← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

“ဘာတွေ ရေးနေတာလဲ?”

“ဒိုင်ယာရီ။”

ဂျောင်ဂျင်က ထပ်မမေးတော့ဘဲ သမ်းဝေလိုက်သည်။

“မင်း မပင်ပန်းဘူးလား။ အားးး... ငါ ဘယ်မှာ အိပ်ရမလဲ?”

“ကုတင်ပေါ်မှာ အိပ်လိုက်လေ။”

“ဒါဆို မင်းကရော?”

“ငါ ဒါလေးအပြီးသတ်ပြီးရင် စောင်တစ်ထည်ယူပြီး အောက်မှာပဲ အိပ်လိုက်မယ်။”

“အေးပါ... ဒါဆို ငါ အရင်အိပ်ပြီနော်။ မင်းလည်း စောစောအိပ်။”

ဂျောင်ဂျင်သည် ကုတင်ပေါ်က စောင်ထဲသို့ တိုးဝင်ကာ လှဲချလိုက်သည်။ တစ်မိနစ်မပြည့်ခင်မှာပင် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

‘ဒီကောင်... တကယ်ကို ပင်ပန်းနေခဲ့တာပဲ။’

ဂျောင်ဂျင်ကို ကြည့်ရင်း ကုမ္ပဏီဝန်ထမ်းတွေရဲ့ ပင်ပန်းမှုကို ဂျယ်ဂန်း ခံစားလိုက်ရသည်။ မိသားစုကို လုပ်ကျွေးဖို့ တစ်ရက်မှ မနားဘဲ အလုပ်လုပ်ခဲ့သည့် သူ့ဖခင်ကိုလည်း သတိရမိသွားသည်။

ဂျယ်ဂန်း ဂျောင်ဂျင်ကို စောင်သေချာခြုံပေးလိုက်ပြီး ကုလားထိုင်သို့ ပြန်လာခဲ့သည်။ ထို့နောက် ဒိုင်ယာရီကို ပြန်ကြည့်လိုက်သည်။

ထိုစဉ်မှာပင်...

‘အ... အာ...!’

စိတ်ကူးတစ်ခုက မှော်ဆန်စွာပဲ ခေါင်းထဲ ရောက်လာသည်။

အလုပ်ခွင်မှာ ရုန်းကန်နေရတဲ့ ဂျောင်ဂျင်နဲ့ စောစောက တွေ့ခဲ့တဲ့ ကာရာအိုကေ အဖော်မိန်းကလေးတို့၏ ပုံရိပ်များက သူ့ဦးနှောက်ထဲတွင် ဝဲလည်နေသည်။ ဂျယ်ဂန်း၏ လက်နှစ်ဖက်သည် ကီးဘုတ်ပေါ်သို့ အလိုလို ရောက်သွားသည်။

ထိုသည်က သူ့ရဲ့ အသိစိတ်ကြောင့် မဟုတ်ဘဲ ဗီဇအရ လှုပ်ရှားမှုမျိုး ဖြစ်သည်။ သူ၏ လက်ချောင်းဆယ်ချောင်းသည် ကီးဘုတ်ကို အလွန်လျင်မြန်စွာ ရိုက်နှိပ်နေတော့သည်။

ကလစ်! ကလစ်! ကလစ်!

အချိန်ကုန်သွားသည်ကိုပင် သူ မသိတော့ပါ။ မက်ကနီကယ်ကီးဘုတ် ၏ အသံမှာ အခန်းငယ်လေးထဲတွင် ပဲ့တင်ထပ်နေသည်။ ဂျောင်ဂျင်ကတော့ ဘာမှမသိဘဲ ကီးဘုတ်သံကို ချော့သိပ်တေးအလား မှတ်ယူကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။

“အင်း... ရေ... ရေပေးပါ။”

ဂျောင်ဂျင်သည် ရေငတ်သဖြင့် ညည်းတွားပြီး နိုးလာသည်။ ဂျယ်ဂန်းက ရေအေးတစ်ခွက် ကမ်းပေးလိုက်သည်။

“ရော့... သောက်လိုက်။”

ဂျောင်ဂျင်က မျက်လုံးတောင် မဖွင့်ဘဲ ရေကို အငမ်းမရ သောက်လိုက်သည်။ အကုန်သောက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ အပြင်လောကကြီးမှာ လင်းထိန်နေပြီ ဖြစ်သည်။

