← Chapters

လုံရှန်၏ဒေါသ

Vol. 40 Ch. 563

လုံရှန်၏ဒေါသ

Vol. 40 Ch. 563

ရို့ကူမှာ နယ်မြေအဆီအနှစ် သလင်းကျောက်များအား ကာကွယ်ထားသော အလင်းစက်ဝန်းအား ဖယ်ရှားလိုက်သောအခါ လုံရှန်သည်လည်း တုန်ခါသွားရသည်။

၎င်း၏ကျောပေါ်တွင် ရှိနေသော ရွှေရောင်ဘီးမှာ ရုတ်ချည်းဆိုသလို ပြန့်ကားလာပြီး လျင်မြန်စွာ လည်ပတ်လာသည်။

အကန့်အသတ်မဲ့ ရွှေရောင်အလင်းတန်းများနှင့်အတူ ဘီးလုံးကြီးထံမှ နဂါးသင်္ကေတများစွာ ဖြာထွက်လာပြီး လုံရှန်၏ ခန္ဓာကိုယ်ပေါ် ကပ်တွယ်သွားကြသည်။ ၎င်း၏ကြေးခွံများတွင်လည်း နဂါးအမှတ်အသားများ ထွက်ပေါ်လာကာ ကြေးခွံများ အဖြူရောင်မှ ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် လုံရှန်၏ အရှိန်အဝါမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်တက်လာလေသည်။

"နှင်းပျိုမဒီတွေကတော့ သွားပြီပဲ။ လုံရှန်က နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ခိုးခံလိုက်ရတာ သိသွားလို့ သွေးအဆီအနှစ်ကိုတောင်သုံးပြီး အသေအကြေ တိုက်တော့မယ်။"

ရှောင်ဇယ် နှင်းပျိုမဒီ သုံးဦးအား ဂရုဏာသက်စွာ ကြည့်လိုက်သည်။

ရို့ကူသည် နယ်မြေအဆီအနှစ် သလင်းကျောက်များအား သိုလှောင်လက်စွပ်ထဲထည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။

"ဟားဟားဟား.....လုံးဝလွတ်ဖို့ မစဉ်းစားနဲ့။"

မာလင် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ဆိုင်းပုဒ်ထဲမှ ဝိဉာဉ်စစ်သည်တော်များ ထွက်လာကြသည်။ ၎င်းတို့သည် အရပ်မျက်နှာ အစုံသို့ ပျံဝဲကာ သွေးသတ်ဖြတ်ခြင်းမန္တာန်ဝင်္ကပါကို ဖော်ဆောင်လိုက်ကြသည်။

"ဟားဟားဟား.....နင်ကများ ငါ့ရဲ့ နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို ခိုးရဲတယ်ပေါ့။ ဒီနေရာက နင့်အတွက် သင်္ချိုင်းပဲ။"

ကတ်စီဒီ မန္တာန်ရွတ်ဆိုလိုက်သည်နှင့် ဓားအသွင် သွေးစက်ဖြစ်ပေါ်လာကာ တောက်ပနေသောဓားနှင့် ပေါင်းစည်းသွားပြီးနောက် ကြမ်းတမ်းလှသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ဖြာထွက်လာသည်။

တိုဘိယသည် မည်သည့်စကားမှ မဆိုပါသော်လည်း သူ၏လက်သီးမှာ ကောင်းကင်ထက်မှ ကျဆင်းလာနေပြီပင်။ ထိုးနှက်ချက်သည် ​ပစ်မှတ်အား မထိမှန်သေးစေကာမူ ပြင်းထန်လှသော ဖိအားများကြောင့် မီတာတစ်ထောင် ပတ်လည်ရှိ မြေပြင်မှာ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာရသည်။

ရို့ကူ၏ ခန္ဓာကိုယ်သည် အပြာရောင် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီးနောက် သူမ၏ စူးရှရှ စကားသံမှာ ကောင်းကင်နှင့်မြေပြင်တခွင် ပဲ့တင်ထပ်သွားသည်။

"ဟမ့်....အခုအခြေအနေကို နင်တို့နားမလည်ကြသေးဘူးလား။ အမြန်နှုန်းမှာ ဘယ်သူမှ ငါ့ကိုမမှီဘူး။"

"အဲ့လိုလား။"

လေးလေးနက်နက်နှင့် အက်ရှသော စကားသံတစ်ခု သူမဘေးမှ ထွက်ပေါ်လာသည်။

ထိုသည်မှာ ကြောက်မက်ဖွယ် အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး ကျောပေါ်တွင် ဘီးလုံးကြီးတစ်ခု ပါရှိသည့် ရွှေရောင်ပုံရိပ်တစ်ခု ဖြစ်သည်။

အပြာရောင်ဓားသည် တွေဝေခြင်း မရှိပဲ လေထုထဲ ပျံသန်းသွားသည်။ သို့သော် ရွှေရောင်ပုံရိပ်၏ လက်သီးမှာ ပိုမိုလျင်မြန်နေလေသည်။

ဝုန်း....

