အခန်း (၄၂)
Vol. 4 Ch. 42
“အင်း... ရှင်သိတဲ့အတိုင်း ဒီလောကက အစုံသုတ်ပဲပေါ့။”
ဂျယ်ဂန်းကတော့ ရှက်ကိုးရှက်ကန်းမျက်နှာပေးနဲ့ ခေါင်းကိုသာ ကုတ်နေမိ၏။ ဒါဆူလ်ကတော့ ဘာမှမဖြစ်သလိုမျိုးပင် ပါးစပ်ဟလိုက်ပြီး -
“အဲဒါကို ပိုက်ဆံကြောင့်လုပ်တဲ့ မိန်းကလေးတွေတော့ အများကြီးပဲ။ အလုပ်ပြီးသွားရင် ကာရာအိုကေဘားကိုပဲ အမြန်ပြန်လာပြီး ဆက်အလုပ်လုပ်ကြတာ။”
“ဟင်... ဟုတ်လား။”
“ကျွန်မကတော့ ပိုက်ဆံမလိုလို့ မသွားဘူး။ ဒါပေမဲ့ အတူတူသောက်ချင်လို့ ခေါ်တဲ့သူတွေတော့ ရှိသား။ နာရီနှုန်းထားအတိုင်းပေးတာချင်း အတူတူဆိုရင်တောင် ကျွန်မကတော့ မသွားဘူး။ ဘာလို့လဲဆိုတော့ အဲဒီကိုသွားလို့ သူတို့မူးလာပြီဆိုရင် မိုတယ်သွားဖို့ ဂျီကျတော့တာပဲ။ တကယ်ကို အာရုံနောက်ဖို့ကောင်းတာ။”
ဂျယ်ဂန်းကတော့ မှတ်စုစာအုပ်ထုတ်ကာ အချက်အလက်များကို အသည်းအသန် လိုက်မှတ်နေ၏။ ဒါဆူလ် ချဉ်ဖတ်တစ်ဖတ်ကို ကောက်စားရင်း ဆက်ပြောပြန်သည်။
“မိုတယ်မသွားဘဲ ကာရာအိုကေခန်းထဲမှာတင် လုပ်တဲ့သူတွေလည်း ရှိသေးတယ်။”
“အထဲမှာတင်လား။” (O-O)
“ခွင့်မပြုတဲ့နေရာတွေရှိသလို ခွင့်ပြုတဲ့နေရာတွေလည်း ရှိတာပဲ။ အဲဒီမှာ ဆိုဂျုတို့ ဆူရှီတို့ အမြည်းတို့မှာစားရင်းနဲ့ အတွင်းခံဘောင်းဘီချွတ် ရောင်းကြတာ။”
“အတွင်းခံဘောင်းဘီကို... ရောင်းတယ် ဟုတ်လား။”
“ဖောက်သည်မပြန်ခင်လေးမှာ ရောင်းတာလေ။ နှုတ်ဆက်တဲ့အနေနဲ့ပေါ့။ ဒေါ်လာ ၃၀ ကနေ ၅၀ လောက်ရရင် အတွင်းခံကို ချွတ်ပေးလိုက်တာပဲ။ ရှင်ထင်လား... ယောက်ျားတွေက အဲဒါကို အောင့်အည်းနိုင်မယ်လို့လေ? သူတို့က အများကြီးသောက်ထားတော့ သတိလက်လွတ်ဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၁၀၀ လောက် ထပ်ပေးပြီး အဆုံးထိ သွားကြတော့တာပေါ့။”
ဒါကတော့ လက်ရှိအလုပ်လုပ်နေသူထံမှ တိုက်ရိုက်ရရှိသော အချက်အလက်များပင် ဖြစ်သည်။ ဂျယ်ဂန်းကတော့ ဒါဆူလ်ပြောသမျှကို မကျန်အောင် ကြိုးစား၍ လိုက်မှတ်နေမိ၏။ အများကြီး ရေးနေရသဖြင့် သူ့လက်ဖဝါးများမှာတောင် ချွေးစိုကာ နွေးတက်လာခဲ့သည်။
“အား... နည်းနည်းအေးလာသလိုပဲ။”
ဒါဆူလ်က သူမ၏လက်မောင်းများကို ပွတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ဂျယ်ဂန်းက စာရေးခြင်းကို ခဏရပ်၍ သူမကို ပြောလိုက်သည်
