← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

၄ ရက်မြောက်နေ့ မနက်ခင်း။

ဟီတဲမီဒီယာအဖွဲ့သားများအားလုံး စားပွဲတွင်ထိုင်ကာ ကွန်ပျူတာစခရင်ကို မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။ လူတိုင်း ဝတ္ထုတစ်ပုဒ်တည်းကိုသာ ဖတ်နေကြခြင်း ဖြစ်သည်။

ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မောက်စ်နှိပ်သံ၊ ကီးဘုတ်ရိုက်သံနှင့် ကော်ဖီသောက်သံများသာ ထွက်ပေါ်နေသည်။

‘ဝါး... ဒါ တကယ်ကောင်းတာပဲ။ ဘာလဲ... ပြီးသွားပြီလား?’

ပတ်ဂျောင်ဆူသည် ဒုတိယတွဲကို ဖတ်ပြီးသည်နှင့် တတိယတွဲ မူကြမ်းကို ချက်ချင်း ကလစ်နှိပ်လိုက်သည်။ သူသည် အယ်ဒီတာတစ်ယောက်အနေနှင့် ဖတ်ရမည်ကိုပင်မေ့သွားပြီး စာဖတ်သူတစ်ယောက်ကဲ့သို့ ဇာတ်လမ်းထဲတွင် အလုံးစုံ စီးမျောနေမိသည်။

မာဂျောင်ဂုလည်း ထိုနည်း၎င်းပင်။

‘ဒီကောင် တကယ်ကို အံ့သြဖို့ကောင်းတာပဲ...! သူ ဆေးတွေဘာတွေများချထားသေးလား? ငါ့ကို အံ့သြအောင် လုပ်လို့ကို မပြီးနိုင်တော့ဘူး!’

ဂျောင်ဂု၏အလုပ်မှာ စီးပွားရေးပိုင်းကိုသာ အဓိက ကိုင်တွယ်ခြင်း ဖြစ်သဖြင့် အယ်ဒီတာပိုင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုကို ဂျောင်ဆူကဲ့သို့ လက်အောက်ငယ်သားများကိုသာ လွှဲထားလေ့ရှိသည်။ သို့သော်ယခုတွင်မူ သူ ဂျောင်ဂုကိုယ်တိုင်ပင် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဝတ္ထုထဲ၌ နစ်ဝင်နေပြီး၊ သူ၏ လည်စည်းကိုတောင် အသက်ရှူကျပ်၍ အတန်ငယ်ဖြေလျှော့ထားရသည်။

မနက် ၁၁ နာရီအထိ အချိန်များ ကုန်လွန်သွားသည်။

ဂျောင်ဂုသည် သူပေးထားသည့် အချက်ပေးသံတုန်ခါလာသဖြင့် မော့ကြည့်လိုက်ရာ စခရင်တွင် မျက်နှာအပ်ထားကြသည့် ဝန်ထမ်းများကို မြင်လိုက်ရသည်။

“ဘယ်လိုလဲ? အစည်းအဝေးခန်းထဲ သွားနေစရာ မလိုတော့ဘူး၊ ဒီမှာပဲ ပြောလိုက်ကြရအောင်။”

“တကယ့်ကို မွန်းစတားပါပဲဗျာ။”

ဝန်ထမ်းတစ်ဦးက ဂျောင်ဂုကို ကြည့်ပြီး လက်မထောင်ပြလိုက်သည်။

“အရင်ကမ္ဘာက ဇာတ်လမ်းနဲ့ ဇာတ်လိုက်ရဲ့သားကို အဓိကထားတာဆိုတော့ အရင်ဝတ္ထုမဖတ်ဖူးတဲ့သူတွေအတွက် ခက်ခဲမယ် ထင်ခဲ့တာ။ ဒါပေမဲ့ အခုဖတ်ကြည့်တော့ ဘာမှ မခက်ခဲဘူးပဲ။”

