အခန်း (၃၆)
Vol. 4 Ch. 36
“အမ် သီးသန့်စာချုပ်ဟုတ်လား?”
“ဟုတ်ကဲ့၊ သီးသန့်စာချုပ်ပါ။ စာအုပ်တစ်အုပ်ချင်းစီအတွက် စာချုပ်မျိုး မဟုတ်ဘဲ စာရေးဆရာ ဟာနဲ့ တိုက်ရိုက်ချုပ်ဆိုမယ့် စာချုပ်မျိုးပါ။”
ဂျယ်ဂန်း၏ အကြည့်သည် ဖြည်းဖြည်းချင်း အောက်သို့ စိုက်ကျသွားသည်။
ဂျယ်ဂန်း စဉ်းစားနေမိသည်။ သူသည် သီးသန့်စာချုပ် ချုပ်ဆိုနိုင်သည့်အဆင့်အထိ ကြီးထွားလာခဲ့ပြီဖြစ်သည်။ ၎င်းမှာလည်း ပြည်တွင်း ဝတ္ထုလောက၏ ထိပ်တန်းကုမ္ပဏီ သုံးခုစာရင်းဝင် ကုမ္ပဏီတစ်ခုထံမှ ဖြစ်သည်။
အကယ်၍ သူသည် သီးသန့်စာရေးဆရာ ဖြစ်လာပါက တခြား မည်သည့်ကုမ္ပဏီနှင့်မျှ လက်ရာသစ်များ ထုတ်ဝေနိုင်တော့မည် မဟုတ်ပါ။
သူ စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီတစ်ခုတည်းနှင့်သာ အလုပ်လုပ်ရတော့မည် ဖြစ်သည်။
ဒါ့အပြင် သူသည် ပုံမှန်ဝန်ထမ်းတစ်ဦးကဲ့သို့ လစဉ်လစာကို အချိန်မှန် ရရှိတော့မည်ဖြစ်သည်။ သီးသန့်စာရေးဆရာတစ်ဦး ဖြစ်လာသည့်အတွက် ပိုမိုကောင်းမွန်သော ဆက်ဆံမှုများနှင့် ပံ့ပိုးကူညီမှုများကိုလည်း မျှော်လင့်နိုင်သည်။
‘ဒါပေမဲ့...’
အရင်က ဂျယ်ဂန်း ကြယ်ပွင့်စာပေ ၏ သီးသန့်စာရေးဆရာများကို အားကျခဲ့ဖူးသည်။
သူတို့ကရောင်းအားကောင်းသော စာရေးဆရာများ ဖြစ်ကြသဖြင့် သီးသန့်စာချုပ်ချုပ်ဆိုရန် အရည်အချင်း ပြည့်မီကြသူများ ဖြစ်သည်။ သီးသန့်စာချုပ်များကိုသာ လုပ်ဆောင်သည့် ကုမ္ပဏီအချို့ ရှိသော်လည်း ၎င်းတို့မှာ အလွန်နည်းပါးလှသည်။
ဂျယ်ဂန်း ကြယ်ပွင့်စာပေ ၏ သီးသန့်စာရေးဆရာအချို့ကို မြင်တွေ့ဖူးပြီး သူတို့သည် စာမရေးနိုင်သည့်တိုင်အောင် အေးအေးဆေးဆေး ရှိနေကြသည်ကို သတိထားမိသည်။ ၎င်းမှာ သူတို့၏ လစာကြောင့် ဖြစ်သည်။ သူတို့သည် စာမရေးနိုင်သည့်အခါများတွင် နိုင်ငံတကာသို့ ခရီးထွက်ခြင်း၊ ဈေးဝယ်ထွက်ခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ ၎င်းတို့ကို လူမှုကွန်ရက်စာမျက်နှာ များတွင် မြင်တွေ့နိုင်သည်။