ရွှေရောင်လက်သီး၏ စွမ်းအင်များသည် ထုလုံးတစ်ခုသဖွယ် ပေါက်ကွဲသွားကာ ငါးကီလိုမီတာအတွင်းရှိ အရာများအားလုံး ဖုန်မှုန့်ဖြစ်သွားရသည်။

ရို့ကူ၏ ဓားခန္ဓာကိုယ်မှာ ပျက်စီးသွားသောကြောင့် သူမ မဖြစ်မနေ လူသားအသွင် ပြန်ပြောင်းလိုက်ရသည်။ ထို့နောက် သွေးတစ်လုပ်အန်ကာ မြေပြင်ပေါ် လဲကျသွားတော့သည်။

ထိုအချိန်မှာပင် သွေးမျိုးနွယ်စု သုံးဦး၏ တိုက်ခိုက်မှုများလည်း ရောက်ရှိလာလေသည်။

"နန်းဆောင်သခင်မ ရို့ကူ...."

ရန်ဟွား ရို့ကူထံ ​ပြေးလာကာ သူမ၏ လက်ကောက်ဝတ်အား လှီးဖြတ်လိုက်သည်။ စီးကျလာသော သွေးစများမှ အပြာရောင် သွေးစက်ဝန်းတစ်ခု ထွက်ပေါ်လာကာ ၎င်းတို့နှစ်ဦးလုံးကို လွှမ်းခြုံသွားသည်။

ဝုန်း....ဝုန်း.....ဝုန်း.....

သွေးသတ်ဖြတ်ခြင်းမန္တာန်ဝင်္ကပါသည် လေထုအား သတ်ဖြတ်ခြင်းနန်းတော်သဖွယ် ဖြစ်သွားပြီးနောက် အသင်္ချေမျှသော သွေးနီရောင် ဓားများမှာ နှင်းပျိုမဒီများနှင့် လုံရှန်တို့ထံ ပျံဝဲလာသည်။

သွေးနီရောင် ဓားများသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဆုတ်ပြဲပစ်နေပြီး အပြာရောင်သွေးစက်ဝန်းအား ခုတ်ပိုင်းပစ်လိုက်သည်။

ချက်ချင်းဆိုသလို လက်သီးကြီးလည်း ကျဆင်းလာသောကြောင့် လုံရှန်နှင့် နှင်းပျိုမဒီများ တစ်လုံးစားလိုက်ရပြန်သည်။

သွေးနီရောင်စဉ်တစ်ခုသည် ၎င်း၏လမ်းတလျှောက်တွင်ရှိသော အရာမှန်သမျှ ကောင်းနှင့်မြေပြင်ပါမကျန် ဝါးမြိုပစ်နေသည်။ ကြယ်ရောင်စုံသော ညနက်ယံသည်ပင် ပျက်စီးသွားတော့မည်ဟု ထင်မှတ်ရပြီး အရာအားလုံး ဖျက်စီးခံနေရသည်။

တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်ဖွယ် လှိုင်းဂယက်များမှာ ဆယ်ကီလိုမီတာအထိ ပျံ့နှံ့သွားသည်။

ရှောင်ဇယ်သည် အန်လင်း၊ တီနာနှင့် ရွှယ်ကျန်ထျန်းတို့ ရှေ့တွင် အကာအကွယ် မန္တာန်တစ်ခုအား ပြုလုပ်ထားလိုက်သည်။

"ရို့ကူ....ရန်ဟွား...."

