← Chapters

အခန်း (၄၃)

Vol. 4 Ch. 43

အခန်း (၄၃)

Vol. 4 Ch. 43

“ဘာလုပ်နေတာလဲ။ မြန်မြန်လက်မှတ်ထိုးပေးလေ။”

ဆူဟီးက သူမရဲ့လက်ကလေးကို အပေါ်အောက်လှုပ်ခါပြီး သူ့ကို လောဆော်လိုက်၏။

ဂျယ်ဂန်းက စာအုပ်ကိုလှမ်းယူလိုက်ပြီး သူ့နာမည်ပါတဲ့ ဘောပင်တစ်ချောင်းကို ထုတ်လိုက်သည်။

လွတ်နေတဲ့ စာမျက်နှာအဖြူပေါ်မှာ လက်မှတ်တစ်ခု ထင်ကျန်ရစ်ခဲ့စေ၏။ ဒါဟာ သူ တစ်ပါးသူကို ပထမဆုံးအကြိမ် ပေးဖူးတဲ့ လက်မှတ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတော့ သိပ်ရှိမနေခဲ့ပါ။

“သူ့ရည်းစားထင်တယ်။ ချောလိုက်တာနော်။”

“ကျွန်မတို့ သွားတော့မယ်နော် စာရေးဆရာကြီး၊ ကျေးဇူးတင်ပါတယ်ရှင်။”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျေးဇူးပါဗျာ။”

မိန်းကလေးနှစ်ယောက် ဆိုင်ထဲက ထွက်သွားကြသည်။ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ အဲဒီမိန်းကလေးတွေဟာ ဂျယ်ဂန်းနဲ့ ရိုက်ထားတဲ့ပုံကို ကြည့်ပြီး ပျော်ပျော်ပါးပါး စကားတွေ ပြောနေကြဆဲပင်။

“အလို... ဟာဂျယ်ဂန်း ~~ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာကြီး ဖြစ်နေပြီပဲ။”

ဆူဟီးက သူ့ရှေ့မှာ ဝင်ထိုင်ရင်း နောက်ပြောင်တဲ့လေသံနဲ့ ပြောလိုက်၏။

“အခုဆို အပြင်ထွက်ရင် ဦးထုပ်လေးဘာလေး ဆောင်းရတော့မှာပေါ့။ ဦးထုပ်ဆောင်းရုံနဲ့ရော ဖြစ်ပါ့မလား။ မက်စ် ပါ တပ်မှဖြစ်မယ် ထင်တယ်။”

“မစပါနဲ့ဗျာ။ အဲဒီလောက်လည်း မဟုတ်ပါဘူး။ သူတို့က နာဗင်မှာတွေ့လို့ မှတ်မိသွားကြရုံပါ။”

ဆူဟီးကို ကြည့်ရင်း သူ ရယ်မိလိုက်သည်။

နို့နှစ်ရောင် ဘလောက်စ်အင်္ကျီပေါ်မှာ မီးခိုးရောင် ပဝါလေး ပတ်ထားတာက ဆောင်းဦးရာသီရဲ့ အရောင်အသွေးနဲ့ တကယ်ကို လိုက်ဖက်လွန်းလှ၏။ ‘မင်း တကယ်လှတာပဲ’ ဆိုတဲ့ စကားလုံးတွေ သူ့နှုတ်ဖျားကနေ အလိုလို ထွက်ကျလုနီးပါး ဖြစ်သွားသည်။

“ရော့... ဒီမှာ။”

“ကျေးဇူးပဲနော်။”

ဆူဟီးက စာအုပ်ကို ယူလိုက်ပြီး လက်မှတ်ကို စစ်ကြည့်သည်။

တကယ့်ကို ထူးထူးဆန်းဆန်းနဲ့ အိုးတိုးအောင့်တိုးနိုင်လှတဲ့ လက်မှတ်လေးပင်။ အဲဒီအောက်မှာတော့ စာသားတစ်ကြောင်း ပါရှိနေ၏။

- ဟာဂျယ်ဂန်းရဲ့ ပထမဆုံးသော လက်မှတ်ကို လီဆူဟီးထံသို့ -

“ဟားဟား၊ မိုက်သားပဲ။”

နှုတ်ခမ်းနီရောင် ပါးပါးလေး ဆိုးထားတဲ့ သူမရဲ့ နှုတ်ခမ်းလေးတွေဆီမှာ အပြုံးငယ်လေး တစ်ခု ပေါ်လာ၏။

“ဒါလေးကို သေချာ သိမ်းထားပါ့မယ်။ စာအုပ်ကို ဖတ်တာ မြန်သွားတယ်လို့ ခံစားရတယ်။ ဖြည်းဖြည်းချင်း ဖတ်ခဲ့ရမှာ။ ‘၉၀ ခုနှစ်များ၏ ကလေးငယ်’ ကိုလည်း ဖတ်ပြီးသွားပြီ။”

