← Chapters

အခန်း (၉၈၀)

Vol. 66 Ch. 980

အခန်း (၉၈၀)

Vol. 66 Ch. 980

“ဂါး..ဂါး”

“ဂါး..ဂါး..ဂါး..ဂါး”

ပြင်းထန်သော တိုက်ပွဲဖြစ်ရာနေရာသို့ ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ ရောက်ရှိလာသောအခါတွင် တစ်ကိုယ်လုံး၌ အနက်ရောင်မီးတောက်များလွှမ်းခြုံထားသည့် ဧရာမအနက်ရောင် ကင်းခြေများကြီးတစ်ကောင်ကို သူတို့မြင်တွေ့လိုက်ရသည်။၎င်းက ဧရာမက ကြမ်းကြုတ်ရက်စက်သည့် ကျားဖြူကြီးတစ်ကောင်နှင့် တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

တစ်ဟူးဟူးလောင်ကျွမ်းနေသော အနက်ရောင်မီးတောက်များက အနက်ရောင်မီးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဧရာမ ကျားဖြူကြီးက ပြင်းထန်စွာလောင်ကျွမ်းနေသော အနက်ရောင်မီးတောက်ပင်လယ်၏အလယ်၌ရှိနေသည်။ ၎င်း၏ခန္ဓာကိုယ်အား အားကောင်းသော လေစီးကြောင်းတစ်ခုက ကာကွယ်ပေးထားပြီး ၎င်း၏ခန္ဓာကိုယ်အား လောင်ကျွမ်းလာနေသော အနက်ရောင်မီးတောက်များကို တားဆီးပေးထားသည်။

“ဝေါင်း”

ဧရာမကျားကြီးက ၎င်း၏ပါးစပ်ကိုဖွင့်ဟပြီး ခက်ထန်သော ဟိန်းသံတစ်ချက်ကိုပြောလိုက်ကာ ၎င်း၏ဓားကဲ့သို့ချွန်ထက်နေသော အစွယ်တန်းနှစ်ခုကို လှစ်ဟာပြနေ၏။

ထို့နောက်ချက်ချင်း ကျားဖြူကြီး၏ ဧရာမခန္ဓာကိုယ်မှ ဧရာမမုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်သော လေမုန်တိုင်းကြောင့် အနက်ရောင်မီးတောက်ပင်လယ်ကလည်း လေစီးကြောင်းနှင့်အတူ ပေါ်သို့ထိုးတက်သွားသည်။ ယင်းမှာ အနက်ရောင်မီးတောက်တို့ တောက်လောင်နေသော ဧရာမ မုန်တိုင်းကြီးတစ်ခုနှယ်ဖြစ်သည်။

“အနိုင်ရသူကို ဆုံးဖြတ်ပြီးတဲ့ပုံပဲ”

နတ်ဆိုးသားရဲကြီးနှစ်ကောင်၏တိုက်ပွဲအားကြည့် ရင်း ဝတ်ရုံနက်ကပြောလိုက်သည်။

“နှစ်ကောင်လုံးက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဆိုပေမဲ့ ကျားဖြူရဲ့နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားက အနက်ရောင်ကင်းခြေများထက် အများကြီးပိုသန်မာတာထင်ရှားတယ်”

“ဒီကျားဖြူက ရှေးဟောင်းဒဏ္ဍာရီလာ သားရဲလေးကောင်ထဲက တစ်ကောင်ဖြစ်တဲ့ ကျားဖြူရဲ့ မျိုးဆက်သွေးကို ပို်ငဆိုင်ထားတာ..သေချာပေါက် အနက်ရောင်ကင်းခြေများက သူ့ကိုဘယ်ယှဉ်နိုင်မှာလဲ”

