← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

“... ဘာပြောတယ်?”

ဂျီဂုသည် နေရောင်စူးစူးကို ကြည့်လိုက်ရသကဲ့သို့ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် တဲဝမ်က ပိုကျယ်လောင်သော အသံဖြင့် ထပ်ပြောလိုက်သည်။

“ဒီကုမ္ပဏီကနေ ကျွန်တော် နုတ်ထွက်ချင်ပါတယ်။”

“မင်း...! ငါ အသံနည်းနည်း ကျယ်သွားလို့ အခုလို ပြောတာလား?!”

“မဟုတ်ပါဘူး၊ အဲ့ဒါကြောင့်မဟုတ်ပါဘူး။ ကျွန်တော်က ဥက္ကဋ္ဌ အလိုရှိတဲ့အတိုင်း မလုပ်ဆောင်ပေးနိုင်တော့လို့ပါ။ ဒီလိုနဲ့တော့ ကျွန်တော် အယ်ဒီတာချုပ် ရာထူးကို ဆက်မယူထားသင့်တော့ပါဘူး။”

“နေ... နေပါဦး။ ခဏလောက် စောင့်ဦး။ အရင်ထိုင်ပါဦး။”

ဂျီဂုသည် စကားများ ထစ်ငေါ့နေပြီး လက်ယမ်းကာ တားလိုက်သည်။ သူ တကယ်ပင် ဆွံ့အသွားရသည်။ သူတို့အတူတူ လက်တွဲခဲ့သည်မှာ ၉ နှစ်ရှိပြီဖြစ်သည်။ တဲဝမ်သည် စိတ်ခံစားချက်နောက် လိုက်တတ်သည့် လူမျိုးမဟုတ်သည်ကို သူ ကောင်းကောင်းသိသည်။

ဂျီဂုသည် စားပွဲနောက်သို့သွားကာ ရေတစ်ခွက် သောက်လိုက်သည်။ တစ်ခွက်နှင့် အားမရသဖြင့် နောက်တစ်ခွက် ထပ်သောက်သည်။ ထို့နောက် သက်ပြင်းချကာ ပြတင်းပေါက်ရှေ့သို့ လျှောက်သွားလိုက်သည်။

“မင်း အတည်ပြောနေတာလား?”

ခေတ္တအကြာတွင် ဂျီဂုက မေးလိုက်သည်။ ဆိုဖာပေါ်တွင် ထိုင်နေသော တဲဝမ် မဖြေရသေးခင်မှာပင် ဂျီဂုက ထပ်မေးပြန်သည်။

“တကယ်ပဲလား? ဘာလို့ ထွက်မှာလဲ။ ဘာကိစ္စရှိလို့လဲ?”

၎င်းမှာ အဖြေကို သိလျက်နှင့် မေးလိုက်ခြင်း ဖြစ်သည်။ ဂျီဂုသည် လှည့်လာပြီး တဲဝမ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ဒေါသများ ငြိမ်ကျသွားပြီးနောက် စိုးရိမ်သော မျက်နှာထားဖြင့် ဆက်ပြောသည်။

“ငါ နားလည်ပါတယ်။ ငါ့စကားတွေ နည်းနည်း ရိုင်းသွားတယ်။ အီးဘွတ်အဖွဲ့က အလုပ်တွေ အရမ်းကောင်းနေပေမဲ့ ငါ့သမီးနဲ့ သူ့ယောကျ်ားက ကုမ္ပဏီကို ဖျက်ဆီးတော့မယ့်အတိုင်း လျောက်ကစားနေကြတာ။ သူတို့ သူငယ်ချင်းကိုလည်း မားကတ်တင်းမှာ ရာထူးပေးထားပေမဲ့ ဘာမှ အသုံးမကျဘူး။ ဘာတစ်ခုမှ အဆင်မပြေဖြစ်နေလို့ ငါ စိတ်တိုသွားတာပါ။ ငါ လွန်သွားခဲ့တယ်။ တကယ် တောင်းပန်ပါတယ်ကွာ။”

တဲဝမ် တိတ်ဆိတ်နေမိသည်။

ဂျီဂု၏ စကားများသည် ရိုးသားလှသည်။ သူသည် အကြောင်းမဲ့ ဒေါသထွက်တတ်သည့် လူဆိုးတစ်ယောက် မဟုတ်ပါ။ အကယ်၍ သူသာ လူဆိုးဖြစ်ပါက တဲဝမ် ဤနေရာတွင် ၉ နှစ်တိုင်တိုင် တောင့်ခံနိုင်မည် မဟုတ်ပေ။ တဲဝမ်က သူ့အပေါ် သစ္စာရှိသကဲ့သို့ သူသည်လည်း တဲဝမ်ကို တကယ် ဂရုစိုက်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း တဲဝမ် အကြာကြီး အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့...