စုကျင်းရှန်း အလန့်တကြား အော်ဟစ်လိုက်သည်။

သူမ၏ အဖြူရောင်ဝတ်စုံသည် သွေးများပေကျံနေပြီး လုံးဝကို ဖရိုဖရဲ ဖြစ်နေသည်။ ထို့အပြင် သူမ၏ ဝမ်းဗိုက်တွင်လည်း အပေါက်တစ်ခု ရှိနေလေသည်။ လုံရှန်၏ သွေးရူးသွေးတမ်းနိုင်သော တိုက်ခိုက်မှုများကြောင့် သူမ အပြင်းအထန် ထိခိုက်ထားသည်မှာ သိသာလှသည်။

လေထုထဲတွင် ပျံ့နှံ့နေသော အဖျက်စွမ်းအင်များမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ ရန်ဟွား၏ အပြာရောင်သွေးစက်ဝန်းမှာ ပျက်စီးနေပြီဖြစ်ပြီး နှင်းပျိုမဒီ နှစ်ဦးသည် ကြီးမားလှသော ချောက်နက်ကြီးထဲတွင် ဒူးထောက်လျက်သား ရှိနေသည်။ ၎င်းတို့သည် အဆက်မပြတ် တိုက်ခိုက်မှုများအား ရှင်သန်လွတ်မြောက်ခဲ့ပါသော်လည်း ဆိုးရွားစွာ ထိခိုက်ထားပြီး အချိန်မရွေး ဘဝကူးတော့မည်ဟု ထင်ရသည်။

လုံရှန်သည် ကောင်းကင်ထက်တွင် ရှိနေပြီး ကျောပေါ်မှ ရွှေရောင်ဘီးမှာ မရပ်မနား လည်ပတ်နေဆဲ ဖြစ်သည်။ ရွှေရောင်သွေးများ စီးကျနေသော ဒဏ်ရာဒဏ်ချက်များမှာလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေသည်။

"ဟမ့်....နှင်းပျိုမဒီ နှစ်ယောက်က သေခြင်းတရားကနေ သီသီလေး လွတ်လာတာပဲ။"

ရှောင်ဇယ် အေးစက်စက် ပြုံးလိုက်သည်။

"ကတ်စီဒီ၊ မာလင်နဲ့ တိုဘိယတို့က လုံရှန်ကိုရော ရင်ဆိုင်နိုင်လောက်တယ်မလား။"

လုံရှန် မည်မျှသန်မာသည်ကို တွေ့လိုက်ရပြီးနောက် အန်လင်း အနည်းငယ် စိုးရိမ်စပြုလာသည်။

"အေးဆေးပါ။ လုံရှန်က သိပ်မထိန်းနိုင်တော့ဘူး။ သွေးမျိုးနွယ်စုတွေက သူတို့ရဲ့ ထူးခြားတဲ့ ချီစွမ်းအင်ကြောင့် ကျော်ကြားကြတယ်။ တိုက်ပွဲ ကြာလာတာနဲ့ လုံရှန်က ဆက်တိုက်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်တော်ကြောက်တာက လျှိူ့ဝှက်ကြံစည်မှုကြီး ရှိနေမှာကိုပဲ။"

ထိုစကားနှင့်အတူ ရှောင်ဇယ်မှာ ကလေးငယ်လေးအလား အန်လင်းကို ဖက်တွယ်ထားလိုက်ပြန်သည်။

အန်လင်း: " ......."

လျှို့ဝှက်ကြံစည်မှု သီအိုရီတွေနဲ့ မမှန်ကန်တဲ့ ကြောက်စိတ်တွေက ဘာတွေလဲ.....အဲ့လိုအတွေးတွေနဲ့ ရှင်သန်ရတာ အရမ်းပင်ပန်းမှာပဲ....

ထိုအတွေးကြောင့် အန်လင်းမှာ ရှောင်ဇယ်၏ခေါင်းအား ပွတ်သပ်ပေးလိုက်သည်။ သူ၏မျက်နှာတွင် သနားကရုဏာများ ရှိနေလေသည်။

လုံရှန်သည် နှင်းပျိုမဒီ နှစ်ဦးအား ကြည့်ရှုလိုက်ပြီးနောက် အရိုးအေးခဲ ဓားလေးလက်မှာ ၎င်း၏လက်လေးဘက်တွင် ပေါ်ထွက်လာသည်။

ရန်ဟွား၏ အမူအရာမှာ အတော်ပင် နောင်တရနေပုံ ရသည်။

ရို့ကူမှာ မျက်ဝန်းများ နီရဲနေသည်။ သူမသည် ပန်းနုရောင် နှုတ်ခမ်းလေးများအား တင်းတင်းစေ့ထားသည်။ ကြည့်ရသည်မှာ မငိုကြွေးမိစေရန် အတော်ပင် ထိန်းထားရသလိုပင်။ သူမ သိုလှောင်လက်စွပ်အားချွတ်ကာ ရန်ဟွား၏လက်ထဲ ထည့်ပေးလိုက်သည်။