နောက်ထပ် အမျိုးသမီး ဝန်ထမ်းတစ်ဦးက ဆက်ပြောသည်။

“ကျွန်မလည်း အဲ့ဒီလိုပဲ ထင်တယ်။ ‘ပီဂယ်လွန်ရဲ့ မှော်ဆရာ’ ကို ဖတ်ဖူးရင် ပိုပြီး အရသာတွေ့မယ်၊ မဖတ်ဖူးရင်လည်း ဒီအတိုင်းပဲ နှစ်သက်သွားမှာ သေချာတယ်။”

ဂျောင်ဆူက နောက်ဆုံးစကားကို ဆိုလိုက်သည်။

“ဇာတ်လမ်းက တက်ကြွပြီး မြန်ဆန်တယ်။ အခု ဇာတ်လိုက်က ဓားသမားဆိုတော့ တိုက်ပွဲတွေက အရင်ထက် ပိုပြင်းထန်တယ်။ အုပ်ရေ အများကြီး ရောင်းရမယ်လို့ ကျိန်းသေ မပြောနိုင်ပေမဲ့ အနည်းဆုံး ၃၀၀၀ ကတော့ ဘာမှ မခက်ခဲဘူးလို့ မြင်ပါတယ်။”

ဂျောင်ဂုက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ဝန်ထမ်းအားလုံးမှာ သူနှင့် စိတ်ကူးချင်း တူနေကြသည်။ သူ ဖုန်းကိုထုတ်ကာ ချက်ချင်းပင် ဖုန်းခေါ်လိုက်သည်။

ဘီပ်! ဘီပ်!

ရေချိုးခန်းသို့သို့မသွားခင် ကုတင်ပေါ်တွင် ထားခဲ့သည့် ဖုန်းမှာ တုန်ခါနေသည်။ ဂျယ်ဂန်းသည် ခေါင်းကို သဘက်ဖြင့် သုတ်ရင်း ဖုန်းဆီသို့ လျှောက်သွားလိုက်သည်။

“ဘာလား... တည်းဖြတ်တာက အခုတည်းက ပြီးသွားပြီလား?”

စခရင်ပေါ်မှ နာမည်ကို မြင်သည်နှင့် ဂျယ်ဂန်း ရေရွတ်လိုက်မိသည်။ ဟီတဲမီဒီယာ၏ မာဂျောင်ဂု ထံမှ ဖြစ်သည်။ ‘ပီဂယ်လွန်ရဲ့ ဓားသမား’ မူကြမ်း ၅ အုပ်စာ ပို့လိုက်သည်မှာ ၄ နာရီခန့်သာ ရှိသေးသော်လည်း ဖုန်းဝင်လာပြီ ဖြစ်သည်။

“ဟုတ်ကဲ့။”

“ဆရာဟာ... မင်္ဂလာပါ။ မူကြမ်းကို ရပါပြီ။ ဒီလက်ရာကလည်း တကယ်ကို ပြောင်မြောက်တယ်ခင်ဗျာ။”

“အကုန်ဖတ်ပြီးပြီလား?”

“၂ အုပ်၊ ၃ အုပ်လောက်တော့ ဖတ်ပြီးပါပြီ။ စီစဉ်ရေးအဖွဲ့ တစ်ခုလုံးက ဖတ်ပြီး အတော်လေးကို ချီးမွမ်းနေကြတယ်။ ဆက်ပြီးဖတ်ကြည့်ဖို့တောင် မလိုဘူး၊ ကြည့်လိုက်တာနဲ့တင် မျက်လုံးထဲ စွဲသွားသလိုပဲ။ ဟားဟားဟား။”

ဂျယ်ဂန်းသည် နှာခေါင်းကို ကုတ်ရင်း တိုးတိုးလေး ရယ်လိုက်သည်။ အရင်ကနှင့် မတူဘဲ ဂျောင်ဂု၏ မြှောက်ပင့်စကားများကို သူ မနှစ်မြို့ခြင်း မရှိတော့ပါ။

“ဆရာ အတော်လေး ဂရုစိုက်ထားတာပဲ။ အရင်စီးရီး မဖတ်ဖူးတဲ့သူတွေပါ ဖတ်လို့ရအောင် ပြင်ဆင်ထားတဲ့ ဆရာ့ရဲ့ စေတနာကို ခံစားရပါတယ်။”