“နေရာချင်း လဲထိုင်လိုက်ရအောင်လေ။ အဲဒီဘက်က လေပိုအေးမယ်ထင်တယ်။”
“နေပါစေ... ဒီအတိုင်းပဲ ထိုင်ပါ။”
သူမက ထိုသို့ပြောကာ စားပွဲကိုပတ်လာပြီး ဂျယ်ဂန်း၏ ဘေးနားတွင် လာထိုင်လိုက်၏။ သူမထံမှ ရေမွှေးနံ့က ဂျယ်ဂန်း၏နှာခေါင်းထံသို့ တိုးဝှေ့လာခဲ့သည်။
“ရှင်က စာရေးတာ တကယ်မြန်ပြီး တော်တာပဲနော်။”
ဒါဆူလ်က မှတ်စုစာအုပ်ကို ကြည့်ရင်း ဆိုလိုက်သည်။ ပြီးနောက် သူမ၏အကြည့်ကို ဂျယ်ဂန်းထံမှမခွာဘဲ ကိုယ်ကို သူ့ဘက်သို့ လှည့်လိုက်၏။ ထို့နောက် သူမ၏သွယ်လျသော ခြေတံများကို ဂျယ်ဂန်း၏ ပေါင်ပေါ်သို့ တင်လိုက်လေရာ ဂျယ်ဂန်း တစ်ကိုယ်လုံး တောင့်တင်းသွားမိတော့သည်။
“ဒီလိုဆို နွေးသွားတာပဲ။ ဘာလဲ... လေးလို့လား။”
“မဟုတ်... မဟုတ်ပါဘူး။ ရပါတယ်။”
ဒါဆူလ်၏ ထွက်သက်များက သူ့ထံသို့ တိုက်ရိုက်ကျရောက်နေ၏။ ထူးဆန်းသော ခံစားချက် ဖြစ်ပေါ်နေသည့် ဂျယ်ဂန်းကို ထိုမိန်းကလေးက ဆက်၍ စကားပြောနေဆဲပင်။
“ကျွန်မ ပြောတာဘယ်နားရောက်သွားပြီလဲ။ ရှင် တခြားသိချင်တာ ရှိသေးလား။”
“အာ... ဟုတ်ကဲ့။ ရိုင်းစိုင်းတဲ့လူတွေအကြောင်းနဲ့ ဖြစ်ခဲ့ဖူးတဲ့ ပြဿနာတွေအကြောင်း သိချင်ပါတယ်။”
အင်တာဗျူးကတော့ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။ ဒါဆူလ်ကတော့ ဂျယ်ဂန်း၏ ပေါင်ပေါ်သို့ ခြေထောက်တင်ထားသည်မှာ ချစ်သူဆုံတွဲများအတိုင်းပင်။ အချိန်ကြာလာသည်နှင့်အမျှ ဂျယ်ဂန်းလည်း ထိုအခြေအနေကို ကျင့်သားရလာခဲ့၏။ တခြားလူများကလည်း သူတို့ကို အရေးတယူ စိတ်မဝင်စားကြချေ။ လူတိုင်းက ကိုယ့်အုပ်စုနှင့်ကိုယ် စကားပြောကောင်းနေကြသည်သာ။
“ကျေးဇူးတင်ပါတယ်။ ဒီလောက်ဆို ရပါပြီ။”
ဂျယ်ဂန်းက မှတ်စုစာအုပ်ကို ပိတ်လိုက်၏။ စားပွဲပေါ်တွင်တော့ ပုလင်းခွံနှစ်လုံး ရှိနေချေပြီ။ ဂျယ်ဂန်းက သုံးလေးခွက်ခန့်သာ သောက်ရသေးသော်လည်း ဒါဆူလ်တစ်ယောက်တည်းကပင် တစ်ပုလင်းခွဲခန့် သောက်လိုက်ခြင်း ဖြစ်သည်။
“ပင်ပန်းသွားပြီလား။”
ဒါဆူလ်က အဖြေပြန်မပေးဘဲ ဂျယ်ဂန်း၏ ပုခုံးပေါ်သို့ ခေါင်းမှီချလိုက်၏။ သူမ၏နှုတ်ခမ်းဖျားဆီမှ သက်ပြင်းတစ်ချက် ထွက်ပေါ်လာသည်။
“ဟင့်အင်း... စောစောက ပြောပြီးပြီလေ။ ကျွန်မကိုယ်ကျွန်မ ကြယ်ပွင့်တစ်ပွင့်လို ခံစားရလို့ စိတ်ထဲမှာ ကြည်နူးနေတာပါ။”
“ဟားဟား။”