“ဒါက စဉ်းစားဖို့ အချိန်လိုမယ့် ကိစ္စမှန်း ကျွန်တော် သိပါတယ်”
တဲဝမ်က ပုလင်းအသစ်တစ်လုံးကို ဖွင့်ရင်း ပြောလိုက်သည်။
“အေးအေးဆေးဆေး စဉ်းစားပါ။ အခုချက်ချင်း ဆုံးဖြတ်ဖို့ မလိုပါဘူး။”
ဂျယ်ဂန်း ပုလင်းကို ယူလိုက်ပြီး တဲဝမ်နှင့် ဆိုမီတို့အတွက် ငှဲ့ပေးလိုက်သည်။ သူတို့ နောက်တစ်ကြိမ် ခွက်ချင်းတိုက်ပြီးနောက် ဂျယ်ဂန်းက ရှင်းလင်းစွာ ပြောလိုက်သည်။
“ကျွန်တော် အခုပဲ ဆုံးဖြတ်လိုက်ပါ့မယ်။”
တဲဝမ်နှင့် ဆိုမီတို့ ထိုနေရာမှာတင် ရပ်တန့်သွားကြသည်။ ဂျယ်ဂန်းသည် တစ်ငုံတည်းနှင့် ကုန်အောင်သောက်လိုက်ပြီး ခွက်ကို စားပွဲပေါ်သို့ ချလိုက်သည်။
“ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် သီးသန့်စာချုပ် မချုပ်နိုင်ဘူးလို့ ထင်ပါတယ်။”
“သိပြီ။”
“ကျွန်တော်က စာရေးဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ချည်နှောင်မထားချင်ဘူး။ အရင်ကလိုပဲ လွတ်လွတ်လပ်လပ် ရေးသားရင်းနဲ့ပဲ ဘဝကို ဖြတ်သန်းချင်တယ်။”
တဲဝမ်က ခါးသီးစွာ ပြုံးလိုက်သည်။ ဤသို့ ဖြစ်လာမည်ကို သူ သိထားပြီးသားပါ။ တစ်ချိန်တည်းမှာပင် ပျော်ရွှင်မှုနှင့် စိတ်ပျက်မှုတို့ ရောပြွမ်းနေသည့် ထူးဆန်းသော ခံစားချက်တစ်ခု ဝင်လာသည်။
“ဆရာ မှန်ကန်တဲ့အရာကို လုပ်နေတာမှန်း ကျွန်တော် သိပါတယ်၊ ကျွန်တော် ဆရာ့ကို အားပေးနေပါ့မယ်။”
သူ့ဘေးရှိ ဆိုမီက တဲဝမ်ကို လှည့်ကြည့်လိုက်သည်။
တကယ်ပဲ ဒီအတိုင်းလား? ထပ်ပြီး ဖျောင်းဖျတာ ဒါမှမဟုတ် ငြင်းခုံတာတွေ မရှိတော့ဘူးလား? သူ ကုမ္ပဏီကို ပြန်ရောက်ရင် ဥက္ကဋ္ဌကို ဘယ်လို ပြောမှာလဲ?
ဂျယ်ဂန်းသည် ဆလတ်ရွက်အချို့ကို ယူလိုက်သည်။ ဆလတ်ရွက်ပေါ်တွင် ငါးစိမ်းတစ်တုံး တင်လိုက်ပြီး သူက ဆက်ပြောသည်။
“ကျွန်တော်က ကြယ်ပွင့်စာပေ ရဲ့ စာရေးဆရာ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။”
“ဗျာ?”