“အခု ဘယ်နှစ်နာရီ ရှိပြီလဲ။”

“၇ နာရီ။ သွား ရေချိုးတော့။ ပြီးရင် မင်းကိုလိုက်ပို့ရင်းနဲ့ တစ်ခုခု ဝင်စားကြတာပေါ့။”

“မစားချင်ပါဘူးကွာ။ စားရင် ပြန်အန်ထွက်မလား မသိဘူး။ အခြား ပြင်ဆင်စရာတွေလည်း ရှိသေးတယ်။”

ဂျောင်ဂျင်က ကိုယ်ကို အားယူပြီးထလိုက်သည်။ သူ့ခေါင်းတစ်ခုလုံး ကွဲမတတ် ကိုက်နေပြီး အခန်းကြီးက ချာချာလည်နေသလို ခံစားရသည်။ သို့သော် အခုမထလျှင် အလုပ်နောက်ကျတော့မည်။

ဂျယ်ဂန်းက ကုလားထိုင်တွင် ပြန်ထိုင်ရင်း ပြောလိုက်သည်။

“ခိုင်မာတဲ့ စိတ်ဓာတ်ပဲ ပတ်ဂျောင်ဂျင်။ ရုံးဝန်ထမ်းတွေက တကယ်ကို အံ့သြဖို့ကောင်းတာပဲ။”

“မင်း ငါ့ကို လှောင်နေသလိုပဲနော်။”

“အတည်ပြောတာပါ။”

“ဒါနဲ့ မင်း ဘာလုပ်နေတာလဲ?”

ဂျောင်ဂျင်က ရေချိုးခန်းထဲ ဝင်ခါနီး မော်နီတာကို လှမ်းကြည့်လိုက်ရာ စခရင်တစ်ခုလုံး စာသားများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။

“မင်း တစ်ညလုံး ရေးနေတာလား?”

“အင်း... အိပ်လို့မရတာနဲ့။”

ဂျယ်ဂန်း၏ အေးဆေးလှသော အမူအရာကို ကြည့်ပြီး ဂျောင်ဂျင် အံ့သြသွားသည်။

“ဟေ့ကောင်... မင်းလည်း မနေ့က အတော်သောက်ထားတာလေ။ မပင်ပန်းဘူးလား?”

“ငါက အိမ်မှာပဲ အလုပ်လုပ်တာဆိုတော့ မင်းလောက်တော့ မပင်ပန်းပါဘူး။”

“လျှောက်မပြောနဲ့။ စာရေးတာကလည်း အလုပ်ပဲလေ။ မင်း ငါ့ထက်အရင် လဲကျသွားပါဦးမယ်။”

“သွား... ရေချိုးတော့။”

ဂျောင်ဂျင် ရေချိုးခန်းထဲ ဝင်သွားချိန်တွင် ဂျယ်ဂန်း ဆက်ရေးနေသည်။ ညက သူစဉ်းစားမိခဲ့သော ဇာတ်ကွက်နှင့် အကျဉ်းချုပ်များ ဖြစ်သည်။ မျက်လုံးတွေ မှုန်ဝါးနေပြီဖြစ်သော်လည်း အပြီးမသတ်မချင်း သူ မရပ်နိုင်ပါ။

“ဟေ့... ဟာဂျယ်ဂန်း။”

“အာ... ဘာလဲ။ ဘယ်လို... ဘယ်တုန်းက အင်္ကျီလဲလိုက်တာလဲ?”

ဂျယ်ဂန်း အံ့သြတကြီး လှည့်ကြည့်လိုက်ရာ ဂျောင်ဂျင်က အလုပ်သွားရန် အဝတ်အစားလဲပြီးသား ဖြစ်နေသည်။ ဂျောင်ဂျင်က သူ့ကို အဓိပ္ပာယ်မရှိသလို ကြည့်လိုက်ပြီး -

“၁၀ မိနစ်တောင် ရှိသွားပြီကွ။ မင်းကတော့ စာရေးပြီဆိုရင် ဘာမှမသိတော့ဘူးပဲ။ ငါ သွားတော့မယ်။”

“ငါ ကားနဲ့ လိုက်ပို့ပေးမယ်လေ။”

“မပို့ပါနဲ့၊ မင်းစာရေးတာကို ငါ မနှောင့်ယှက်ချင်ဘူး။”

