← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

“ဝင်လာခဲ့ပါ။”

သူတို့ ဝင်သွားသည်နှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြုံးလျက် ကြိုဆိုသည်။ သူမ၏ မျက်နှာထက်ရှိမိတ်ကပ်များအောက်တွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များက ထင်ဟပ်နေသည်။

ဂျောင်ဂျင် ကောင်တာဆီသို့ ယိမ်းထိုးလျက် လျှောက်သွားပြီး မေးလိုက်သည်။

“သူတို့ကို ခေါ်ပေးလို့ ရမလား?”

“ဟုတ်ကဲ့၊ ရပါတယ်ရှင်။”

“လူ ၂ ယောက်ပါ။ ၂ နာရီပဲ နေမယ်။ ဘီယာ ၄ ပုလင်း ပေးပါ။ ဘယ်လောက်ကျမလဲ။”

“ဒေါ်လာ ၁၅၀ ကျော် (၁၅၆ ဒေါ်လာ) ကျပါမယ်ရှင်။”

ဂျောင်ဂျင်က သူ့ကတ်ကို ထုတ်လိုက်ပြီး ငွေချေလိုက်သည်။

“……”

ဂျယ်ဂန်း ဆွံ့အသွားပြီး ဘာမှမပြောနိုင်တော့ပါ။ သူ့ကို တားဖို့ အချိန်တောင် မရလိုက်ဘဲ အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသည်။

“အထဲဝင်ပြီး အရင် သီချင်းဆိုနှင့်ကြပါရှင့်။ အခန်းနံပါတ် ၂ ပါ။”

“ကဲ... ဂျယ်ဂန်း၊ သွားစို့။”

ဂျောင်ဂျင်က ဂျယ်ဂန်းကို အခန်းထဲသို့ အတင်းဆွဲခေါ်သွားသည်။

အခြေအနေကို နားမလည်နိုင်သေးသည့် ဂျယ်ဂန်းက မထိုင်ခင်မှာပင် မျက်နှာပျက်ပျက်ဖြင့် လှမ်းမေးလိုက်သည်။

“ဟေ့ကောင်... ပတ်ဂျောင်ဂျင်! မင်း ဘာတွေ လုပ်နေတာလဲ!”

“ဘာလုပ်ရမှာလဲကွ။ ပျော်ပျော်ပါးပါး နေကြတာပေါ့။”

“ဘာပျော်တာလဲ။ ဒီသီချင်းဆိုတဲ့နေရာက ၁၅၀ ကျော်တောင် ကျရအောင် ဒါကဘယ်လိုဆိုင်လဲ?”

ဂျယ်ဂန်း၏ မျက်လုံးများက အခန်းအနှံ့ကို ဝေ့ကြည့်လိုက်သည်။

နံရံမှာ တီဗီအကြီးကြီး တစ်လုံးရှိပြီး မိုက်ခရိုဖုန်း နှစ်လုံးရှိသည်။ ရိုးရိုး ကာရာအိုကေ အခန်းတစ်ခုသာ ဖြစ်သည်။

“မင်းကလည်း အ၊ လိုက်တာကွာ။ စာရေးဆရာ ဖြစ်ပြီး ဒါတောင် မသိဘူးလား။ ငါ အဖော်ခေါ်ထားတယ်လေ။”

“အဖော်?”

ဂျယ်ဂန်း နားမလည်သဖြင့် ပြန်မေးမိသည်။ ဂျောင်ဂျင်က ရယ်မောရင်း သူ၏ အပေါ်အင်္ကျီကို ချွတ်ကာ ဆက်ပြောသည်။

“ကာရာအိုကေ အဖော်လေကွာ။”

“ဘာ!”