တဲဝမ်ကို ကြည့်ရင်း ဂျယ်ဂန်းက ပြုံးနေသည်။
“ကျွန်တော်က အမြဲတမ်း အယ်ဒီတာနဲ့ပဲ စာချုပ်ချုပ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ ထိန်းထားနိုင်သရွေ့ ဆက်ရှိနေမှာပါ။”
“ဒီလိုကြားရတဲ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ ကျွန်တော် ဘာမှ ဒီ့ထက်ပိုကောင်းအောင်မလုပ်ပေးနိုင်ခဲ့ပါဘူး။”
“ဘာတွေ ပြောနေတာလဲ။ ပင်ပန်းနေပြီဆိုပြီး ကျွန်တော့်ကို အဝေးတော့ တွန်းမထုတ်လိုက်ပါနဲ့နော် (အသည်းတွေယားလိုက်တာ စကားပြောပုံတွေက -_-) ။”
ထိုသူနှစ်ယောက် စကားပြောနေသည်ကို ကြည့်ပြီး ဆိုမီ နားလည်သွားသည်။
သူတို့သည် တစ်ဦးပေါ်တစ်ဦး စာနာထောက်ထားနေကြခြင်း ဖြစ်သည်။ စာရေးဆရာနှင့် အယ်ဒီတာကြားရှိ သံယောဇဉ်ကြောင့် သူတို့ တခြားဘာမှ ပြောစရာမလိုဘဲ သူတို့၏ မျက်လုံးချင်း အကြည့်များမှတစ်ဆင့် တစ်ဦးကိုတစ်ဦး နားလည်နိုင်ကြသည်။
“ဒါ လတ်ဆတ်တုန်း စားလိုက်ပါ။ မြန်မြန်လေး”
“ကျွန်တော်လည်း အသည်းအသန် စားနေတာပဲ။ အယ်ဒီတာနဲ့ ဆိုမီလည်း စားကြဦးလေ။ ကျွန်တော် ကြည့်နေတာ ခင်ဗျားတို့ ဘာမှ မစားကြသေးဘူး။”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ စားပါ့မယ် ဆရာ။”
ထို့နောက်တွင်တော့ အလုပ်အကြောင်း ဆွေးနွေးမှုများ မရှိတော့ပါ။
၂ နာရီကြာအောင် ထိုသုံးဦးသား ဘဝအကြောင်း သို့မဟုတ် စာပေလောကအကြောင်း အသေးအဖွဲလေးများကို ပြောဆိုခဲ့ကြသည်။ ဆာရှီမီပန်းကန် ကုန်သွားပြီး ငါးစွပ်ပြုတ်အိုးလည်း ခမ်းလုနီးပါး ဖြစ်သွားသည်။
“ကောင်းကောင်း စားခဲ့ရပါတယ်”
“မဟုတ်ပါဘူး၊ ဆရာ့ကြောင့် ကျွန်တော်တို့လည်း ကောင်းကောင်း စားခဲ့ရတာပါ။”
တဲဝမ်က ကုမ္ပဏီကတ်ကို အသုံးပြုရင်း ပြုံးပြလိုက်သည်။
သူတို့ စားသောက်ဆိုင်မှ ထွက်လာသောအခါ အေးမြသည့် လေညင်းက သူတို့ သုံးဦးကို တိုးဝှေ့၍ ဖြတ်ကျော်သွားသည်။ ည ၉ နာရီ ကျော်လုနီးပါး ရှိနေပြီ။
“အာ... ကျွန်တော်တို့ စကားပြောနေရင်း အချိန်တွေကုန်သွားလို့ စာချုပ်ကိစ္စ မလုပ်ဖြစ်လိုက်ဘူးပဲ။”
တဲဝမ်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။
၎င်းမှာ နောက်ဆက်တွဲ ဝတ္ထုအတွက် စာချုပ်ကိစ္စ ဖြစ်သည်။ သူ လုံးဝ မေ့သွားခဲ့ခြင်း ဖြစ်သည်။
“အခုပဲ လုပ်လို့ရပါတယ်။ ကဖေးတစ်ခုမှာ ကော်ဖီသောက်ရင်း လုပ်ကြတာပေါ့။ ကော်ဖီကို ကျွန်တော် ဝယ်တိုက်ပါ့မယ်။”
ဂျယ်ဂန်းက လမ်းတစ်ဖက်ရှိ ကဖေးဆိုင်လေးကို ညွှန်ပြလိုက်သည်။