ဂျောင်ဂျင်က ငြင်းလိုက်သည်။

“ငါ အစောကြီးထွက်ပြီး လမ်းလျှောက်သွားလိုက်မယ်။ အရက်အရှိန်လည်း သေသွားအောင်လို့။”

ဘာမှလုပ်စရာမရှိသဖြင့် ဂျယ်ဂန်းသည် ဖိနပ်ကိုကောက်စွပ်ကာ သူ့ကို အောက်အထိ လိုက်ပို့လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် ဆောင်းဦးလေအေးက တိုးဝင်လာသည်။

“ဟေ့... မင်းကို ဇာတ်လိုက်ထားပြီး ဝတ္ထုတစ်ပုဒ်လောက် ရေးရင် ရမလား?”

“ငါက ဇာတ်လိုက်? ငါ့ဘဝက ဝတ္ထုရေးရလောက်အောင် စိတ်ဝင်စားစရာ ကောင်းလို့လား?”

“မကောင်းဘူးလား?”

“မင်းက ငါ့ခွင့်ပြုချက် တောင်းနေစရာ လိုလို့လား။ ရေးချင်ရင် ရေးလေ။”

“အေး... သိပြီ။”

စကားပြောရင်း သူတို့ မြေအောက်ရထားဘူတာသို့ ရောက်လာကြသည်။ ဂျောင်ဂျင်သည် လူအုပ်ကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ ဂျယ်ဂန်းသည် လူအုပ်ထဲတွင် ဂျောင်ဂျင်ကို မမြင်ရတော့မှ အိမ်သို့ ပြန်လာခဲ့သည်။

“ရီခါ... အစာစားတော့နော်။ ငါ နောက်ထပ်နည်းနည်း ထပ်ရေးလိုက်ဦးမယ်။”

အိမ်ပြန်ရောက်ရောက်ချင်း ဖိနပ်ချွတ်ကာ စာပြန်ရေးသည်။ ယခုအချိန်တွင် သူ့ဦးနှောက်က အလွန်ကောင်းမွန်စွာ အလုပ်လုပ်နေသောကြောင့်လည်း ဖြစ်သည်။

‘ဘဝကို ရုန်းကန်နေရတဲ့ ရုံးဝန်ထမ်းတစ်ယောက်နဲ့ ဆင်းရဲတဲ့ ကာရာအိုကေ အဖော်မိန်းကလေးတစ်ယောက်တို့ရဲ့ ဆုံတွေ့မှု...! သူတို့နှစ်ယောက်ရဲ့ တူညီတဲ့အချက်က... အထီးကျန်မှုပဲ။ ဟုတ်တယ်... အထီးကျန်မှု။ အားကိုးရာမဲ့နေတဲ့ လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မှီတွယ်ကြတာ...။’

ဇာတ်လိုက်က သူ့သူငယ်ချင်း ဂျောင်ဂျင်။ အမျိုးသမီး ဇာတ်လိုက်ကတော့ မနေ့က တွေ့ခဲ့တဲ့ ကာရာအိုကေ အဖော်။ ဒါဟာ အောင်မြင်မယ့် ဇာတ်လမ်းပဲလို့ သူ ယုံကြည်ချက် ရှိနေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ၏ ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်တော့ပဲ တုန်ယင်နေသည်။

မနက်ခင်း ကုန်လွန်၍ နေ့လယ်စာစားချိန် ရောက်သည်အထိ၊ နေဝင်၍ ညဦးပိုင်း ရောက်သည်အထိ ဂျယ်ဂန်း ထမင်းမေ့ ဟင်းမေ့ စာရေးနေမိသည်။ ရီခါသည်လည်း စာရေးနေသော ဂျယ်ဂန်းကို မနှောင့်ယှက်ဘဲ ငြိမ်ငြိမ်လေး နေပေးသည်။

“မဟုတ်ဘူး...! တောက်... ဇာတ်ကောင်က တစ်မျိုးကြီး ဖြစ်နေတယ်။”

ဂျယ်ဂန်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ပွတ်လိုက်သည်။ ဂျောင်ဂျင်ကို အခြေခံထားသည့် အမျိုးသား ဇာတ်လိုက်အတွက် ပြဿနာမရှိသော်လည်း၊ အမျိုးသမီး ဇာတ်လိုက်ပိုင်းတွင် သူ အခက်တွေ့နေသည်။ သူသည် ကာရာအိုကေ အဖော်တစ်ဦး၏ ဘဝအကြောင်းကို ဘာမှ မသိသလောက် ဖြစ်နေသည်။

ဒါဆို ဖြေရှင်းနည်းက?