ဂျယ်ဂန်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

သူ ဤကဲ့သို့ အတွေ့အကြုံမျိုး တစ်ခါမှ မရှိခဲ့ဖူးပါ။ အင်တာနက်ပေါ်တွင်တော့ ကြားဖူးသော်လည်း အသေးစိတ် အချက်အလက်ကို သိပ်မသိပါ။

“စိတ်မလှုပ်ရှားပါနဲ့ကွာ။ ငါတို့ အတူတူ သီချင်းဆိုပြီး ပျော်ရအောင်ပါပဲ။ မင်း ဘာတွေ တွေးနေလဲတော့ မသိဘူး၊ ဒါက မင်းထင်သလို ရုတ်ရုတ်သဲသဲ ဖြစ်မယ့် နေရာမျိုး မဟုတ်ပါဘူး၊ စိတ်ချပါ။”

“ဒါတွေ ဘယ်သူ့ဆီက သင်လာတာလဲ?”

“ငါ့အထက်လူကြီးဆီကပေါ့။ တစ်ခါ လာဖူးတယ်။ ဒီမှာက အေးအေးဆေးဆေး စကားပြော၊ သီချင်းဆိုပြီး ပြန်ရုံပဲ။ ယောင်္ကျား နှစ်ယောက်တည်း သီချင်းဆိုနေတာထက်စာရင် အများကြီး ပိုကောင်းတယ်လေ။”

“ငါ မင်းကို နားမလည်နိုင်တော့ဘူး။”

ဂျယ်ဂန်း ခေါင်းခါလိုက်သည်။ ဂျယ်ဂန်း၏ စိတ်ထဲတွင် ယခုလုပ်ရပ်မှာ လုံးဝ မသင့်လျော်ဟု ခံစားနေရသည်။

သူသည် အပျော်အပါးကို မနှစ်သက်၍ ငြင်းပယ်နေခြင်း မဟုတ်ပါ။ သူက ကလေးလည်း မဟုတ်သလို ဤမျှလောက်သော နားလည်မှုမျိုးတော့ ရှိပါသည်။ သို့သော် ပြဿနာက တစ်ခြားစီ ဖြစ်နေသည်။

“မင်း ဟိုဂျင်ကြောင့် ဒီလိုတွေ လျှောက်လုပ်ချင်နေတာလား?”

“အာ... မင်းထင်သလို မဟုတ်ပါဘူးကွာ။ ပြီးတော့ ဟိုဂျင်နဲ့ ငါနဲ့က မဆုံနိုင်တော့တာ ကံကြမ္မာပဲလေ။”

ဂျောင်ဂျင် ဒီလိုမျိုး ရယ်မောနေတာကို ကြည့်ပြီး သူ တော်တော်လေး မူးနေပြီဟု ဂျယ်ဂန်း တွေးမိသည်။ သူ ဒီလောက်အထိ အမူးလွယ်လိမ့်မည်ဟု အရင်က မထင်ခဲ့မိပါ။

ဂျယ်ဂန်း သူ့ဘေးတွင် ဝင်ထိုင်ရင်း မေးလိုက်သည်။

“မင်း အချိန်ပိုတွေ အများကြီး ဆင်းနေရတာလား?”

“မင်းဘယ်လိုသိတာလဲ?”

“မင်းမျက်နှာကို ကြည့်တာနဲ့ တန်းသိတယ်။ ငါ မင်းကို လက်နဲ့ တစ်ချက်လောက် တို့လိုက်ရုံနဲ့တင် လဲကျသွားမယ့်ပုံပဲ။ ငါ့အိမ်ကိုသွားပြီး အိပ်ကြရအောင်။”

“ငါ မပင်ပန်းပါဘူးကွာ၊ ဒီမှာ... သူတို့ကိုတောင် ခေါ်ထားပြီးပြီပဲ။”

“ဒါဆို ငါ အပြင်ထွက်ပြီး ပြန်ဖျက်ခိုင်းလိုက်မယ်၊ ကဲ... လာစမ်းပါ...”

ကျွီ...

ဂျယ်ဂန်း စကားပြောနေတုန်းမှာပင် ဆိုင်ရှင်အမျိုးသမီးက တံခါးဖွင့်ပြီး ဝင်လာသည်။

ဘီယာ ၄ ပုလင်း၊ အမြည်းများနှင့် ပလတ်စတစ်ခွက်အချို့ စားပွဲပေါ်သို့ အမြန်ရောက်လာသည်။

ဂျယ်ဂန်းက အမျိုးသမီးကို လှမ်းပြောလိုက်သည်။

“အစ်မ... တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ပြန်တော့မလို့ဗျ။”

“ပြန်တော့မယ်?”