“ခဏလောက် စောင့်ဦး။ နောက်ထပ် ဇာတ်လမ်းသစ် တစ်ခုကို ရေးနေတယ်။”

“စောင့်ဦး? တကယ်ကြီးလား။”

ဆူဟီးရဲ့ မျက်နှာမှာ ရယ်မောသံတွေအစား အံ့သြမှုတွေ အစားထိုးဝင်ရောက်သွား၏။

‘၉၀ ခုနှစ်များရဲ့ ကလေးငယ်’ နဲ့ ‘တုံးအသောအမျိုးသမီး’ တို့ဖြင့် ဆုရရှိခဲ့တာ သိပ်မကြာသေးပေ။ အခု နောက်ထပ် တစ်ပုဒ် ထပ်ရေးနေပြန်ပြီ။ ပြီးတော့ စိတ်ကူးယဉ်ဝတ္ထု စာအုပ်တွဲတွေကလည်း ရိုက်နှိပ်နေဆဲပင်။

ဂျယ်ဂန်းရဲ့ ၂၄ နာရီဟာ ဘယ်လိုများ ကုန်ဆုံးနေပါလိမ့်လို့ သူမ တွေးမိလိုက်သည်။

“ဘယ်လောက်တောင် ပြီးသွားပြီလဲ။”

“မူကြမ်းကတော့ စာလုံးရေ ၁၆,၀၀၀ လောက် ရှိနေပြီ။ အမှားတွေတော့ အများကြီးပဲ ရှိသေးတာပေါ့။”

“ဂျယ်ဂန်း၊ ရှင် တစ်နေ့ကို စာရေးဖို့ အချိန်ဘယ်လောက် ပေးလဲ။”

“နာရီနဲ့ မေးရင်တော့ ကျွန်တော် မသေချာဘူး။ စားချိန်နဲ့ အိပ်ချိန်ကလွဲရင် ကျန်တဲ့အချိန်အားလုံးကို စာရေးဖို့ပဲ သုံးနေတာ ထင်တာပဲ။”

“ရှင်ကတော့ တကယ်ကို အံ့သြဖို့ကောင်းတာပဲ... တကယ်ပါပဲ။”

ဆူဟီးက ခေါင်းခါရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမ နည်းနည်းတော့ စိုးရိမ်မိ၏။ စာရေးခြင်းထက် ပိုအရေးကြီးတာက ကျန်းမာရေးပင်။ ဖျားနာနေရင် ဘာစာမှ ရေးနိုင်မှာ မဟုတ်ဘူးလေ။ ထိုခနမှာပင် ဂျယ်ဂန်းရဲ့ မျက်နှာက အရင်ကထက် အများကြီး ပိန်ကျသွားသလို ခံစားလိုက်ရသည်။

“အာ... ဆောရီးနော်။ ရှင် တစ်ခုခု သောက်ဦးလေ။ ကျွန်မ ဝယ်တိုက်မယ်။”

သူမက ထိုင်ခုံကနေ ထဖို့လုပ်နေတဲ့ ဂျယ်ဂန်းကို ပြန်ဆွဲချလိုက်၏။

“ရပါတယ်။ ကျွန်တော် ရုံးမှာ ကော်ဖီတွေ အများကြီး သောက်လာခဲ့တာ။ ထမင်းအရင် သွားစားကြရအောင်။ ဗိုက်ဆာနေပြီ။”

“အင်း... ဘာစားချင်လဲ။ ကျွန်မကတော့ ဘာဖြစ်ဖြစ် အဆင်ပြေတယ်။”

“ဘာစားစား ရတာလား။”

“အင်း၊ ဘာဖြစ်ဖြစ်။”

ဂျယ်ဂန်းက တက်ကြွစွာဖြင့် ပြန်ဖြေလိုက်၏။

ဂဏန်းကြီးတွေပဲဖြစ်ဖြစ်၊ ဆူရှီပဲဖြစ်ဖြစ်၊ စတိတ် (T/N - Steak စတိ စတိတ် သေချာမသိလို့ စတိတ်လိုက်ပါတယ်နော်) ပဲဖြစ်ဖြစ်... အရင်ကဆို အိပ်မက်တောင် မမက်နိုင်ခဲ့တဲ့ အရာအားလုံးကို အခု သူ ဝယ်ကျွေးနိုင်ပြီလေ။

“အိုကေ၊ သွားကြစို့။”

ဆူဟီးက မတ်တပ်ထရပ်ပြီး သူမရဲ့အိတ်ကို ပုခုံးမှာ လွယ်လိုက်သည်။ သူမရဲ့ မျက်ဝန်းတွေထဲမှာ အပြုံးတွေ ပြည့်လျှံနေ၏။