‘အဲ့ဒီကို နောက်တစ်ခါ ထပ်သွားဖို့ပဲ...!’

ဂျယ်ဂန်းသည် ဆုံးဖြတ်ချက်ချပြီးလျှင် တွန့်ဆုတ်နေသူ မဟုတ်ပါ။ သူသည် ရေချိုး၊ အဝတ်အစားလဲကာ မှတ်စုစာအုပ်နှင့် ဘောပင်ကို ယူပြီး အိမ်မှ ထွက်လာခဲ့သည်။

ည ၈ နာရီကျော်ပြီဖြစ်သဖြင့် လမ်းမထက်တွင် လူတွေ စည်ကားနေပြီ ဖြစ်သည်။ မနေ့က သွားခဲ့သည့် ဆိုင်ဖြစ်သဖြင့် သူ ရှာရမခက်ပါ။

“ဝင်ခဲ့ပါ။”

ဆိုင်ရှင်အမျိုးသမီးက မော့ကြည့်ကာ ကြိုဆိုသည်။ ဂျယ်ဂန်းက သူမကို မှတ်မိသဖြင့် လှမ်းမေးလိုက်သည်။

“မင်္ဂလာပါ အစ်မ။ ကျွန်တော့်ကို မှတ်မိလား? မနေ့က သူငယ်ချင်းနဲ့ လာခဲ့တာလေ။”

“အော်... မှတ်မိတာပေါ့။”

“ဟို... မနေ့က မိန်းကလေးကိုပဲ ထပ်ခေါ်ပေးလို့ ရမလား?”

ဆိုင်ရှင်က မျက်မှောင်ကြုတ်သွားသည်။ ကာရာအိုကေ အဖော်ကို နာမည်တပ်ခေါ်သည့် ဤလူငယ်က သူမအတွက်တော့ ထူးဆန်းနေသည်။

“ဘာလို့လဲ?”

“အာ... သီချင်းဆိုပြီး ပျော်ချင်လို့ပါ။ သူ့ကို သဘောကျလို့။”

သူသည် စာရေးဆရာဖြစ်ကြောင်းကို ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်သည်။ ဆိုင်ရှင်က သူ့ကို သံသယဖြင့် ကြည့်နေဆဲပင်။

“မနေ့ကမှ စတွေ့တာ မဟုတ်လား?”

“ဟုတ်ကဲ့၊ ဟုတ်ပါတယ်။”

“ပထမဆုံးအကြိမ်ဆိုရင် သူတို့နာမည်နဲ့ ရှာရခက်တယ်လေ။ ရိုင်းစိုင်းတဲ့လူတွေလည်း အများကြီးဆိုတော့လေ။”

စကားပြောရတာ အဆင်မပြေဖြစ်နေသည်။ ဂျယ်ဂန်းသည် ခေတ္တစဉ်းစားပြီးနောက် ပိုက်ဆံအိတ်ထဲမှ ဒေါ်လာ ၃၀ ထုတ်ကာ ဆိုင်ရှင်ကို ကမ်းပေးလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်က လူဆိုးမဟုတ်ပါဘူး။ အဲ့ဒီမိန်းကလေးကို တကယ် သဘောကျသွားလို့ပါ။”

“အင်း... ဘယ်လိုလုပ်ရပါ့မလဲ။”

ပါးစပ်ကသာ ပြောနေသော်လည်း ဆိုင်ရှင်၏ လက်ကတော့ ဂျယ်ဂန်းပေးသည့် ပိုက်ဆံကို ယူထားပြီးသား ဖြစ်သည်။

“ဘယ်သူ့ကို ရှာနေတာလဲ။”

“ဟို... အရပ်နည်းနည်း ပုတယ်၊ ကြောင်မျက်နှာလေးနဲ့။ သူ့နာမည်က ဒါဆော လို့ ပြောတယ်ဗျ။ နောက်တစ်ယောက်ကတော့ ဆောလ်ဂီ တဲ့။”

“အဲ့ဒါတွေက နာမည်အရင်းတွေ မဟုတ်ဘူး။ ငါ ဂျယ်ယောင်(ဆောလ်ဂီ) ကိုတော့ သိတယ်၊ မင်းပြောတဲ့ ဒါဆော ဆိုတဲ့ ကောင်မလေးကိုတော့ မသိဘူး။”

“ဂျယ်ယောင်ကို ဆက်သွယ်ပေးလို့ မရဘူးလား?”