“ဟေ့ကောင်... ဟာဂျယ်ဂန်း။ မင်း ဘာလုပ်နေတာလဲ?”

“မင်း ငြိမ်ငြိမ်နေစမ်းပါ။ အစ်မ တောင်းပန်ပါတယ်။ ဘီယာဖိုးတော့ ကျွန်တော် ပေးပါ့မယ်။”

ဂျယ်ဂန်း၏ စကားကြောင့် ဆိုင်ရှင်က မကျေမနပ်နှင့် သူမ၏ နောက်ဘက်ကို ညွှန်ပြလိုက်သည်။

“ကောင်မလေးတွေတောင် ရောက်နေပြီလေ?”

“ဗျာ?”

ဂျယ်ဂန်း သူတို့ကို မြင်လိုက်ရသည်။

ဆိုင်ရှင်အမျိုးသမီး၏ နောက်ကွယ်တွင် မိန်းကလေးနှစ်ဦး ရပ်နေကြသည်။

သူတို့နှစ်ဦးစလုံးသည် အသက် ၂၀ အစောပိုင်းအရွယ်များ ဖြစ်ကြသည်။ အတွင်းသားကိုမြင်လုနီးပါး ဘောင်းဘီတိုလေးများ၊ စတော့ကင်အမည်းရောင်များ၊ ဒေါက်ဖိနပ်များနှင့်အတူ သူတို့မှာ အတော်လေး ပိန်ပါးပါးနှင့် ဘော်ဒီမျိုးရှိကြသည်။

“ကျွန်မတို့ ပြန်ရတော့မှာလား?”

ဘယ်ဘက်က မိန်းကလေးက မေးလိုက်သည်။ သူမသည် ကြောင်တစ်ကောင်နှင့်ဆင်တူသည့်မျက်နှာသွယ်သွယ်ကလေးဖြင့် ချစ်စရာကောင်းသည်။ မိတ်ကပ်အထူကြီးများ လိမ်းထားပြီး ဆံပင်ကို အထက်သို့ စည်းထားကြသော ထိုမိန်းကလေးနှစ်ဦးမှာ ညီအစ်မများအလား ဆင်တူနေကြသည်။

“မဟုတ်ဘူး၊ ဝင်ခဲ့ကြပါ။”

ဂျောင်ဂျင်က ထရပ်ပြီး သူတို့ကို အထဲသို့ ဆွဲခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဒေါ်လာ ၃၀ ကို ထုတ်ကာ ဆိုင်ရှင်အမျိုးသမီးကို ပေးလိုက်သည်။

“ဘီယာ ထပ်ယူခဲ့ပေးပါ။ ဒီပိုက်ဆံဖိုး ရသလောက်ပေါ့။”

“ဟုတ်ကဲ့၊ ယူခဲ့ပေးပါ့မယ်။”

ဆိုင်ရှင်အမျိုးသမီးသည် တံခါးပိတ်ပြီး ထွက်သွားသည်။

အခြေအနေမှာ တားမရတော့မှန်း သိလိုက်သဖြင့် ဂျယ်ဂန်း လက်လျှော့လိုက်ကာ ဆိုဖာပေါ်သို့ ပစ်ထိုင်လိုက်သည်။ မိန်းကလေးနှစ်ဦးသည် ဂျယ်ဂန်းနှင့် ဂျောင်ဂျင်တို့၏ ဘေးတွင် တစ်ယောက်စီ ဝင်ထိုင်ကာ ဘီယာပုလင်းကို ဖွင့်လိုက်ကြသည်။

“ကျွန်မ ငှဲ့ပေးရမလား?”