“ရှင် နောင်တမရဘူးနော်။”

“ရစရာလား။ သွားရအောင်။”

ဂျယ်ဂန်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်ပြီး ဆူဟီးနဲ့အတူ ကဖေးဆိုင်ထဲမှ ထွက်လာခဲ့သည်။

“ရုံးနားမှာ အသစ်ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်။ အဲဒီမှာ သွားစားကြမယ်။”

“ဘာဆိုင်လဲ။”

“ရောက်ရင် သိမှာပေါ့။”

ရောက်သွားတဲ့အခါမှာတော့ အဲဒီဆိုင်က ‘ဝက်စပ်နံရိုးဟင်း’ ကို အဓိကထားရောင်းတဲ့ ဆိုင်ဖြစ်နေသည်။ ဂျယ်ဂန်းဟာ ဆိုင်ထဲမဝင်ခင်မှာတင် မျက်နှာက ဖြူလျော့သွား၏။

‘နောက်ထပ် အစပ်ဟင်းပေါ့လေ။’

သူကိုယ်သူ အစပ်မစားနိုင်ဘူးလို့ မထင်ခဲ့ပေမယ့် အစပ်စားတာ တကယ်တော်တဲ့လူမျိုးတော့ မဟုတ်ခဲ့ပါ။

အရင်က ဒါဆူလ်နဲ့ စားခဲ့တဲ့ ကြက်သားတုန်းကလည်း တကယ်စပ်လို့ သူ သေလုနီးပါး ဖြစ်ခဲ့ရသေးသည်။

“ကြိုဆိုပါတယ်ရှင်။ နှစ်ယောက်လား။ ဒီဘက်ကို ကြွပါ။”

ဝန်ထမ်းက တက်ကြွတဲ့အသံဖြင့် နှုတ်ဆက်လိုက်သည်။

ဂျယ်ဂန်းနဲ့ ဆူဟီးတို့ စားပွဲတစ်ခုမှာ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

“ချိစ်နံရိုးဟင်း နှစ်ပွဲ ပေးပါ။ ဟေး... ရှင် အရက်သောက်နိုင်လား။”

“ရပါတယ်။”

ဂျယ်ဂန်း ချက်ချင်းပင် ပြန်ဖြေလိုက်တော့သည်။

သူက ကားမပါလာတာကြောင့် သောက်ဖို့အတွက် အဆင်ပြေနေ၏။

ပြီးတော့ တခြားသူမဟုတ်ဘဲ ဆူဟီးနှင့်အတူ ရှိနေတာဖြစ်သဖြင့် ပို၍ပင် အဆင်ပြေနေသေးသည်။

စာရေးဖို့ အကြောင်းပြချက်ပေးပြီး သောက်ဖို့ ငြင်းလိုက်တာမျိုးလုပ်ကာ သူမကို အိုးတိုးအောင့်တိုး မဖြစ်စေချင်ပေ။

“ဆိုဂျု တစ်ပုလင်း ပေးပါဦး။ လီဆယ် တံဆိပ်နော်။”

“ဟုတ်ကဲ့ပါရှင်။”

အစားအသောက်များက မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာ၏။

နံရိုးဟင်းက ကြည့်လိုက်ရုံနှင့်ပင် စပ်မည်မှန်း သိသာလှသည်။ ၎င်းအပေါ်တွင်လည်း ချိစ်များက ပွက်ပွက်ဆူနေလေသည်။

ဆူဟီးက ဂျယ်ဂန်း၏ ပန်းကန်ထဲသို့ နံရိုးတစ်တုံး ထည့်ပေးလိုက်၏။

“စားကြည့်။”

“ကျေးဇူးပဲ။”

ဂျယ်ဂန်း လက်အိတ်စွပ်ထားသော လက်ဖြင့် နံရိုးတစ်တုံးကို ယူကာ ကိုက်လိုက်သည်။ ခဏတာတော့ အဆင်ပြေသယောင်ရှိသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် သူ့မျက်နှာတစ်ခုလုံး နီမြန်းတက်လာတော့၏။

‘အာ... လားလား...!! ဒါက နောက်ပြောင်နေတာ မဟုတ်ဘူးပဲ!’