ဆိုင်ရှင်က ရယ်လိုက်ပြီး -

“သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး။ အေဂျင်စီ မတူကြဘူးလေ။”

“အာ... အဲ့ဒီလိုလား?”

မနေ့က ထိုမိန်းကလေးနှစ်ဦး ဘာလို့ နေရခက်နေကြသည်ကို သူ အခုမှ နားလည်သွားသည်။ ဆိုင်ရှင်သည် ဖုန်းကို ထုတ်ကာ တစ်နေရာသို့ ဆက်လိုက်သည်။

“ဟယ်လို? အေး... ငါ ဆိုင်ကပါ။ မနေ့က... ဟေ့... မင်း မနေ့က ဘယ်အချိန်က လာတာလဲ?”

“ည ၈ နာရီကျော်လောက်ပါ။”

ဂျယ်ဂန်း၏ စကားကို ဆိုင်ရှင်က ဖုန်းထဲတွင် ပြန်ပြောပြသည်။

“ဂျယ်ယောင်က ၈ နာရီကျော်မှ လာတာ။ အေး... မင်း မှတ်မိလား? သူ့ဘေးက ကောင်မလေးကို သိလား? ဟုတ်လား... ခေါင်းဆောင်ကင် အဖွဲ့ကလား? နာမည်က ဒါဆော လို့ သုံးတာလား? အေးအေး... ကျေးဇူးပဲ။”

ဖုန်းချပြီးနောက် သူမ နောက်တစ်နေရာသို့ ထပ်ဆက်ပြန်သည်။

“ဟယ်လို? အေး... ငါ ဆိုင်ကပါ။ ဒါဆော ဆိုတဲ့ ကောင်မလေး ရှိလား? အလုပ်ဆင်းပြီလား? အေး... သူ့ကို ဖုန်းလေး ခဏပေးပါဦး။ သူ့ကို လာတွေ့တဲ့သူ ရှိလို့။” (English မှာက Hub လို့ရေးထားတာ ထောက်နေလို့ ဆိုင်လို့ပဲ ပြန်လိုက်ပါတယ်နော်)

ဆိုင်ရှင်က ဂျယ်ဂန်းကို တစ်ချက်ကြည့်ပြီး ဆက်ပြောသည်။

“သူက လူဆိုးမဟုတ်ပါဘူး၊ ကြည့်ရတာ လူအေးလေးပါ။ လူငယ်လေးပဲ။ အေး... သိပြီ။ ကျေးဇူးပဲ။”

ဖုန်းချပြီးနောက် ဆိုင်ရှင်က ရေတစ်ငုံသောက်ကာ ဂျယ်ဂန်းကို ရှင်းပြသည်။

“သူ အခုမှ အလုပ်ဆင်းဖို့ ပြင်နေတာတဲ့။ ရောက်တာနဲ့ ဒီကို လာခိုင်းထားတယ်။ ခဏစောင့်ဦး။”

“ကျေးဇူးတင်ပါတယ် အစ်မ။”

ဂျယ်ဂန်းသည် ဝင်ပေါက်နားက ကုလားထိုင်တွင် ထိုင်စောင့်နေသည်။ ဆိုင်ရှင်ကလည်း မုန့်ဖိုးရထားသဖြင့် အအေးတစ်ခွက် တိုက်သည်။

“ဒါနဲ့ မင်းအလုပ်က ဘာလဲ?”

