တွေ့ဆုံခြင်း
Vol. 40 Ch. 562
အန်လင်းက အဖွဲ့သားများနှင့် ညင်သာသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းကာ အရှေ့ဆုံးမှ ဦးဆောင်နေလျက် ရှိသည်။ သူသည် စိတ်မရှည်သလို သို့မဟုတ် စိတ်ရှုပ်လာသလို မခံစားရပေ။
အန်လင်းသည် လက်ရှိခံစားချက်အား သူကိုယ်တိုင်ပင် မဖော်ပြတတ်ပေ။
သူ၏အဖွဲ့သားများသည် သနားစရာ ကောင်းသောကြောင့် ကူညီထောက်ပံ့မှုများနှင့် ထိုက်တန်သည်ဟု ရိုးရှင်းစွာ တွေးမိသည်။
ထိုသည်မှာ အတောမသတ်နိုင်သော ကရုဏာနှင့် ညှာတာမှုများပေလော။ သို့မဟုတ် စာနာသနားမှုလော။ သို့တည်းမဟုတ်ပါက အခြားသော ခံစားချက်များပါ ပေါင်းစည်းနေသည်လော။
မည်သို့ပင်ဆိုစေကာမူ ထိုခံစားချက်မှာ ဆန်းကြယ်လွန်းလှသောကြောင့် အန်လင်းကိုယ်တိုင်သည်ပင် နားမလည်နိုင် ဖြစ်ရသည်။
"ဝါး.....ဘီလူးအန်လင်း.....ငါက တော်တော်အသုံးမကျတာပဲ။ မကောင်းဆိုးဝါးကြီးနဲ့တွေ့တော့ နင်ကငါ့ကို ကာကွယ်ပေးနေရတယ်။ ဝါး....ငါဘာမှလည်း မလုပ်ခဲ့ဘူး။ ငါ့အမှားတွေချည်းပဲ....ဝါး....ဝါး...."
တီနာသည် ရေတံခွန်အလား ကျဆင်းလာနေသော မျက်ရည်များကိုသုတ်ကာ ကိုယ့်ကိုယ်ကို အပြစ်တင်နေသည်။
အန်လင်းက တီနာ၏ နူးညံ့သော ပါးပြင်လေးအား ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"အဆင်ပြေပါတယ်။ ဒါတွေအားလုံးက ဒီထူးထူးဆန်းဆန်း ဒေသကြောင့် ဖြစ်ရတာပဲလေ။ ငါမင်းကို အပြစ်မတင်ပါဘူး။"
"ဘီလူးအန်လင်း....နင်ကတကယ် လူကောင်းပဲ။"
တီနာသည် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များ လွှမ်းမိုးနေပါသော်လည်း အန်လင်း၏ လတ်ဆတ်သော အပြုံးကြောင့် ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။
.........
ကျယ်ပြန့်လှသော ရွှေရောင်မြေပြင်အား ကျော်ဖြတ်လာပြီးသည့်နောက် အရောင်စုံသော သလင်းကျောက်များရှိသည့် တောင်တန်းများထံ ရောက်ရှိလာခဲ့သည်။
အချို့သော သလင်းကျောက်များသည် တလက်လက် တောက်ပနေသော ကြယ်ရောင်စုံများကဲ့သို့ ဆန်းကြယ်ကာ အရောင်အသွေးလည်း စုံလင်လှသည်။ ထိုမြင်ကွင်းသည် အသက်ရှူရန်ပင် မေ့လျော့ရလောက်အောင် ရင်သက်ရှုမောဖွယ် ကောင်းလွန်းလှသည်။