“ကျွန်တော့်ဘာသာပဲ သောက်ပါ့မယ်။”

ဂျယ်ဂန်းသည် ပုလင်းကိုယူကာ တစ်ငုံသောက်လိုက်သည်။ စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်ကာ နေရခက်သလို ခံစားရသည်။ နှလုံးခုန်သံမှာလည်း ပုံမှန်ထက် ပိုမြန်နေသည်။

“နာမည် ဘယ်လိုခေါ်လဲ?”

ဂျောင်ဂျင်က မေးလိုက်သည်။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ပြန်ဖြေသည်။

“ဒါဆော ပါ။”

“ဆောလ်ဂီ ပါ။”

၎င်းတို့မှာ ထိုနေရာတွင်တင် ချက်ချင်းပေးလိုက်သည့် နာမည်များဟု ခံစားရသည်။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါသည်။ ဒါဆောဟု ခေါ်သည့် မိန်းကလေးက ဂျယ်ဂန်း၏ ဘေးတွင် ရှိနေသည်။ သူမက ရီမုဒ်ကို ကောက်ကိုင်လိုက်ပြီး -

“သီချင်းတစ်ပုဒ် ဆိုလို့ရမလားရှင်?”

သူမက သီချင်းတစ်ပုဒ် ရွေးလိုက်ပြီး ထရပ်သည်။ ဂျောင်ဂျင်က စောင့်နေသည့်အလား တမ်ဗိုရင်း ကို လှုပ်ခါကာ လိုက်အော်ရင်းအားပေးသည်။ ဂျယ်ဂန်းကတော့ စခရင်ကိုကြည့်ကာ ခပ်အေးအေးပဲ ပြုံးနေမိသည်။

‘မဖြစ်နိုင်တာ ဘာမှမရှိပါလား။’

အချိန်ကုန်လွန်သွားသည်နှင့်အမျှ ဤအတွေးက ဝင်လာသည်။ ဂျောင်ဂျင်ပြောသကဲ့သို့ပင် ရုတ်ရုတ်သဲသဲ အခြေအနေမျိုး မရှိပါ။

သူတို့သည် တစ်လှည့်စီ သီချင်းဆိုကြပြီး စိတ်ပါလာလျှင် ကကြသည်။ ကြားထဲတွင် အရက်သောက်ကာ စကားအနည်းငယ် ပြောကြသည်။ ဒါပါပဲ။

ဒီနေရာက ထွက်သွားရင် ပြန်ဆုံကြမည့်သူများ မဟုတ်သဖြင့် လေးလေးနက်နက် စကားပြောစရာ မလိုပါ။

‘ဒီကောင်မလေးတွေ တစ်နေ့ကို အရက်ဘယ်လောက်တောင် သောက်ကြရပါလိမ့်။ သူတို့ခန္ဓာကိုယ်က တောင့်ခံနိုင်ပါ့မလား?’

စားပွဲအောက်က ဘီယာပုလင်းခွံများကို ကြည့်ရင်း ဂျယ်ဂန်း စိတ်မကောင်းဖြစ်မိသည်။ သူတို့နှင့် အချိန်ကုန်သွားလျှင်လည်း ဤမိန်းကလေးများသည် တခြားသူများနှင့် ထပ်မံသောက်ကြရဦးမည်။ ပိုက်ဆံပေးလျှင်ပင် သူကတော့ ဤမျှအထိ မသောက်နိုင်လောက်ပါ။

“ဟေး... ဟာဂျယ်ဂန်း! သီချင်းတစ်ပုဒ်လောက် ဆိုစမ်းပါဦး!”