“ကျွန်မက ကြယ်ပွင့်တစ်ပွင့် ဖြစ်ချင်တာ။ ဘာလို့လဲ သိလား။”
“ပိုက်ဆံအများကြီး ရလို့လား။”
“အဲဒါလည်း ပါတာပေါ့... ဒါပေမဲ့... ထားလိုက်ပါတော့။ ရပါတယ်။”
ဒါဆူလ်က ကိုယ်ကိုခွာလိုက်ပြီး ပုလင်းကို လှမ်းကိုင်လိုက်၏။ ဂျယ်ဂန်းက ထိုပုလင်းကို ယူလိုက်ပြီး သူမအတွက် ငှဲ့ပေးလိုက်သည်။
“ရှင်က တကယ် ကြင်နာတတ်တာပဲ။ စာလည်းစာနာတတ်တယ်။”
“မဟုတ်ပါဘူး။”
“ရှင့်နာမည် ဘယ်လိုခေါ်လဲ။ ကျွန်မ ဒါမျိုး လူတိုင်းကိုလိုက် မမေးတတ်ပေမဲ့ အခုတော့ သိချင်မိလို့။”
“မင်းတောင် မင်းနာမည်ကို မပြောဘဲနဲ့ ဘာလို့မေးတာလဲ။”
“ကျွန်မနာမည်က ဒါဆူလ်ပါ။”
“အဲဒါ နာမည်အရင်း မဟုတ်ဘူးဆိုတာ ငါသိပါတယ်။”
“ဟွန့်... ထားလိုက်တော့လေ။”
ဒါဆူလ်က နောက်ထပ် တစ်ခွက်ထပ်သောက်လိုက်ပြန်၏။ ဂျယ်ဂန်းကတော့ စိုးရိမ်လာမိပြီ။ သူမ၏ အသောက်စွမ်းရည် ဘယ်လောက် ခံနိုင်ရည်ရှိသည်ကို သူ မသိသော်လည်း သူမက တကယ်ကို အများကြီး သောက်နေခြင်းပင်။
“ကျွန်မ အမေ့ကို တွေ့ချင်တယ်။”
ဒါဆူလ်က ခွက်ကိုချရင်း ပြောလိုက်၏။ ဂျယ်ဂန်းက သူ့ဘေးနားမှ မိန်းကလေးကို ကြည့်လိုက်မိသည်။ အတိတ်မှ အမှတ်တရဟောင်းများနှင့်အတူ သက်ပြင်းအရှည်ကြီး တစ်ချက်ကိုလည်း သူမ မှုတ်ထုတ်လိုက်မိသည်။
“အဲဒီလိုမျိုးသီချင်းတွေ ရှိတယ်လေ။ အဆိုတော်တွေက သူတို့ချစ်ရတဲ့သူတွေကို ရှာဖို့အတွက် ဆိုတဲ့သီချင်းတွေလေ။ အဲဒီလူတွေက သူတို့သီချင်း နားထောင်ပြီး သူတို့ဆီကို ပြန်ဆက်သွယ်လာစေချင်တာမျိုးလေ။”
“ကျွန်တော် သိပါတယ်။”
“အဲဒါကြောင့် ကြယ်ပွင့်တစ်ပွင့် ဖြစ်ချင်တာ။ တီဗီထဲမှာသာ ပါလာနိုင်ရင် အမေ ကျွန်မကို မှတ်မိလိမ့်မယ်။ အမေက ကျွန်မကို ထားခဲ့ပြီး ထွက်ပြေးသွားတာ... ဒါပေမဲ့ ကျွန်မသာ နာမည်ကြီးလာရင်... သူ ကျွန်မဆီ ဆက်သွယ်လာမှာပါ။”
ဒါဆူလ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းငိုက်စိုက် ချလိုက်၏။
သူမ၏ မျက်ဝန်းအစုံမှာတော့ နွေးထွေးသော မျက်ရည်စများဖြင့် ပြည့်လျှံနေချေပြီ။
“တောင်းပန်ပါတယ်နော်။ ဒီနေ့ ကျွန်မ တကယ်ပင်ပန်းနေလို့ ထင်တယ်။ ဘာလို့ အခုလို ဖြစ်နေရတာလဲ မသိဘူး။”
ဂျယ်ဂန်းက သူမထံသို့ တစ်ရှူးတစ်ရွက် ကမ်းပေးလိုက်သည်။ ဒါဆူလ်က ထိုတစ်ရှူးကို ယူကာ မျက်ဝန်းများကို အသာအယာ တို့သုတ်လိုက်၏။
