဲ့ အခြေအနေတွေနဲ့ဆိုရင် လမ်းကြောင်းအသစ် ရှာဖို့ အချိန်တန်ပြီ။ အတင်းနှင်ထုတ်မခံရခင် ကိုယ့်ဘာသာ ထွက်တာက ပိုကောင်းပါတယ်။”
“ဒါပေမဲ့ အယ်ဒီတာ...! ကျွန်မ ပြောရတာ ရိုင်းသလို ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ အယ်ဒီတာကအလုပ်မှာ တကယ်တော်တာပါ။ ဥက္ကဋ္ဌရဲ့ ယုံကြည်မှုကိုလည်း ရထားတာပဲ...”
“အဲ့ဒီ ယုံကြည်မှုကို ငါ ပြန်မဖြည့်ဆည်းပေးနိုင်တော့လို့ပေါ့။”
တဲဝမ်က ဆိုမီ၏ စကားကို ဖြတ်လိုက်သည်။ မီးပွိုင့်စိမ်းသွားသည်နှင့် သူသည် လီဗာကို နင်းလိုက်ပြီး စကားဆက်သည်။
“မင်း သိထားရုံပဲ ပြောပြတာပါ။ ငါ မင်းကို ပြောပြသင့်တယ်လို့ ထင်လို့ ပြောလိုက်တာ။”
“ဟုတ်ကဲ့...”
ဆိုမီသည် ခေါင်းငိုက်စိုက်ချကာ အားမရှိသော အသံဖြင့် ဖြေလိုက်သည်။ တဲဝမ်သည် ရေဒီယိုအသံကို ပြန်တင်လိုက်သည်။ စာသားတွေကို နားမလည်နိုင်သော ကေပေါ့ပ်သီချင်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။
...
“ဒါက အရင်စီးရီးရဲ့ အဆက်ဆိုတော့ စာချုပ်ကို အရင်အတိုင်းပဲ ဖြစ်စေချင်ပါတယ်။ ၁၀ ရာခိုင်နှုန်း၊ အုပ်ရေ ၃၀၀၀ ကျော်ရင် ၁ ရာခိုင်နှုန်း ထပ်တိုးမယ်၊ အီးဘွတ် အတွက်ကတော့ ၆ ရာခိုင်နှုန်းပေါ့။”
“ကျေးဇူးတင်ပါတယ် စာရေးဆရာဟာ၊ ကဲ... သောက်ပါဦး။”
ဂျယ်ဂန်းသည် တဲဝမ် ကမ်းပေးသော သောက်စရာကို လက်ခံလိုက်သည်။ စားပွဲပေါ်တွင် ဆာရှီမီ နှင့် ပင်လယ်စာများစွာ ရှိနေသည်။
“ကဲ... အောင်မြင်ပါစေ။”
“အောင်မြင်ပါစေ။”
တဲဝမ်၊ ဆိုမီနှင့် ဂျယ်ဂန်းတို့ သူတို့၏ ခွက်များကို တိုက်လိုက်ကြသည်။ သောက်ပြီးနောက် ဂျယ်ဂန်းသည် ငါးစိမ်းတစ်တုံးကို ပျော်ရွှင်စွာ မြည်းစမ်းလိုက်သည်။
“ဒါမျိုး မစားရတာ တော်တော်ကြာပြီ။ တကယ် အရသာရှိပုံပဲ။”
“အများကြီးစားပါ ဆရာ။ ဆရာ ငါးစိမ်းကြိုက်မှန်း သိလို့ပါ။”
“အာ... ကျွန်တော့်အတွက်တကယ်ကို အယ်ဒီတာပဲ ရှိတာပဲ။ ဆိုမီ၊ မင်းလည်း စားပါဦး။”
“အာ... ဟုတ်ကဲ့ပါ ဆရာ။”
ကြောင်အမ်းအမ်း ဖြစ်နေသော ဆိုမီသည် လန့်သွားပြီးမှ သူမ၏ တူကို ကောက်ကိုင်လိုက်သည်။ ဂျယ်ဂန်း စိတ်ထဲမှ တွေးနေမိသည်။
‘ဘာတွေ ဖြစ်နေတာလဲ။’