တဲဝမ်က သူ့နာရီကိုကြည့်ပြီး အခက်တွေ့သွားသည်။ အမှန်တော့ သူ့မှာ အချိန်မရှိတော့ပါ။ ည ၉ နာရီခွဲတွင် စာရေးဆရာတစ်ဦးနှင့် အစည်းအဝေးအသေးစားလေးတစ်ခု ရှိနေသောကြောင့်ဖြစ်သည်။ အယ်ဒီတာတစ်ယောက်၏ ဘဝဆိုသည်မှာ အမြဲတမ်း ဤကဲ့သို့ ရှုပ်ထွေးလှသည်။
“ကျွန်မ ဆရာ့ကို ခေါ်သွားပြီး စာချုပ်ချုပ်လိုက်ပါ့မယ်။”
တဲဝမ်၏ အချိန်ဇယားကို သိနေသော ဆိုမီက ဝင်ပြောလိုက်သည်။ စာချုပ်ပါ အချက်အလက်များကိုလည်း ဆွေးနွေးပြီးသားဖြစ်၍ ၎င်းမှာ ခက်ခဲသောအလုပ် မဟုတ်ပါ။
“အာ... စာရေးဆရာဟာ, တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် သွားစရာလေး တစ်နေရာရှိလို့။”
“ရပါတယ်၊ အလုပ်ရှိရင် သွားပါ။ နောက်မှ ပြန်တွေ့ကြတာပေါ့။”
“ဟုတ်ကဲ့ ဆရာ။ ဆိုမီ, ရော့... ဒါက စာချုပ်။”
တဲဝမ်သည် သူ့အိတ်ထဲမှ စာချုပ်ကို ထုတ်ကာ ဆိုမီ့ကို ပေးလိုက်သည်။
“ဒါဆို ကျွန်တော် သွားပြီနော်။ ဆရာ၊ ဂရုစိုက်ပါ။ ဆိုမီ၊ မနက်ဖြန်မှ တွေ့ကြမယ်။”
“ဟုတ်ကဲ့၊ သွားပါတော့ အယ်ဒီတာ။”
တဲဝမ်သည် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
ဂျယ်ဂန်းနှင့် ဆိုမီတို့သည် လမ်းတစ်ဖက်ရှိ ကဖေးဆိုင်ထဲသို့ ဝင်လာကြသည်။
“ဘာသောက်ဦးမလဲ ဆရာ?”
“ကျွန်တော် ဝယ်တိုက်ပါ့မယ်၊ ဆိုမီ ဘာသောက်မလဲ?”
“မဟုတ်တာ၊ ကုမ္ပဏီကတ်နဲ့ ဝယ်လို့ရတာပဲ နေပါ ဆရာ။”
“မလိမ်ပါနဲ့၊ အယ်ဒီတာက ကတ်ကို ယူသွားပြီလေ။ ကျွန်တော်ပဲ ဝယ်ပါရစေ။ အနည်းဆုံး ကော်ဖီလောက်တော့...။”
ဂျယ်ဂန်းက မီနူး ကို ကြည့်ရင်း ပြောလိုက်သည်။ ဆိုမီက မီနူးကို ကြည့်ပြီး ပြန်ဖြေသည်။
“ဒါဆို ကျွန်မကို ကော်ဖီမိုခါ တစ်ခွက် ပေးပါ။”
“အိုက်စ်အမေရိကာနို တစ်ခွက်နဲ့ ကော်ဖီမိုခါ တစ်ခွက် ပေးပါ။”
ဆိုင်တွင် လူမရှိသဖြင့် အော်ဒါက အမြန်ပင်ရရှိလာသည်။ ဂျယ်ဂန်းနှင့် ဆိုမီ ထောင့်ကျသော စားပွဲတစ်ခုတွင် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ကြသည်။
“ဝတ္ထုခေါင်းစဉ်ကို အရင်ဆုံး သတ်မှတ်ရအောင်။”
စားပွဲပေါ်တွင် စာချုပ်ကို တင်လိုက်ရင်း ဆိုမီက ပြောသည်။ ဂျယ်ဂန်းက ဘောပင်ကို ယူလိုက်သည်။
“ယာယီနာမည် တစ်ခုပဲ အရင်ပေးထားလိုက်မယ်။”
ဆိုမီသည် စာချုပ်ပါ အချက်အလက်များကို အမြန်ဖြည့်စွက်လိုက်ပြီး ဂျယ်ဂန်းက တစ်ချက်ချင်းစီ အတည်ပြုကာ လက်မှတ်ထိုးလိုက်သည်။ ထို့ကြောင့် စာချုပ်ချုပ်ဆိုမှုမှာ အလွန်ပင် လျင်မြန်စွာ ပြီးဆုံးသွားသည်။
“ဆရာ နောက်ထပ်အများကြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ အခု ဝတ္ထုကို အုပ်ရေ ဘယ်လောက်လောက် ထွက်ဖို့ စီစဉ်ထားလဲဟင်?”