“တကယ်တော့ ဒီနေ့ ရိုင်းစိုင်းတဲ့ ဖောက်သည်တစ်ယောက်နဲ့ တိုးလို့ စိတ်ညစ်နေတာ။ စိတ်တိုတိုနဲ့ ထွက်လာတုန်း ရှင့်ဆီက မက်ဆေ့ခ်ျဝင်လာတာနဲ့ ချက်ချင်းပဲ ပြန်ဖြေလိုက်မိတာ။”
“... ဟုတ်လား။”
“ကျွန်မ ဒီအတိုင်းလေး ခဏလောက် ထပ်နေပါရစေ။”
သူမသည် ဂျယ်ဂန်း၏ ပုခုံးပေါ်သို့ ခေါင်းမှီချလိုက်ပြန်သည်။ ဂျယ်ဂန်း၏ မျက်ဝန်းအစုံကတော့ မျက်နှာကျက်ဆီသို့သာ ငေးကြည့်နေမိ၏။
သူ့ပုခုံးများ လေးလံနေသလို ခံစားရသည်။ ၎င်းမှာ သူမ၏ ဦးခေါင်းအလေးချိန်ကြောင့် မဟုတ်ဘဲ သူမ၏ ဖွင့်ဟဝန်ခံချက်များကြောင့်သာ ဖြစ်၏။
‘ဒါက... ရိုးရိုးရှင်းရှင်း ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်လောက်ပဲ ဖြစ်နေမှာ မဟုတ်ဘူး။ ကျွန်တော် ကတိပေးပါတယ်။’
ဂျယ်ဂန်းသည် သူရေးမည့် ဝတ္ထုအတွက် နောက်ထပ် အကြောင်းပြချက်တစ်ခုကို ခေါင်းထဲ၌ တွေးတောနေမိသည်။
သူမ၏ စိတ်ကို နှစ်သိမ့်ပေးနိုင်မည့် ဇာတ်လမ်းမျိုးကို သူ ရေးသားပေးမည်ဟု ဆုံးဖြတ်လိုက်၏။ ဆူညံနေသော ဘား၏ ထောင့်တစ်နေရာတွင် ဂျယ်ဂန်းသည် သူ့ဖန်ခွက်ထဲသို့ အရက်ကို တိတ်ဆိတ်စွာ ငှဲ့ထည့်နေသည်။
နက်ဇွန် ရုံးခန်း။ မိုဘိုင်းလ်ဂိမ်း စီမံကိန်းအဖွဲ့၊
ဝန်ထမ်းအားလုံး၏ မျက်နှာများမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေ၏။ အဖွဲ့ခေါင်းဆောင် ဆူဟီးလည်း ထို့အတူပင်။ လူသာရှိသော်လည်း စိတ်မပါတော့သည့် ရုပ်သေးရုပ်များကဲ့သို့ ခံစားနေရသည်။
“အားတင်းထားပါဦး အဖွဲ့ခေါင်းဆောင်။”
“ကျွန်မ အဆင်ပြေပါတယ်။ ဟေးမီကပဲ အလုပ်အကြိုးစားဆုံး ဖြစ်မှာပါ။ ခဏလောက် အိမ်သာသွားလိုက်ဦးမယ်။”
ဆူဟီးသည် အိမ်သာသို့ မသွားဘဲ ခေါင်မိုးထပ်သို့ တက်လာခဲ့သည်။ ဝန်ထမ်းများ အနားယူရန် ပန်းခြံငယ်လေး တစ်ခုရှိသော်လည်း အေးစိမ့်သော ရာသီဥတုကြောင့် လက်ရှိတွင်မည်သူမျှ ရှိမနေချေ။
“ဟူး...။”
အလိုအလျောက် ရောင်းချသည့်စက်မှ ကော်ဖီတစ်ခွက်ကို ယူရင်း ဆူဟီး သက်ပြင်းချလိုက်မိ၏။
သူတို့ ဖန်တီးနေသည့် ဂိမ်းမှာ ဖျက်သိမ်းခံရတော့မည့် အခြေအနေသို့ ရောက်နေသည်။ မိုဘိုင်းလ်အဖွဲ့တွင် ဂိမ်းများ ဖျက်သိမ်းခံရခြင်းမှာ ထူးဆန်းသည့် ကိစ္စမဟုတ်သော်လည်း ယခုတစ်ကြိမ် ခံစားရသည့် စိတ်ပျက်မှုက ပို၍ ကြီးမားနေသည်။
‘ဂျယ်ဂန်းရဲ့ ဇာတ်လမ်းက တကယ်ကောင်းတာကို...’
