အဖွဲ့ရဲ့ထောက်တိုင်အန်လင်း
Vol. 40 Ch. 561
အန်လင်း၏ အကြင်နာတရားများကြောင့် တစ်ဖွဲ့လုံး၏ စိတ်ဓာတ်ခွန်အားများ မြင့်တက်လာကြသည်။
သူသည် ရှောင်ဇယ်၏ နူးညံ့သော ဆံကေသာအား ပွတ်သပ်နှစ်သိမ့်ပေးနေရင်း အဖွဲ့တစ်ခုလုံးကို အရှေ့မှ ဦးဆောင်လာခဲ့သည်။
အားလုံးမှာ ခံစားချက်များဖြင့် သက်ပြင်းချလိုက်ကြသည်။ အန်လင်း၏ ရုတ်ချည်းဆန်လှသော ကြင်နာနွေးထွေးမှုသည် မိခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာအလား ကောင်းမွန်လှပေသည်။
တစ်ယောက်တစ်ချက်စီ နားဘမ်ကျင်းခံထားရသော ကတ်စီဒီနှင့် မာလင်တို့သည်ပင် ထိုသို့ခံစားမိကြသည်။ အန်လင်းသည် ၎င်းတို့နှစ်ဦးအား အားပါးတရ ဆော်ပလော်တီးခဲ့ပါသော်လည်း မဖြစ်မနေ ကျိန်စာဖြေပေးရသလို သူ၏အမူအရာမှာ နာကျင်ရှုံ့မဲ့နေရသည်။
ထို့အပြင် အန်လင်းမှာ ဝမ်းနည်းပမ်းနည်းနှင့် 'ဒါမင်းတို့ကောင်းဖို့အတွက်ပါကွာ'ဟုလည်း စကားဆိုခဲ့သေးသည်။
ကြင်နာတတ်လွန်းသော နှလုံးသား ပိုင်ရှင်ပင်။
"ဟားဟားဟား....မာလင် ဟိုကင်းခြေများကြီးကို ကြည့်လိုက်စမ်း။ ခြေထောက်တွေက ညီလည်းမညီဘူး....ဟားဟားဟား။"
ကတ်စီဒီက အဝေးတွင် ရှိနေသော သန္ဓေပြောင်း ကင်းခြေများအားကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ဟားဟား....ကတ်စီဒီ ဟိုကျောက်တုံးကလည်း အရမ်းရယ်ရတာပဲ။ ကြည့်ရတာ မင်းနဲ့တောင် တူနေသေးတယ်။"
မာလင်သည်လည်း ဘဝ၏ အကောင်းဆုံး အချိန်များအား ရရှိနေသလို ခံစားပျော်ရွှင်နေသည်။
သူ၏ဘဝတွင် တစ်ခါမှ ယခုလောက် မပျော်ခဲ့ရဖူးပေ။ အရာရာသည် ရယ်ချင်စဖွယ် ဖြစ်နေပြီး သူ၏ရယ်ကြောကို လာနှိပ်နေသလိုပင်။
သို့သော် ၎င်းတို့၏ ရယ်မောမှုများမှာ တီနာနှင့် တိုဘိယတို့အတွက် ငရဲခန်းနှင့် မခြားဟု ဆိုနိုင်ပေသည်။
တစ်ဦးသည် ကိုယ့်ကိုယ်ကို မုန်းတီးမှုများကြောင့် စိတ်အလိုမကျ ဖြစ်နေပြီး ကျန်တစ်ဦးသည် ချစ်ရသူ မိန်းကလေးအတွက် ဝမ်းနည်းပူဆွေးနေသည်။ ထိုသည်ကို ဘေးတွင်လာရယ်မောနေသည်က လှောင်ပြောင်နေသလို ခံစားရစေသည်။
အန်လင်းမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများအား အာရုံခံမိလာသည်။
တင်းမာနေသော အခြေအနေအား လျှော့ချရန်အတွက် သူသည် ကတ်စီဒီနှင့် မာလင်တို့အား ညင်သာစွာ ပြုံးပြလိုက်သည်။
"မင်းတို့နှစ်ယောက်က ရယ်ရတာကို ဒီလောက်သဘောကျနေမှတော့ ဟာသတစ်ခု ပြောပြမယ်လေ။ ဘယ်လိုသဘောရလဲ။"