တောင်းပန်စကား တစ်ခွန်းက တဲဝမ်၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်တော့ပါ။

“စိတ်ထဲ မထားပါနဲ့တော့။ အခု အပြင်သွားပြီး သောက်ကြရအောင်။ စိတ်အေးသွားအောင်လို့။”

ဂျီဂုက လေသံအေးအေးဖြင့် တဲဝမ်၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်ရန် ကြိုးစားသည်။ သို့သော် တဲဝမ်က ချက်ချင်းပင် ခေါင်းခါပြပြီး ပြောလိုက်သည်။

“ကျွန်တော် ထွက်ပါ့မယ် ဥက္ကဋ္ဌ။”

“ဘာလို့လဲ!!!”

ဂျီဂုသည် မအောင့်နိုင်တော့ဘဲ ဝုန်းခနဲ ထရပ်လိုက်သည်။

သူသည် ဤနုတ်ထွက်စာကို လုံးဝ လက်မခံနိုင်ပါ။ တဲဝမ်ကဲ့သို့ အယ်ဒီတာမျိုး ရှာရခက်သည်။ သူသည် တည်းဖြတ်ခြင်းရော၊ စီးပွားရေးပိုင်းမှာရော တော်သူဖြစ်သလို စာရေးဆရာများနှင့် ဝန်ထမ်းများကြားတွင်လည်း အလုပ်ကို အဆင်ပြေပြေဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်သည်။

“ကျွန်တော် နောက်နှစ်ဆို အသက် ၄၅ နှစ် ရှိပါပြီ ဥက္ကဋ္ဌ။”

“လွန်ခဲ့တဲ့ ၄ နှစ်က ငါ ၅၀ ပြည့်ခဲ့တာကွ! မင်းက ၅၀ တောင် မပြည့်သေးဘဲ နုတ်ထွက်ဖို့ ပြောနေတာလား။”

“ကျွန်တော် ဒီနယ်ပယ်မှာ ထာဝရ ရှိနေလို့ မရဘူးလေ။ တစ်ချိန်ကျရင် ဥက္ကဋ္ဌကိုယ်တိုင်တောင် ဒီရာထူးကို ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး မဟုတ်လား?”

“...!”

ဂျီဂုသည် အသက်ကို ပြင်းပြင်းရှူနေရုံမှလွဲ၍ ဘာမှ မတတ်နိုင်တော့ပါ။

တဲဝမ်သည် သူ နုတ်ထွက်ချင်ရသည့် အကြောင်းရင်းများကို ပြန်လည် ဆင်ခြင်နေမိသည်။

စာပေကို ပိုက်ဆံအဖြစ်သာ မြင်လာသည့် ဥက္ကဋ္ဌ၏ အမြင်နှင့် မိသားစုလုပ်ငန်းပုံစံကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများ။ သူသည် ဤစိတ်ဖိစီးမှုများကို ထပ်မံ မတောင့်ခံနိုင်တော့ပါ။ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှာ ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။

“ကျွန်တော် အသက်မကြီးခင်မှာ မိသားစုကို လုပ်ကျွေးနိုင်မယ့် အလုပ်ကောင်းတစ်ခု ရှာချင်ပါတယ်။ ရုတ်တရက်ကြီး ပြောလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး နားလည်လက်ခံပေးပါ။”

ဂျီဂုသည် သက်ပြင်းချရင်း ထရပ်လိုက်သည်။ စီးကရက်တစ်လိပ်ကို ထုတ်ကာ ပါးစပ်တွင် တေ့လိုက်သည်။ ဆေးလိပ်မသောက်ရနယ်မြေအဖြစ် သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်သော ရုံးခန်းထဲတွင် သူ ဆေးလိပ်ကို မီးညှိလိုက်သည်။

“ကဲ... သွားသောက်ကြတာပေါ့။”

စီးကရက် တစ်ဝက်ခန့် ကုန်သွားသောအခါ ဂျီဂုက ပြောလိုက်သည်။

“ငါတို့ အတူရှိခဲ့တာ ကြာပြီပဲ။ ငါတို့ရဲ့ ဆက်ဆံရေးက စကားတစ်ခွန်းနဲ့ ဖြတ်လိုက်လို့ရတဲ့ အမျိုးအစား မဟုတ်ဘူး။ အနည်းဆုံးတော့ နှုတ်ဆက်တဲ့အနေနဲ့ သောက်ကြရအောင်။”

“ဟုတ်ကဲ့ပါ ဆရာ။”

“အေး... အလုပ်သွားလုပ်တော့။”

တဲဝမ်သည် ခေါင်းငုံ့ကာ နှုတ်ဆက်ပြီး လှည့်ထွက်လာခဲ့သည်။ ဂျီဂုသည် တံခါးပိတ်သွားသည့်တိုင် ပြတင်းပေါက်အပြင်ဘက်ကိုသာ စိုက်ကြည့်နေခဲ့သည်။

တဲဝမ်သည် ရုံးခန်းထဲ မပြန်ပဲ ရုံးအပြင်သို့ ထွက်လာခဲ့သည်။ စတိုးဆိုင်တစ်ခုတွင် မီးခြစ်တစ်လုံး ဝယ်ကာ ထီးအောက်ရှိ အပြာရောင် ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ဝယ်ထားသည်မှာ ကြာပြီဖြစ်သောဆေးလိပ်ဘူးထဲမှ စီးကရက်တစ်လိပ်ကို သူ ထုတ်လိုက်သည်။

“ဟူးးး...”