ဂျောင်ဂျင်က သီချင်းဆိုရင်း၊ ကခုန်ရင်းနှင့် ချွေးများဖြင့် လှမ်းအော်ပြောသည်။ ဂျယ်ဂန်းက ခေါင်းခါပြီး ငြင်းလိုက်သည်။ သူသည် သူစိမ်းများရှေ့တွင် ပျော်မြူးတတ်သည့် လူမျိုးမဟုတ်ပါ။

‘အေးပါ ပတ်ဂျောင်ဂျင်ရာ... ကျေးဇူးတင်ပါတယ်။ ငါ့ကို ဒီလိုအတွေ့အကြုံမျိုး ပေးတဲ့အတွက်။’

ဘာပဲဖြစ်ဖြစ် စာရေးဆရာတစ်ယောက်အနေနှင့် အတွေ့အကြုံများများ ရှိထားခြင်းက အကောင်းဘက်က ကြည့်လျှင် ကောင်းပါသည်။ ဒီအဖြစ်ပျက်များအကြောင်း ဝတ္ထုထဲ ထည့်ရေးရမည့်နေ့ ရောက်လာနိုင်သည်ဟု တွေးရင်း ဂျယ်ဂန်းက ဂျောင်ဂျင်၏ သီချင်းဆိုနေမှုကို လက်ခုပ်တီးအားပေးနေလိုက်သည်။

ထိုစဉ်မှာပင်...

“စိတ်ဆိုးနေတာလား?”

ဂျယ်ဂန်းဘေးက မိန်းကလေးက မေးလိုက်သည်။ ဂျယ်ဂန်းက သီချင်းသံကြောင့် မကြားရသဖြင့် မျက်မှောင်ကြုတ်လိုက်ရာ သူမက နားနားကပ်ပြီး ပိုကျယ်လောင်စွာ ပြောသည်။

“စိတ်ဆိုးနေတာလားလို့! ဘာလို့ စကားတစ်လုံးမှ မပြောတာလဲ!”

“မဟုတ်ပါဘူး။ ကျွန်တော်က သီချင်းမဆိုတတ်လို့ပါ။”

“သီချင်းမဆိုတာက ထားပါဦး! စကားလည်း မပြောဘူးလေ! ကျွန်မကို သဘောမကျလို့လား?”

“မဟုတ်ပါဘူး၊ အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီလိုမျိုး တစ်ခါမှ မကြုံဖူးလို့ နေရခက်နေတာပါ။”

“ဟူး... ပျင်းလိုက်တာ။ အစ်ကို့အလုပ်က ဘာလဲ? ကြည့်ရတာ ခွန်အားသုံးရတဲ့ အလုပ်မျိုးတော့ မဟုတ်ဘူး ထင်တယ်?”

ဂျယ်ဂန်း ခဏလောက် စဉ်းစားလိုက်သည်။ သူကိုယ်သူ စာရေးဆရာပါဟု မပြောချင်ပါ။ ထို့ကြောင့် သူ၏ ပွဲဦးထွက် ဝတ္ထုထဲက အလုပ်ကိုပဲ သတိရလိုက်သည်။

“ဈေးတွေပတ်ပြီး လျှပ်စစ်မွေ့ယာ တွေ ရောင်းတာပါ။”

“လျှပ်စစ်မွေ့ယာ? ဈေးပတ်ရောင်းတယ်ဆိုတော့ တစ်နိုင်ငံလုံး လှည့်ရတာလား? ကားကြီးနဲ့လား?”

“ကျွန်တော့်မှာ လန်ဘော်ဂီနီ ရှိတယ်လေ။”

“ဘာ... လန်ဘော်ဂီနီ? အဓိပ္ပာယ်မရှိတာ။”

သူမက ထိုသို့ပြောသော်လည်း ရယ်စရာကောင်းသည်ဟု ထင်ပုံရကာ ပြုံးနေသည်။

ဂျယ်ဂန်း အပြုံးဖြင့်သာ အဖြေပြန်ပေးလိုက်သည်။ ဤနေရာတွင် အမှန်တရားဆိုသည်မှာ မရှိသလောက်ဖြစ်သည်ကို သူတို့နှစ်ဦးစလုံး သိကြသည်။ လိမ်ပြောရင်တောင် စိတ်မဆိုးကြသည့် နေရာမျိုး မဟုတ်ပါလား။

“ကြိုးစားပြီး အလုပ်လုပ်ပါ အစ်ကို။ ပိုက်ဆံလွယ်လွယ်ရတဲ့ အလုပ်ဆိုတာ မရှိပါဘူး။ နေ့တိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတာကိုပဲ ကျေးဇူးတင်ရမှာ။”