“ကျွန်တော့်ရဲ့ ကြိုးစားမှုက အရာထင်တယ်ဆိုတော့ ဝမ်းသာမိတာပေါ့။”

“ကျွန်တော်တို့ အခုပဲ ပုံနှိပ်ဖို့ အစီအစဉ်ဆွဲလို့ ရပါပြီ။ ဒုတိယတွဲအထိ စာလုံးပေါင်းမှားတာတောင် တစ်ခုမှ မတွေ့ဘူး။ ဆရာက တကယ် အံ့သြဖို့ကောင်းတယ်။”

ဒါကတော့ ရှင်းပါသည်။ ဆုဂန်းဝို၏ မျက်မှန်ကို သုံးပြီး စာလုံးပေါင်းနှင့် အသုံးအနှုန်းအမှားများကို သူ ဖယ်ရှားထားခဲ့ခြင်း ဖြစ်သည်။ ၎င်းက အယ်ဒီတာများ၏ အလုပ်ကို အများကြီး သက်သာစေခဲ့သည်။

“အရင်စီးရီးက အုပ်ရေ ၆၀၀၀ လောက် ထွက်ခဲ့တာဆိုတော့ ဒီတစ်ခုလည်း အဆင်ပြေမှာပါ။ မြန်မြန်ဆန်ဆန် ပြီးအောင် လုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဆရာ နောက်ထပ်ကြိုရေးထားတာတွေ ရှိသေးတယ် မဟုတ်လား?”

“အာ... ဟုတ်ကဲ့...။”

ဂျယ်ဂန်း စကားကို ဝါးတားတား ပြန်ဖြေလိုက်သည်။ ဆုဂန်းဝို၏ လက်တော့ပ်နှင့် ကော်ဖီခွက်ကို သုံးပြီး ၄ ရက်တိုင်တိုင် မအိပ်ဘဲ ရေးခဲ့သည်ဟု သူ မပြောနိုင်ပါ။

“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ ဆရာပို့ပေးတဲ့ မျက်နှာဖုံးပုံကိုပဲ သုံးလိုက်ပါမယ်။ ကျန်တဲ့ အပိုင်းတွေကိုလည်း အမြန်ဆုံး ပို့ပေးပါဦး။”

“ဟုတ်ကဲ့၊ အရမ်းကြီးလောစရာတော့မလိုပါဘူး ဆရာ။ ၅ အုပ်တောင် ပို့ထားတာဆိုတော့ အချိန်ရပါသေးတယ်။ အေးအေးဆေးဆေးနဲ့ ကောင်းကောင်းလေးပဲ ရေးပေးပါ။ ကျေးဇူးတင်ပါတယ်ဗျာ။”

“ဟုတ်ကဲ့၊ အတူတူပါပဲ ကျေးဇူးပါ။”

ဂျယ်ဂန်းသည် ခေါင်းကို ခြောက်အောင် သုတ်လိုက်ပြီး ဆုဂန်းဝို၏ ခွက်ဖြင့်ဖျော်ထားသည့် ကော်ဖီတစ်ခွက် သောက်လိုက်သည်။ ၅ မိနစ်ခန့် နားလိုက်ရုံနှင့် ခန္ဓာကိုယ်ထဲတွင် အင်အားများ ပြန်ပြည့်လာသည်။ သူ၏ လက်တော့ပ်ဆီသို့ ပြန်သွားချင်စိတ်များက တဖွဖွ ဖြစ်လာသည်။

‘အဆင့်များ စီးရီးရဲ့ တတိယပိုင်းကို ရေးရမယ်။’

သူသည် အုပ်ရေ ၁၀ အုပ်အထိ ဇာတ်ကွက်ကို အပြီးသတ် စဉ်းစားထားပြီးသား ဖြစ်သည်။ အခုတော့ ရေးဖို့ပဲ လိုတော့သည်။ သူ မစခင်တွင် ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး -

“ရီခါ၊ ငါ နည်းနည်း စိုးရိမ်နေမိတယ်။”

“မြောင်?”