“လျှပ်စစ်မွေ့ယာတွေ လိုက်ရောင်းတာပါ။”

ဆိုင်ရှင်က နှာခေါင်းရှုံ့လိုက်ပြီး -

“လိမ်မနေပါနဲ့။ မင်းက လက်မှာ မှင်စွန်းနေတဲ့ လူမျိုးဆိုတာ ငါကြည့်တာနဲ့ သိတယ်။ ကဲပါ... ထားလိုက်တော့။”

ဆိုင်ရှင်က ထပ်မမေးတော့ဘဲ လှည့်ထွက်သွားသည်။ ဂျယ်ဂန်းသည် သူမ၏ လူကဲခတ်တော်ပုံကို အံ့သြရင်း ခေါင်းခါမိသည်။

နာရီဝက်ခန့် ကြာသော်လည်း ထိုမိန်းကလေး ရောက်မလာသေးပါ။ ဂျယ်ဂန်းသည် တီဗီကြည့်ရင်း အချိန်ဖြုန်းနေသည်။

‘သူ မလာတော့တာလား မသိဘူး။’

သို့မဟုတ် အလုပ်မဆင်းတာလား။ သို့မဟုတ် ဆိုင်ရှင်ပြောသလို ရိုင်းစိုင်းတဲ့လူနဲ့ တွေ့ရမှာ ကြောက်နေတာလား။ ဒီလိုဖြစ်မယ်မှန်း သိရင် မနေ့ကတည်းက စကားများများပြောပြီး ဖုန်းနံပါတ် တောင်းထားရမှာ။

‘တခြားတစ်ယောက်နဲ့တော့ ငါ မရေးနိုင်ဘူး။’

သူ ဤဇာတ်လမ်းကို ရေးချင်ရခြင်းမှာ ထိုမိန်းကလေး ပြောခဲ့သည့် စကားများကြောင့် ဖြစ်သည်။ သူမ မဟုတ်လျှင် ဤခံစားချက်မျိုး ရမည်မဟုတ်ပါ။ ဒါသည် စာရေးဆရာတစ်ယောက်အနေနှင့် လိုအပ်ချက်တစ်ခုပင် ဖြစ်သည်။

ထိုစဉ်မှာပင်...

ဒေါင်... ဆိုသည့် အသံနှင့်အတူ လူဝင်သည့် ခေါင်းလောင်းသံ မြည်လာသည်။ ဂျယ်ဂန်း လှည့်ကြည့်လိုက်ရာ ထိုမိန်းကလေး ဝင်လာသည်ကို တွေ့လိုက်ရသည်။ မနေ့ကအတိုင်းပင် ဘောင်းဘီတိုလေးနှင့် ဖြစ်သည်။

“မင်္ဂလာပါ... ကျွန်မကို ရှာတဲ့သူ ရှိတယ်ဆိုလို့?”

“အော်... ရှင်လား။ ဟိုလူပဲ။”

ဂျယ်ဂန်းကို မြင်လိုက်ရသောအခါ ထိုမိန်းကလေး အံ့သြသွားသည်။

“မင်္ဂလာပါ။”

“ဟုတ်ကဲ့...။”

သူမက နေရခက်စွာ ပြန်ထူးသည်။ ဆိုင်ရှင်က ဂျယ်ဂန်းကို မျက်ရိပ်ပြလိုက်ပြီး -

“အခန်း ၂ ကို သွားလိုက်တော့၊ မနေ့က အခန်းပဲ။”

“ဟုတ်ကဲ့... ပိုက်ဆံ အရင်ပေးပါ့မယ်။”

မိန်းကလေး အထဲဝင်သွားချိန်တွင် ဂျယ်ဂန်းက ပိုက်ဆံရှင်းသည်။

“၃ နာရီစာ ယူပါမယ်။”

“ဒီလောက်အကြာကြီး နေမှာလား?”

“ဟုတ်ကဲ့... ဘယ်လောက်ကျမလဲ?”

“၁၃၅ ဒေါ်လာ ကျပါမယ်။ ဘီယာရော?”

“အရင်ဆုံး ၂ ပုလင်းပဲ ပေးပါ။”

ဂျယ်ဂန်း ပိုက်ဆံပေးပြီး အခန်းထဲ ဝင်သွားသည်။ မိန်းကလေးသည် ပေါင်ပေါ် လက်တင်ကာ နေရခက်စွာ ထိုင်နေသည်။

“အံ့သြသွားလား?”

“နည်းနည်းပါ...”

သူမ၏ အဖြေမှာ တိုတောင်းလှသည်။ ဂျယ်ဂန်းသည် အပေါ်အင်္ကျီကို ချွတ်လိုက်သည်။ ထိုစဉ် ဆိုင်ရှင်က ဘီယာလာပို့ပေးသည်။ ဘီယာရောက်လာသည်နှင့် ဂျယ်ဂန်း စကားစလိုက်သည်။

“ဟိုလေ...”

All Chapters