ရှစ်ဖုန့်က ဝတ်ရုံနက်၏ပြောဆိုမှုအား သဘောတူသည့်အနေဖြင့် ခေါင်းညိမ့်လိုက်သည်။

ထို့နောက် ရှစ်ဖုန့်၏ညာလက်တွင် သွေးနီရောင်ဓားအလင်းတစ်ချက်လင်းလက်လာပြီး သူ၏လက်ထဲ၌ သွေးသောက်ဓားက ထပ်မံပေါ်လာသည်။ရှစ်ဖုန့်ကခေါင်းကို ငုံ့လိုက်ကာ သူ၏လက်ထဲမှ သွေးသောက်ဓားကို ကြည့်လိုက်သည်။

“ဒဏ္ဍာရီလာသားရဲလေးကောင်ထဲက တစ်ကောင်ဖြစ်တဲ့ကျားဖြူရဲ့ မျိုးဆက်သွေးက မင်းအတွက် အားဆေးကောင်းတစ်ခုဖြစ်မှာပါ”

ရှစ်ဖုန့်၏စကားလုံးတို့က သွေးသောက်ဓား၏ လက်နက်စိတ်ဝိညာဉ်ဖြစ်သော သွေးလစန္ဒြာသားရဲကို တိုက်ရိုက်ပြောဆိုခြင်းဖြစ်သည်။ရှစ်ဖုန့်စကားပြော ပြီးပြီးချင်း လက်ထဲမှ သွေးသောက်ဓားက အနည်းငယ်စတင်တုန်ခါသွားသည်။

“ဒီသခင်လေးသွားတော့မယ်”

ရှစ်ဖုန့်ကခေါင်းလှည့်ပြီး ဝတ်ရုံနက်ကိုပြောလိုက်သည်။ ထို့နောက်ချက်ချင်း သူ၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ညကောင်းကင်ယံထဲ၌ပျောက်ကွယ်သွားသည်။

“ဂါး..ဂါး..ဂါး.ဂါး”

ဧရာမအနက်ရောင်မီးတောက်မုန်တိုင်းကြီးက အပေါ်သို့ထိုးတက်သွားသည်ကို တွေ့လိုက်ရသောအခါတွင် အနက်ရောင်ကင်းခြေများထံမှ ထူးဆန်းသော အော်သံတစ်ခုထွက်ပေါ်လာသည်။

ယင်းမှာ အနက်ရောင်ကင်းခြေများအနေဖြင့် တစ်ဖက်၏ စွမ်းအားအပေါ် ကြောက်လန့်နေသည်မှာ သိသာသည်။ ၎င်းအောက်ရှိ များပြားလှသော အနက်ရောင်ခြေထောက်များက လျှင်မြန်စွာဆုတ်ခွာလိုက်သည်။ ထို့နောက်ဖျက်ခနဲပျောက်ကွယ်သွား၏။

“ဟမ့်”

ရုတ်ခြည်း အေးစက်သောနှာခေါင်းရှုံ့သံတစ်ခုကိုကြားလိုက်ရသည်။

“ဂါး..ဂါး..ဂါး..ဂါး”

ထို့နောက် ညကောင်းကင်ယံထဲ၌ နာကျင်မှုအပြည့်ဖြင့် စူးစူးဝါးဝါးအော်ဟစ်သောအသံတစ်ခုထွက်ပေါ်လာသည်။

အနက်ရောင်ကင်းခြေများ မူလရှိနေခဲ့သောနေရာနှင့် သိပ်မဝေးသောနေရာတွင် ပျောက်ကွယ်သွားခဲ့သော အနက်ရောင်ကင်းခြေများ၏ ဧရာမကိုယ်ကြီး ဖြည်းဖြည်းချင်းပေါ်လာသည်။ ကင်းခြေများ၏ဦးခေါင်းထက်တွင် အဖြူရောင်ပုံရိပ်တစ်ခုက ဆောင့်ကြောင့်ထိုင်နေပြီး သွေးနီရောင်ဓားရှည်တစ်လက်ကလည်း ၎င်းအတွင်းထိုးစိုက်ထားပြီးဖြစ်သည်။

“ဂါး..ဂါး..ဂါး..ဂါး..ဂါး..ဂါး.ဂါး”