မသောက်ရတာ ကြာပြီဖြစ်သည်။ တစ်ငုံရှိုက်လိုက်သည်နှင့် ခေါင်းထဲ မူးဝေသွားသည်။

တဲဝမ်သည် ပတ်ဝန်းကျင်က လူများကို အကြည့်များကိုရှောင်ရင်း ဖုန်းကို ထုတ်ကာ ဇနီးသည်ဆီသို့ ခေါ်လိုက်သည်။

-အခု အချိန်ကြီး ဘာလို့ ဖုန်းဆက်တာလဲ?

“အားလို့ပါ။ ကလေးတွေ ဘာလုပ်နေလဲ?”

-ကျောင်းက မပြန်လာကြသေးဘူးလေ။ အချိန်ကိုလည်း ကြည့်ဦး။

“အော်... ဟုတ်သားပဲ။”

-တစ်ခုခု ဖြစ်လို့လား? ရှင့်အသံက သိပ်မကောင်းဘူး။

‘ဘာမှမဖြစ်ပါဘူး’ ဆိုသည့် စကားက ပါးစပ်မှ ထွက်မလာခဲ့ပါ။ သူ မလိမ်ချင်ပါ။ သူ၏ ဇနီးသည်မှာလည်း အယ်ဒီတာဟောင်း တစ်ဦးပင် ဖြစ်သည်။ ဒုတိယကလေး ရပြီးနောက် ကျန်းမာရေးကြောင့် အလုပ်ထွက်ကာ အိမ်ထောင်ရှင်မ ဖြစ်လာခဲ့သူဖြစ်သည်။

-မနက်ကတည်းက ငါပြောမလို့ပဲ။ အခုတလော ရှင့်ကြည့်ရတာ သိပ်မကောင်းဘူး။ စောစောပြန်လာခဲ့နော်၊ ကျွန်မအရသာရှိတာတစ်ခုခု ချက်ထားပေးမယ်။

“ညစာ ဥက္ကဋ္ဌနဲ့ စားဖို့ရှိလို့ နောက်ကျမယ် ထင်တယ်။ သိပြီ၊ နောက်မှ ပြန်ဆက်လိုက်မယ်။”

တဲဝမ် ဖုန်းချမည့်အချိန်တွင် ဇနီးသည်က အလျင်အမြန် တားလိုက်သည်။

-နေဦး။

“ဘာလဲ?”

သူ့ဇနီးသည် ခဏမျှ တိတ်ဆိတ်သွားသည်။ တဲဝမ်၏ နားထဲတွင် သူမ၏ အသက်ရှူသံကိုသာ ကြားနေရသည်။ တဲဝမ်သည် ကုန်သွားသော စီးကရက်ကို လွှင့်ပစ်ကာ နောက်တစ်လိပ် ထုတ်လိုက်သည်။ မီးညှိမည့်အချိန်မှာပင် ဇနီးသည်၏ စကားက နားထဲသို့ တိုးဝင်လာသည်။

-အောင့်အီးပြီးတော့ ဆက်မနေပါနဲ့တော့။

တဲဝမ်၏ မျက်နှာတွင် သွေးရောင်များ ဆုတ်သွားသည်။ ဇနီးသည်ထံမှ မျှော်လင့်မထားသော စကားလုံးများက သူ၏နားထဲသို့ စီးဝင်လာသည်။

-ရှင် တကယ်ကြီး ပင်ပန်းနေရင် ထွက်လိုက်ပါ။ ရှင် အများကြီး ကြိုးစားပေးခဲ့ပြီးပြီပဲ။ ၁၀ နှစ်တိုင်တိုင် ငါတို့သားသမီးတွေ ထမင်းဝိုင်းအတွက် ရှင့်မှာ နားရက်မရှိ အလုပ်လုပ်ခဲ့ရတာ။

"မင်း... မင်း ဘာတွေပြောနေတာလဲ။"

-ရှင် အိပ်ပျော်နေတဲ့အချိန် ဘယ်လိုဖြစ်နေတတ်လဲ သိလား? ဟောက်တာတို့၊ အိပ်မက်မက်တာတို့ မဟုတ်ဘူး... ရှင် အလုပ်လုပ်နေတာ။ 'စာရေးဆရာကြီး... စာရေးဆရာကြီး... မူကြမ်းက ကောင်းပါတယ်' ဆိုပြီး ယောင်နေတာ။ အဲ့ဒီအချိန် ရှင့်ကို အနီးကပ်ကြည့်မိရင် ဆံပင်ဖြူတွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ? ရှင် နိုးသွားမှာစိုးလို့ ကျွန်မ မနှုတ်ရဲဘူး... ကျွန်မရဲ့ ခံစားချက်ကို ရှင် သိမှာပါ... ရှင်ရယ်... (T/N - အို....ရှင်ရယ်....)