"ငါစိတ်ကြီးဝင်လို့ နင်တို့နှစ်ယောက် ဒုက္ခရောက်ရတာပါ။ ငါသူတို့ကို အတတ်နိုင်ဆုံး တားပေးထားမယ်။ စုကျင်းရှန်းနဲ့အတူ မြန်မြန်ထွက်ပြေးကြတော့။"

"အဲ့လိုမလုပ်ပါနဲ့။ ငါတို့အတူတူ ထွက်ပြေးကြမယ်လေ။"

ရန်ဟွား ရို့ကူအား အားနှင့်ဆွဲထူလိုက်သည်။

ရို့ကူ ဝမ်းနည်းစွာ ပြုံးလိုက်သည်။ ထို့နောက် သူမ၏ မျက်ဝန်းထဲမှ တောက်ပသော အပြာရောင် အလင်းတန်းများ ဖြာထွက်လာတော့သည်။

"မဟုတ်ဘူး....."

ရန်ဟွား စူးစူးရှရှ ဟစ်ကြွေးလိုက်သည်။

ထိုမြင်ကွင်းကြောင့် အန်လင်း တိတ်ဆိတ်စွာ မျက်ရည်သုတ်လိုက်သည်။

"တော်တော်ကို ရင်ထဲထိစေတာပဲ။ သူတို့ဘာလို့ ဒီလိုဖြစ်လာရတာလဲ။ တကယ်ဆိုရင် လှပတဲ့ ကောင်းကင်ကြီးအောက်မှာ ပျော်ပျော်ရွင်ရွင်နဲ့ ဘဝကို ဖြတ်သန်းနေသင့်တယ်။"

ရှောင်ဇယ်မှာ မျက်လုံးအပြူးသားဖြင့် အန်လင်းအား ကြည့်ရှုလိုက်မိသည်။

"ဆရာပြောတော့ နှင်းပျိုမဒီတွေက လူသားမျိုးနွယ်ရဲ့ ရန်သူဆို။ ဘာလို့ သူတို့ကို သနားနေရတာလဲ။"

ရှောင်ဇယ် နားမလည်နိုင် ဖြစ်နေသည်။

အန်လင်း သက်ပြင်းချလိုက်သည်။

"ငါတို့အားလုံးက ကောင်းကင်နဲ့မြေပြင်အောက်မှာ အသက်ရှင်နေကြတာလေ။ ငါတို့အားလုံး ပျော်ရွှင်မှုကို ရှာဖွေခွင့် ရှိပါတယ်။ မတူကွဲပြားမှုတွေကလွဲရင် ငါတို့အားလုံးက ကမ္ဘာမြေပေါ် ပျော်ရွှင်မှု ရှာဖွေနေကြတဲ့ ပန်းပွင့်လေးတွေပါပဲ။ အခုတော့ လှပတဲ့ ပန်းလေးနှစ်ပွင့် ကြွေလွင့်ရတော့မယ်။"

တီနာ စကားဆိုလိုက်သည်။

"ဘီလူးအန်လင်းက အရမ်းကြင်နာတတ်တာပဲ။"

"ဆရာက နှင်းပျိုမဒီတွေကို ကယ်ချင်လို့လား။"

ရှောင်ဇယ် ပေါ့ပါးစွာ ရယ်မောလိုက်သည်။

"သွေးမျိုးနွယ်စုတွေကို အမိန့်ပေးလိုက်လို့ ရတယ်လေ။"

အန်လင်း အတွေးပေါက်သွားကာ သွေးမျိုးနွယ်စုအား လှမ်းအော်လိုက်သည်။

"မင်းတို့အားလုံး နှင်းပျိုမဒီတွေကို မြန်မြန်ကူညီပေးလိုက်ကြ။ သူတို့မသေစေနဲ့။"

ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့မှာ ထိုအမိန့်ကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။

မိမိကိုယ်ကို အနစ်နာခံရန် အသင့်ဖြစ်နေသော ရို့ကူမှာလည်း အန်လင်း၏ စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

"မျိုးနွယ်စုတိုင်းက ကမ္ဘာပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွင်ရွင် နေထိုင်ဖို့ အခွင့်အရေး ရှိပါတယ်။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"အားလုံးက တန်းတူညီမျှပဲ။ မင်းတို့ သူတို့ကို အမြန်ကာကွယ်ပေးလိုက်။"

ကတ်စီဒီ: "......."