ကတ်စီဒီနှင့် မာလင်တို့ အားရဝမ်းသာ သဘောတူလိုက်ကြသည်။
အန်လင်း ဖြည်းညင်းစွာ စကားစလိုက်သည်။
"ဟိုးရှေးရှေးတုန်းက အသားလုံးဝမစားပဲ ဟင်းသီးဟင်းရွက်တွေပဲစားတဲ့ ဝံပုလွေပေါက်လေးတစ်ကောင် ရှိသတဲ့။ အဲ့တော့ သူ့ရဲ့မိဘတွေက အရမ်းကို စိုးရိမ်ခဲ့ကြတာပေါ့။ တစ်နေ့မှာတော့ ဝံပုလွေပေါက်စလေးက ယုန်လေးတစ်ကောင်ကို ဖမ်းနေတာမြင်ပြီး တကယ်ကို သဘောကျခဲ့မိကြတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူတို့က တုန်လှုပ်ခြောက်ခြားကုန်ရောတဲ့။"
"ဘာလို့လဲ။"
မာလင် မေးမြန်းလိုက်သည်။
အန်လင်း ပုံပြင်ဆက်ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ဝံပုလွေပေါက်လေးက ယုန်လေးကို ဖမ်းမိသွားပြီး 'ဟိတ်.....မင်းရဲ့ မုန်လာဥကိုပေးစမ်း'ဆိုပြီး ပြောလိုက်တာကြောင့်လေ။"
မာလင်: "......"
ကတ်စီဒီ: " ........"
အန်လင်း စကားဆက်လိုက်သည်။
"ဟိုးရှေးရှေး.....ရှေးခတ်တုန်းက ကိုယ်ယောင်ဖျောက်ကျွမ်းကျင်တဲ့ အဖွဲ့အစည်း တစ်ခုရှိတယ်။ အဲ့အဖွဲ့ရဲ့ ခေါင်းဆောင်က အရမ်းတော်တာတဲ့။"
"ဘယ်လောက်တောင် တော်တာတဲ့လဲ။"
ကတ်စီဒီ၏ မျက်ဝန်းများ ဝိုင်းစက်နေသည်။
"ဆယ်စုနှစ်တွေ ကြာသွားတာတောင် ခေါင်းဆောင်ကို ရှာမတွေ့သေးဘူးလေ။"
အန်လင်း တုံ့ပြန်လိုက်သည်။
မာလင် : "........"
ကတ်စီဒီ: "........"
အန်လင်းမှာ လေထုအခြေအနေ သာယာသလို ခံစားနေရသောကြောင့် ဆက်ပြောနေပြန်သည်။
"တစ်ခါတုန်းက ဆရာဝန်တစ်ယောက်က လူနာကိုပြောတယ်။ ငါ့မှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။ ဘယ်ဟာကို အရင်ကြားချင်လဲတဲ့။"
"လူနာက နည်းနည်းပါးပါး တွေးလိုက်ပြီးတော့ သတင်းဆိုးကို အရင်ပြောပြဖို့ တောင်းဆိုလိုက်တယ်။"
"ဆရာဝန်ကပြောတယ်။ မေ့လျော့တတ်တဲ့ ဆရာဝန်က လူနာကို အပြင်းအထန် အဆိပ်သင့်စေမယ့် ဆေးအချို့ကို မှားပြီးညွှန်ကြားလိုက်မိတယ်တဲ့။ အဲ့အခြေအနေက ဘယ်လိုမှ ကုမရတော့လို့ လူနာက တစ်ပတ်ပဲ အသက်ရှင်နိုင်မှာလို့ ပြောလိုက်တယ်။"
"လူနာကလည်း အဲ့စကားကြောင့် မျောက်မီးခဲကိုင်မိသလို ထိုင်မရ၊ ထမရတွေ ဖြစ်ကုန်တာပေါ့။ ဒါပေမယ့် သတင်းကောင်းက ဘာလဲဆိုပြီး ဆက်မေးလိုက်တယ်။"
"ဆရာဝန်က ခေါင်းရှုပ်သွားတဲ့ပုံနဲ့ ဘာသတင်းကောင်းလဲဆိုပြီး ပြန်မေးတယ်။"
လေထုအခြေအနေမှာ အေးစက်နေရာမှ အေးခဲသွားရလေသည်။
"ဟာ...."