ဒါဆူလ်နှင့် စားခဲ့စဉ်ကထက် နှစ်ဆလောက် ပိုစပ်နေသည်။

သူ့လျှာက ပါးစပ်ထဲမှာ မနေနိုင်တော့ဘဲ ခုန်ထွက်လုမတတ်ပင် ဖြစ်သွား၏။

“အဲဒီလောက်တောင် စပ်လို့လား။ ချိစ်လေးနဲ့ တွဲစားလေ။”

ဆူဟီးက ဇွန်းဖြင့် ချိစ်အချို့ကို သူ့ပန်းကန်ထဲသို့ ခပ်ထည့်ပေးလိုက်သည်။

ဂျယ်ဂန်းသည်လည်း အလူးအလဲဖြစ်ကာ ချိစ်များကို ပါးစပ်ထဲသို့ အတင်းထည့်နေရတော့၏။

ထိုမြင်ကွင်းက ကြည့်ကောင်းနေသဖြင့် ဆူဟီးကတော့ ပြုံးလိုက်မိသည်။ (red flag ပဲဟ)

“ရှင်က အရင်အတိုင်းပဲ အစပ်မစားနိုင်သေးဘူးနော်။”

“ဒါက အစပ်ဆုံး မဟုတ်သေးဘူးလား။”

“ရှင် ကောလိပ်တုန်းကတည်းက အစပ်မစားနိုင်တာလေ။ မှတ်မိသေးလား... ကျောင်းနားက တော့ဖူကီ ဆိုင်မှာ စားတုန်းက ရှင် ငိုတောင်ငိုခဲ့တာလေ။”

“အဲဒီဆိုင်ကလည်း တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ မဟုတ်ဘူး... အဲဒါတွေ ထားပါဦး၊ မင်းကိုက အစပ်စားတာ တကယ်တော်တာပါ။ ဒီတစ်ခါတော့... မင်းကို အရှုံးပေးပါတယ်၊ မင်းနိုင်ပါတယ်။”

“ဟားဟား။”

ဆူဟီးက အရက်ပုလင်းကိုယူကာ ဂျယ်ဂန်းအတွက် ငှဲ့ပေးလိုက်၏။

သူမက ဂျယ်ဂန်းအတွက် ငှဲ့ပေးသလို၊ ဂျယ်ဂန်းကလည်း သူမအတွက် ပြန်ငှဲ့ပေးလိုက်သည်။

“အင်း... ဒါကတော့ တကယ်မိုက်တယ်။ ဟင်းက ပူပူစပ်စပ်ဆိုတော့ သောက်ရတာ ပိုဝင်တာပေါ့။ ဒီလိုဟင်းမျိုးကို ဆိုဂျုမပါဘဲ စားလို့မရဘူး။”

“ကျွန်မအတွက်လည်း စပ်ပါတယ်ရှင်။ ဒါပေမဲ့ ဝန်ထမ်းတွေနဲ့ ဒီဆိုင်ကို လာဖြစ်ရင်းကနေ စွဲသွားတာ။”

“ဟုတ်တယ်၊ စပ်ပေမဲ့ တကယ်ကို အရသာရှိတာပဲ။”

သူတို့နှစ်ဦးသည် သေးငယ်သော ကိစ္စလေးများအကြောင်းကို ပြောဖြစ်ကြသည်။

လောကကြီးအကြောင်း၊ သူငယ်ချင်းများအကြောင်းနှင့် သူတို့နှစ်ဦးလုံး မှတ်မိနေကြသော ကောလိပ်ကျောင်းတော်က နေ့ရက်များအကြောင်း...။

ဂျယ်ဂန်းနှင့် ဆူဟီး၏ မျက်နှာများမှာ ပြုံးရွှင်မှုများဖြင့် အလုပ်ရှုပ်နေကြ၏။

“ဒီကို... နောက်တစ်ပုလင်း ထပ်ပေးပါဦး။”

ဒုတိယမြောက် ပုလင်းကို ယူလိုက်စဉ် ဂျယ်ဂန်းသည် ဆူဟီး၏ မျက်နှာကို လှမ်းကြည့်လိုက်မိသည်။ သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေသော်လည်း သူမ၏ အကြည့်များကတော့ ခိုင်မာမြဲမြံနေဆဲပင်။

သူ့အကြည့်ကို သတိထားမိသွားသော ဆူဟီးက လက်ဖမိုးဖြင့် ပါးကို ထိလိုက်ရင်း မေးလိုက်၏။

“ဘာလို့ ကျွန်မကို ကြည့်နေတာလဲ။ ကျွန်မမျက်နှာ တကယ်ကြီး နီနေလို့လား။”

“မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ... မင်းက အရင်အတိုင်း အရက်သောက်တာ တကယ်တော်လို့ပါ။”

“ဘာလဲ... ပထမနှစ်တုန်းက MT ကို သတိရသွားတာလား။” (T/N - MT ကဘာကြီးလည်းမသိလို့ပါခင်ဗျာ မိုတယ်တော့ မဟုတ်လောက်ဘူးထင်တာပဲ)

ဆူဟီးက သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

ဂျယ်ဂန်းက အဖြေပြန်မပေးဘဲ ရယ်မောလိုက်၏။

၎င်းမှာ ပထမနှစ်တုန်းက MT ခရီးစဉ်အကြောင်းပင်။

ထိုစဉ်က စီနီယာအစ်မအချို့က ဆူဟီးကို မဟုတ်ကဟုတ်က အကြောင်းပြချက်များပေးကာ အရက်တွေ အတင်းတိုက်ခဲ့ကြသည်။ အမြဲတမ်း ခိုင်မာပြတ်သားနေတတ်သူ ဆူဟီး၏ မာနကို ချိုးနှိမ်ချင်ကြခြင်း ဖြစ်၏။

သို့သော် ဆူဟီးက အညံ့မခံခဲ့ပေ။

သူမသည် မိန်းကလေး ၁၀ ယောက်နီးပါးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်။

နောက်ဆုံးတွင်တော့ မူးပြီးလဲသွားသူများမှာ ထိုစီနီယာအစ်မများသာ ဖြစ်တော့၏။

ထိုအချိန်ကတည်းက ဂျယ်ဂန်း သိခဲ့သည်။

ဆူဟီးသည် အရက်သောက်နိုင်စွမ်း ကြီးမားသူ မဟုတ်ဘဲ သာမန်မျှသာ ဖြစ်သော်လည်း၊ သူမ၏ ပြင်းပြသော မာနကြောင့် နောက်မဆုတ်ခဲ့ခြင်း ဖြစ်သည်ကိုပင်။ ထိုအချက်က ဂျယ်ဂန်း၏ စိတ်ထဲတွင် စာနာမှုကို ဖြစ်ပေါ်စေခဲ့ဖူးသည်။

ထို့ကြောင့် ဂျယ်ဂန်းက မည်သူမျှ သတိမထားမိခင် သူမကို ကူညီပေးခဲ့၏။

လူတွေ မသိအောင် သူမ၏ အရက်ခွက်ထဲသို့ ရေများရောထည့်ပေးကာ အရက်ကို ပေါ့သွားစေခဲ့သည်။

ဆူဟီးလည်း မသိခဲ့သလို၊ သူ့သူငယ်ချင်းအရင်းခေါက်ခေါက် ဂျောင်ဂျင်းတောင် မသိခဲ့ပါ။ ၎င်းမှာ သူ၏ လျှို့ဝှက်ချက်လေးပင်။

“ဘာတွေ တွေးနေတာလဲ။ ကျွန်မခွက်က ကုန်နေပြီလေ။”

“ဖြည်းဖြည်းသောက်ပါဦး။ မင်း မူးနေပြီ။”

ဂျယ်ဂန်းက ရယ်မောရင်း သူမ၏ခွက်ထဲသို့ အရက်ငှဲ့ပေးလိုက်၏။

“ရယ်ရတယ်နော်။ ပြောရင်းဆိုရင်းနဲ့... ကျွန်မ အရက် ဘယ်လောက်သောက်နိုင်လဲ ရှင်သိတယ်မလား။ မိန်းကလေး ၁၀ ယောက်လောက်ကို အပြတ်ရှင်းခဲ့တာလေ။”

“အပြတ်ရှင်းခဲ့တာ... ဝါး။ ဂိမ်းကုမ္ပဏီက အဖွဲ့ခေါင်းဆောင်ဆိုတော့ သုံးတဲ့စကားလုံးတွေကလည်း မတူတော့ဘူးပဲ။”

ဆူဟီးက အကျယ်ကြီးပြောပြီးနောက် သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းချင်း ချလိုက်၏။

မီးရောင်အောက်မှာပင် ဖုံးကွယ်ထား၍မရသော အရိပ်အယောင်အချို့ သူမ၏မျက်နှာပေါ်မှာ ပေါ်လာသည်။

“ဘာဖြစ်လို့လဲ။”

“ဟင်? မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး။”

ဆူဟီးက လက်ကို ဝှေ့ယမ်းရင်း ပြန်ဖြေလိုက်၏။

ဂျယ်ဂန်းကြောင့် ကုမ္ပဏီအကြောင်း ခေါင်းထဲဝင်လာခြင်း ဖြစ်သည်။ သူတို့ ဖန်တီးနေသည့် ဂိမ်းက ဖျက်သိမ်းခံရတော့မည်ဆိုသည့်အကြောင်းကို ယခုအချိန်တွင် ဂျယ်ဂန်းကို မပြောချင်သေးပေ။

“ဪ... ဒါနဲ့ ရှင် နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် ရေးနေတယ်ဆို။”

ဆူဟီးက လက်ခုပ်တီးကာ စကားလမ်းကြောင်း လွှဲလိုက်၏။

“ဘာအကြောင်းအရာလဲ။”

“အာ... အဲဒါက... ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပါ။ ဒါပေမဲ့ ရေးလက်စနဲ့ တခြားအကြောင်းအရာတွေပါ အများကြီး ပါလာတာပေါ့။ လူမှုပတ်ဝန်းကျင်အကြောင်းတွေ၊ ရုံးဝန်ထမ်းတွေရဲ့ အခက်အခဲတွေနဲ့ တခြားအဲလို အကြောင်းအရာမျိုးတွေပေါ့။”

ဂျယ်ဂန်းက ခွက်ကိုမြှောက်ကာ အရက်တစ်ငုံ သောက်လိုက်၏။

ခါးသက်သက် အမူအရာဖြင့် သူက စကားကို ဆက်ပြောသည်။

“အရင်က ပြောဖူးသလိုပဲ၊ မူကြမ်းတော့ ပြီးသွားပြီ။ ဒါပေမဲ့ ပြင်စရာတွေ အများကြီးပဲ။ အမျိုးသမီးဇာတ်လိုက်ရဲ့ ခံစားချက်နဲ့ အပြုအမူတွေက တကယ်ကို အိုးတိုးအောင့်တိုးနိုင်လွန်းနေတယ်။ ကြည့်ရတာ မိန်းကလေးနဲ့မတူဘဲ ယောင်္ကျားတစ်ယောက်လို ဖြစ်နေတာ။”

“ရှင် ‘တုံးအသောအမျိုးသမီး’ တုန်းကတော့ သေသေချာချာ သရုပ်ဖော်နိုင်ခဲ့တာပဲ။”

“အဲဒါကတော့ ကျွန်တော့်အစ်မကို နမူနာယူပြီး ရေးခဲ့လို့လေ။ ငယ်ငယ်ကတည်းက သူမအကြောင်းကို သိနေတာဆိုတော့ ပီပြင်အောင် ရေးနိုင်ခဲ့တာပေါ့။ အခုကတော့ အဲဒါနဲ့ မတူဘူး။”

သို့သော် ဆူဟီးကတော့ နားမလည်နိုင်ဖြစ်နေ၏။

“ကျွန်မတို့ဂိမ်းအတွက် ရှင်လုပ်ပေးခဲ့တဲ့ ဇာတ်ကွက် ဇာတ်အိမ်တွေ တုန်းကရော။ အဲဒါက တကယ်ကောင်းတာလေ။ အဲဒါကိုကြည့်ပြီး ရှင်က အမျိုးသမီးတွေရဲ့ ခံစားချက်ကို တကယ်နားလည်တာပဲလို့ ကျွန်မ ထင်ခဲ့တာ။ တကယ်ကို အံ့သြခဲ့ရတာပါ။”

“အာ... အဲဒါက...။”

ဆိုမီ့ရဲ့ ခံစားချက်တွေကို သူ သိရှိခဲ့တာလို့တော့ သူ မပြောနိုင်ပေ။

ထို့ကြောင့် ဂျယ်ဂန်းက လေသံကို ပြော့လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။

“ဒါပေမဲ့ ခက်တယ်ဗျာ။ စားချိန်၊ အိပ်ချိန်ကလွဲရင် တစ်နေကုန် စာထိုင်ရေးနေတာတောင် အဆင်မပြေဘူး ဖြစ်နေတယ်။”

“လိမ်တာ။”

အရက်ကြောင့်လား မသိ။

သူမ စိတ်ထဲရှိနေသည့် စကားတစ်ခွန်းက မသိလိုက်ဘဲ ထွက်လာခဲ့သည်။

“ဗျာ... ဘာပြောလိုက်တာလဲ။”

ဂျယ်ဂန်းက မျက်လုံးအပြူးသားဖြင့် မေးလိုက်၏။

ဆူဟီးက တည်ငြိမ်သယောင် ဟန်ဆောင်ရင်း ပြန်ဖြေလိုက်သည်။

“စောစောက ရှင် ဖုန်းကိုင်တုန်းက ကာရာအိုကေမှာလေ။ ရှင် တကယ်ကို ပျော်နေတာပဲလို့ ကျွန်မ ထင်မိလို့ပါ။”

“အာ... အဲဒါက... အဲလို မဟုတ်...”

ဂျယ်ဂန်းက အကြည့်ကို တစ်နေရာသို့ လွှဲလိုက်ရင်း တုံ့ဆိုင်းနေမိ၏။

သူမ၏ ထင်မြင်ချက် မှန်ကန်သည်ဟု ယူဆကာ ဆူဟီးက အရက်တစ်ခွက်ကို မော့ချလိုက်သည်။ သူမ၏ မျက်နှာက တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ စားပွဲပေါ်ရှိ ချိစ်များကဲ့သို့ပင် ပွက်ပွက်ဆူနေလေပြီ။

“မိန်းကလေးတစ်ယောက်နဲ့ ချိန်းထားတာဆိုလည်း ပြောလို့ရပါတယ်၊ ဟာဂျယ်ဂန်းရယ်။ ဘာဖြစ်နေတာလဲ။ ရှင့်အသက် ၂၇ ရှိပြီလေ။ ဘယ်သူကမှ ရှင့်ကိုပွားမှာ မဟုတ်ပါဘူး။”

ဆူဟီးက အရက်ပုလင်းကို ဆွဲယူလိုက်၏။

ဂျယ်ဂန်းက အရက်ငှဲ့ဖို့လုပ်နေတဲ့ သူမရဲ့လက်ထဲက ပုလင်းကို လှမ်းယူလိုက်သည်။

“ဒီလို မလုပ်ပါနဲ့။ ဖြည်းဖြည်းသောက်ပါ။”

“ကျွန်မက အရက်ခံနိုင်အားပြင်းတယ်၊ မစိုးရိမ်နဲ့။”

ဆိုဂျုတွေက အားနေတဲ့ ခွက်ထဲကို ပြည့်လျှံသွား၏။

ခွက်ကို နှုတ်ခမ်းဆီသို့ တိုးကပ်နေသည့် ဆူဟီးကို ကြည့်ရင်း ဂျယ်ဂန်းက ပြောလိုက်သည် -

“ကျွန်တော် ကာရာအိုကေက အဖော်မိန်းကလေးတစ်ယောက်နဲ့ သွားတွေ့ခဲ့တာပါ။”

ဆူဟီးက အရက်ခွက်ကို နှုတ်ခမ်းနား တေ့ထားရင်း တောင့်ခဲသွား၏။

သူမသာ အရက်ကို ပါးစပ်ထဲ ထည့်လိုက်ပါက ပြန်ထွက်လာမည့် အခြေအနေပင်။ ထိုမျှလောက်အထိကို အံ့သြသွားခြင်း ဖြစ်သည်။ ဂျယ်ဂန်းက သူမ၏ ဖြူလျော့သွားသော မျက်နှာကိုကြည့်ကာ ကပျာကယာ ထပ်ပြောလိုက်၏။

“အဲလိုမျိုး မတွေးပါနဲ့။ ကျွန်တော် အင်တာဗျူးလုပ်ဖို့ သွားတာပါ။”

“အင်တာ... ဗျူး?”

“ဇာတ်လိုက်အမျိုးသမီးက ကာရာအိုကေ အဖော်မိန်းကလေးတစ်ယောက်လေ။ အဲဒါကြောင့် အဲဒီအကြောင်းတွေကို သိဖို့ လိုအပ်လို့ပါ။ ဒါကြောင့် ကျွန်တော် ကိုယ်တိုင် သွားခဲ့ရတာ။ တခြားနည်းလမ်းမှ မရှိပဲ။”

သူမ၏ သံသယများကတော့ ချက်ချင်း ပျောက်ကွယ်မသွားသေးပေ။

စာရေးဖို့အတွက်ဆိုလျှင် သူသည် အမြဲတမ်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်တတ်သူဖြစ်သဖြင့် အင်တာဗျူးသွားသည်ဆိုသည်မှာ ယုံကြည်နိုင်စရာတော့ ရှိ၏။

‘ဒါပေမဲ့ အင်တာဗျူးရုံနဲ့ပဲ ပြီးခဲ့တာရော ဟုတ်ရဲ့လား။ စောစောက အသံကို ကြားရတာ တကယ်ကို ရင်းနှီးနေသလိုပဲ။’

ထိုစကားလုံးများက သူမ၏ လျှာဖျားသို့ ရောက်ရှိလာသော်လည်း ထုတ်မပြောနိုင်ခဲ့ပေ။

ဘာကြောင့်လဲဆိုတော့ ပြောဖို့အတွက် အကြောင်းပြချက် မရှိသောကြောင့် ဖြစ်၏။

သူမ အပိုတွေ လျှောက်တွေးနေမိတာကို ဒေါသထွက်မိသဖြင့် ဆူဟီးက တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကျွန်မ အဲဒီစာကို ဖတ်ချင်တယ်၊ အဲဒီစာအုပ်။”

“အခု ကျွန်တော် ရေးနေတာကိုလား။”

“တခြား ဘာရှိဦးမှာလဲ။ ကိုယ်တိုင် အင်တာဗျူးပြီး ရေးထားတဲ့ စာအုပ်ဆိုတော့ ဘယ်လောက်တောင် ဖတ်လို့ကောင်းမလဲ။ အခုချက်ချင်း ဖတ်ချင်ပေမဲ့ မဖတ်နိုင်ဘူး ဖြစ်နေတာပေါ့...”

ဘားအတွင်းမှာတော့ ဆူညံသံများ ဖုံးလွှမ်းနေပြီး မီးရောင်များကလည်း မှောင်ပျပျပင်။

ထို့ကြောင့် ဂျယ်ဂန်းက ဆူဟီးက စကားအဖြစ် ပြောလိုက်သည်ကို မသိဘဲ လက်ခံလိုက်၏။

“ကျွန်တော့်အိမ်ကို လိုက်ခဲ့မလား။”

“... ရှင်?”