မာလင်: "........"

တိုဘိယ: "........"

ဝှစ်.....

ထိုအချိန်တွင် လုံရှန်သည် ဓားများကို ဝေ့ယမ်းကာ ရွှေရောင်ဓားအလင်းတန်း လေးခု ဖြစ်ပေါ်စေလိုက်သည်။ ၎င်း၏နဂါးစွမ်းအင်များသည် ဓားအရှိန်အဝါများနှင့် ပေါင်းစည်းကာ နှလုံးတုန်ရလောက်အောင် ကြောက်မက်ဖွယ် ကောင်းလာသည်။ ထိုဖိအားများကြောင့် သလင်းကျောက် မြေပြင်တွင် အနက်ရောင် ချိုင့်ကြီးများ ဖြစ်ပေါ်လာသည်။

ရို့ကူသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့် ရှိပါ​သော်လည်း လျှို့ဝှက်နည်းစနစ်အား အသက်သွင်းပြီးသည့်တိုင် လုံရှန်ထက် အားနည်းနေသေးသည်။ သူမ၏ ပါးပြင်ပေါ်တွင် မျက်ရည်လုံးကြီးများ လိမ့်ဆင်းကျလာတော့သည်။

"မြန်မြန်.....မြန်မြန်ပြေးရအောင်။"

သူမ အော်ဟစ်လိုက်သည်။

ရန်ဟွား အံကြိတ်ကာ ထွက်​ပေးရန် ပြင်လိုက်စဉ်မှာပင် လုံရှန်၏ ဓားအလင်းတန်းမှာ သူမထံ ပျံဝဲလာလေသည်။

ဓားအလင်းတန်းသည် မြန်ဆန်လွန်းလှပြီး ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အားအကောင်းဆုံး တိုက်ခိုက်မှုစွမ်းရည်နှင့် တူညီသည်။ သူမ၏ ခန္ဓာကိုယ်တွင် ဆိုးရွားလှသော ဒဏ်ရာဒဏ်ချက်များ ရှိနှင့်နေပြီ ဖြစ်သောကြောင့် ထိုဓားအလင်းတန်းအား မည်သို့မှ ခံနိုင်ရည် မရှိနိုင်လောက်ပေ။

ငါဒီမှာပဲ သေရတော့မှာလား.....

ရွှေရောင်ဓားအလင်းတန်း၏ရှေ့တွင် ရန်ဟွား၏ ခန္ဓာကိုယ်လေးမှာ သေးငယ်လို့နေသည်။ သူမသည် ပင်လယ်လှိုင်းကြောင့် ပျက်စီးရတော့မည့် ဗေဒါရွက်လေးအလား အားနည်းချိနဲ့နေ၏။

ထိုအချိန်မှာပင် အရပ်ရှည်ကာ ပိန်သွယ်သော အမျိုးသမီးတစ်ဦး သူမရှေ့သို့ ရောက်ရှိလာသည်။ အနက်ရောင် ဝတ်စုံနှင့် မိန်းမပျိုသည် စွမ်းအင်များကို စုစည်းကာ အနီရောင် ဓားအလင်းတန်းတစ်ခု ထုတ်ဖော်လိုက်သည်။

ညဉ့်ကောင်းကင်ယံမှာ ရွှေရောင်နှင့် သွေးနီရောင် စွမ်းအင်များ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ထိန်လင်းသွားရသည်။

ကတ်စီဒီ၏ ရွှေရောင်ဆံနွယ်များသည် ညင်သာစွာ မျောလွင့်နေပြီး သူမ၏ လှပသော မျက်နှာလေးမှာ ဒေါသထွက်နေပုံ ရသည်။

"အား....ဘာလို့ အဓိပ္ပါယ် မရှိတဲ့ အမိန့်တွေကို ငါကလိုက်လုပ်နေရတာလဲ။"

ရန်ဟွား အံ့အားသင့်သွားရသည်။ သွေးမျိုးနွယ်စု၏ ကယ်တင်ခြင်းအား ခံရလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးတောခဲ့ပေ။ အန်လင်းဆိုလျှင် ပို၍ပင် ဆိုးသေးသည်။

ထို့အပြင် ဤတစ်ကြိမ်နှင့်ဆိုလျှင် အန်လင်း ကယ်တင်ပေးခဲ့သည်မှာ ဒုတိယအကြိမ်ပင် ရှိနေလေပြီ။

All Chapters