အေးမြသော လေပြေများ တိုက်ခတ်နေသည်နှင့်အတူ အန်လင်းသည်လည်း သလင်းကျောက် တောင်တန်းများထံ ပျံသန်းလာခဲ့သည်။ ကြွယ်ဝလှသော ချီစွမ်းအင် အငွေ့အသက်များမှာ လေထုထဲတွင် ဝေ့ဝဲလို့နေသည်။
၎င်းတို့သည် စွမ်းအင်စီးဆင်းမှုများကို သတိထားနေရင်း ရှေ့သို့ဆက်လျှောက်လာကြသည်။
ရုတ်ချည်းဆိုသလို ကျယ်လောင်လှသော ပေါက်ကွဲသံမှာ တိတ်ဆိတ်မှုအား ဖြိုခွင်းပစ်လိုက်လေသည်။
အန်လင်းသည် အုတ်ခဲပေါ်တွင် ရပ်နေရင်း အဝေးသို့ လှမ်းကြည့်လိုက်သောအခါ အပြာရောင် အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။
"အဲ့မှာ တိုက်ပွဲဖြစ်နေတာလား။"
အန်လင်း အနည်းငယ် အံ့အားသင့်သွားသည်။
တိုက်ပွဲဖြစ်ပွားနေသော နေရာတွင် တိုက်ခိုက်ရလောက်အောင် အဖိုးတန်သော တစ်စုံတစ်ခု ရှိနေပေလိမ့်မည်။
သူ့အနေဖြင့် ထိုကိစ္စတွင် ဝင်ပါကိုပါသင့်သည်။
အန်လင်း တွေဝေမနေပဲ အဖွဲ့သားများကို ခေါ်ဆောင်ကာ ဖရိုဖရဲ သတ္ထုအုတ်ခဲဖြင့် ထိုနေရာသို့ ပျံသန်းသွားလိုက်သည်။
နီးကပ်လာသည်နှင့်အမျှ ၎င်းတို့သည်လည်း တိုက်ပွဲဖြစ်ပွားနေသူများကို မြင်လာရသည်။
တစ်ဦးသည် လူသားအသွင်ရှိသော လက်လေးဖက်ပါရှိသည့် နဂါးခေါင်းနှင့်ဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံး အဖြူရောင် ကြေးခွံများ ဖုံးလွှမ်းနေကာ ကျောပေါ်တွင်လည်း ရွှေရောင်ဘီးလုံးကြီးတစ်ခု ပါရှိသည်။ ၎င်းသည် ဓားလေးလက်ဖြင့် နှင်းပျိုမဒီများအား လိုက်လံတိုက်ခိုက်နေခြင်း ဖြစ်သည်။
နှင်းပျိုမဒီတစ်ဦး၏ ပုံစံမှာ အတော်ပင် သနားစရာ ကောင်းနေသည်။ သူမသည် အသည်းအသန် ငိုကြွေးနေပြီး သေလောက်အောင် ရိုက်ခံထားရပုံပေါ်သည်။
အန်လင်းသည် နှင်းပျိုမဒီများအပေါ် မကျေနပ်သော ခံစားချက် ရှိနေသောကြောင့် ယခုကဲ့သို့ အနိုင်ကျင့်ခံနေရသည်ကို မြင်ရသောအခါ အတော်ပင် စိတ်ကျေနပ်မိသည်။ သူသည် ကူကယ်ရာမဲ့စွာဖြင့် ဘေးတွင်ရပ်ကာ ထိုတိုက်ပွဲအား စိမ်ပြေနပြေ ကြည့်ရှုနေလိုက်သည်။
မကောင်းဆိုးဝါးကြီးအားကြည့်ကာ ရှောင်ဇယ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားရသည်။
"အဲ့နဂါးခေါင်းနဲ့ သတ္တဝါကို လုံရှန်လို့ခေါ်တယ်။ အဲ့လိုမျိုး စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ကောင်တွေကလည်း ကျွန်တော်တို့ နဂါးမျိုးနွယ်စုကပဲ။ သူတို့တွေက ပုံမှန်အားဖြင့် တော်တော်လေး ကြမ်းတမ်းကြတယ်။ သူတို့ရဲ့ ခွန်အားနဲ့ ပါရမီကလည်း သန့်စင်တဲ့ နဂါးသွေးရှိတဲ့ နဂါးတွေနဲ့တောင် ယှဉ်နိုင်တယ်။ ပြောရရင် သူတို့ရဲ့ ကျင့်ကြံရေး အမြန်နှုန်းက သန့်စင်တဲ့ နဂါးသွေးရှိတဲ့ နဂါးတွေထက်တောင် ကျော်လွန်နေသေးတယ်။"
