← Chapters

အခန်း (၃၄၁)

Vol. 35 Ch. 341

အခန်း (၃၄၁)

Vol. 35 Ch. 341

ခေါင်းတလားကို ရှင်းမိသားစုခြံထဲ သယ်လာခဲ့သည့်အခိုက်တွင် နောက်ထပ် ခြံတစ်ခုထဲတွင်တော့ အမျိုးသမီးများက ရေနွေးတည်ပြီး၍ မူးမေ့နေဆဲဖြစ်သည့် အကြီးဆုံးသမီးရှင်း၏ ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ပေးနေခဲ့ကြသည်။

အမျိုးသမီးတစ်ယောက်က အပြင်သို့ထွက်လာပြီး ခေါင်းခါ၍ ပြောလိုက်သည်။

“ရှင်တို့ မမြင်လို့.. အစ်မရှင်းရဲ့ကိုယ်ပေါ်က အသားနာတွေက လက်ချောင်းအရွယ်ထက်တောင် ကြီးတယ်.. ကျုပ်တို့ သန့်ရှင်းရေးလုပ်တော့ လက်ဆေးစင်တစ်ခုလုံး သွေးနဲ့ပြည့်သွားလိုက်တာများ... ဆိုးချက်ပဲ!”

“အို့.. သူမက မူးမေ့နေပြီး နာလို့တောင် ဘယ်လိုငိုရမလဲ မသိတော့ဘူး.. ကုတောက်ကျန့်ပြောတာကတော့ သူမရဲ့ဝိညာဉ်က တော်တော်များများ ပျောက်သွားပြီတဲ့.. သူမ နောင်တစ်ချိန် ပြန်ကောင်းပါ့မလားတောင် မသိဘူး”

“မဟုတ်ဘူးလေ.. သူတို့တွေ အခု အစ်မရှင်းရဲ့ ဝိညာဉ်ကို ပြန်ခေါ်နေပြီ”

ခြံထဲမှ ခေါင်းတလားကိုကြည့်ပြီး လားမူက သက်ပြင်းချလိုက်သည်။

“အန်တီရှင်း၊ ခင်ဗျား ဒီလိုလုပ်လိုက်တာက ပျိုးထောင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ သားအမိသံယောဇဉ်တွေကို ဖျက်ဆီးလိုက်တာပဲ”

မစ္စရှင်းက မလှုပ်မယှက်နှင့် နှာခေါင်းရှုံ့သည်။

“ကြွက်ဖမ်းဖို့ ခွေးကို သုံးလို့မှမရတာ.. ဒါက ငါတို့ရှင်းမိသားစုရဲ့သောက်ကြောင်းလေ.. အကြီးဆုံးသမီးကလည်း ငါ့ဗိုက်ကထွက်လာတဲ့ အသွေးအသားပဲ.. ငါ သူမကို ဘယ်လိုပဲလုပ်လုပ် နင်တို့အပြင်လူတွေ သောက်ပူပါလား”

ထို့နောက်တော့ ကုကျစ်စုန့်နှင့် အခြားသူများလည်း အိမ်ထဲမှ ထွက်လာကြသည်။

ဒေစီနှင့် ရှီဟိုင်ဟုန်က မစ္စရှင်းပြောသည်ကို ကြားလိုက်ရပြီး ချက်ချင်းဒေါသဖြစ်စွာ ပြောလိုက်သည်။

“ကိုယ်မွေးထားတဲ့ကလေးဆိုပြီး ရှင်ကြိုက်သလို လုပ်လို့ရတဲ့အရာမဟုတ်ဘူး.. ရှင်က ရည်ရွယ်ချက်ရှိရှိ လူသတ်နေတာပဲ၊ လူတွေကို တရားမဝင်ချုပ်နှောင်နေတာ!”