စာရေးဆရာတစ်ယောက်၏ အကဲခတ်နိုင်စွမ်းက သူ့ထံတွင် ပေါ်ထွက်လာသည်။ တဲဝမ်နှင့် ဆိုမီကြားတွင် လေးလံသော လေထုတစ်ခု ရှိနေသည်။ ၎င်းမှာ အရင်က တွေ့ဆုံမှုများနှင့် ကွာခြားနေသည်ကို ဂျယ်ဂန်း ခံစားမိသည်။ သို့သော် ဂျယ်ဂန်း အရင် စမမေးပါ။ အရေးကြီးလျှင် တဲဝမ် အရင်ပြောပြလိမ့်မည်ဟု သူသိသည်။ သူသည် သူ့စာရေးဆရာအတွက် အရာရာကို လုပ်ဆောင်ပေးသည့် အံ့သြစရာကောင်းသော အယ်ဒီတာတစ်ဦး မဟုတ်လား။ ထို့ကြောင့် ဂျယ်ဂန်း မူမမှန်တာကို ခံစားမိသော်လည်း စိတ်မလှုပ်ရှားခဲ့ပါ။
“ဒီဝတ္ထုက အရင်က ဇာတ်လိုက်နှစ်ယောက်ကို ပြန်သုံးထားတာဆိုတော့၊ အလွန်အမင်းကြီး ကောင်းဖို့တော့ မျှော်လင့်လို့ မရဘူး မဟုတ်လား?”
ဂျယ်ဂန်း၏ စကားကို တဲဝမ်က ဂရုတစိုက် ပြန်ဖြေသည်။
“ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်တယ်။ သိပ်တော့ မဆိုးနိုင်ပေမဲ့ အကြီးအကျယ် အောင်မြင်ဖို့တော့ ခက်လိမ့်မယ်။”
တဲဝမ်သည် မဟုတ်မမှန် ပြောတတ်သူ မဟုတ်ပါ။ ဂျယ်ဂန်းသည် ထိုအချက်ကြောင့်ပင် တဲဝမ်ကို သဘောကျခြင်း ဖြစ်သည်။ ဂျယ်ဂန်းက တဲဝမ်ကို သောက်စရာ ငှဲ့ပေးရင်း မေးခွန်းတစ်ခု ထုတ်လိုက်သည်။
“ကျွန်တော် ဝတ္ထုခေါင်းစဉ် စဉ်းစားနေတာ ဘာမှ ထွက်မလာဘူး ဖြစ်နေတယ်။ တခြားကမ္ဘာမှာ တိုက်ခိုက်ကြတာဆိုတော့ ‘လောကအဆင့်များ’ လို့ ပေးရမလား? ဒါမှမဟုတ် ‘နှစ်ဆအဆင့်များ’ ပေါ့? ဒါပေမဲ့ အဆင့်များ နဲ့ နှစ်ဆကို တွဲလိုက်ရင် တမျိုးကြီးပဲ။ အားလုံးက ထူးဆန်းနေသလိုပဲ။ အယ်ဒီတာ စိတ်ထဲမှာရော တစ်ခုခု ရှိလား?”
“... စာရေးဆရာဟာ။”
“ဗျာ?”
ဂျယ်ဂန်းသည် စကားရပ်ကာ တဲဝမ်ကို ကြည့်လိုက်သည်။ တဲဝမ်၏ မျက်နှာမှာ အရင်နှင့် မတူဘဲ ပြောင်းလဲနေသည်။
“ပြောပါ အယ်ဒီတာ။”
တဲဝမ် စိတ်ထဲတွင် ဒွိဟဖြစ်နေသည်။ သူသည် အခုထိ ကြယ်ပွင့်စာပေ ၏ အယ်ဒီတာ တစ်ယောက် ဖြစ်နေဆဲပါ။ သူ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ရမည်ဖြစ်သလို တခြားအရာများကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ထိုသို့တွေးရင်း တဲဝမ်က မေးလိုက်သည်။
“ဆရာဟာ၊ ကြယ်ပွင့်စာပေ ရဲ့ သီးသန့်စာရေးဆရာ အဖြစ် စာချုပ်ချုပ်ပေးဖို့ စဉ်းစားပေးနိုင်မလား?”