“၁၀ အုပ်လောက် ထွက်မယ် ထင်တာပဲ။ အရင်ဝတ္ထုတွေက ဇာတ်လိုက်နှစ်ယောက်က တိုက်ခိုက်ကြရင်းနဲ့ နောက်ပိုင်းမှာ ရဲဘော်ရဲဘက်တွေ ဖြစ်သွားကြမှာ။ သူတို့နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ အများကြီး ရှိလာဦးမှာပါ။”
“ကျွန်မလည်း စာဖတ်သူတစ်ယောက်အနေနဲ့ တကယ် သိချင်မိတယ်။ ချွန်မာ နဲ့ ယူဂျင် နှစ်ယောက်စလုံး ပါလာမယ့် စာအုပ်ဆိုတော့။ တစ်ယောက်က ဝုန်းဒိုင်းကြဲတတ်တဲ့သူ၊ နောက်တစ်ယောက်ကတော့ အေးစက်စက်နဲ့ လောကကြီးကို စိတ်ပျက်နေတဲ့သူဆိုတော့ လုံးဝ ဆန့်ကျင်ဘက်တွေပဲ။”
“အင်း၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း အတိအကျ မပြောနိုင်သေးဘူး။ အာ... မိုးရွာနေတာလား?”
ပြတင်းပေါက်အပြင်ဘက်တွင် မိုးများ စတင်ရွာသွန်းနေသည်။ အပြင်ကလူများသည် မိုးလွတ်ရန် အပေါ်အင်္ကျီများနှင့် အိတ်များကို ခေါင်းပေါ်တင်ကာ ပြေးလွှားနေကြသည်။
“ဘယ်လိုလုပ်မလဲ? ဆရာ့မှာ ထီးမပါဘူး မဟုတ်လား? ကျွန်မ ဆိုင်မှာ သွားဝယ်ပေးမယ်လေ။”
ဆိုမီက ထရပ်ရန် ပြင်လိုက်သည်။ ဂျယ်ဂန်းက အံ့ဩသွားပြီး သူမကို လက်ယမ်းကာ တားလိုက်သည်။
“ဆိုင်က ဒီဘေးတင်ပဲလေ။ ကျွန်တော်တို့ ပြန်ခါနီးမှပဲ ဝယ်ကြတာပေါ့။”
“အာ... ဟုတ်ကဲ့၊ အဲ့ဒီလိုပဲ လုပ်ကြတာပေါ့။”
သူမသည် လုပ်သမျှ အရာရာတိုင်းကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်တတ်သူဖြစ်၍ တစ်ခါမျှ စိတ်အေးလက်အေး ရှိပုံမရပေ။ အရက်ရှိန်ကြောင့်လည်း ပါနိုင်သော်လည်း၊ အမြဲတမ်း အလျင်စလို လှုပ်ရှားနေရသော ဆိုမီ့ကို ကြည့်ပြီး ဂျယ်ဂန်း စိတ်မကောင်း ဖြစ်မိသည်။
“ဆိုမီ။”
“ရှင်၊ ပြောပါ ဆရာ။”
“အယ်ဒီတာ့မှာ တစ်ခုခု အဆင်မပြေတာ ရှိလို့လား?”