သူ့ဇနီး၏ အသံမှာ တဖြည်းဖြည်းနှင့် ရှိုက်သံများအဖြစ် ပြောင်းလဲသွားသည်။

တဲဝမ်သည် မျက်မှန်ကို ချွတ်လိုက်သည်။ စိုစွတ်နေသော မျက်ဝန်းများကို လက်ချောင်းဖြင့် ဖိနှိပ်ထားမိသည်။ သူသည် ဇနီးသည်ကို ဘယ်သောအခါကမှ တစ်ခါကလေးပင်အနိုင်မယူနိုင်ခဲ့ပါ။ သူမသည် သူ့ကို အမြဲတမ်း အကဲခတ်မိနေတတ်သည်။ ထိုအသိစိတ်ကပင် သူ၏နှလုံးသားကို ပို၍ နာကျင်စေသည်။

-တစ်ယောက်တည်း မရုန်းကန်ပါနဲ့တော့။ နွေရာသီတုန်းက ရှင်ပြောခဲ့တဲ့ စာရေးဆရာ စီမံခန့်ခွဲရေး အလုပ်လေ... အဲ့ဒါကို ကျွန်မတို့ အတူတူ လုပ်ကြရအောင်။

"မင်း... မှတ်မိနေတာလား?"

နုတ်ထွက်ပြီးနောက် သူလုပ်ချင်သည့် စာရေးဆရာ စီမံခန့်ခွဲရေး လုပ်ငန်းအကြောင်းကို လူအနည်းငယ်ကိုသာ သူ ပြောပြဖူးသည်။ အရက်သောက်ရင်း ခပ်ပေါ့ပေါ့ ပြောခဲ့ဖူးခြင်းဖြစ်သော်လည်း သူ့ဇနီးကတော့ အမြဲတမ်းလိုပင် အမှတ်ရနေခဲ့သည်။

-အတည်မဖြစ်ခင်အထိ ဘာမှမပြောချင်လို့ ကျွန်မ လိုက်စုံစမ်းကြည့်ပြီးပြီ။ ဖြစ်နိုင်ခြေရှိပါတယ်။ အတူတူ စလုပ်ကြမယ်လေ။ ကျွန်မက တော်တဲ့ အယ်ဒီတာတစ်ယောက် ဖြစ်ခဲ့တာ ရှင်သိတယ်မလား?

ရှိုက်သံများ၏အဆုံးတွင် ဇနီးသည်က ရယ်မောလိုက်သည်။ နွေဦးလေပြေညင်းကလေးများကဲ့သို့ တောက်ပသည့် ထိုရယ်သံက သူ၏နားစည်ကို လာရောက်ပွတ်သပ်ကျီဆယ်သွားသည်။

"သိတာပေါ့... ငါ သိတာပေါ့။"

တဲဝမ်သည် ဆေးလိပ်ကို ပစ်ချလိုက်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။ တုန်ရင်နေသော လက်ဖဝါးများမှတစ်ဆင့် တစ်ကိုယ်လုံး တုန်ရီလာသည်။ ဗီဒီယိုကောလ် မဟုတ်ဘဲ သာမန်ဖုန်းကောလ်သာ ဖြစ်နေသည်ကိုပင် သူ ကျေးဇူးတင်မိနေတော့သည်။

"ရီခါ... ဟိုမှာကြည့်စမ်း။ အဲ့ဒါ ငါ မနှစ်ကအထိ အလုပ်လုပ်ခဲ့တဲ့ စတိုးဆိုင်ပဲ။ ဟိုဘက်က ဆိုင်ကို မြင်လား? အဲ့ဒီဆိုင်က ဈေးလည်းချိုပြီး အရသာလည်း ရှိတယ်။ ငါ အနည်းဆုံး စုစုပေါင်း ပန်းကန် ၅၀၀ လောက်တော့ စားဖူးမှာပဲ။"

ဂျယ်ဂန်းက ဘေးထိုင်ခုံတွင် ပါလာသည့် ရီခါ့ကို ပြောလိုက်သည်။ ၎င်းမှာ ဟီတဲမီဒီယာ မှ ရရှိသော ကားအသစ်ဖြစ်သည်။ ပထမဆုံး ခရီးသည်အဖြစ် ရီခါ့ကို တင်ဆောင်ကာ သူ မြို့ထဲ လှည့်ပတ်မောင်းနေခြင်း ဖြစ်သည်။ အောက်တိုဘာလ၏ နေရောင်ခြည်သည် အနက်ရောင် ကားသစ်ကြီးပေါ်တွင် တောက်ပစွာ ထင်ဟပ်နေသည်။

ရီခါသည် အရင်ကဲ့သို့ ဆိုးနွဲ့မနေဘဲ ငြိမ်သက်နေသည်။ သူမသည် ထိုင်ခုံပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ရင်း သို့မဟုတ် ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း ကားစီးရခြင်းကို နှစ်သက်နေပုံရသည်။

"ခဏလောက် ဝင်သွားဦးမှပဲ။"

အိမ်အပြန်လမ်းတွင် ဂျယ်ဂန်းသည် ဆုဂန်းဝို၏ ဂူဗိမာန်သို့ ဝင်လိုက်သည်။ ဂျယ်ဂန်းက တံခါးဖွင့်ပေးလိုက်သည်နှင့် ရီခါက ခုန်ဆင်းလိုက်သည်။