ဂျယ်ဂန်း အစွမ်းကုန် ကြိုးစားထားသည့် ထိုဇာတ်လမ်းမှာ အလဟဿ ဖြစ်တော့မည်ကို တွေးမိတိုင်း သူမ စိတ်မသက်မသာ ဖြစ်ရသည်။
ဆူဟီး သူမ၏ ဖုန်းကို ထုတ်လိုက်၏။ သူမ၏ လက်ချောင်းများက ဂျယ်ဂန်း၏ နာမည်ကို ရှာဖွေကာ ခေါ်ဆိုမှု ခလုတ်ကို နှိပ်လိုက်သည်။
“အာ... ဆူဟီး။”
“ဖုန်းကို မြန်မြန်ဆန်ဆန် ကိုင်သားပဲ။ စာရေးနေတာလား။”
“မဟုတ်ဘူး၊ စာရေးနေတာ မဟုတ်ပါဘူး။ အပြင်ရောက်နေတာ။”
“ဪ... အဲလိုလား။”
ဖုန်း၏ တစ်ဖက်ခြမ်းမှ ဆူညံသံများနှင့် သီချင်းသံများ ထွက်ပေါ်နေ၏။ ဆူဟီး ခေါင်းကို စောင်းလိုက်ကာ မေးလိုက်သည်။
“ဘယ်မှာလဲ။ ကာရာအိုကေဘားမှာလား။”
“အာ... ဟုတ်တယ်။ အလုပ်ကိစ္စလေး ရှိလို့ပါ။”
“ရယ်ရတယ်နော်။ ကာရာအိုကေမှာ သီချင်းမဆိုဘဲ ဘာအလုပ်တွေ လုပ်နေတာလဲ။ ဂျောင်ဂျင်းနဲ့ သွားတာလား။”
“မဟုတ်ဘူး၊ ဂျောင်ဂျင်း မဟုတ်ဘူး။ တခြားသူတစ်ယောက်နဲ့။”
“အင်းပါ။ ဒါနဲ့ ရှင် ကျွန်မကို ဘယ်တော့ ထမင်းဝယ်ကျွေးမှာလဲ။ ဒစ်ဂျစ်တယ်ဆု ရတုန်းက ဂုဏ်ပြုပေးတဲ့အတွက် တစ်ခုခု ကျွေးမယ်လို့ ကတိပေးထားတယ်လေ။”
ဆူဟီးက ထိုသို့ပြောလိုက်ရာ ဂျယ်ဂန်းက အင်း... ဟု ဆိုကာ တုံ့ဆိုင်းစွာ ပြန်ဖြေ၏။
“အာ... ဟုတ်သားပဲ။ ကျွေးရမှာပေါ့။ အင်း... ဘယ်တော့လောက် အဆင်ပြေမလဲ။”
ထိုတုံ့ဆိုင်းနေသော အသံက ဆူဟီးကို စိတ်ပျက်သွားစေသဖြင့် သူမ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။
သူမကတော့ သူ့ကို ဒီနေ့ပဲ တွေ့ချင်နေခဲ့တာလေ။
ထိုစဉ်မှာပင်...
“ဟေး... ဘီယာ နောက်တစ်ပုလင်း ထပ်မှာရအောင်လေ။”
“နေဦး၊ ခဏလေး။ ဖုန်းပြောပါရစေဦး။”
ဆူဟီး၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
၎င်းမှာ မိန်းကလေးတစ်ယောက်၏ အသံဖြစ်သည်မှာ သေချာ၏။
ဂျယ်ဂန်းက ထိုအသံကို ချက်ချင်း ပြန်ထူးလိုက်ခြင်းမှာ ဘေးမှ ဖြတ်သွားသည့် မိန်းကလေး မဟုတ်ဘဲ သူနှင့်အတူ လာသည့် မိန်းကလေးဖြစ်ကြောင်း သက်သေပြနေသည်။
“ဟယ်လို... ဆူဟီး?”
“အင်း... နားထောင်နေတယ်။”
“ဒီနေ့တော့ ခက်မယ်ထင်တယ်။ မနက်ဖြန်ဆိုရင်ရော။”
“မနက်ဖြန်? အင်း... ကြည့်ရဦးမယ်၊ ကျွန်မမှာ တခြား ချိန်းထားတာတွေ ရှိလား မသေချာဘူး။ ပြန်ရောက်မှ စစ်ကြည့်လိုက်ဦးမယ်။”
မာနကြောင့် သူမ၏ နှုတ်ဖျားမှ မုသားစကား ထွက်သွားမိ၏။
အမှန်စင်စစ် ဆူဟီးတွင် ယနေ့ရော၊ မနက်ဖြန်အတွက်ပါ မည်သည့် ချိန်းဆိုချက်မျှ ရှိမနေခဲ့ပါ။
“ဒါဆို စစ်ကြည့်ပြီးမှ ပြန်ဆက်လိုက်ဦးနော်။”
“အင်း... ဖုန်းချလိုက်တော့မယ်။”
ဖုန်းချပြီးနောက် ဆူဟီးသည် ထိုင်ခုံတန်းလျားပေါ်သို့ ပစ်ထိုင်လိုက်မိသည်။