ဂျယ်ဂန်းက မေးလိုက်သည်။
သူသည် ဤကဖေးဆိုင်သို့ ဆိုမီနှင့်အတူ လာကတည်းက ဤမေးခွန်းကို မေးရန် စီစဉ်ထားခြင်းဖြစ်သည်။
ဆိုမီသည် မျက်နှာပျက်သွားပြီး အနည်းငယ် တုန်ခါသွားသည်။
“အယ်ဒီတာ ပင်ပန်းနေလို့ ဖြစ်ပါလိမ့်မယ်။”
ဆိုမီ၏ စကားကြောင့် ဂျယ်ဂန်းက ခေါင်းစောင်းပြီး စဉ်းစားဟန်ပြုလိုက်သည်။
“ဒါပေမဲ့ သူပင်ပန်းနေရင်တောင် ဒီနေ့ သူက တော်တော်လေး ကွာခြားနေသလိုပဲ။ ပြီးတော့ ဆိုမီ့မျက်နှာလည်း သိပ်မကောင်းဘူး။”
“ဆရာ အဲ့ဒါကို သတိထားမိတာလား?”
“သေချာတာပေါ့ လုံးဝပဲ။”
“ဒါက ကျွန်မ မနေ့က ကောင်းကောင်း အိပ်မပျော်လို့ ဖြစ်ပါလိမ့်မယ်။ တောင်းပန်ပါတယ်နော်၊ ကျွန်မကြောင့် ဆရာ စိတ်အနှောင့်အယှက် ဖြစ်သွားပုံပဲ။ အယ်ဒီတာလည်း ခုတလော ညပိုင်းဆက်တိုက် အလုပ်လုပ်နေရလို့ပါ။”
ဆိုမီသည် အမှန်တရားကို မပြောဘဲ ဖုံးကွယ်ထားလိုက်သည်။
ဆိုမီက တဲဝမ်၏ လက်အောက်တွင် အလုပ်လုပ်နေသည့် အယ်ဒီတာတစ်ဦးဖြစ်ပြီး ဂျယ်ဂန်းမှာမူ စာရေးဆရာတစ်ဦး ဖြစ်သည်။
ကုမ္ပဏီတွင်းကိစ္စများကို ပြောပြခြင်းဖြင့် ဂျယ်ဂန်းကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ဟု သူမ ယူဆသောကြောင့် ဘာမှမပြောရန် ဆုံးဖြတ်ထားသည်။
“အယ်ဒီတာ ပင်ပန်းနေလို့ ဖြစ်ပါလိမ့်မယ်။”
ဂျယ်ဂန်းက နားလည်သလို ခေါင်းညိတ်ပြသည်။ ဆိုမီ တစ်ခုခုကို ဖုံးကွယ်ထားသည်ကို သူ ခံစားမိသော်လည်း ထပ်မေးရန်မှာ အားနာစရာ ဖြစ်နေသည်။
“ကဲ... စာချုပ်ကိစ္စလည်း ပြီးပြီဆိုတော့ ပြန်ကြရအောင်လေ။ ဆိုမီလည်း နားသင့်ပြီ။”
ဂျယ်ဂန်းက ထိုင်ခုံကို နောက်သို့ဆွဲကာ အရင်ဆုံး ထရပ်လိုက်သည်။ ဆိုမီလည်း လွယ်အိတ်ကိုဆွဲကာ ထလိုက်သည်။
“ထီးသွားဝယ်ကြစို့။”
ဂျယ်ဂန်း ပြောလိုက်ချိန်တွင် မိုးမှာ ပို၍ပင် သည်းထန်စွာ ရွာသွန်းနေတော့သည်။
ဂျယ်ဂန်းနှင့် ဆိုမီတို့သည် အဆောက်အအုံချင်း ဆက်ထားသော လမ်းမှတစ်ဆင့် စတိုးဆိုင်ထဲသို့ ဝင်လာခဲ့ကြသည်။ ထီးဝယ်ရန် စောင့်နေသည့်သူ ၃-၄ ယောက်ခန့် ရှိနေသည်။
“အာ... ဟယ်လို။ ထီးက တစ်ချောင်းပဲ ကျန်တော့တာလားခင်ဗျာ?”