"ဆရာ... ကျွန်တော် ရောက်ပါပြီ။"

ဂျယ်ဂန်းက ဂူဗိမာန်ထံသို့ ခါးညွတ်၍ နှုတ်ဆက်လိုက်သည်။ ရီခါသည် ဂူဗိမာန်ပတ်ပတ်လည်ကို စစ်ဆေးသကဲ့သို့ ပတ်ကြည့်ပြီးနောက် ဂျယ်ဂန်း၏ ဘေးတွင် ပြန်လာထိုင်သည်။

"ဆောင်းဦးတောင် ရောက်ပြီပဲ။ ဆရာနဲ့အတူ စာတွေ စရေးကတည်းက အချိန်တွေ ကုန်လွန်တာ မြန်လိုက်တာ။"

ဂူဗိမာန်ပေါ်တွင် တင်ထားသည့် သူ၏စာအုပ်များနှင့် သောက်စရာခွက်အချို့ကို ဂျယ်ဂန်းက ရှင်းလင်းပေးလိုက်သည်။ ၎င်းတို့က သူအစောပိုင်းကတည်းက တင်ထားခဲ့သော ပစ္စည်းများဖြစ်သည်။ ရှင်းလင်းပြီးနောက် ဂျယ်ဂန်း ဂူဗိမာန်ဘေးတွင် ဝင်ထိုင်လိုက်သည်။

နေဝင်စပြုနေပြီဖြစ်သည်။ နီရဲနေသော မိုးကုတ်စက်ဝိုင်းကို ကြည့်ရင်း သက်ပြင်းတစ်ချက် ထွက်လာသည်။

"ဆရာ... ကျွန်တော် ဘာဆက်ရေးရမလဲဆိုတာ လုံးဝ စဉ်းစားလို့မရတော့ဘူး။"

ဂျယ်ဂန်းက ညည်းတွားသလို စကားစလိုက်သည်။

"ကျွန်တော် တကယ်နှစ်သက်တဲ့အရာကိုပဲ ရေးချင်ပါတယ်။ ဆရာပြောသလို စာဖတ်သူတွေအတွက်လည်း ထည့်စဉ်းစားပြီးတော့ပေါ့။ ဒါပေမဲ့ ဘာရေးရမလဲဆိုတာ ကျွန်တော် တကယ်မသိတော့ဘူး။ အခုဆို ကျွန်တော့်မှာ အခက်အခဲတွေတောင် မရှိတော့ဘူးလေ။"

သူသည် ဟီတဲမီဒီယာ ထံမှ ကြိုတင်ငွေများ ရရှိခဲ့သည့်အပြင် အဆင့်များ စီးရီးမှလည်း လစဉ်လစာကဲ့သို့ ငွေများ ဝင်နေဆဲဖြစ်သည်။ မနှစ်ကအထိဆိုလျှင် လစဉ် ဒေါ်လာ ၁၂,၀၀၀ ခန့် ဝင်ငွေရှိခဲ့သည်။ စာအုပ်များ ပုံနှိပ်ပြီးပါက နောက်ထပ် အမြတ်အစွန်းများစွာ ထပ်ရဦးမည်ဖြစ်သည်။ သူ ဘာမှမလုပ်ဘဲနေလျှင်ပင် ၂ နှစ်၊ ၃ နှစ်လောက် သက်သောင့်သက်သာ နေထိုင်နိုင်သည်။ စာရေးဆရာတစ်ဦးအတွက်မူ ၎င်းမှာ အံ့သြစရာကောင်းသော အခြေအနေပင်။

"ကျွန်တော် ကြိုးစားနေတယ်လို့ ထင်ခဲ့ပေမဲ့... ဒါက တကယ် ခက်ခဲပါတယ် ဆရာ။"

ဆုဂန်းဝိုကတော့ ဘာစကားမှ ပြန်မပြောနိုင်ခဲ့ပါ။ ဂျယ်ဂန်းသည် ထိုနေရာတွင် ခေတ္တမျှ ထိုင်နေပြီးမှ ကိုယ်ကိုဖုတ်ဖက်ခါကာ ထရပ်လိုက်သည်။ ရီခါကလည်း သူ့နောက်မှ လိုက်လာသည်။

ဘီပ်! ဘီပ်!

အိမ်ပြန်ရောက်ပြီး ရီခါ၏ ခြေထောက်များကို သန့်ရှင်းပေးနေစဉ် ဖုန်းဝင်လာသည်။ သူငယ်ချင်းဖြစ်သူ၏ နာမည်ကို မြင်လိုက်ရသဖြင့် သူ ပြုံးပြီး ဖုန်းကို ကိုင်လိုက်သည်။

"ပတ်ဂျောင်ဂျင်... မင်း ဖုန်းဆက်တယ်ဆိုတော့ အလုပ်က စောစောဆင်းလာတာလား?"