ရင်ဘတ်ပေါ်သို့ လက်တင်လိုက်သောအခါ ရင်ခုန်သံများ မြန်ဆန်နေသည်ကို ခံစားရ၏။ သူမ၏ နှုတ်ခမ်းဖျားမှ သက်ပြင်းငယ်လေးများ ထွက်ပေါ်လာသည်။
‘သူ သိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်မှာပါလေ။’
ထိုသို့ အကြိမ်ကြိမ် တွေးနေသော်လည်း စိတ်ထဲ၌ လုံးဝ မသက်သာခဲ့ပါ။
ဆူဟီး သူမဖုန်းထဲမှ ဓာတ်ပုံဖိုင်တွဲကို ဖွင့်လိုက်၏။
လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်သောအခါ ဓာတ်ပုံတစ်ပုံ ပေါ်လာသည်။
၎င်းမှာ ကောလိပ်တုန်းက သူမနှင့် ဂျယ်ဂန်း အတူတူတွဲရိုက်ထားသည့် ပုံလေးပင် ဖြစ်တော့သည်။
“ဟူး... ထပ်ဖြစ်ပြန်ပြီ။”
ကဖေးဆိုင်တစ်ဆိုင်အတွင်း၌။
ဂျယ်ဂန်းသည် သူ့ဖုန်းထဲတွင် ရေးထားသည့် ဇာတ်လမ်းကို ဖတ်ကြည့်ရင်း အကြိမ်ကြိမ် သက်ပြင်းချနေမိ၏။
‘အမျိုးသမီးဇာတ်လိုက်နဲ့ ပြောတဲ့ စကားပြောခန်းတွေက တကယ်ကို စုတ်ပြတ်သတ်နေတာပဲ။ ခံစားချက်ပါရမယ့် အခန်းတွေကလည်း ခံစားချက်တွေပေါ်လွင်မနေဘူး။ မိန်းကလေးဇာတ်ကောင်သာ ဆိုတယ်၊ လုပ်ပုံကိုင်ပုံတွေက ယောင်္ကျားလေးတစ်ယောက်လို ဖြစ်နေတယ်။’
၎င်းမှာ ဂျယ်ဂန်းတစ်ယောက်တည်း၏ အတွေးမဟုတ်ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်က ပရော်ဖက်ဆာ ဟန်ဟဲဆန်ထံသို့ ပို့ပေးခဲ့စဉ်ကလည်း သူမက ဤအတိုင်းပင် မှတ်ချက်ပေးခဲ့ဖူးသည်။ အမျိုးသမီးဇာတ်လိုက်၏ အပြုအမူများက အသက်မပါသဖြင့် ဇာတ်လမ်းထဲသို့ စီးမျောဝင်ရောက်ရန် ခက်ခဲနေသည်ဟု ဆို၏။
‘ရီခါ... ငါ ဘယ်လိုလုပ်ရမလဲ။ မင်းရဲ့အကူအညီ လိုနေပြီ။’
ရီခါကတော့ ထူးခြားသော အလင်းတန်းများ တောက်ပနေသည့် မျက်ဝန်းအစုံကို ဖွင့်လိုက်သည်။
‘အဲဒီတုန်းက ဆိုမီရဲ့ ခံစားချက်တွေကို ငါသိခဲ့ရသလိုမျိုး စွမ်းအားမျိုး အခုလိုချင်နေတာ။ ဒါပေမဲ့ ငါ ဘာလုပ်နိုင်မှာလဲ။ ဆိုမီ့ကို ငါ့အိမ်လာခဲ့ပါလို့လည်း ခေါ်လို့မရဘူး။ ကြယ်ပွင့်စာပေ ရုံးခန်းကိုသွားပြီး ဆိုမီ့ဘေးမှာ ထိုင်ရေးဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။ အခုရေးနေတာက ကြယ်ပွင့်စာပေ နဲ့ စာချုပ်ထားတဲ့ စာအုပ်လည်း မဟုတ်ဘူးလေ။’
ဂျယ်ဂန်းသည် မျက်မှောင်ကြုတ်ကာ သူ့ဆံပင်များကိုသာ ထိုးဖွေနေမိတော့၏။
ဒါက တကယ်ကို လေးနက်သည့် ပြဿနာပင်။ မိန်းကလေးတစ်ယောက်၏ ခံစားချက်ကို သိရှိရန် ဤမျှအထိ လိုလားတောင့်တနေမိလိမ့်မည်ဟု သူ မထင်ခဲ့မိချေ။
“ဓာတ်ပုံထဲကထက်စာရင် ဆံပင်က နည်းနည်း ပိုတိုနေသလိုပဲနော်။”