အရောင်းစာရေးက ဂျယ်ဂန်းကို ပြန်ဖြေသည်။
“ဟုတ်ကဲ့။ ဒီနေ့အတွက် နောက်ထပ် ပစ္စည်းအသစ် မရောက်တော့လို့ အဲ့ဒါ နောက်ဆုံးတစ်ချောင်းပါပဲ။”
“နည်းနည်းလေး နောက်ကျသွားရင် ဒုက္ခရောက်တော့မှာပဲ။”
ဂျယ်ဂန်းသည် နောက်ဆုံးကျန်သော ပန်းရောင်ထီးလေးကို ဝယ်ယူလိုက်သည်။ သူသည် ဆိုမီ့အနားသို့ တိုးသွားကာ ထီးကို ၎င်းတို့နှစ်ဦးစလုံး လွတ်အောင် မိုးပေးလိုက်ပြီး ပြောလိုက်သည်။
“အတူတူ လမ်းလျှောက်ရတာလည်း မဆိုးပါဘူး။ နည်းနည်းတော့ သေးပေမဲ့ သွားကြစို့။”
“ဟုတ်ကဲ့...”
ဆိုမီသည် သူမ၏ ခြေထောက်ကို ငုံ့ကြည့်ရင်း ရှက်ကိုးရှက်ကန်း အသံဖြင့် ပြန်ဖြေသည်။
လူနှစ်ယောက်သည် ပန်းရောင်ထီးလေးတစ်ချောင်းအောက်တွင် မြေအောက်ရထားဘူတာဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကြသည်။ ဂျယ်ဂန်းသည် ထီးကိုင်ထားသည့် လက်ကို ပြောင်းလိုက်ပြီး ဆိုမီ့ကို လမ်းအတွင်းဘက်သို့ ပို့ပေးလိုက်သည်။ ကားလမ်းဘက်မှ သူမကို ကာကွယ်ပေးလိုက်သည့် ဂျယ်ဂန်း၏ ထိုသေးငယ်သည့်ဂရုစိုက်မှုလေးကြောင့် ဆိုမီ ပြုံးလိုက်မိသည်။
မြေအောက်ရထားဘူတာသည် သိပ်မဝေးပါ။ လမ်းကူးပြီး လှေကားပေါ် တက်လိုက်သည်နှင့် လမ်းခွဲရမည့် အချိန်သို့ ရောက်လာသည်။
“ဂရုစိုက်သွားနော်။ ပြီးတော့ ဒါယူသွားပါ။”
သူတို့ ဘူတာထဲသို့ မဝင်ခင်မှာပင် ဂျယ်ဂန်းက ထီးကို ဆိုမီ၏ လက်နှစ်ဖက်ထဲသို့ ထည့်ပေးလိုက်သည်။
ရှက်နေသော ဆိုမီ့ကို ကြည့်ပြီး ဂျယ်ဂန်းက တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
“ပန်းရောင်က ကျွန်တော့်စတိုင် မဟုတ်လို့။ ကဲ... သွားပြီနော်။”
“စာ... စာရေးဆရာဟာ။ ကျွန်မ ရထားပေါ်က ဆင်းရင်လည်း မိုးမိစရာ အကြောင်းမရှိတော့ပါဘူး။”
“ဒီအပတ်အကုန်မှာ အပိုင်း (၅) ပိုင်းစာ စာအုပ်မူကြမ်းကို ပို့ပေးပါ့မယ်။”
ဂျယ်ဂန်းက ကျောခိုင်းလှည့်ထွက်သွားရင်း လက်ယမ်းပြနေခဲ့ပြီ ဖြစ်သည်။
ဆိုမီသည် ဂျယ်ဂန်းကို ကြည့်ရင်း သူမလက်ထဲရှိ ထီးလေးကို ငုံ့ကြည့်လိုက်သည်။ သူမ၏ လက်ကလေးနှစ်ဖက်ဖြင့် ထိုထီးလေးကို တန်ဖိုးရှိသော လက်ဆောင်တစ်ခုကဲ့သို့ တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
...