သီချင်းသံ ဆူညံမှု နည်းသွားချိန်တွင် ထိုမိန်းကလေးက ပြောလိုက်သည်။

ဂျယ်ဂန်း စဉ်းစားနေမိသည်။ ထိုသည်က အသက် ၂၀ အစောပိုင်း မိန်းကလေးတစ်ယောက်ဆီက ထွက်လာမည့် စကားမျိုး မဟုတ်သောကြောင့် ဖြစ်သည်။

‘ဟုတ်တယ်... အရာရာတိုင်းက ခက်ခဲတာပါပဲ။’

သူမ၏ ထူထဲသော မိတ်ကပ်များကြားမှ ဝမ်းနည်းရိပ်များကို သူ မြင်နေရသည်။ သက်ပြင်းချလိုက်တိုင်း တုန်ရင်သွားသော သူမ၏ မေးစေ့လေး။ ထိုမိန်းကလေး၏ ခက်ခဲကြမ်းတမ်းသော ဘဝတစ်ခုလုံးသည် သူ့နှလုံးသားထဲသို့ ဖြတ်သန်းသွားသလိုမျိုး ဂျယ်ဂန်း ခံစားလိုက်ရသည်။

“သောက်ဦးမလား?”

“အင်း... ပေးပါ။”

ဂျယ်ဂန်း၏ စိတ်အစဉ်မှာ ရုတ်တရက် တည်ငြိမ်လေးနက်သွားသည်။

‘ဒါက စာရေးဆရာတစ်ယောက်ရဲ့ အလွန်အကျွံ တွေးတောမှုပဲ’ ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆူပူရင်း သူ ခွက်ကို မော့လိုက်သည်။

အချိန်များက အလွန်မြန်စွာ ကုန်ဆုံးသွားသည်။ ၂ နာရီပြည့်သွားသောအခါ လမ်းခွဲရတော့မည့် အချက်ပေးသံ မြည်လာသည်။

“ပျော်စရာကောင်းခဲ့ပါတယ်ဗျာ။”

ဂျယ်ဂန်းက အမြန်ထရပ်ပြီး ပျော့ခွေနေသော ဂျောင်ဂျင်ကို ဆွဲထူလိုက်သည်။ ဂျောင်ဂျင်သည် ၂ နာရီလုံးလုံး အလွန်အကျွံ သောက်ထားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လောက်အောင် ဖြစ်နေသဖြင့် အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရသည်။

“သွားပြီနော်။”

“တွေ့ရတာ ဝမ်းသာပါတယ်ရှင်။”

မိန်းကလေးနှစ်ဦးမှာ ယဉ်ကျေးမှုအရ လက်ယမ်းနှုတ်ဆက်ကြသည်။ သူတို့က ပိုက်ဆံကိစ္စ တစ်ခုခု တွက်ချက်ရန် ကျန်နေခဲ့ပုံရပြီး ဂျယ်ဂန်းနှင့် ဂျောင်ဂျင်တို့ကတော့ အပြင်သို့ ထွက်လာခဲ့ကြသည်။

အပြင်သို့ ရောက်သည်နှင့် အေးမြသော လေညင်းက သူတို့ကို လာရောက်ထိတွေ့သည်။ ဂျောင်ဂျင်က ကိုယ်လက်ဆန့်ထုတ်ရင်း သမ်းဝေလိုက်သည်။ ဂျယ်ဂန်းကလည်း ကိုယ်လက်လှုပ်ရှားရင်း မေးလိုက်သည်။

“စိတ်ထဲ နည်းနည်း နေလို့ကောင်းသွားပြီလား?”

“အာ... အင်း...။”

ဂျောင်ဂျင်က နှာခေါင်းကိုကုတ်၊ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

“တကယ်ပဲ... အခုမှ ပြန်စဉ်းစားကြည့်တော့ ပိုက်ဆံတွေ နှမြောစရာကြီးကွာ။”

“မင်းက ဘာလို့ ဒီလောက်အစောကြီး မူးသွားရတာလဲ?”