“‘ပီဂယ်လွန်ရဲ့ ဓားသမား’ က အရင်စီးရီး မဖတ်ဖူးတဲ့သူတွေပါ ဖတ်လို့ရအောင် လုပ်ထားတာ။ ဒါပေမဲ့ အဆင့်များ စီးရီးရဲ့ တတိယပိုင်းကတော့ မတူဘူး။ အရင်စီးရီးနှစ်ခုက ဇာတ်လိုက်တွေ အကုန်လုံး ပါလာမှာဆိုတော့ ဖတ်ရတာ အဆင်ပြေပါ့မလား မသိဘူး။”

ရီခါသည် ကြောင်မျှော်စင်ပေါ်မှ ဆင်းလာပြီး ဂျယ်ဂန်းဆီသို့ လျှောက်လာသည်။ ဂျယ်ဂန်းက ပွေ့ချီရန် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သော်လည်း ရီခါက ဂရုမစိုက်ဘဲ သူ့ပေါင်ပေါ်သို့သာ တက်ထိုင်လိုက်သည်။

“ဘာလဲ... ညည်းညူမနေနဲ့လို့ ပြောတာလား? ကိုယ်တိုင် ဆုံးဖြတ်ထားတာဆိုတော့ ကိုယ့်အားကိုယ်ကိုးပြီး အပြီးသတ်လိုက်တော့ ဆိုတဲ့သဘောလား?”

ရီခါက အော်မည့်အစား ဂျယ်ဂန်း၏ ဗိုက်ကို တစ်ချက် နင်းလိုက်သည်။ ဂျယ်ဂန်းက ရီခါ၏ မျက်နှာလေးကို ကိုင်ရင်း မေးလိုက်သည်။

“မင်းက ငါ့ကို တကယ် ဂရုစိုက်တာပဲ။ ငါတို့ လက်ထပ်ကြရအောင်လား။”

“မြောင်...!”

ရီခါက အော်ဟစ်ကာ ခေါင်းငုံ့သွားသည်။ ထပ်ပြီး အနှောင့်အယှက် မပေးနဲ့တော့ဟု ပြောနေသည့်အလား။

“အေးပါ၊ ငါ ဆုံးဖြတ်ထားတဲ့အတိုင်း အစွမ်းကုန် ကြိုးစားပါ့မယ်။”

ကလစ် ကလစ် ကလစ် ကလစ်

အဆင့်များ စီးရီးကို စတင်လိုက်သည်။ အခန်းငယ်လေးထဲတွင် ကီးဘုတ်ရိုက်သံမှလွဲ၍ တခြားဘာသံမှ မကြားရတော့ပေ။

“ဘာတွေ ဖြစ်နေတာလဲ!!!”

လက်သီးဖြင့် စားပွဲကို အားရပါးရ ထုလိုက်သည့်အသံ ထွက်ပေါ်လာသည်။

ကြယ်ပွင့်စာပေ ဥက္ကဋ္ဌ ပတ်ဂျီဂုသည် မျက်နှာတစ်ခုလုံး နီမြန်းကာ အော်ဟစ်နေသည်။ သူ၏ ဒေါသများမှာ ရှေ့တွင် ထိုင်နေသော တဲဝမ်ဆီသို့ ဦးတည်နေသည်။

“မင်း သူ့ဆီက သီးသန့်စာချုပ်လည်း မရခဲ့ဘူး! အခုလည်း ‘ပီဂယ်လွန်’ ရဲ့ နောက်ဆက်တွဲကို ငါတို့ထက် အရင် ဟီတဲမီဒီယာ ကနေ ထွက်ခိုင်းလိုက်တယ် ဟုတ်လား?! မင်း အလုပ်ကို သေချာရော လုပ်ရဲ့လား! ကြိုးစားချင်စိတ်ကော ရှိသေးရဲ့လား!”

“ဥက္ကဋ္ဌခင်ဗျာ၊ နောက်ဆက်တွဲ ဝတ္ထုဆိုတာ မူလထုတ်ဝေတဲ့ ကုမ္ပဏီကနေ ထွက်တာက စာရေးဆရာအတွက် နည်းလမ်းအမျိုးမျိုးနဲ့ ပိုကောင်းလို့ပါ...”

“အဲ့ဒါကို ငါမသိဘူး ထင်နေလား! မင်းက ငါ့ကို ပြန်ပြီးလာသင်ပြနေတာလား?!”