“အင်တာဗျူး လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ တည်းဖြတ်ပြီးတာနဲ့ ဆရာ့ကို ချက်ချင်း ပို့ပေးပါ့မယ်။”
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ဂရုစိုက်သွားပါ။”
နာဗင်မှ ဝန်ထမ်းများ တံခါးအပြင်ဘက်သို့ ထွက်သွားကြသည်။
ဂျယ်ဂန်းသည် ထိုင်ချလိုက်ရင်း သက်ပြင်းချလိုက်သည်။ သူ၏ ကျောပြင်မှာ ချွေးများဖြင့် စိုရွှဲနေသည်။
“အင်တာဗျူး ဖြေရတာ တကယ့်ကို ခက်တာပဲ။ ဘာလို့ ဒီလောက် အချိန်အများကြီး ပေးရတာလဲ။ ဓာတ်ပုံတွေလည်း အများကြီးပဲ။”
“မြောင်...”
ရီခါက ဂျယ်ဂန်း၏ ဒူးပေါ်သို့ ခုန်တက်လာသည်။
သူတို့သည် ဂျယ်ဂန်းနှင့် ရီခါ အတူတူရှိနေသည့် ပုံများကိုလည်း ရိုက်ခဲ့ကြသည်။ ကြောင်တစ်ကောင်ရှိသည့် စာရေးဆရာက ပုံထွက်ပိုကောင်းသည်ဟူသော အကြံပြုချက်ကြောင့် ဖြစ်သည်။ ရီခါသည် ပုံမှန်ထက် ပိုပင်ပန်းနေပုံရသည်။
“ဒါပေမဲ့ ငါ ‘ပျမ်ချွမ်ယု’ ဆိုတဲ့ နာမည်နဲ့ ဝတ္ထုတွေ ရေးခဲ့တယ်ဆိုတာ သူတို့ကို မပြောလိုက်ရဘူး။ ဖုံးကွယ်ထားချင်လို့တော့ မဟုတ်ပါဘူး၊ ထားပါတော့လေ၊ သိပ်လည်း အရေးမကြီးပါဘူး။”
ဂျယ်ဂန်းသည် ရီခါ့ကို ဒူးပေါ်တင်ထားလျက်နှင့် အလုပ်ပြန်စလိုက်သည်။
၎င်းမှာ ဟီတဲမီဒီယာ အတွက် မူကြမ်းဖြစ်သည်။ ပထမတစ်အုပ် ပြီးသွားပြီဖြစ်၍ ဒုတိယမြောက်ကို စတင်နေခြင်း ဖြစ်သည်။ ယခင်ဇာတ်လမ်းက ဇာတ်ကောင်၏သားမှာ ဓားသမားဖြစ်သောကြောင့် ဝတ္ထုခေါင်းစဉ်ကို ‘ပီဂယ်လွန်ရဲ့ ဓားသမား’ ဟု ပေးထားသည်။
‘၄ ရက်အတွင်းမှာ ဟီတဲမီဒီယာ ကို ၅ အုပ်စာ ပို့လိုက်မယ်။ ပြီးရင် တနင်္လာနေ့ကျရင် အဆင့်များ စီးရီးရဲ့ တတိယပိုင်းကို စရေးမယ်။’
သူ၏ လက်ချောင်း ၁၀ ချောင်းသည် ကီးဘုတ်ပေါ်တွင် ပျံလွှားနေသည်။
ဆုဂန်းဝို၏ လက်တော့ပ်နှင့် ယခင်စီးရီး၏ ကမ္ဘာကို ပြန်လည်အသုံးပြုနိုင်သည့် စွမ်းအားကြောင့် သူ၏ စာရေးသားမှုသည် အလွန်ပင် လျင်မြန်လှသည်။
ရီခါက သူ့ဒူးပေါ်မှ ဆင်းသွားသည်ကိုပင် သတိမထားမိသလို၊ နေဝင်သွားသည်ကိုလည်း သတိမပြုမိဘဲ ဂျယ်ဂန်းသည် သူ၏ အလုပ်ထဲတွင်သာ အလုံးစုံ နစ်မြုပ်နေခဲ့တော့သည်။