“ပင်ပန်းနေလို့ ဖြစ်မှာပါ။ ပျော်တော့ ပျော်စရာကောင်းပါတယ်၊ ဒါပေမဲ့ ဈေးက အရမ်းကြီးလွန်းတယ်။ နောက်တစ်ခါ ငါ သွားမယ်လုပ်ရင် မင်း ငါ့ကို အတင်းတားနော်။”

“မင်းကတော့ ရူးနေတာပဲ။ ကဲ... ဆောလ်လုံထန်း သွားစားကြရအောင်။”

“ကောင်းသားပဲ။ ဒီနေ့ မင်းအိမ်မှာ အိပ်လို့ရတယ်မလား?”

“အေး... ရတယ်။ စောင်တွေ ဘာတွေ လည်းရှိတယ်။”

သူငယ်ချင်းနှစ်ယောက် ပူပူနွေးနွေး ဆောလ်လုံထန်း တစ်ပွဲစီ စားလိုက်ကြပြီး တက္ကစီနှင့် အိမ်သို့ ပြန်လာခဲ့ကြသည်။

တံခါးဖွင့်လိုက်သည်နှင့် ရီခါက ကြောင်မျှော်စင်ပေါ်မှ ခုန်ဆင်းလာပြီး သူတို့ကို ကြိုဆိုသည်။

“ရီခါ... ဒါ ဂျောင်ဂျင်လေ။ လာခဲ့ဦး။”

ဂျောင်ဂျင်က လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။ ရီခါက သူ့ကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး ရှောင်ဖယ်ကာ ကြောင်မျှော်စင်ပေါ် ပြန်တက်သွားသည်။

“ဘာလဲ? ငါ့ကို ခွဲခြားဆက်ဆံနေတာလား??”

“သူက လူစိမ်းဆို နည်းနည်း ကြောက်တတ်လို့ပါ။ ကဲ... သွား ရေချိုးတော့။”

ဂျယ်ဂန်းက လဲလှယ်ရန်အတွက် အဝတ်အစားများ ထုတ်ပေးလိုက်သည်။ ဂျောင်ဂျင်က အဝတ်အစားများကို ယူရင်း အခန်းထဲ ပတ်ကြည့်ကာ ပြောလိုက်သည်။

“မင်း ပိုက်ဆံတွေ အများကြီး ရနေတာပဲ။ ဒီထက် ပိုကျယ်တဲ့နေရာကို မပြောင်းချင်ဘူးလား?”

“ဘာလို့လဲ? ဒီနေရာက စာရေးဖို့ အကောင်းဆုံးပဲလေ။”

“မင်းမှာ ကြောင်လည်း ရှိတာဆိုတော့ နည်းနည်း အိုက်စပ်စပ် မဖြစ်ဘူးလား? ပြီးတော့ ဒီနေရာက နည်းနည်း ထူးဆန်းတယ်။ မြေအောက်ရထားနဲ့ ၅ မိနစ်လောက်ပဲ ဝေးတဲ့နေရာမျိုး ပြောင်းပါလား။”

“ငါ ဒီနေရာကို သဘောကျတယ်။ တိတ်ဆိတ်လို့။”

ဆုဂန်းဝို နားခိုရာ ဤနေရာ...။ နောက်ပိုင်းတွင် အနီးအနားရှိ ပိုကျယ်သော အိမ်သို့ ပြောင်းရန် စဉ်းစားကောင်း စဉ်းစားနိုင်သော်လည်း ဤပတ်ဝန်းကျင်မှ ထွက်သွားရန်တော့ သူ စိတ်မကူးပါ။