“မဟုတ်ပါဘူး။”

“ငါတော့ ရူးတော့မှာပဲ။ အားးးးး!”

တဲဝမ်သည် နေ့တိုင်းလိုလို အဆူခံနေရသည်။ မနေ့က ဂျယ်ဂန်းနှင့် သီးသန့်စာချုပ် မချုပ်နိုင်ခဲ့၍၊ ဒီနေ့ကျတော့ ဂျယ်ဂန်း၏ ဝတ္ထုသစ် ဟီတဲမီဒီယာ မှ ထွက်ရှိခဲ့၍ ဖြစ်သည်။

“မင်းမျက်နှာကို မမြင်ချင်ဘူး! အခု ထွက်သွားတော့!”

တဲဝမ်သည် ဘာမှပြန်မပြောဘဲ ရုံးခန်းထဲသို့ ပြန်လာခဲ့သည်။ ဆိုမီသည် တဲဝမ်ကို မြင်သည်နှင့် စိုးရိမ်စိတ်များ မျက်နှာတွင် ပြည့်လျှံသွားသည်။

‘အယ်ဒီတာ ထပ်ပြီး အဆူခံရပြန်ပြီလားမသိဘူး။’

‘ပီဂယ်လွန်ရဲ့ ဓားသမား’ သည် ဟီတဲမီဒီယာ မှ ထွက်ရှိခဲ့ပြီး အစပိုင်းမှာတင် အရင်အတိုင်း နာမည်ကြီးနေသည်။ အစောပိုင်း အုပ်ရေ ၃၀၀၀ အပြင်၊ အခုဆို နောက်ထပ် ၁၀၀၀ ထပ်တိုး ပုံနှိပ်နေရပြီ ဖြစ်သည်။

ဆိုမီသည် ခဏတာ တွန့်ဆုတ်နေပြီးနောက် တဲဝမ်ဆီသို့ သွားလိုက်သည်။ သူမ တင်ပြစရာ အချို့ ရှိနေသည်။

“ဟို... အယ်ဒီတာ။”

“အေး၊ ပြောပါ ဆိုမီ။”

ဥက္ကဋ္ဌ၏ အော်ဟစ်ဆဲဆိုမှုကို ခံခဲ့ရသော်လည်း တဲဝမ်သည် ဆိုမီ့ကို ပြုံးလျက် ကြိုဆိုနေဆဲပင်။ ဆိုမီသည် စိတ်မကောင်းဖြစ်သွားသော်လည်း စကားစလိုက်သည်။

“ဆရာ ဟာဂျယ်ဂန်း ပို့ထားတဲ့ အဆင့်များ စီးရီး အပိုင်း ၅ ပိုင်းအကြောင်းပါ။”

“အင်း... ငါကတော့ ဒုတိယတွဲအထိ ဖတ်ပြီးပြီ၊ မင်းရော?”

“ကျွန်မက တတိယတွဲအထိ ဖတ်ပြီးပါပြီ။”

“ဘယ်လိုလဲ?”

ဆိုမီ ချက်ချင်း မဖြေနိုင်ဘဲ တွန့်ဆုတ်နေမိသည်။ တဲဝမ်က အယ်ဒီတာတစ်ယောက်၏ သုံးသပ်ချက်ကို လိုချင်နေခြင်း ဖြစ်သည်။ သို့သော် အခုအခြေအနေတွင် ထိုသို့ပြောရန်မှာ မလွယ်ကူလှပါ။

“... ကျွန်မ ထင်တာကတော့ အုပ်ရေ ၂၀၀၀ ထက် ပိုမထုတ်တာ အကောင်းဆုံးပါပဲ။”

ဆိုမီက တိုးတိုးလေး ပြောလိုက်သည်။

အုပ်ရေ ၂၀၀၀ ဆိုသည်မှာ နည်းပါးလှသည် မဟုတ်ပါ။ ပုံနှိပ်စာအုပ် ဈေးကွက် ပျက်စီးနေချိန်တွင် အုပ်ရေ ၁၀၀၀ လောက် ပုံမှန်ရောင်းရလျှင်ပင် အောင်မြင်သည်ဟု ဆိုနိုင်သည်။ သို့သော် အရင်စီးရီး၏ အုပ်ရေ ၅၀၀၀ နှင့် နှိုင်းယှဉ်လျှင်တော့ အများကြီး ကွာခြားနေသည်။