အနီးနားရှိ စားပွဲတစ်ခုမှ မိန်းကလေးနှစ်ယောက်က ဂျယ်ဂန်းကို ကြည့်ကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြခြင်းဖြစ်သည်။ ဂျယ်ဂန်းကတော့ အတွေးထဲမှာ နစ်မျောနေသဖြင့် သူ့ထံသို့ ရောက်ရှိနေသည့် အကြည့်များကို သတိမထားမိပါ။
“သူ ညှပ်လိုက်တာ ဖြစ်မှာပေါ့။ ငါကြည့်ရသလောက်တော့ ဟုတ်ပါတယ်။ ဒီပုံကို ကြည့်ဦး၊ တစ်ပုံစံတည်းပဲ။”
“တူတဲ့သူ ဖြစ်နေရင်ရော။”
“နင်ကလည်း အခုမှ ဘာတွေ လာပြောနေတာလဲ။ ရှုံးတဲ့သူက သွားမေးကြေးဆိုတော့ နင်သွားရမှာပဲ။ မြန်မြန်သွားစမ်းပါ။”
မိန်းကလေးတစ်ယောက် ဖုန်းကို ကိုင်ကာ ဂျယ်ဂန်းရှိရာသို့ အသာအယာ တိုးကပ်လာသည်။ ထို့နောက် စားပွဲထောင့်ကို အသာပုတ်ကာ ပြောလိုက်သည်မှာ -
“... မင်္ဂလာပါရှင်။”
“ဗျာ... ဟုတ်ကဲ့။”
ဂျယ်ဂန်း အံ့အားသင့်ကာ ခေါင်းမော့ကြည့်လိုက်မိ၏။
သူ တစ်ခါမှ မမြင်ဖူးသည့် မိန်းကလေးတစ်ယောက်သည် ရှက်သွေးဖြာနေသော မျက်နှာဖြင့် သူ့ရှေ့တွင် ရပ်နေသည်။
“ဘာကိစ္စရှိလို့လဲခင်ဗျ။”
“အားနာပါတယ်နော်... ဒါပေမဲ့... အဲဒါ ရှင် ဟုတ်မဟုတ် သိချင်လို့ပါ။”
ထိုမိန်းကလေးက သူမ၏ ဖုန်းကို ထုတ်ပြလိုက်သည်။
ဂျယ်ဂန်း၏ အကြည့်က ဖုန်းစခရင်ပေါ်သို့ ရောက်သွား၏။
၎င်းမှာ နာဗင် ဝဘ်ဆိုက်ပေါ်ရှိ ‘ဒီနေ့ရဲ့ စာအုပ်’ ကဏ္ဍပင် ဖြစ်သည်။ ‘တုံးအသောအမျိုးသမီး’ ကို ရေးသားသူ စာရေးဆရာ ဟာဂျယ်ဂန်း၏ အင်တာဗျူးက စခရင်ပေါ်တွင် ပေါ်နေခြင်း ဖြစ်သည်။
“ဪ... ဟုတ်ကဲ့။”
“အဲဒါ... တကယ်ပဲ ရှင် ဟုတ်တာပေါ့နော်။”
“ဟုတ်ကဲ့၊ ကျွန်တော်ပါပဲ။”
ဂျယ်ဂန်းက ပြန်ဖြေလိုက်သည်နှင့် ထိုမိန်းကလေးမှာ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်လိုက်တော့သည်။ ပြီးနောက် စားပွဲတွင် ကျန်ခဲ့သည့် သူမ၏ သူငယ်ချင်းကို လက်လှမ်းခေါ်လိုက်၏။
“စာရေးဆရာ ဟာဂျယ်ဂန်း တကယ်ကြီးဟ။”
မိန်းကလေးနှစ်ယောက်လုံး သူ့ရှေ့သို့ ရောက်လာကြသည်။
သူတို့ သံသယများ အတည်ပြုပြီးသွားသည့်အခါ စကားများကို ဒလစပ် ပြောတော့၏။
“မဟုတ်ဘူးထင်နေတာ၊ တကယ်ကြီး ဖြစ်နေမယ်လို့ မထင်ထားဘူး။ အား... တကယ်ကို ဝမ်းသာလိုက်တာ။”
“အင်တာဗျူးကို မြင်မြင်ချင်း စာအုပ်ကို ဝယ်ဖတ်လိုက်တာ။ ကျွန်မ ဘယ်လောက်တောင် ငိုလိုက်ရလဲ သိရဲ့လား။ အခုလည်း ‘၉၀ ခုနှစ်များရဲ့ ကလေးငယ်’ ကို ဖတ်နေတယ်၊ အဲဒါလည်း တကယ်ကောင်းတာပဲ။”
“ကြောင်လေး မွေးထားတာ ဘယ်လောက်ရှိပြီလဲဟင်။ Russian Blue လေးလား။ ကျွန်မဆီမှာလည်း တစ်ကောင်ရှိတယ်၊ သူကလည်း အမလေးပဲ။”
“အာ... စာအုပ်ကို ယူလာခဲ့ရမှာ။ အိမ်မှာ ထားခဲ့မိတယ်။ လက်မှတ် ထိုးခိုင်းချင်တာကို။”
မိန်းကလေးက သူမ၏ ဖုန်းကို မြှောက်ကာ ဂျယ်ဂန်းကို အားနာတကြီး မေးလိုက်ပြန်သည်။
“တကယ် အားနာပါတယ်၊ ဒါပေမဲ့ ကျွန်မတို့နဲ့ ဓာတ်ပုံလေး တစ်ပုံလောက် တွဲရိုက်ပေးလို့ ရမလားဟင်။”
“အာ... ဟုတ်ကဲ့... ရပါတယ်ခင်ဗျ။”
ဂျယ်ဂန်းက ခွင့်ပြုလိုက်သည်နှင့် ထိုမိန်းကလေးက အနီးနားရှိ ဝန်ထမ်းတစ်ဦးကို ဓာတ်ပုံရိုက်ပေးရန် အကူအညီ တောင်းလိုက်တော့၏။
“အားနာပါတယ်၊ ဓာတ်ပုံလေး တစ်ပုံလောက် ရိုက်ပေးလို့ ရမလားဟင်။”
“ရပါတယ်ခင်ဗျ။”
မိန်းကလေးနှစ်ယောက်သည် ဂျယ်ဂန်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝင်ထိုင်လိုက်ကြသည်။ မိန်းကလေးတစ်ယောက်က သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားပြီး နောက်တစ်ယောက်ကတော့ လက်နှစ်ဖက်ဖြင့် V ပုံစံ လုပ်ကာ ပို့စ်ပေးနေ၏။
ဝန်ထမ်းက ဓာတ်ပုံရိုက်ပေးလိုက်သည်။
“ကျွန်မ ရှင့်ရဲ့ တွစ်တာ ကိုလည်း Follow လုပ်ထားတယ်နော်။ ဒယ်လေ့ပေါင်ပေါင် ဆိုတာ ကျွန်မပါ။ ရှင်သာ ကျွန်မကို ပြန်ပြီး Follow လုပ်ပေးမယ်ဆိုရင် တကယ်ကို ပျော်သွားမှာပဲ။” (ဖောလိုးကိုတော့မြန်မာမှုမပြုတော့ပါဘူးနော် T-T)
“အာ... ဟုတ်ကဲ့။”
ဂျယ်ဂန်း ပြန်ဖြေလိုက်မိ၏။
သူ့ တွစ်တာ အကောင့်ကို နာဗင် ထံ ပြောပြထားခဲ့သည်ကို သူ သတိရသွားသည်။ မသုံးတာ ကြာပြီဖြစ်၍ သူကိုယ်တိုင်ပင် မေ့နေခဲ့ခြင်း ဖြစ်သည်။
“ကောင်းပါပြီ။ ကျွန်တော် အကောင့်ထဲ ဝင်တဲ့အခါ လုပ်ပေးပါ့မယ်။”
“အား... ပျော်လိုက်တာ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ ဒီပုံကိုလည်းတွစ်တာမှာတင်လိုက်ဦးမယ်။”
အနီးနားရှိ လူအချို့က သူတို့ကို ဝိုင်းကြည့်နေကြ၏။
ဤမျှလောက်အထိ ဆူညံသွားရအောင် ထိုလူက ဘယ်သူမို့လို့လဲဟူသော မျက်နှာပေးမျိုးဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။
ဂျယ်ဂန်း ဝမ်းသာမိသော်လည်း တစ်ဖက်တွင်လည်း ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။ သူမသိသည့် လူတစ်ယောက်က သူ့ကို မှတ်မိနိုင်သည်ဆိုသည်မှာ ယုံရခက်သော ခံစားချက်မျိုးပင်။
‘နာဗင် က တကယ်ကို အရှိန်အဝါ ကြီးတာပဲ။ ငါ့ကို မှတ်မိတဲ့သူတွေတောင် ရှိနေပြီ။’
ထိုစဉ်မှာပင်...
“ကျွန်မကိုလည်း လက်မှတ်လေး ထိုးပေးပါဦး၊ စာရေးဆရာ ဟာဂျယ်ဂန်း။”
နောက်ထပ် လူတစ်ယောက် ရှိသေးတာလား။
သူ လှည့်ကြည့်လိုက်သောအခါ ပြုံးလိုက်မိတော့သည်။
၎င်းမှာ ဆူဟီးပင် ဖြစ်၏။
သူမ ကမ်းပေးထားသော လက်နှစ်ဖက်ကြားတွင် ‘တုံးအသောအမျိုးသမီး’ စာအုပ်လေးကို ကိုင်ထားလေသည်။