ကတ်စီဒီနှင့် မာလင်တို့၏ အပြုံးများမှာလည်း လေထုနှင့်အတူ အေးခဲသွားရသည်။
ဒါကဟာသလား.....နေပါဦး.....အန်လင်းက ဒါကိုဟာသလို့ တကယ်ကြီး ထင်နေတာလား......
ကတ်စီဒီနှင့် မာလင်မှာ ငြိမ်သက်သွားတော့သည်။
အန်လင်းက စိတ်ကျေနပ်သော အမူအရာဖြင့် ရှေ့သို့ဆက်သွားလိုက်သည်။
အနည်းငယ်မျှ ခရီးဆက်ပြီးနောက် ၎င်းတို့သည် မြေပြင်တစ်ခုလုံး ရွှေရောင်အတိပြီးသော နေရာတစ်ခုထံ ရောက်ရှိလာကြသည်။
"ဒါက ရွှေရောင်မြေဆီဒေသပဲ။ ကျွန်တော်တို့ ဒီကနေ ဆက်သွားရင် သလင်းကျောက် ဒေသကို ရောက်လိမ့်မယ်။ အဲ့မှာ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ အများကြီး ရှိနိုင်တယ်။"
ရှောင်ဇယ် လက်ညှိုးညွှန်ပြလိုက်သည်။
အန်လင်း ခေါင်းညိတ်ကာ ရှောင်ဇယ် ညွှန်ပြသော အရပ်သို့ ဦးတည်သွားလိုက်သည်။
ရွှေရောင်မြေပြင်ပေါ် ခြေချလိုက်သောအခါ မြေပြင်တစ်ခုလုံးသည် သတ္ထုဖြင့် ပြုလုပ်ထားသလို မာကြောကျစ်လစ်နေသည်ကို တွေ့လိုက်ရသည်။ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူသာဆိုပါက ဤမြေပြင်အား ချိုင့်ခွက်ဖြစ်အောင်ပင် မလုပ်နိုင်လောက်ဟု အန်လင်း ခန့်မှန်းမိသည်။
ဝုန်း.....
ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်းတို့ရှေ့တွင် ရှိနေသော မြေပြင်မှာ အက်ကွဲလာပြီးနောက် ရွှေရောင်အလင်းများ ဖြာထွက်လာသည်။
ပေတစ်ထောင်ခန့်ရှိသော အရှိန်အဝါ ကြီးမားလှသည့် သန္ဓေပြောင်းသားရဲကြီးတစ်ကောင်မှာ အားလုံး၏ မျက်စိရှေ့ ရောက်ရှိလာသည်။
၎င်း၏ခန္ဓာကိုယ်သည် ဆင်ဘီလူးကြီးတစ်ကောင်နှင့် ဆင်တူပါသော်လည်း ဦးခေါင်းပိုင်းမှာ အေးစက်လွန်းသည့် အရှိန်အဝါများ ပြည့်လျှံနေသော မြွေခေါင်းငါးခု ဖြစ်နေသည်။
"ငါတို့ကိုတောင် မကြောက်တဲ့ သန္ဓေပြောင်းသားရဲ ရှိနေမယ်လို့ မထင်ထားဘူး။ လာကြ....အီတွန့်ပွမ်သွားအောင် ဆော်ပေးလိုက်မယ်။"
အန်လင်း အဖွဲ့အား ဦးဆောင်လိုက်သည်။
တီနာသည် မည်သည့်စကားမှ မပြောပဲ ခေါင်းငိုက်စိုက်ကျနေကာ အန်လင်း၏ ရင်ခွင်ထဲတွင် ရှိနေသော ရွှယ်ကျန်ထျန်းသည်လည်း တဆတ်ဆတ် တုန်ရီနေလေသည်။ ရှောင်ဇယ်မှာလည်း ညုတုတုနိုင်သော ကလေးမလေးအလား အန်လင်း၏ လက်မောင်းကို တင်းကြပ်စွာ ဖက်တွယ်ထားလိုက်သည်။
တိုဘိယသည် ကြယ်ရောင်စုံသော ကောင်းကင်အား ငေးမြဲငေးနေသလို ကတ်စီဒီနှင့် မာလင်တို့မှာလည်း တခွိခွိ ရယ်မောနေကြသည်။
အန်လင်း : "........"
သူတို့တွေက သြဇာအာဏာ ကြီးမားတဲ့ ဟင်းလင်းပြင်သို့အပြန် အဆင့်တွေ မဟုတ်ကြဘူးလား.....ဘာလို့ သောက်ပေါတွေ ဖြစ်နေရတာလဲ....
အဆုံးတွင် အန်လင်း သဘောပေါက်သွားရသည်။ ၎င်းတို့အားလုံးသည် စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုကို ခံနေရသောကြောင့် အရှိန်အဝါများလည်း ပေါ်လွင်မနေတော့ပေ။ ထို့ကြောင့်ပင် ယခုသန္ဓေပြောင်းသားရဲသည် ပိစိကလေးမျှပင် ၎င်းတို့အား မကြောက်ရွံ့နေခြင်း ဖြစ်သည်။ ခံစားချက်အသင်္ချေဒေသသို့ မရောက်ရှိခင် အသွင်အပြင်နှင့် လုံးလုံးလျားလျား ကွဲထွက်သွားပြီး ကြေကွဲလူငယ်နှင့် အရယ်မရပ်နိုင်သော ဂျိုကာဗားရှင်းများအသွင် ပြောင်းလဲသွားသောကြောင့် သန္ဓေပြောင်းသားရဲမှာ ၎င်းတို့အား သားကောင်အဖြစ် သတ်မှတ်ပစ်ခဲ့သည်။
ခေါင်းငါးလုံး မြွေကြီးမှာ လောဘမီးများ တလက်လက် တောက်နေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်လိုက်သည်။
"တော်တော်အားကောင်းတဲ့ အရှိန်အဝါပဲ။ ငါလို ဆင်ဘုရင်ကြီးအတွက် ဒီလိုမျိုး အသွေးအသားကမှ သင့်တော်တာ။ ဘယ်မှပြေးဖို့ မတွေးနဲ့။"
ရွှယ်ကျန်ထျန်း၏ အမူအရာမှာ ပြာယာခတ်သွားသည်။
"သွားပြီ....အားလုံးပြီးသွားပြီ။ ငါတို့အကုန် မြွေပွေးကိုက်ပြီ။"
ရှောင်ဇယ် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
"ဒါက အဲ့လောက် မရိုးရှင်းဘူး။ နောက်ကွယ်မှာ အကြံအစည် တစ်ခုခုတော့ ရှိနေမှာ အသေအချာပဲ။"
တီနာမှာ သေးငယ်သော လက်ဝါးလေးများဖြင့် အန်လင်း၏ ဆံပင်များကို ကိုင်တွယ်နေသည်။
"ဘီလူးအန်လင်း....ငါလည်း ဆင်ဘုရင်ကြီးလို ဖြစ်လာအောင် ဘာလုပ်ရမလဲ။"
အန်လင်း : "......"
"ရွှီး...."
မြွေခေါင်းတစ်ခုသည် ၎င်း၏ပါးစပ်အား ဖွင့်ဟလိုက်သည်နှင့် အနက်ရောင် အဆိပ်ငွေ့များ ထွက်ပေါ်လာသည်။ အဆိပ်ငွေ့သည် တိုက်စားနိုင်စွမ်းမှာ ပြင်းထန်လွန်းလှသောကြောင့် ထိတွေ့မိသော ရွှေရောင်မြေပြင်သည်ပင် အရည်ပျော်ကျကုန်ရသည်။
အန်လင်း ကြည့်ရှုလိုက်သောအခါ အားလုံးသည် ခံစားချက် အသီးသီးဖြင့် လွင့်မြောနေကြဆဲ ဖြစ်သောကြောင့် ဂမ်ဒမ်နှစ်ကောင်ကိုသာ လွှတ်လိုက်ရသည်။
ဂမ်ဒမ်နှစ်ခုသည် ဘေးဒုက္ခကာကွယ်ရေး ဝင်္ကပါအား ဖန်တီးကာ အနက်ရောင် အဆိပ်ငွေ့များကို ကာကွယ်ထားလိုက်သည်။
"အိုး.....မင်းတို့က အရည်အချင်းတော့ ရှိသားပဲ။"
ဆင်ဘုရင်ကြီး ရယ်မောကာ ပါးစပ်နောက်တစ်ခုကို ဖွင့်ဟလိုက်သည်။ အနက်ရောင် အလင်းတန်းတစ်ခု ဖြာထွက်လာကာ အနက်ရောင် အဆိပ်ငွေ့များနှင့် ပေါင်းစည်းသွားပြီးနောက် ဝင်္ကပါအား လာရောက်တိုက်ခိုက်တော့သည်။
ဝုန်း....
စူးရှလှသော ပေါက်ကွဲသံများမှာ လေထုထဲတွင် အုန်းအုန်းထလို့နေသည်။
ဘေးဒုက္ခကာကွယ်ရေး ဝင်္ကပါမှာလည်း အက်ကြောင်းများ စတင်ဖြစ်ပေါ်လာလေပြီ။
အန်လင်း၏ အမူအရာ တင်းမာလာသည်။ သူ့အနေဖြင့် တိုက်ပွဲအား အမြန်ဆုံး အဆုံးသတ်ရတော့မည်ပင်။
သူအဖွဲ့သားများအား ကြင်နာစွာ ကြည့်ရှုလိုက်သည်။
"မင်းတို့အားလုံးကို ငါကာကွယ်ပေးမှာပါ။"
သူ၏ချီပင်လယ်ထဲတွင် ရှိနေသော အန်ကီရင်ထံမှ လျှပ်စီးများ စတင်လင်းလက်လာသည်။
တစ်ချိန်တည်းမှာပင် အန်လင်း၏ ခန္ဓာကိုယ်တွင်လည်း ရွှေရောင်လဟာပြင်လျှပ်စီးခြုံထည်တစ်ခု လွှမ်းခြုံသွားပြီး ရွှေရောင်လျှပ်စီးများ ဖြာထွက်လာသည်။
ကြောက်မက်ဖွယ် အရှိန်အဝါများနှင့်အတူ သန့်စင်သော ယန်စွမ်းအင်များသည်လည်း အန်လင်းထံမှ ထွက်ပေါ်လာတော့သည်။
သူ၏ကျောဘက်တွင် လေအတောင်ပံတစ်စုံ ဖြစ်ပေါ်လာပြီးနောက် မိစ္ဆာရှင်းဓားကို ဆွဲကိုင်ကာ ဘေးဒုက္ခကာကွယ်ရေး ဝင်္ကပါအား ဖောက်ထွက်လိုက်ပြီးနောက် သန္ဓေပြောင်းသားရဲကြီးထံ ပျံဝဲသွားသည်။
အနက်ရောင် အဆိပ်ငွေ့များသည်လည်း ရွှေရောင်လဟာပြင်လျှပ်စီးခြုံထည်ကြောင့် အန်လင်းနားသို့ မကပ်နိုင်ကြပေ။
ဆင်ဘုရင်ကြီး ညှောင့်စူးသလို ကျောရိုးတစ်ခုလုံး အေးစိမ့်သွားသည်။ အန်လင်း၏ အရှိန်မှာ လျင်မြန်လွန်းလှပြီး အရှိန်အဝါမှာလည်း အားကောင်းလှသည်။ ဆင်ဘုရင်ကြီးအနေဖြင့် ရွေးချယ်စရာ မရှိတော့ပဲ အားအပြင်းဆုံး တိုက်ခိုက်မှုအား ထုတ်လွှတ်လိုက်ရသည်။
မြွေပါးစပ် ငါးခုလုံး ပွင့်ဟလာပြီး အဆိပ်ငွေ့၊ အနက်ရောင် အလင်းတန်း၊ အေးခဲနေသော ရေခဲစများ၊ အလျှံညီးညီး တောက်လောင်နေသော မီးလျှံများနှင့် လျှပ်စီးတို့ အရှိန်အဟုန်ပြင်းစွာ အန်လင်းထံ ပျံဝဲလာသည်။
အန်လင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်ဟာလာပြင်လျှပ်စီးများ ဖြာထွက်လာကာ မိစ္ဆာရှင်းဓားအား ဆုပ်ကိုင်ထားလျက် ဆင်ဘုရင်ကြီးအား ချိန်ရွယ်ခုတ်ချလိုက်သည်။
ရွှေရောင်အလင်းတန်းများ ဖြတ်ခနဲ လင်းလက်သွားကာ ပြင်းထန်လှသော အဖျက်စွမ်းအင်များနှင့်အတူ ဆင်ဘုရင်ကြီး၏ တိုက်ခိုက်မှုများ နှစ်ပိုင်းပြတ်သွားရလေသည်။
"ဘယ်....ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ဆင်ဘုရင်ကြီး၏ မျက်နှာမှာ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ ၎င်း၏ ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်ခိုက်မှုအား အန်လင်းမှ နှစ်ပိုင်းဖြတ်ပစ်နိုင်မည်ဟု ထင်မထားခဲ့ပေ။
ရွှေရောင်ဟာလာပြင်လျှပ်စီး ဓားအလင်းတန်းသည် ဆင်ဘုရင်ကြီးထံ ဆက်လက်ပျံဝဲလာကာ ၎င်း၏ခန္ဓာကိုယ်ကြီးကိုလည်း တိခနဲနေအောင် ပိုင်းဖြတ်ပစ်လိုက်သည်။ ထို့နောက် ရွှေရောင်ဟာလာပြင်လျှပ်စီးသည်လည်း ပေါက်ကွဲသွားပြီး ပေတစ်ထောင်ပတ်လည်မှာ လျှပ်စီးပင်လယ်ပြင်အဖြစ် ပြောင်းလဲသွားရသည်။
ဆင်ဘုရင်ကြီးသည် လျှပ်စီးပင်လယ်ပြင်အလယ် နာကျင်စွာ အော်ဟစ်နေပြီးနောက် ဆီပူပူနှင့် ကြော်ခံထားရသော အသားတုံးအလား မဲတူးချိတ်ကာ မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။
အန်လင်း၏ ရွှေရောင်ဝတ်စုံမှာ ပျောက်ကွယ်သွားသည်။ သူသည် သက်ပြင်းချရင်း မိစ္ဆာရှင်းဓားကိုပါ သိမ်းဆည်းလိုက်သည်။
ဆင်ဘုရင်ကြီးသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သာ ရှိသောကြောင့် သူ့အနေဖြင့် လွယ်လင့်တကူ ဖြေရှင်းနိုင်ခဲ့သည်။ သို့သော် အားကောင်းသော ရန်သူများနှင့် ကြုံတွေ့ဆိုပါက ငါးပါးတင်မက ဆယ်ပါးမှောက်သွားနိုင်သည်။
ဥပမာအားဖြင့် ဟင်းလင်းပြင်သို့အပြန် ရန်သူများသာဆိုလျှင် သူမည်သို့ရင်ဆိုင်နိုင်မည်နည်း။
ထိုအတွေးကြောင့် အဖွဲ့သားများအား ကြည့်ရှုလိုက်သောအခါ နှလုံးသားတင်မက ကျောက်ကပ်များ၊ အူအသည်းများပါ နာကျင်လာရသည်။
"ထားလိုက်ပါတော့လေ။ ငါ့အသက်နဲ့ ရင်းရမယ် ဆိုရင်တောင် မင်းတို့ကို ကာကွယ်ပေးသွားပါ့မယ်။"
သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာပါသော်လည်း နူးညံ့ညင်သာနေဆဲပင် ဖြစ်လေသည်။