-ဘာလုပ်နေလဲ။ မအားဘူးဆိုရင်လည်း ခဏလောက် ထွက်ခဲ့ဦး။ ငါတို့ သောက်ကြရအောင်။

ဂျောင်ဂျင်၏ အသံမှာ အနည်းငယ် ကြမ်းတမ်းနေသည်။ သူ၏ ပြင်းထန်သည့် အသက်ရှူသံများကို ဖုန်းမှတစ်ဆင့် ကြားနေရသည်။

"အခုပဲ ထွက်လာခဲ့မယ်။ ဒါပေမဲ့ ကြိုပြောစမ်းပါဦး၊ တစ်ခုခု ဖြစ်လို့လား?"

ဂျယ်ဂန်းသည် ဖုန်းကို ပုခုံးနှင့် နားကြားတွင် ညှပ်ထားရင်း ဘောင်းဘီလဲကာ မေးလိုက်သည်။ ဂျောင်ဂျင်က သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ ပြန်ဖြေသည်။

-ဘာမှတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ထွက်ခဲ့ပါဦး။ တွေ့မှ ပြောကြရအောင်။ ဟာဂျယ်ဂန်း... မင်းကို ငါ တွေ့ချင်လို့ကွာ။

"အေးပါ... ဘယ်မှာ တွေ့ကြမလဲ။"

-မင်းရဲ့ ရပ်ကွက်မှာပဲ တွေ့မယ်။ ငါ မြေအောက်ရထားနဲ့ လာခဲ့မယ်။ မိနစ် ၂၀ လောက်ဆို ရောက်ပြီ။

"အေး... ကောင်းပြီ။"

ဂျယ်ဂန်းသည် စိုးရိမ်စိတ်ဖြင့် အဝတ်အစားကို အမြန်လဲလိုက်သည်။ ခြေအိတ်စွပ်နေရင်း ရီခါ့ကို သူ လှမ်းပြောသည်။

"ဂျောင်ဂျင် ဒီနေ့ ဒီမှာ လာအိပ်ရင် အိပ်လိမ့်မယ်။ သူ့အသံ ကြားရတာ အဆင်မပြေပုံပဲ။ တစ်ရက်လောက်တော့ သူ့ကို သည်းခံပေးလိုက်နော်။"

"မြောင်..."

ရီခါက အမြီးကို လှုပ်ယမ်းရင်း ဖြေလိုက်သည်။ ဂျယ်ဂန်းသည် သူမ၏ မျက်လုံးများကို ကြည့်ရင်း မနေနိုင်တော့ဘဲ ရီခါ့နှာခေါင်းလေးကို ပွတ်သပ်နှုတ်ဆက်ကာ အိမ်မှ ထွက်လာခဲ့သည်။ (T/N - ဒီကောင် ကြောင်ကိုများတကယ်ကြွေနေတာလားမသိဘူး -_-)

သူသည် မြေအောက်ရထားဘူတာဆီသို့ လမ်းလျှောက်လာခဲ့သည်။ သူ ရောက်ခါနီးတွင် ဂျောင်ဂျင်ဆီမှ ဖုန်းပြန်လာသည်။

"အေး... ငါ အမှတ် ၁ ထွက်ပေါက်မှာ။"

-နောက်လှည့်ကြည့်လိုက်ဦး။

ဂျယ်ဂန်း အံ့ဩသွားပြီး လှည့်ကြည့်လိုက်သည်။

ဂျောင်ဂျင်က သူ့ရှေ့တည့်တည့်မှာတင် ခါးသီးစွာ ပြုံးနေသည်။

“မြန်လှချည်လား။ ပျံလာတာလား?”

“မြေအောက်ရထားက အနားမှာတင် ရှိနေလို့ပါ။ ဘာစားမလဲ? သောက်ဖို့ကတော့ ဆိုဂျူပဲ မှာမယ်နော်။”

“စကတည်းက သောက်ဖို့ပဲလား။ ဘာဖြစ်လို့လဲ?”

“ဘာမှမဟုတ်ပါဘူး။ နေရာအရင်ယူပြီးမှ ပြောရအောင်။ ဟော... ဟိုမှာ ဝက်ခြေထောက် ဆိုင်ရှိတယ်၊ အဲ့ဒါပဲ စားကြစို့။”

ဂျယ်ဂန်းနှင့် ဂျောင်ဂျင်တို့ ဆိုင်ထဲဝင်ကာ ထိုင်လိုက်ကြသည်။ ဟင်းပွဲမလာခင်မှာတင် ဆိုဂျူနှင့် အမြည်းအချို့ စားပွဲပေါ် ရောက်လာသည်။ ဂျောင်ဂျင်သည် စောင့်နေခဲ့သည့်အလား ပုလင်းအဖုံးကို ဖွင့်ပြီး ခွက်တစ်ခုချင်းစီထဲ ငှဲ့ပေးလိုက်သည်။

“ရော့... သောက်။”

“ဟေ့လူ... တစ်ခုခု စားပြီးမှ သောက်စမ်းပါ။ ဗိုက်ထဲ ဘာမှမရှိဘဲနဲ့။ နည်းနည်းပါးပါး စားဦး။”