အနက်ရောင်ကင်းခြေများကြီးက နာကျင်စွာဖြင့် ထူးဆန်းသောအော်သံကိုဆက်တိုက်အော်ဟစ်နေသည်။၎င်း၏အနက်ရောင်မီးတောက်များက အပြင်းအထန်ရုန်းကန်နေရကြောင်းကို ပြသနေ၏။

ဧရာမခန္ဓာကိုယ်ကြီးမှ အနက်ရောင်မီးတောက်များ ပြင်းထန်စွာတောက်လောင်လာသည်။ မကြာခင် ကမ္ဘာကြီး က အနက်ရောင်မီးတောက် ပင်လယ်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။

“ဟမ့်..ဒီလိုမီးတောက်အမျိုးအစားလေးက ဒီသခင်လေးကို နာကျင်စေမယ်လို့ထင်နေတာလား”

ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံလိုက်ပြီး အေးစက်စွာအော်ပြောလိုက်သည်။

အနက်ရောင်ကင်းခြေများက မည်သို့ပင် အပြင်းအထန်ရုန်းကန်နေပါစေ ရှစ်ဖုန့်မှာ ၎င်း၏ဦးခေါင်းထက်၌ ဆောင့်ကြောင့်ထိုင်နေဆဲဖြစ်ပြီး တစ်လက်မပင်မရွေ့ပေ။ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ကိုယ်ပေါ်မှ ထူးဆန်းသော သွေးနီရောင်မီးတောက်တစ်ခု ရုတ်ခြည်းတောက်လောင်လာသည်။သွေးနီရောင်မီးတောက်လူသားတစ်ယောက်အဖြစ် ချကချင်းပြောင်းလဲသွားပြီး လွန်စွာမှုန်မှိုင်းအေးစက်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။

ဤအခိုက်အတန့်တွင် ပြင်းထန်စွာလောင်ကျွမ်းနေသော အနက်ရောင်မီးပင်လယ်အတွင်း၌ သွေးနီရောင်မီးတောက်လူသားတစ်ယောက်ပေါ် လာသည်။လူသားတစ်ယောက်အရွယ်သာရှိသောသွေးနီရောင်မီးတောက် တို့အား လွန်စွာကြောက်ရွံ့သကဲ့သို့ ပြင်းထန်စွာလောင်ကျွမ်းနေသော အနက်ရောင်မီးတောက်တို့က စတင်တုန်ယင်လာသည်။

ဤသွေးနီရောင်မီးတောက်မှာကောင်းကင်ဘုံအ ဆင့် မီးတောက်ဖြစ်သည်။ ပြောရလျှင် ဤသည်ကားမီးတောက်အဆင့်ဖိနှိပ်ခြင်းဖြစ်၏။

သို့သော် မကြာခင် အပြင်းအထန်ရုန်းကန်နေသော အနက်ရောင်ကင်းခြေများမှာ နောက်ဆုံး၌ ငြိမ်ကျသွားပြီး ရုန်းကန်နေခြင်းလည်းရပ်တန့်သွားသည်။၎င်း၏ ခန္ဓာကိုယ်အတွင်းထိုးစိုက်ထားပြီးဖြစ်သော သွေးသောက်ဓားက ၎င်း၏သွေးတို့ကို ရူးသွပ်စွာဝါးမျိုနေသည်။၎င်း၏ကိုယ်က လေလျော့သွားသောပူဖောင်းတစ်လုံးကဲ့သို့ဖြစ်လာ ပြီး အဆက်မပြတ်ရှုံ့တွသွားသည်။

ဤအချိန်တွင် သွေးသောက်ဓားက၎င်းအားသေသည်အထိစုပ်ယူခဲ့ပြီးဖြစ်သည်။

ရှစ်ဖုန့်က အနက်ရောင်ကင်းခြေများ၏ သေခြင်းစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့အား လျှင်မြန်စွာဝါးမျိုလိုက်၏။နတ်ဘုရားတစ်ပိုင်းနယ်ပယ် သားရဲ၏ ဝိညာဉ်အားဝါးမျိုပြီးနောက် ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအင်က ချက်ချင်း ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်ထဲသို့ဝင်ရောက် သွားသည်။