လားမူကမေးသည်။

“တောက်ကျန့်တို့.. ရှင်းမိသားစုရဲ့ သမီးက အခြေအနေ ဘယ်လိုရှိလဲ”

ကုကျစ်စုန့် သူမ၏ လက်ချောင်းများကို ဖြည်းညင်းစွာသုတ်ပြီး ပြောလိုက်သည်။

“ဝိညာဉ်နှစ်ခုနဲ့ စိတ်ဝိညာဉ်ငါးခု ပျောက်နေတော့ သူမကိုယ်ထဲမှာ ‘ယောင်ကျင်း’ဆိုတဲ့ဝိညာဉ်ပဲ ကျန်တယ်.. ပြီးတော့ စိတ်ဝိညာဉ်နှစ်ခုဖြစ်တဲ့ ‘ချောင်ဖေး’နဲ့ ‘ချွဲ့ယင်’တို့က သူမကို အသက်ဆွဲဆန့်ပေးနေတာ..

ကံကောင်းချင်တော့ ဒီသုံးခုက အရေးအကြီးဆုံးဝိညာဉ်နဲ့ အာရုံတွေပဲ.. မဟုတ်ရင် သူမ အခုသေနေလောက်ပြီ.. နတ်ဘုရားတွေတောင် ကယ်နိုင်မှာမဟုတ်ဘူး”

လူတို့တွင် ဝိညာဉ် ၃ ခုနှင့် စိတ်ဝိဥာဥ် ၇ ပါးရှိသည်။

ထိုအထဲတွင် ဝိညာဉ် ၃ ခုမှာ ‘ထိုက်ကွမ်း’၊ ‘ရွှမ်းလင်’နှင့် ‘ယောင်ကျင်း’တို့ဖြစ်၏။

‘ထိုက်ကွမ်း’ကို ကောင်းကင်ဆိုင်ရာဝိညာဉ်ဟုလည်း ခေါ်သည်

ယင်းက မိခင်ဖြစ်သူ၏ကိုယ်မှ အစပြု၏။ ထိုဝိညာဉ်က

လူသားကိုယ်အတွက် အသက်ရှင်သန်နိုင်ရေးကို အထောက်ပံ့ပြုသည်။

လူ့ခန္ဓာကိုယ်တွင် ထိုဝိညာဉ် ကြာရှည်ရှိခြင်းဖြင့် သူတို့၏အသက်ကို ဆွဲဆန့်နိုင်သည်။

‘ရွှမ်းလင်’ကတော့ ဖခင်ထံမှ အစပြုသည့် မြေကမ္ဘာဝိညာဉ်ဖြစ်သည်။

၎င်းက ကြွယ်ဝခြင်း၊ နည်းစနစ်နှင့် ထက်မြတ်သောဉာဏ်ရှိခြင်းတို့အတွက် အကျိုးပြုသည်။

‘ယောင်ကျင်း’ကိုတော့ လူသားဝိညာဉ်ဟုလည်း ခေါ်ဆိုသည်။ ဤဝိညာဉ်က လူ့ခန္ဓာကိုယ်၏ အဓိကဝိညာဉ်ဖြစ်ကာ ကျန်းမာရေး၊ လူ့လိုအင်ဆ‌န္ဒများနှင့် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများကို ထိန်းချုပ်သည်။

သေလွန်ပြီးသည့်နောက် လူသားဝိညာဉ်က ပြန်လည်ဝင်စားခြင်းဖြစ်စေ၊ သို့မဟုတ် လေလွင့်တစ္ဆေအဖြစ် ခြေဦးတည့်ရာသွားခြင်းဖြစ်စေ လုပ်နိုင်သည်။

အကြီးဆုံးသမီးရှင်း၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်သုံးခုအနက်မှ နှစ်ခုမှာ ဗလာဖြစ်နေသည်။ ‘ထိုက်ကွမ်း’နှင့် ‘ရွှမ်းလင်’တို့က ပျောက်ဆုံးနေသည်။