“အမြည်းတွေ ရှိသားပဲ၊ ကဲ... ခွက်တိုက်မယ်။”

“ကဲ...။”

ဗိုက်ထဲ ဘာမှမရှိဘဲ သောက်လိုက်သဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပူရှိန်းသွားသည်။ ဂျောင်ဂျင်က သူ့ဘာသာ ထပ်ငှဲ့ရန် ပြင်နေသဖြင့် ဂျယ်ဂန်းက ပုလင်းကို လှမ်းယူလိုက်သည်။

“ကိုယ့်ခွက်ကိုယ် မငှဲ့နဲ့လေ။”

“ဘာဖြစ်လဲကွ။”

“မင်းနဲ့ ငါနဲ့ ပြောနေတဲ့ စကားတွေက ပြောင်းပြန်ဖြစ်နေသလိုပဲ။ ဒီလိုပုံစံမျိုး ငါ မှတ်မိနေတယ်။”

“တက္ကသိုလ်တုန်းက ဆုံကြတဲ့အချိန်လေ။ ဟာမ မှာ။”

“အာ... မှတ်မိပြီ။ မြောင်ဟွန်းကြောင့် ငါ စိတ်ဓာတ်ကျနေတုန်းက မင်း ငါ့ကို ဒီလိုပဲ ပြောခဲ့တာ။”

ဂျောင်ဂျင်က အခုမှ ပြုံးနိုင်တော့သည်။ ဂျယ်ဂန်းကလည်း အရက်ငှဲ့ပေးရင်း လိုက်ပြုံးမိသည်။

“ပြောစမ်းပါဦး။ ဘာကိစ္စလဲ။ ငါ ကူညီနိုင်တာရှိရင်...”

“မင်း မကူညီနိုင်ပါဘူးကွာ။”

“ဘာဖြစ်လို့လဲ?”

“ဟိုဂျင်...။”

ဂျောင်ဂျင်က တွန့်ဆုတ်မနေဘဲ ချက်ချင်းဖြေလိုက်သည်။ ဂျယ်ဂန်းက ခေါင်းစောင်းပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလဲ?”

“အကြောင်းရင်းက ဟိုဂျင်ပဲ။”

ဂျောင်ဂျင်က နောက်တစ်ခွက် ထပ်သောက်လိုက်သည်။ မျက်နှာရှုံ့မဲ့ပြီး အမြည်းတစ်လုပ် စားရင်း သူ ဆက်ပြောသည်။

“သူ့မှာ ကြိုက်နေတဲ့သူ ရှိနေပြီ ထင်တယ်။”

“မင်းက ဘယ်လိုသိလဲ?”

“တွစ်တာ မှာ သူ တင်ထားတာတွေ ကြည့်ရတာ အဲ့ဒီလို ခံစားရလို့ပါ။ သူ့မျက်စိထဲမှာ ယောင်္ကျားလေးတွေ အများကြီး ရောက်နေတယ်လို့ သူ ရေးထားတယ်။”

“ဓာတ်ပုံရော မပါဘူးလား?”

“အာ... မပါဘူး။”

“ချက်ချင်းကြီး အတပ်မပြောပါနဲ့ဦး။ ဘာမှမဟုတ်တာလည်း ဖြစ်နိုင်တာပဲ။”

“......”

“ဟေ့လူ... ဒါပဲလား? မင်း ဒီလောက် စိတ်တိုနေရတဲ့ အကြောင်းရင်းက?”

“ဒါက အရေးကြီးတဲ့ ပြဿနာ မဟုတ်ဘူးလား?”

“မင်းက သူ့ကို ဝန်တောင် မခံရသေးဘူး မဟုတ်လား?”

“အင်း...။”

“ဒါဆို ပါးစပ်ပိတ်ပြီး စားစမ်းပါ။”

“ဘာမှမဟုတ်တာ သေချာပါ့မလား? ဖြစ်နိုင်မလား? မိန်းကလေးတွေက တွစ်တာမှာ ဘာမှမဟုတ်တာတွေကို ဟုတ်သလိုလို ရေးတတ်ကြတယ် မဟုတ်လား? ဟင်? ဟိုဂျင်လည်း အဲ့ဒီလိုပဲ ဖြစ်မှာလား?”

“မင်းကတော့ တကယ့်ကို သံသယသမားပဲ။ အေးအေးနေစမ်းပါ။”

ဂျယ်ဂန်းအတွက်တော့ ဒါက အဓိပ္ပာယ်မရှိသလို ခံစားရသော်လည်း ဂျောင်ဂျင်ကတော့ တကယ်ကို အတည်ပေါက် ဖြစ်နေခြင်းဖြစ်သည်။ ဂျောင်ဂျင်က သူမကို ချစ်နေသည်ကို ဂျယ်ဂန်း နားလည်နိုင်သော်လည်း၊ ယခုတွင် ဂျောင်ဂျင်ကလုံးဝကို စိုးရိမ်လွန်နေခြင်း ဖြစ်သည်။

“ငါ သူ့အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။”

ဒုတိယပုလင်း ကုန်ခါနီးတွင် ဂျောင်ဂျင်က ညည်းတွားလိုက်သည်။

“ငါနဲ့ ဟိုဂျင်နဲ့ အဆင်ပြေသွားရင် သူ့အတွက် ဘာလုပ်ပေးရမလဲဆိုတာ ငါ အမြဲတွေးခဲ့တာ။ ဒါပေမဲ့ တောက်...! ငါ့လစာလေးနဲ့ဆိုရင် ချစ်သူသက်တမ်းတောင် အဆင်ပြေပါ့မလားလို့ တွေးမိတယ်။ ဟိုဂျင်က မင်းသမီးလေးလို နေလာတာလေ...”