ထိုစကားကြောင့် အန်လင်း အံ့သြသွားသည်။
"ဒါက အသိစိတ်ရှိတဲ့ သတ္တဝါလား။ ဒီနေရာအတွက် ဖြစ်တည်လာတဲ့ မကောင်းဆိုးဝါး မဟုတ်ဘူးလား။ ငါက သလင်းကျောက်တွေကြောင့် ဖြစ်လာတဲ့ မကောင်းဆိုးဝါး ထင်နေတာ။"
ရှောင်ဇယ် ခေါင်းကုတ်လိုက်သည်။
"တကယ်တော့ လုံရှန်တွေက နယ်မြေအဆီအနှစ် သလင်းကျောက်တွေ စုဆောင်းရတာ ကြိုက်တယ်လေ။ ဟိုမှာကြည့်လိုက်....နယ်မြေအဆီအနှစ် သလင်းကျောက်တွေတွေ့လား။"
သူသည် တစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်ပြီး အားလုံးလည်း လိုက်ကြည့်လိုက်ကြသည်။ မြေပြင်ပေါ်တွင် အမှန်တကယ်ပင် နယ်မြေအဆီအနှစ် သလင်းကျောက်များ ရှိနေလေသည်။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခု၊ အနီရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခု၊ အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက် သုံးခုနှင့် ကျန်ရှိသည်မှာ အစိမ်းရောင်နယ်မြေအဆီအနှစ်များ ဖြစ်သည်။
သလင်းကျောက်များအား အလင်းစက်ဝန်း တစ်ခုမှ ကာကွယ်ထားသောကြောင့် စွမ်းအင်စီးဆင်းမှုများကို မခံစားရပေ။
"အခု လုံရှန်က နှင်းပျိုမဒီတွေနဲ့ တိုက်နေတာဆိုတော့ ဒီအခွင့်အရေးကို အရယူပြီး နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ခိုးလိုက်ကြရအောင်။"
အန်လင်း၏ မျက်ဝန်းများမှာ လောဘရမ္မက်များ တောက်လောင်နေပြီး အဖွဲ့သားများကိုပါ ဆော်သြလိုက်သည်။
ထို့နောက်.....
တိတ်ဆိတ်ငြိမ်သက်မှုကိုသာ ကြုံတွေ့လိုက်ရလေသည်။
"ဆရာ....ဒီနေရာနဲ့ ပက်သတ်ပြီး ခံစားချက် မကောင်းဘူး။"
ရှောင်ဇယ် လေးနက်စွာ ပြောလိုက်သည်။
"သေရေးရှင်ရေး အခြေအနေနဲ့တောင် တွေ့ရလိမ့်မယ်လို့ ထင်နေမိတယ်။ နည်းနည်းလောက် စောင့်ကြည့်လိုက်ပါဦးလားဆရာ။"
"ဘာကိုစောင့်ရမှာလဲ။ မြန်မြန်ထွက်ပြေးကြရအောင်။ ကောင်းကင်ဘုံရဲ့ ကွပ်မျက်ခြင်းက ငါတို့ဆီ ရောက်လာတော့မှာ။"
ရွှယ်ကျန်ထျန်းမှာ အကြောက်တရားကြောင့် တဆတ်ဆတ် တုန်ရီနေသည်။
အန်လင်း: "......"