ဂျောင်ဂျင်က နားမလည်နိုင်သလို ခေါင်းခါရင်း ရေချိုးခန်းထဲ ဝင်ကာ တံခါးပိတ်လိုက်သည်။ ထိုအချိန်ကို အသုံးချပြီး ဂျယ်ဂန်းသည် ဒေါ်လာ ၁၀၀ တန် တစ်ရွက်ကို ဂျောင်ဂျင်၏ ပိုက်ဆံအိတ်ထဲသို့ တိတ်တဆိတ် ထည့်ပေးလိုက်သည်။ ၎င်းမှာ ကာရာအိုကေဖိုး၏ ထက်ဝက်ခန့် ဖြစ်သည်။

‘အကုန်လုံး ပေးချင်ပေမဲ့ အဲ့ဒါဆိုရင် သူ နောက်ကျရင် စိတ်ဆိုးနေလိမ့်မယ်။ ကဲ... ဒီနေ့အတွက် နေ့စဉ်မှတ်တမ်းလေး ရေးလိုက်ရအောင်။’

ဂျယ်ဂန်းသည် ကုလားထိုင်တွင် ထိုင်ကာ လက်တော့ပ်ကို ဖွင့်လိုက်သည်။ မရေးဖြစ်တာ ကြာပြီဖြစ်သော ဒိုင်ယာရီကို သူ ပြန်ရေးနေခြင်း ဖြစ်သည်။ နေ့စဉ်မှတ်တမ်း ရေးခြင်းက ဇာတ်လမ်းကောင်းများ ရှာဖွေရာတွင် အထောက်အကူ ဖြစ်နိုင်သည် မဟုတ်ပါလား။

‘ပီဂယ်လွန်ရဲ့ ဓားသမား ကို ရေးခဲ့တယ်... ရီခါနဲ့ ကားလျှောက်စီးခဲ့တယ်... ဆုဂန်းဝိုရဲ့ ဂူဗိမာန်ကို သွားခဲ့တယ်... ဂျောင်ဂျင်နဲ့ တွေ့ပြီး ကာရာအိုကေ သွားခဲ့တယ်...’

ရေးစရာတွေ အများကြီး ရှိနေသည်။ ရီခါနှင့် သူ နှစ်ယောက်တည်း ရှိချိန်ထက် ဂျောင်ဂျင် ပါဝင်လာသောအခါ တစ်နေ့တာမှာ နှစ်ဆမျှ ပိုမို စည်ကားသွားသလို ခံစားရသည်။ ဂျယ်ဂန်းသည် သူ့ဒူးပေါ်မှ ရီခါ၏ အနွေးဓာတ်ကို ခံစားရင်း ဒိုင်ယာရီကို ဆက်ရေးနေမိသည်။

‘ဟိုမိန်းကလေး ဘာပြောခဲ့တာပါလိမ့်။’

ဒိုင်ယာရီ ရေးပြီးနောက်တွင် ထိုမိန်းကလေး ပြောခဲ့သည့် စကားများကို သူ ပြန်လည် စဉ်းစားမိသည်။ မှတ်ဉာဏ်ကို ပြန်လည် ရှာဖွေပြီးနောက် ဂျယ်ဂန်းသည် ချက်ချင်း သတိရသွားကာ ကီးဘုတ်ပေါ်တွင် ရိုက်နှိပ်လိုက်သည်။

- "ကြိုးစားပြီး အလုပ်လုပ်ပါ။ ပိုက်ဆံလွယ်လွယ်ရတဲ့ အလုပ်ဆိုတာ ဘယ်မှာရှိမှာလဲ။ နေ့တိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတာကိုပဲ ကျေးဇူးတင်ရမှာ။"

‘ဒီစကားက တကယ်ကို ခံစားချက် ရှိတာပဲ။’

ရိုးရှင်းသော်လည်း လူသားဆန်သည့် ခံစားချက်နှင့် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည့် စာသားတစ်ကြောင်း...။

ဂျယ်ဂန်း ထိုစကားလုံးများကို စိတ်ထဲတွင် အထပ်ထပ် ရွတ်ဆိုနေမိသည်။ ဂျောင်ဂျင် ရေချိုးပြီး၍ သူ့နောက်တွင် ရပ်နေသည်ကိုပင် သူ သတိမထားမိလိုက်ပါ။

All Chapters