“ဒီဝတ္ထုက အရင်စီးရီးတွေအကြောင်း သိထားဖို့ လိုတယ်။ သိုင်းပညာအဆင့်များ နဲ့ ခေတ်သစ်အဆင့်များ နှစ်ခုလုံး မဖတ်ဖူးတဲ့သူတွေအတွက် ခက်ခဲလိမ့်မယ်။ ဇာတ်ကောင်တွေကို သဘောကျဖို့အတွက် စိတ်ရှည်ဖို့ လိုပါတယ် ဆရာ။”

တဲဝမ်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်မိသည်။ သူလည်း ထိုအတိုင်းတွေးသည်။ ဒါ့အပြင် သူကတော့ ဂျယ်ဂန်းအပေါ် ကိုယ်ပိုင်ယုံကြည်မှုအရ အုပ်ရေ ၂၅၀၀ လောက် ထုတ်ရန် စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။

“အုပ်ရေ ၂၀၀၀ ပဲ ထုတ်ကြတာပေါ့။”

တဲဝမ်က သက်ပြင်းချသံနှင့်အတူ ပြောလိုက်သည်။ ဤဆုံးဖြတ်ချက်ဖြင့် အားလုံး အတည်ဖြစ်သွားပြီဟု ခံစားရသည်။

“အစီအစဉ်ကို ဆာဗာပေါ် တင်ထားလိုက်ပါ။ မင်းပဲ အကုန်ကိုင်တွယ်လိုက်တော့။”

“ဟုတ်ကဲ့... အယ်ဒီတာ။”

ဆိုမီသည် အားမရှိစွာ လှည့်ထွက်သွားသည်။ ထပ်ပြောစရာ စကားမရှိတော့ပါ။ တဲဝမ်၏ အခြေအနေကို သူမ သိထားသဖြင့် ပို၍ပင် ခက်ခဲနေသည်။

တဲဝမ်သည် မျက်မှန်ကို ချွတ်လိုက်ပြီး မျက်လုံးတစ်ဝိုက်ကို ဖိနှိပ်ကာ ခေါင်းကို နောက်သို့ ပစ်ထားလိုက်သည်။ မျက်နှာကြက်က ပန်ကာကို သူ စိုက်ကြည့်နေမိသည်။

ကလစ်၊ ကလစ်။

အချိန်များ ကုန်လွန်သွားသည်။

တဲဝမ် ထိုင်ခုံပေါ်တွင် မျက်လုံးမှိတ် နားနေရင်း သူ၏ အယ်ဒီတာဘဝ အတိတ်များကို ပြန်လည် မြင်ယောင်နေမိသည်။ အရာများစွာ ရှိခဲ့သည်။ ဘာပြောရမလဲ... ကြီးကြီးမားမား အောင်မြင်မှု မရှိခဲ့သလို၊ နောင်တရစရာလည်း မရှိခဲ့တဲ့ နေ့ရက်များပင်။

ခဏအကြာတွင် -

“အယ်ဒီတာ၊ ဥက္ကဋ္ဌက အခုချက်ချင်း လာခဲ့ဖို့ ပြောနေပါတယ်...”

ဝန်ထမ်းတစ်ဦး၏ စကားကြောင့် တဲဝမ် မျက်လုံးဖွင့်လိုက်သည်။ သူ မတွန့်ဆုတ်တော့ဘဲ ထရပ်လိုက်သည်။ သူ့ကို ၉ နှစ်ကြာအောင် ထိန်းထားပေးခဲ့သည့် ထိုင်ခုံအိုကြီးမှာ နောက်သို့ အားလျော့စွာ ရွေ့သွားသည်။