"ငါ့ကို နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ခိုးပေးတဲ့ ဘယ်သူ့ကိုမဆို မြင့်မြတ်သွေးစက် နှစ်မီလီလီတာ ချီးမြှင့်မယ်။"
ထိုစကားကြောင့် ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့ တုန်ခါသွားရသည်။ ၎င်းတို့နှလုံးသားများမှာ စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေပြီး ဆာလောင်စိတ်မှာလည်း ခန္ဓာကိုယ် တစ်ခုလုံးကို စပ်ဖျဉ်းစပ်ဖျဉ်း ဖြစ်လာစေသည်။
တိုဘိယ ကောင်းကင်ထံမှ အကြည့်လွှဲလိုက်သည်။
"တောင်းပန်ပါတယ် လူစီ....ကိုယ်ခဏလောက် သွားရတော့မယ်။ မြင့်မြတ်သွေးစက် ရပြီးရင် မင်းဆီကို ပြန်လာမှာပါ။"
ကတ်စီဒီနှင့် မာလင်တို့သည်လည်း ရယ်မောခြင်းကို ရပ်တန့်လိုက်ကြသည်။ ၎င်းတို့သည် တည်တည်ငြိမ်ငြိမ်ပင် လက်နက်များ ပြင်ဆင်လိုက်ပြီးနောက် နယ်မြေအဆီအနှစ် သလင်းကျောက်များထံ ပြေးသွားလိုက်ကြသည်။
ထိုအချိန်တွင် လုံရှန်နှင့် တိုက်ခိုက်နေသော နှင်းပျိုမဒီများမှာလည်း အန်လင်းတို့ကို သတိပြုမိသွားကြသည်။
စုကျင်းရှန်း မျက်မှောင်ကျုံ့ကာ ငွေနှင်းခဲအပ်ကိုးသွယ်အား ထုတ်ယူလိုက်ပြီးနောက် တွေဝေစွာဖြင့် လုံရှန်ထံ ပစ်လွှတ်လိုက်သည်။ ထိုအပ်များသည် မန္တာန်ဝင်္ကပါ တစ်ခုအသွင် ဖြစ်ပေါ်လာကာ ပေတစ်သောင်း ပတ်လည်ရှိ အရာများအားလုံး အေးခဲသွားစေသောကြောင့် လုံရှန်၏ လှုပ်ရှားမှုများလည်း နှေးကွေးသွားရသည်။
သူမ အလောတကြီး လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။
"အဲ့ဒါ အန်လင်းတို့အဖွဲ့ပဲ။ ငါတို့သွားကြရအောင်။ ဒီမှာကြာကြာဆက်နေရင် လွတ်တော့မှာ မဟုတ်ဘူး။"
ရို့ကူ မျက်ရည်များ ဘူးသီးလုံးလောက် ကျဆင်းလာကာ အော်ငိုလိုက်သည်။
"ဝါး....ကြောက်စရာ ကောင်းလိုက်တဲ့ အရှိန်အဝါတွေ။ ဟင့်....ထင်တဲ့အတိုင်း အရင်တုန်းက သူ့ကိုအထင်သေးခဲ့မိတာပဲ။ ဝါး....ဘာပဲဖြစ်ဖြစ် မျက်စိအောက်မှာတင် နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို လက်လွှတ်လိုက်ရမှာ ရင်နာစရာကြီး....ဝါး...."
"ဘာလို့ငါတို့က ထွက်ပြေးရမှာလဲ။ သူတို့ကို သပမို့ ကြောက်ရမှာလား။ အဆိုးဆုံးဆိုလို့ ငါတို့ သန့်ရှင်းသော ရေခဲကုန်းမြေရဲ့ ဂုဏ်သရေနဲ့အတူ အသက်ထွက်သွားရုံပဲ။"
ရန်ဟွား၏ မျက်ဝန်းများမှာ ဒေါသကြောင့် မီးဟုန်းဟုန်းတောက်နေသည်။
စုကျင်းရှန်း စကားဆိုလိုက်သည်။
"ဒီကိစ္စက သန့်ရှင်းသော ရေခဲကုန်းမြေရဲ့ ဂုဏ်သရေနဲ့ ဘာဆိုင်လို့လဲ။"
မည်သို့ပင်ဆိုစေကာမူ နှစ်မဲတစ်မဲ ဖြစ်နေသောကြောင့် နှင်းပျိုမဒီများအနေဖြင့် ဆက်လက်တိုက်ခိုက်ရတော့မည်ပင်။
"နယ်မြေအဆီအနှစ် သလင်းကျောက်တွေ မယူနိုင်ခဲ့ရင်တော့ ဒီကနေ လွတ်မြောက်ဖို့ နည်းစနစ်တစ်ခုကို အမြန်ဆုံး အသက်သွင်းနိုင်ပါစေလို့ မျှော်လင့်တယ်။"