“ဒါက မင်းမျက်လုံးထဲမှာပဲ ဖြစ်မှာပါ။ ငါမြင်တာတော့ သူက စိတ်သဘောထားကောင်းပြီး ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူပါ။ ဆွန်းဒေးကုခ်စူး (Sundae guksu ဘာမှန်းမသိလို့ အသံထွက်ပဲယူလိုက်ပါတယ်) ကိုတောင် အားရပါးရ စားတတ်တာပဲ။”

“ဆွန်းဒေးကုခ်စူး စားတာက ပေါ့ပေါ့ပါးပါး နေတတ်တာကို ပြတာ မဟုတ်ပါဘူးကွာ။ ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ အဲ့ဒီလိုပဲ။ အာ... မသိတော့ဘူး။ ဟိုဂျင်မှာ ကြိုက်ရတဲ့လူရှိနေပြီလို့ ငါ ထင်တယ်။ သေချာတယ်... ငါ တကယ်ကြီး သေချာတယ်။ ဒါ အမှန်တရားပဲ။”

ဂျယ်ဂန်းက ဂျောင်ဂျင်၏ စကားကို သေချာနားထောင်ပေးနေလိုက်သည်။

သူ၏ အလုပ်အကြောင်း၊ ဟိုဂျင်နှင့် ပတ်သက်သည့် ဆက်ဆံရေး၊ သူ့မိသားစုအကြောင်း... အရာအားလုံးကို ဂျောင်ဂျင်က ရင်ဖွင့်နေသည်။ ဂျယ်ဂန်းက ဘာမှပြန်မပြောဘဲ သေချာစွာ နားထောင်ပေးနေမိသည်။

‘မင်းလည်း အတော်လေး ပင်ပန်းခဲ့မှာပဲ။ တောင်းပန်ပါတယ် သူငယ်ချင်း။’

တတိယပုလင်း ကုန်သွားသောအခါ ဂျောင်ဂျင်ကို ကြည့်ရင်း ဂျယ်ဂန်း စိတ်ထဲမှ တောင်းပန်နေမိသည်။ သူခက်ခဲချိန်မှာ ကူညီပေးခဲ့သည့် သူငယ်ချင်းကောင်းတစ်ယောက် မဟုတ်ပါလား။ သူ အခြေအနေ ကောင်းလာပြီဖြစ်သဖြင့် ဂျောင်ဂျင်ကို ပထမဆုံး ကူညီပေးမည့်သူ ဖြစ်ရမည်ဟု ဂျယ်ဂန်း ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်သည်။

“ဒီအတိုင်းတော့ မပြီးနိုင်ဘူး။ ကာရာအိုကေ သွားကြရအောင်။”

ပိုက်ဆံရှင်းပြီးနောက် ဂျောင်ဂျင်က အတင်းအကြပ် ပြောလာသည်။ ဂျယ်ဂန်းက ဆိုင်တစ်ဆိုင်ကို လှမ်းရှာကြည့်ပြီး ညွှန်ပြလိုက်သည်။

“အေး... သွားကြတာပေါ့။ သီချင်းဆိုပြီး စိတ်ဖိစီးမှုတွေ လျှော့လိုက်။”

“ဟေ့... နေဦး၊ ရပ်စမ်း။”

ဂျောင်ဂျင်က ဂျယ်ဂန်းကို ဆန့်ကျင်ဘက်ဘက်သို့ ဆွဲခေါ်သွားသည်။

“အနားမှာ ရှိတဲ့ဆိုင်ကို သွားမှာလေ၊ မင်းက ဘယ်ကို သွားနေတာလဲ?”

“ဒီကောင့်ကြည့်ရတာ လောကအကြောင်း ဘာမှမသိသေးဘူးပဲ။ အသက်ကြီးတဲ့သူနောက်ကို လိုက်ခဲ့စမ်းပါ။”

ဂျောင်ဂျင်က ဂျယ်ဂန်းကို အဆောက်အအုံတစ်ခု၏ ၃ ထပ်တွင်ရှိသော ကာရာအိုကေဆိုင်သို့ ခေါ်သွားသည်။

သူ ရွေးလိုက်သည့် ဆိုင်နှင့် ဤဆိုင် ဘာကွာခြားသည်ကို ဂျယ်ဂန်း မသိသော်လည်း၊ ဂျောင်ဂျင်နောက်သို့သာ လိုက်ကာ ဓာတ်လှေကားထဲသို့ ဝင်လာခဲ့သည်။

All Chapters