တဲဝမ်သည် ဥက္ကဋ္ဌရုံးခန်းရှေ့တွင် ရပ်လိုက်သည်။

ဒီတံခါးကို ဖွင့်ဝင်လိုက်ရင် သူဟာ ကြယ်ပွင့်စာပေ ရဲ့ အယ်ဒီတာတစ်ယောက်အဖြစ် ဆက်ရှိနေနိုင်တော့မှာ မဟုတ်တော့ဘူးဆိုတာ သူသိသည်။ သို့သော် တံခါးဖွင့်ဖို့မှတစ်ပါး တခြား ရွေးချယ်စရာလည်းမရှိပါ။ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တံခါးလက်ကိုင်ကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။

“ဒါကကော ဘာလဲ!!! အဆင့်များ စီးရီး အသစ်ကို ဘာလို့ ၂၀၀၀ ပဲ ထုတ်ဝေရတာလဲ! ဟီတဲမီဒီယာ က ပီဂယ်လွန်ရဲ့ ဓါးသမားလား ဘာလား နဲ့ အုပ်ရေ ၁၀၀၀ တောင် ထပ်တိုး ပုံနှိပ်နေပြီ၊ မင်းက ဘာလုပ်နေတာလဲ!”

တံခါးဖွင့်လိုက်သည်နှင့် အော်သံက ဆီးကြိုနေသည်။

တဲဝမ်သည် တံခါးကို ပြန်ပိတ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

“ကျွန်တော် ပြောခဲ့သလိုပါပဲ၊ အရင်စီးရီးကို မဖတ်ဖူးရင်...”

“စီးပွားရေးဆိုတာလုပ်စရာရှိတာ လုပ်ရတာကွ! စာအုပ်ကို ရောင်းရအောင် တွန်းအားပေး! တခြားလူတွေလို လုပ်စမ်းပါ! မင်းရဲ့ ဦးနှောက်ကို ဘယ်မှာ သွားရောင်းစားလိုက်တာလဲ!”

ဂျီဂုသည် သူ၏ ရင်ဘတ်ကို တဗုန်းဗုန်း ထုနေသည်။

“ပိုက်ဆံပြန်အမ်းရမယ့်နှုန်းက ပိုများလာနိုင်ပါတယ်။ ဥက္ကဋ္ဌ ရေရှည်အတွက် စဉ်းစားပါဦး။ ဟာဂျယ်ဂန်းရဲ့ ထုတ်ကုန်တွေတန်ဖိုး ကျဆင်းသွားရင် အဲ့ဒီအကျိုးဆက်က စာရေးဆရာကိုရော ကုမ္ပဏီကိုပါ ထိခိုက်စေမှာပါ...”

“ပါးစပ်ပိတ်စမ်း!”

ဂျီဂု၏ အော်သံက တဲဝမ်၏ ရှင်းပြချက်ကို ဖုံးလွှမ်းသွားသည်။

“အသုံးမကျလိုက်တာ...! အသက်ကြီးလာများလို့လား? မင်းဦးနှောက်က သေချာ အလုပ်မလုပ်တော့ဘူးလား?! မင်းသူငယ်ပြန်ရောဂါတွေဘာတွေများ ရနေပြီလား?!”

၎င်းမှာ ဂျီဂု၏ ပါးစပ်မှ ထွက်လာသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စော်ကားမှုများ ဖြစ်သည်။

တဲဝမ် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ဥက္ကဋ္ဌဆီက အော်ဟစ်သံတွေ အများကြီး ကြားဖူးခဲ့ပေမဲ့၊ ဒီလောက်အထိ အရှက်ရစေတဲ့ စကားမျိုးကိုတော့ ဒါ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ။

ဂျီဂုရဲ့ စော်ကားမှုတွေက တဲဝမ်ရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ခိုင်မာသွားစေခဲ့သည်။

“ဥက္ကဋ္ဌခင်ဗျာ။”

“ဘာလဲ!!!”

တဲဝမ်က မျက်မှန်ကို ပင့်တင်လိုက်ပြီး ခေါင်းမော့လိုက်သည်။ ဒေါသထွက်ကာ စိတ်ပျက်နေသော ဂျီဂု၏ အကြည့်ကို တည့်တည့်စိုက်ကြည့်ရင်း သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ကျွန်တော် ကုမ္ပဏီကနေ နုတ်ထွက်ပါ့မယ်။”

All Chapters