တစ်ချိန်တည်းတွင် အနက်ရောင်ကင်းခြေများအား ထိုးစိုက်ထားသောသွေးသောက်ဓား၌ သွေးနီရောင်အလင်းတန်းတစ်ခု ဖျက်ခနဲလင်းလက်လာသည်။ ဓားနှင့်သွေးလစ္ဒြာသားရဲတို့နှစ်ခုလုံးက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့တက်လှမ်းသွား ကြသည်။

သို့သော် အနက်ရောင်ကင်းခြေများ၏ခန္ဓာကိုယ်ကကြီးမားလွန်းပြီး သွေးများကပေါကြွယ်ဝသည်ဖြစ်သည်။ သွေးသောက်ဓားက သွေးတို့အား ဆက်လက်ဝါးမျိုနေသည်။

အနက်ရောင်ကင်းခြေများက သေဆုံးသွားပြီးဖြစ်သောကြောင့် ပြင်းထန်စွာလောင်ကျွမ်းနေသော အနက်ရောင်မီးတောက်များမှလည်း ဖြည်းဖြည်းခြင်း အားနည်းယုတ်လျော့လာသည်။ရှစ်ဖုန့်၏ကိုယ်ပေါ်ရှိသွေးနီရောင်မီးတောက်တို့ကလညး ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏အကြည့်ကရှေ့သို့ပြောင်းသွားသည်။ လွန်စွာကြီးမားသော အနက်ရောင်မီးတောက်မုန်တိုင်းကြီးတစ်ခုက ရောက်ရှိလာပြီးဖြစ်သည်ကို သူအာရုံခံမိပြီးဖြစ်သည်။ ၎င်းက ကောင်းကင်နှင့်မြေပြင်အားဆက်သွယ်ထားသကဲ့သို့ ဖြစ်ပြီး သူ့ထံသို့ ပြင်းထန်စာဦးတည်လာနေသည်။

“စိတ်မပူနဲ့ ..ဒီသခင်လေးအခုမင်းကိုဖျက်ဆီးပေးမယ်”

သူ့ထံသို့ဦးတည်လာနေသော အနက်ရောင်မီးတောက်မုန်တိုင်းအားကြည့်၍ ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။သူ၏ ဆောင့်ကြောင့်ထိုင်နေသောကိုယ်ကို ဖြည်းညှင်းစွာထရပ်လိုက်၏။ သူ၏ညာလက်အားဓားတစ်လက်အဖြစ်ဖွဲ့စည်း ထားပြီးဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်၏မကျယ်သောအသံတစ်ခုထွက် ပေါ်လာသည်။

“ဟင်းလင်းပြင်..သတ်ဖြတ်ခြင်းဓား”

ရှစ်ဖုန့်၏အော်သံနောက်သို့လိုက်ပါ၍ အနက်ရောင်မီးတောက်မုန်တိုင်း၏ အထက်တွင် မမြင်နိုင်သောဧရာမ သတ်ဖြတ်ခြင်းဓားကြီးတစ်လက်ပေါ်လာသည်။ ထို့နောက် ၎င်းက အနက်ရောင်မီးတောက်မုန်တိုင်းထံသို့ ရုတ်ခြည်းသက်ဆင်းသွားသည်။

“ဝေါင်း..ဝေါင်း”

ကောင်းကင်နှင့်မြေပြင်ကြားထဲမှ နာကျင်မှုအပြည့်ဖြင့် အရိုင်းဆန်သော ကျားဟိန်းသံနှစ်ချက်ထွက်ပေါ်လာသည်။ လွန်စွာကြီးမားသော အနက်ရောင်မီးတောက်မုန်တိုင်းကြီးမှာ သဲလွန်စမကျန် ချက်ချင်းမှေးမှိန်ပျောက်ကွယ်သွားသည်။ လွန်စွာကြီးမားသောကျားဖြူကြီး၏ ဧရာမကိုယ်ကြီးက နောက်တစ်ကြိမ်ထွက်ပေါ်လာသည်။