စုကျင်းရှန်းမှာ ဘေးတွင်ရှိနေသော နန်းဆောင်သခင်မ နှစ်ဦးအား ပြောလိုက်ပြီးနောက် လုံရှန်အား မန္တာန်ဝင်္ကပါဖြင့် ခက်ခက်ခဲခဲ ဆက်ထိန်းထားလိုက်သည်။
ရို့ကူနှင့် ရန်ဟွားတို့သည် အပြာရောင် အလင်းတန်းများအဖြစ် ပြောင်းလဲကာ နယ်မြေအဆီအနှစ် သလင်းကျောက်များထံ ပျံဝဲသွားသည်။
တစ်ချိန်တည်းမှာပင် အနီရောင် အလင်းတန်း သုံးခုသည်လည်း နယ်မြေအဆီအနှစ် သလင်းကျောက်များထံ ပျံဝဲလာနေလေသည်။
"သပလိုပဲ....လစ်လိုက်စမ်းပါ။ ဒီသလင်းကျောက်တွေက ငါတို့အပိုင်ပဲ။"
ရန်ဟွား အော်ဟစ်ဆဲဆိုလိုက်သည်။
သူမသည် လက်ချောင်းများကို လှုပ်ရှားကာ ငါးကီလိုမီတာ ပတ်ပတ်လည်ကို နှင်းမုန်တိုင်းများဖြင့် ဖုံးလွှမ်းစေလိုက်သည်။ ပြင်းထန်စွာ တိုက်ခတ်နေသော လေကြောင်းများသည် ဓားမော့များနှင့် ဆင်တူပြီး ကျဆင်းနေသော နှင်းခဲများမှာလည်း ဓားများအလား ထက်ရှလွန်းလှသည်။ ပတ်ဝန်းကျင်မှာလည်း အေးခဲနေလေပြီ။
သွေးမျိုးနွယ်စု သုံးဦးမှာ ကြမ်းတမ်းခက်ထန်သော နှင်းမုန်တိုင်းကြောင့် ဒယီးဒယိုင် ဖြစ်ကုန်ကြရသည်။ ၎င်းတို့ထံ ရောက်ရှိလာနေသော နှင်းလွှာများသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များတွင်သာ ရှိနိုင်သော လေဟာပြင် ဖြိုခွဲသည့် စွမ်းအင်မျိုး ပါဝင်နေသည်။
ကတ်စီဒီသည် သွယ်လျသော လက်ချောင်းများဖြင့် သွေးနီရောင်ဓားအား ဆွဲကိုင်ကာ နှင်းမုန်တိုင်းအား ခုတ်ပိုင်းလိုက်သည်။
"ဟားဟားဟား......ဖွတ်ချီးလောက်ပဲရှိတဲ့ စွမ်းရည်....ဒီလိုအားနည်းတဲ့ မန္တာန်နည်းစနစ်နဲ့ ငါ့ကိုများ တားချင်သေးတယ်ပေါ့...ဟားဟားဟား။"
ကတ်စီဒီသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ဖြစ်ပြီး သတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်ကာ ရန်ဟွားသည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာ ရှိသေးသည်။ ၎င်းတို့နှစ်ဦးကြားရှိ စွမ်းအင်ကွာခြားချက်မှာ သိသာလွန်းလှပေသည်။
သို့သော် ခွန်အားသာလွန်သူသည် သေချာပေါက် အသာစီး ရလိမ့်မည်ဟု တရားသေ ပြော၍မရပေ။
ဥပမာအားဖြင့် လက်ရှိအချိန်တွင် ရို့ကူသည် ဓားတစ်လက်အဖြစ် ပြောင်းလဲကာ မျက်စိတမှိတ်အတွင်း နယ်မြေအဆီအနှစ် သလင်းကျောက်များထံ ပျံဝဲသွားပြီး ၎င်းတို့အား ကာကွယ်ထားသော အလင်းစက်ဝမ်းကိုပင် ဖယ်ရှားပစ်လိုက်ပြီ ဖြစ်သည်။
"နင်တို့တွေက လူဦးရေ သာတော့ရော ဘာဖြစ်လဲ။ ဒီလိုအပြောင်းအလဲများတဲ့ စစ်မြေပြင်မှာ အရာအားလုံး ဖြစ်နိုင်တယ်။ ပြောရရင် ဒီနယ်မြေအဆီအနှစ် သလင်းကျောက် အားလုံးက အခုငါ့အပိုင်ပဲ။"
ရို့ကူသည် ထိုစကားနှင့်အတူ တငိုငိုတရီရီ ဖြစ်နေပြီး နယ်မြေအဆီအနှစ် သလင်းကျောက်များထံ လက်အားဆန့်ထုတ်လိုက်သည်။ သလင်းကျောက်များမှာ လေထုထဲသို့ မြောက်တက်လာလေတော့သည်။