“အခုပဲ ဖတ်ချင်တာ မဟုတ်လား။ ကျွန်တော့်ဖုန်းထဲမှာ ဇာတ်သိမ်းပိုင်းပဲ ကျန်တော့တာ။ မင်းရဲ့ စူးရှတဲ့ မျက်လုံးတွေနဲ့သာ ဖတ်ပေးမယ်ဆိုရင်တော့ တကယ်ကို အံ့သြဖို့ကောင်းမှာပဲ။ မင်း အလုပ်များနေမှာ စိုးလို့ အစောတည်းက ကျွန်တော် မမေးခဲ့တာပါ။”

ဆူဟီးမှာ အလွန်အမင်း အံ့အားသင့်သွားသဖြင့် စိတ်ကောက်နေသည်များကိုပင် မေ့သွားကာ ပါးစပ်အဟောင်းသားဖြင့် ထိုင်နေမိတော့သည်။ (T/N - ခေါင်ကြီးတော်တယ်) စကားဝိုင်းက ဘယ်လိုလုပ်ပြီး ဒီဘက်ကို ရောက်လာရတာပါလိမ့်။

“အခုမှ ၈ နာရီပဲ ရှိသေးတာလေ။ ကျွန်တော်တို့ နောက်တစ်ချီ ထပ်သောက်ဖို့ လုပ်ထားတာဆိုတော့ ကျွန်တော့်အခန်းမှာပဲ စာဖတ်ရင်း သောက်ကြတာပေါ့။ မင်း ပြန်ရင်လည်း ကျွန်တော် လိုက်ပို့ပေးပါ့မယ်။ အိုကေတယ်မလား။”

“အဲ... အဲ...။ ရတော့ ရပါတယ်၊ ဒါပေမဲ့...”

“ကျွန်တော်တို့ ထမင်းလည်း စားပြီးပြီဆိုတော့ အခုပဲ သွားကြစို့။ ကျွန်တော် ဝယ်ကျွေးပါ့မယ်။”

သူ တကယ်ကို ပျော်နေမိ၏။ မိမိရေးထားသည့် ဇာတ်လမ်းကို တစ်စုံတစ်ယောက်က ဖတ်ချင်သည်ဆိုသည်က စာရေးဆရာတစ်ယောက်အတွက် အကောင်းဆုံး ခံစားချက်ပင်။ ပြီးတော့ ၎င်းကို သူ၏ ထက်မြက်သော သူငယ်ချင်း ဆူဟီးက ဖတ်ပေးမည်ဆိုလျှင် ပို၍ပင် ကောင်းသေးသည်။

“မင်း ကားမပါဘူးမလား။ တက္ကစီပဲ ငှားသွားရအောင်။”

“အာ... အင်း...။”

သူတို့နှစ်ဦး တက္ကစီပေါ်တွင် ဘေးချင်းယှဉ်ကာ ထိုင်လိုက်ကြ၏။

ပြတင်းပေါက်အပြင်ဘက်မှ ည၏အလှတရားများက မြန်မြန်ဆန်ဆန်ပင် နောက်တွင်ကျန်ရစ်ခဲ့သည်။

ဆူဟီးကတော့ အပြင်ဘက်ကို ငေးကြည့်ရင်း တုန်ခါနေသည့် သူမ၏ ရင်ခုန်သံကို ထိန်းချုပ်၍ မရနိုင်ဖြစ်နေ၏။

‘မတော်တဆ ပြောမိတဲ့ စကားကနေ ဖြစ်သွားတာပါပဲ။ ဒါပေမဲ့ ငါ လွယ်လွယ်နဲ့ပဲ လိုက်လာမိတာလား။ သူ ငါ့ကို ထူးဆန်းတယ်လို့ ထင်သွားမလား။’

တကယ်ကို ရင်ခုန်စရာကောင်းသလို၊ အနည်းငယ်လည်း စိုးရိမ်နေမိသည်။

နေ့ခင်းဘက်တွင် သွားဖူးသော်လည်း၊ အခုလို ညဘက်ကြီးတွင် အရက်လည်း နည်းနည်းမူးနေသည့် အခြေအနေ၌ တစ်ယောက်တည်း နေထိုင်သည့် အမျိုးသားတစ်ဦး၏ အခန်းသို့ သူမ သွားနေခြင်းဖြစ်၏။

ဂျယ်ဂန်းဖြစ်နေသော်လည်း သူမ စိတ်ထဲတွင်တော့ တစ်မျိုး ဖြစ်နေမိသည်။ သူမ၏ စိုးရိမ်နေသော စိတ်ကို အလေးမထားဘဲ တက္ကစီကတော့ သူ၏ဦးတည်ရာသို့ မနားတမ်း ပြေးလွှားနေလေတော့သည်။

All Chapters