သို့သော် ၎င်း၏ကျော်ပြင်ထက်၌ ကြီးမားသောအပေါက်ကြီးတစ်ခုဖြစ်နေပြီးဖြစ် သည်။ ထိုကြီးမားသောအပေါက်ကြီးမှ နီရဲသောသွေးတို့က ရေပန်းတစ်ခုနှယ်ပန်းထွက်နေသည်။

ထို့နောက်ချက်ချင်း ကျားကြီး၏သန်မာသောကိုယ်ကြီးမှာ ခွန်အားအားလုံးဆုံးရှုံးသွားပုံရသကဲ့သို့ ဖြည်းဖြည်းချင်းပြိုလဲကျသွားသည်။ရှစ်ဖုန့်၏ဓားက၎င်းအား ဒုက္ခရောက်သွားစေပြီးဖြစ်သည်။

ရှစ်ဖုန့်မှာသူ့ရှေ့ရှိ မြေပြင်ထဲ၌ လဲပြိုကျနေသောကျားဖြူကို ထပ်မံဂရုစိုက်ခြင်းမရှိတော့ပေ။ ထိုအစား ခေါင်းကိုငုံ့လိုက်ပြီး သွေးသောက်ဓားထံကြည့်လိုက်သည်။ ဤအချိန်တွင် ကင်းခြေများ၏အလောင်းက ရှုံ့တွခြောက်သွေ့လုနီးပါးဖြစ်နေပြီဖြစ်သည်။ သွေးသောက်ဓား၌နောက်တစ်ကြိမ် အနီရောင်အလင်းတစ်ချက်လင်းလက်လာသည်။

သွေးသောက်ဓားနှင့်သွေးလစန္ဒြာသားရဲတို့က ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့အောင်မြင်စွာရောက်ရှိသွားပြီးဖြစ်သည်။ ၎င်းက နတ်ဘုရားတစ်ပိုင်းနယ်ပယ်နှင့်နီးကပ်သည်ထက် နီးကပ်လာပြီဖြစ်၏။

“သွား”

ထို့နောက်ရှစ်ဖုန့်ကသွေးသောက်ဓား၏ရှေ့မှ ကျားဖြူကိုထိုးညွှန်ပြလိုက်သည်။သွေးသောက်ဓားက ကျားဖြူအားဝါးမျိုပြီးသည်နှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့တက်လှမ်းရန်ကား ပြဿနာတစ်ခုမဟုတ်တော့ပေ။

သို့သော်ရှစ်ဖုန့်အနေဖြင့် သွေးသောက်ဓား၏ လက်နက်စိတ်ဝိညာဉ်ဖြစ်သော သွေးလစန္ဒြာသားရဲအနေဖြင့် အဆင့်ချိုးဖျက်နိုင်မည်လားဆိုသည်ကို မျှော်လင့်စောင့်စားနေမိသည်။

ချက်ချင်းပဲသွေးသောက်ဓားက ရှုံတွနေသော အနက်ရောင်ကင်းခြေများ၏ကိုယ်မှ အလိုအလျောက်ထွက်လာပြီး သွေးနီရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲ သွားသည်။သွေးနီရောင်ဥက္ကာပျံအလင်းတန်းတစ်ခုကဲ့သို့ အမှောင်ထုအားထိုးခွင်းပြီး ရှေ့ရှိကျားဖြူထံသို့ ပျံသန်းဦးတည်သွားသည်။

ဓားက ကျားဖြူ၏နဖူးထက်ရှိ အနက်ရောင်အမှတ်အသားထံသို့ အညှာအတာမဲ့စွာထိုးစိုက်ဝင်ရောက်သွားသည်။

“ဝေါင်း..ဝေါင်း”

ထို့နောက်ချက်ချင်း ကျားဖြူ၏ပါးစပ်မှ လွန်စွာနာကျင်မှုအပြည့်ဖြင့် ဟိန်းသံတို့ထွက်ပေါ်လာပြီး နားကွဲလုမတတ်အော်ဟစ်သံက ကမ္ဘာတစ်ခုလုံးအား နောက်တစ်ကြိမ်ထပ်မံလှုတ်ခတ်သွားစေသည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters