တရားမျှတသောအန်လင်း၏ရွေးချယ်မှု
Vol. 40 Ch. 564
ကတ်စီဒီ၏ လှုပ်ရှားမှုကြောင့် နှင်းပျိုမဒီများ ကြောင်တောင်တောင် ဖြစ်သွားပြီး လုံရှန်သည်ပင် ဒယိမ်းဒယိုင် ဖြစ်သွားရသည်။
လုံရှန်များသည် ကြမ်းတမ်းခက်ထန်သော သားရဲများ ဖြစ်ကြပါသော်လည်း အသိဉာဏ် ကင်းမဲ့သူများ မဟုတ်ပေ။ သွေးမျိုးနွယ်စု ကျင့်ကြံသူများသည် နှင်းပျိုမဒီများနှင့် ပေါင်းစည်းသွားသည်ကို တွေ့လိုက်ရပြီးနောက် ချက်ချင်းဆိုသလို ရန်ဟွားထံ ပြေးဝင်သွားသည်။
ရို့ကူသည် သိုလှောင်လက်စွပ်အား သူမထံ လွှဲပြောင်းလိုက်ပြီ ဖြစ်သောကြောင့် ရန်ဟွားမှာ ၎င်း၏အဓိကပစ်မှတ် ဖြစ်လာသည်။
သို့သော် ကတ်စီဒီနှင့် ရို့ကူတို့သည် ရှိသမျှ အင်အားနှင့် လုံရှန်အား အသေအကြေ တိုက်ခိုက်လိုက်ကြသည်။ မာလင်သည်လည်း ဝိဉာဉ်စစ်သည်တော်များနှင့်အတူ ပျံဝဲလာကာ တိုက်ပွဲထဲ ဝင်ပါလိုက်သည်။
ရွှေရောင်ဓားပုံရိပ်များသည် ကောင်းကင်နှင့်မြေပြင်အား ခုတ်ပိုင်းလိုက်ပြီး အကန့်အသတ်မဲ့ နှင်းမုန်တိုင်းများနှင့် သွေးနီရောင် စွမ်းအင်လှိုင်းများမှာ လေထုထဲသို့ စိမ့်ဝင်ပျံ့နှံ့ကုန်သည်။ ကျယ်လောင်လှသော ပေါက်ကွဲသံများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး တိုက်ပွဲ၏ တင်းမာမှု အခြေအနေမှာလည်း အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေလေပြီ။
ဆိုးရွားလှသော ဒဏ်ရာဒဏ်ချက်များကြောင့်သာ မဟုတ်ပါက ရန်ဟွားသည်လည်း တိုက်ပွဲထဲ ဝင်ပါနိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ရို့ကူ၏ စကားများကို အမှတ်ရနေသောကြောင့် ရင်နာနာနှင့်ပင် အဝေးသို့ ပျံသန်းသွားလိုက်သည်။ ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု ရောက်ရှိလာကာ သူမ၏လမ်းအား ပိတ်ဆို့ထားလိုက်သည်။ ထိုသည်မှာ ဗလတောင့်တောင့်၊ ကတုံးဆံထောက်ကေနှင့် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏သွေးနီရောင် မျက်ဝန်းများတွင် အန္တရာယ် အငွေ့အသက်များ ဖြာထွက်နေသည်။
"မြင့်မြတ်ခေါင်းဆောင်က မင်းတို့မသေရဘူးလို့ပဲ အမိန့်ပေးထားတာ။ မင်းတို့ ထွက်သွားလို့ရတယ်လို့ မပြောထားဘူး။"
ရန်ဟွား၏လမ်းအား ပိတ်ဆို့ထားသူမှာ သွေးမျိုးနွယ်စု၏ သြဇာအာဏာ ကြီးမားသူ တိုဘိယ ဖြစ်သည်။
ရန်ဟွား ခြေလှမ်းများ ယိုင်နဲ့သွားရသည်။ ထို့နောက် မလှမ်းမကမ်းတွင် ရှိနေသော အန်လင်းအား ကြည့်ရှုလိုက်မိသည်။
"နင်တို့ဘာလိုချင်လို့လဲ။"
ငွေရောင်ဆံနွယ်နှင့် နှင်းပျိုမဒီမှာ ရန်ဟွား၏ဘေးသို့ ရောက်ရှိလာပြီး တိုဘိယအား သတိအပြည့်ဖြင့် စူးစိုက်ကြည့်ရှုလိုက်သည်။
သူမသည် လုံရှန်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားသော စုကျင်းရှန်းပင်။
တိုဘိယက အထင်သေးနေဟန်ဖြင့် ရန်ဟွားနှင့် စုကျင်းရှန်းတို့ကို တစ်ချက်မျှ ကြည့်လိုက်သည်။
ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ရှိသောသူ့အတွက် သေတော့မလို ဖြစ်နေသော နှင်းပျိုမဒီ နှစ်ဦးမှာ နဖူးတစ်ချက် တောက်စရာပင် မရှိပေ။
"ငါတို့ဘာလိုချင်လဲ ဟုတ်လား။ အဲ့မေးခွန်းက မြင့်မြတ်ခေါင်းဆောင်ကို မေးသင့်တာပေါ့။"
တိုဘိယ ရယ်မောလိုက်သည်။
ထိုအချိန်တွင် အန်လင်းသည်လည်း ပျံသန်းလာနေလေပြီ။
စုကျင်းရှန်း၏ မေးခွန်းကြောင့် ရှောင်ဇယ် စိတ်လှုပ်ရှားသွားသည်။
"ငါတို့ဘာလိုချင်ရမှာလဲ။ မင်းတို့နှစ်ယောက်ကို ငါ့ဆရာအန်လင်းရဲ့ မောင်းမဆောင်ကြီးထဲ ထည့်ပစ်မှာလေ။"
နှင်းပျိုမဒီနှစ်ဦး တွန့်သွားကာ အန်လင်းအား ကြောက်လန့်တကြား ကြည့်ရှုလိုက်ကြသည်။
ထိုစကားကြောင့် အန်လင်းမှာ ရှောင်ဇယ်အား နဂါးတောက်တောက်စင်း လုပ်ပစ်လိုက်ချင်မိသည်။
ထို့နောက် ရှောင်ဇယ်သည် သနားစရာ နဂါးလေးဖြစ်သည်ဟု တွေးမိပြန်ကာ စကားဆိုလိုက်သည်။
"နောက်ဆို ဒီလိုစကားမျိုး မပြောရဘူး....နားလည်လား။ ငါ့နောက်ကွယ်မှာရော၊ ငါ့ရှေ့မှာရော အရေမရ အဖတ်မရ အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့။"
"ဆရာ့လို သြဇာအာဏာကြီးတဲ့ သခင်ကြီး တစ်ယောက်အနေနဲ့ လှလှပပ မိန်းကလေးတွကို မောင်းမဆောင်ထဲ သွတ်သွင်းသင့်တာပဲ မဟုတ်ဘူးလား။ ဒီနှင်းပျိုမဒီ နှစ်ယောက်ကိုကြည့်လေ.....သူတို့အလှက တကယ်ကို သြချလောက်စရာပဲ။ သူတို့ကို ဆရာ့ရဲ့ မောင်းမဆောင်ထဲ မထည့်ရင် နှမြောစရာတွေ ဖြစ်ကုန်မှာပေါ့။"
အန်လင်းအနေဖြင့် တစ်ခုတည်းသော အကြောင်းအရင်းကြောင့်သာ နှင်းပျိုမဒီများအား ကယ်တင်ပေးခြင်း ဖြစ်ရမည်ဟု ခံစားရသည်။
သူသည်လည်း ယောက်ျားတစ်ယောက် ဖြစ်သောကြောင့် ဆရာဖြစ်သူကို နားလည်နိုင်ပေသည်။
စုကျင်းရှန်း၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်လာရပြီးနောက် ဖြူဝင်းချောမွတ်သော အသားအရေများ မြင်ရသည်အထိ ဆုတ်ပြဲနေသော အင်္ကျီစအား တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
"သောက်ရေးမပါတာ။"
ရန်ဟွား အော်ဟစ်လိုက်သည်။
"အိမ်မက် မက်နေလိုက်။ သေရမယ်ဆိုရင်တောင် ငါ့ဆံပင်မွှေး တစ်မွှေးကိုမှ လာထိလို့ မရစေရဘူး။"
အန်လင်း ရှောင်ဇယ်နှင့် နှင်းပျိုမဒီ နှစ်ဦးအားကြည့်ကာ ခေါင်းကိုက်လာရသည်။ သူရှင်းပြမည့် အကြံအစည်ကိုလည်း လက်လျှော့လိုက်ရသည်။ ရှောင်ဇယ်၏ အကြံပေးချက်မှာ အဓိပ္ပါယ် မရှိပါသော်လည်း သူ၏ကိုယ်ပိုင်ရည်ရွယ်ချက်မှာလည်း နားလည်နိုင်စရာ မရှိပေ။
၎င်းတို့သည် ရန်ငြှိုးရန်စရှိသော ရန်သူတော်များ ဖြစ်နေစေကာမူ အန်လင်းသည် နှင်းပျိုမဒီများအား သနားစရာ ကောင်းသည်ဟု ထင်မြင်နေမိသည်။
သနားကရုဏာသက်သော ခံစားချက်ကိုသာ ရရှိနေသောကြောင့် နှင်းပျိုမဒီများအား ကယ်တင်ပေးလိုခဲ့သည်။
"ငါ့မှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ ဒီတိုင်း မင်းတို့ကို ကယ်ချင်ရုံပါပဲ။"
အန်လင်းသည် ကြင်နာနွေးထွေးသော မျက်ဝန်းများဖြင့် နှင်းပျိုမဒီ နှစ်ဦးအား ကြည့်ရှုလိုက်သည်။
ရန်ဟွားနှင့် စုကျင်းရှန်းတို့မှာ ထိုအကြည့်ကြောင့် ခေတ္တပင် မိန်းမောသွားရသည်။
"နင်ကငါတို့ကို ကယ်ချင်တာလား။"
စုကျင်းရှန်း ညင်သာစွာ မေးမြန်းလိုက်သည်။
"ဘာလို့လဲ။"
အန်လင်း နွေးထွေးတောက်ပစွာ ပြုံးလိုက်သည်။
"ငါလည်းမပြောနတတ်ဘူး။ ဒါပေမယ့် မင်းတို့ကို ဒီမှာမသေသွားစေချင်ဘူး။ မင်းတို့ သေသွားမှာကို မကြည့်ရက်ဘူးလေ။"
ငါတို့သေသွားမှာ မကြည့်ရက်ဘူးတဲ့.....
ရန်ဟွား အံ့အားသင့်ကာ အန်လင်းအား ငေးကြောင့်ကြည့်လိုက်သည်။
စုကျင်းရှန်း အတွေးစအချို့ ဖြတ်ပြေးသွားကာ သူမ၏ ပါးပြင်လေးများ ပန်းနုရောင် သမ်းသွားလေသည်။
ရှောင်ဇယ်သည်လည်း တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် မျက်ဝန်းများ လင်းလက်သွားသည်။
ဆရာကတော့ ဆရာပါပဲ.....
သူကြိတ်ပြီးချီးကျူးလိုက်သည်။ ဆရာ၏ ဖွန်ကြောင်ခြင်း စကေးများသည် သူမည်သို့မျှ လိုက်မမှီနိုင်လောက်အောင် နတ်ဘုရားအဆင့် ဖြစ်နေသည်။
လုံရှန်သည် သွေးမျိုးနွယ်စု ကျင့်ကြံသူ နှစ်ဦးနှင့် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းထားသော နှင်းပျိုမဒီတို့ကြောင့် ၎င်း၏တိုက်ခိုက်မှုများ တိုးမပေါက်နိုင် ဖြစ်နေသည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူများအား ရင်ဆိုင်ရန် ခက်ခဲလွန်းလှကြောင်း အချိန်ကြာလာသည်နှင့်အမျှ သိရှိလာရသည်။ သူသည် မာလင်အား ဓားဖြင့်နှစ်ပိုင်းဖြတ်လိုက်ပါသော်လည်း သွေးစက်များ စုဝေးကာ ပြန်လည်ဖြစ်တည်လာသည်။ ထိုသို့ခွကျသော သတ္တဝါအား မည်သို့သတ်ဖြတ်ရမည်နည်း။
"ငါဒါကို မှတ်ထားတယ်။ တစ်နေ့နေ့ကြရင် သေချာပေါက် လက်စားလာချေမယ်။"
လုံရှန် ရက်စက်သော အသံနှင့် ခြိမ်းခြောက်လိုက်သည်။ ၎င်းသည် အန်လင်းနှင့် နှင်းပျိုမဒီများကိုလည်း တစ်ချက်မျှ ခိုးကြည့်လိုက်ပြီးနောက် အဝေးသို့ ပျံသန်းထွက်ပြေးသွားတော့သည်။
တစ်ဦးချင်း ယှဉ်ပါက လုံရှန်သည် ဤနေရာတွင် ရှိနေသူများ အားလုံးထက် သာလွန်ပေသည်။ သို့သော် များပြားလှသော ရန်သူများကို ရင်ဆိုင်ရသောကြောင့် သူ့အနေဖြင့် အတော်လေး အခက်တွေ့ရသည်။ ထို့ကြောင့် ဒေါသထွက်နေပါသော်လည်း သွေးအဆီအနှစ် စွမ်းအင်များ မကုန်ခမ်းခင် ထွက်ပြေးရုံသာ ရှိသည်။
လုံရှန် ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ရို့ကူ၏ ခန္ဓာကိုယ်လေး တုန်လှုပ်လာရပြီးနောက် သည်းမခံနိုင်တော့ဟန်ဖြင့် ပါးစပ်အပြည့် သွေးတစ်လုတ်ကိုအန်ကာ မြေပြင်ပေါ် ဒူးထောက်လဲကျသွားသည်။
"နန်းဆောင်သခင်မ ရို့ကူ...."
ရန်ဟွားနှင့် စုကျင်းရှန်းတို့သည် ရို့ကူထံ ပျံဝဲကာ ကုသရေး မန္တာန်တစ်ခုအား ရွတ်ဆိုလိုက်သည်။
"နင်တို့ဘာလို့ ပြန်လာကြတာလဲ။ မြန်မြန်ထွက်ပြေးတော့။ မဟုတ်ရင် အန်လင်း အမဲလိုက်တာ ခံရလိမ့်မယ်။"
ရို့ကူ မျက်မှောင်ကျုံ့ကာ ငိုကြီးချက်မနှင့် နှင်းပျိုမဒီ နှစ်ဦးအား တွန်းထုတ်လိုက်သည်။
ရို့ကူ ငိုကြွေးသည်ကို မြင်လိုက်ရသောအခါ စုကျင်းရှန်း စိတ်မသက်မသာ ဖြစ်သွားရပြီး ရန်ဟွားမှာ ဆုံးဖြတ်ချက် တစ်ခုကို ပြတ်သားစွာ ချလိုက်သည်။ သူမသည် ရို့ကူလက်အား ဆုပ်ကိုင်ထားရင်း အန်လင်းကို ကြည့်ရှုလိုက်သည်။
"ပြောပါ။ နင်ဘာလိုချင်တာလဲ။"
ငါဘာလိုချင်တာလဲ.....
ထိုစကားကြောင့် အန်လင်း တွေဝေသွားသည်။
ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့သည် မတူညီသော နေရာများတွင်ရပ်ကာ နှင်းပျိုမဒီများ၏ လွတ်လမ်းကို ပိတ်ဆို့ထားကြသည်။
၎င်းတို့၏ စွမ်းအင်ကွာခြားမှုမှာ ထင်ရှားလွန်းလှသောကြောင့် နှင်းပျိုမဒီများ၏ ကံကြမ္မာသည် အန်လင်း လက်ခုပ်ထဲ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ အန်လင်း၏ အမိန့်စကား တစ်ခွန်းဖြင့် ဟင်းလင်းပြင်သို့အပြန် နှင်းပျိုမဒီ သုံးဦးမှာ ဘဝကူးသွားရနိုင်သည်။
နှင်းပျိုမဒီတွေကို ဒီတိုင်းပဲ လွှတ်ပေးလိုက်ရမှာလား....
ထိုသည်မှာ မေးသင့်သော အရာပင်။ သူ၏အသိစိတ်အရ ထိုသို့မလုပ်သင့်ဟု ခံစားနေရသည်။
မည်သို့ပင်ဆိုစေကာမူ နှင်းပျိုမဒီများကို သတ်ပစ်လိုက်ရန်အတွက်လည်း သနားကရုဏာစိတ်များ ကြားခံနေလေသည်။
နှင်းပျိုမဒီတွေက ဒီလောက်သနားစရာကောင်းတာ....ဘယ်လိုလုပ် သတ်ပစ်ရက်ပါ့မလဲ.....
အန်လင်း အလေးအနက် တွေးတောနေသည်ကို တွေ့လိုက်ရသောအခါ နှင်းပျိုမဒီ သုံးဦး သက်ပြင်းချလိုက်မိကြသည်။ အန်လင်း၏ အပြုအမူအား ကြည့်ရသည်မှာ သူမတို့အပေါ် အမှန်တကယ် ဂရုစိုက်ပုံ ရလေသည်။ အနည်းဆုံး သူမတို့အား သတ်ဖြတ်ပစ်မည့်ပုံ မပေါ်ပေ။
"ဒီလိုဆိုရင်ရော....မင်းတို့ရဲ့ သိုလှောင်လက်စွပ်တွေကို ငါ့ကိုပေးခဲ့လေ။ ပြီးရင် ထွက်သွားလို့ရပြီ။"
အချိန်ခဏကြာအောင် စဉ်းစားပြီးသည့်နောက် အန်လင်း ဆုံးဖြတ်လိုက်သည်။
သူသည် နှင်းပျိုမဒီများ၏ အသက်ကို မနှုတ်ပစ်နိုင်သောကြောင့် ပိုင်ဆိုင်မှုများ ယူဆောင်ထားလိုက်သည်မှာ မျှတသော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
"ဒါပဲလား....."
ရန်ဟွား တွေဝေစွာ မေးလိုက်သည်။
"ဟုတ်တယ်။ ဆရာ....ဒါပဲလား။ သူတို့ကို မောင်းမဆောင်ကြီးထဲ မထည့်တော့ဘူးလား။"
ရှောင်ဇယ်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ရို့ကူ မျက်ရည်များ ကျဆင်းလာပြန်သည်။
"ကောင်းပြီလေ။ နင်တောင်းဆိုတာကို ငါလက်ခံတယ်။ အန်လင်း.....နင့်စကားနင်တည်ဖို့ မျှော်လင့်ပါတယ်။"
ငွေကြေးဥစ္စာ ဆုံးရှုံးသွားလျှင် ပြန်လည်ရှာဖွေနိုင်ပေသည်။ သို့သော် အသက်အား ဆုံးရှုံးသွားပါက တည်ရှိမှုများအားလုံး အဆုံးသတ်သွားခြင်း ဖြစ်သည်။
နှင်းပျိုမဒီ သုံးဦးသည် တွေဝေမနေပဲ သိုလှောင်လက်စွပ်များကို အန်လင်းထံ ပေးအပ်လိုက်သည်။ အန်လင်း၏ အမိန့်ကြောင့် သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးသည်လည်း ဘေးသို့ဖယ်ပေးလိုက်ကြသည်။
ရန်ဟွားသည် စုကျင်းရှန်း၊ ရို့ကူတို့နှင့်အတူ ကြီးမားလှသော နှင်းကြာပန်းကြီးကို စီးနင်းကာ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။
စုကျင်းရှန်းသည် အန်လင်းအား ငေးမောကြည့်ရှုလိုက်သည်။ အန်လင်းသည်လည်း နောင်တမရှိသော မျက်ဝန်းများဖြင့် သူမတို့အား တည်ငြိမ်စွာ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
စုကျင်းရှန်း အကြည့်ကို ရုတ်သိမ်းကာ တစ်ဖက်သို့ ပြန်လှည့်လာလိုက်သည်။ ခံစားချက်များ လွှမ်းမိုးနေသောကြောင့် မဖော်ပြနိုင်သော ခံစားချက် ကြိုးမျှင်တစ်ခုသည်လည်း သူမ၏ နှလုံးသားထဲ နစ်မြုပ်သွားခဲ့လေသည်။
အချိန်တစ်ခုကြာမျှ ပျံသန်းလာပြီးနောက် အန်လင်းတို့သည် အမှန်တကယ် လိုက်ပါလာခြင်း မရှိကြောင်း သိလိုက်ရကာ နှင်းပျိုမဒီ သုံးဦးလည်း စိတ်သက်သာရာ ရသွားကြသည်။ ထို့နောက် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။
"သူ....သူတကယ် လွှတ်ပေးလိုက်တာပဲ။"
ရန်ဟွားမှာ မယုံကြည်နိုင် ဖြစ်နေသေးသည်။
"အင်း....ဟုတ်တယ်။ ရန်သူက ငါတို့ကို လွှတ်ပေးလိုက်တယ်။"
ရို့ကူ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
ထိုသည်ကိုတွေးကာ သူမ ထပ်မံငိုကြွေးပြန်သည်။
သူမသည် အန်လင်းနှင့် ပက်သတ်သော ဇာတ်လမ်းပေါင်းများစွာ ကြားခဲ့ရဖူးပြီး ယခုတစ်ကြိမ်သည် လူချင်းတွေ့ဆုံသော ပထမဆုံးအကြိမ် ဖြစ်သည်။ အန်လင်းသည် သူမအား ထိုမျှအံ့သြအောင် လုပ်ပြလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
"ဟမ့်.....သူ့ရဲ့ ဆုံးဖြတ်ချက်က ခံစားချက် လွှမ်းမိုးမှုတွေကြောင့် ဒီလိုဖြစ်နေတာပဲ"
ရန်ဟွားသည် သူမ၏ စိတ်အခြေအနေအား တည်ငြိမ်လာစေရန် ကရားရေလွှတ် ပေါက်ကွဲနေသည်။
"အဲ့ဒါတောင်မှ ငါတို့ ရတနာတွေအားလုံး သိမ်းသွားသေးတယ်လေ။ ဒင်းက ဓားပြလား။"
အခြားသော နှင်းပျိုမဒီ နှစ်ဦးမှာ တိတ်ဆိတ်နေသည်။ တစ်ဦးသည် သူမဘာသာ ငိုကြွေးနေပြီး ကျန်တစ်ဦးမှာ ကြယ်ရောင်စုံသော ကောင်းကင်ကိုသာ ငေးမောကြည့်ရှုနေလျက် ရှိသည်။
ခေတ္တမျှ ကြာမြင့်ပြီးနောက် စုကျင်းရှန်း မေးမြန်းလိုက်သည်။
"ငါတို့ဘယ်ဆက်သွားကြမှာလဲ။"
"အရင်ဆုံး အနားယူကြမယ်။ ပြီးရင်တော့ နယ်မြေအူတိုင် အပိုင်းအစတွေ ဆက်ရှာကြတာပေါ့။"
ရို့ကူသည် တာဝန်အား လက်လျှော့လိုက်ရန် လုံးဝတွေးမထားပေ။ သူမတို့အနေဖြင့် မည်သို့မှ ထပ်မံကျရှုံး၍ မဖြစ်တော့ပေ။
"ကြည့်လိုက်....ဟိုမှာ သလင်းကျောက်တောင်တန်းတစ်ခု ရှိတယ်။ အဲ့ကိုသွားပြီး အနားယူရအောင်။"
"ကောင်းပြီ။"