သို့သော် အရေးအပါဆုံးဖြစ်သည့် လူသားဝိညာဉ် ‘ယောင်ကျင်း’မှာ ကိုယ်ထဲ မျောလွင့်နေတုန်းပင်။ ဤသည်က သူမ၏ ခန္ဓာကိုယ်နှင့် ကံကြမ္မာကို အပြီးတိုင်ပြိုကွဲခြင်းမှ ကာကွယ်ပေးနေသည်။

ဤသည်ကပင်လျှင် ကံကောင်းမှုဖြစ်၏။

စိတ်ဝိညာဉ် ၇ ပါးအနက် ‘ချောင်းဖေးဖော့’က လည်မျိုအတွင်းရှိကာ အသက်ရှူမှုကို ထိန်းချုပ်သည်။

‘ချွဲ့ယင်ဖော့’က ဝမ်း‌ဗိုက်အောက်ပိုင်းတွင်ရှိပြီး ခန္ဓာကိုယ်၏ အခြေခံလုပ်ငန်းဆောင်တာများနှင့် ဇီဝကမ္မဖြစ်စဉ်တို့ကို ထိန်းချုပ်သည်။

ဤစိတ်ဝိညာဉ်နှစ်ခုက လူသားကိုယ်၏ အခြေခံလုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်ဖြစ်သည်။

နှစ်ထပ်ကွမ်းကံကောင်းမှုကြောင့် ရှင်းမိသားစု၏ အကြီးဆုံးသမီးတွင် ဝိညာဉ်တစ်ခုနှင့် စိတ်ဝိညာဉ်နှစ်ပါးသာကျန်ခဲ့ပြီး လူမဟုတ် သရဲမဟုတ်နှင့် လဝက်ကြာ မြေအောက်ခန်းထဲတွင် လှဲနေခဲ့ရသော်ငြား အသက်ရှင်နိုင်နေဆဲပင်။

သို့သော် သူမက အသက်ရှင်နေသည်ဟု ဆိုနိုင်ရုံသာ။

ကိုယ်ခံအား၊ အသိအမြင်နှင့် နိုးကြားမှု၊ မကောင်းသည့် ထွက်သက်နှင့် အညစ်အကြေးစွန့်ခြင်း၊ နာကျင်ခြင်းနှင့် အပူ၊ အတွေးနှင့် သတိတို့ကို အသီးသီးထိန်းချုပ်ပေးသော အခြား စိတ်ဝိညာဉ်ငါးပါးဖြစ်သည့် ‘ထွမ်ကျေ့’၊ ‘ရှီကော’၊ ‘ချူဟွေ့’၊ ‘ဖေးတု’နှင့် ‘ဖုရှီ’တို့လည်း ရှိသည်။ထိုအရာများက ခန္ဓာကိုယ်မှ ထွက်ခွာသွားကြသည့်အချိန်တွင် အကြီးဆုံးသမီးရှင်းက နာမကျန်းဖြစ်မှု၊ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်မှု၊ ရူးနှမ်းနှမ်းဖြစ်မှုနှင့် အခြားသော လက္ခဏာများ ခံစားခဲ့ရ၏။

အသိစိတ်မရှိသည့် ဇွန်ဘီတစ်ကောင်ကဲ့သို့ နေထိုင်ခြင်းမှာ သေခြင်းထက် များစွာ ကောင်းနေသည်တော့ မဟုတ်။

ခြံထဲမှ ခေါင်းတလားဆီသို့ လျှောက်သွားရင်း ကုကျစ်စုန့်က အထဲမှအရာကို ကြည့်ပြီး လက်နှစ်ချောင်းကိုသုံးကာ စက္ကူလူသား၏မျက်ခုံးကြားကို ဆွဲယူလိုက်သည်။

သူမက စက္ကူလူသားကို ခပ်ပြင်းပြင်းတို့လိုက်သည်မဟုတ်ချေ။

သို့သော်လည်း တစ်ဖက်မှ အခြားသူများက စက္ကူလူသားမှာ မမြင်ရသည့်အရာက ဆွဲလိုက်သကဲ့သို့ တွန့်သွားသည်ကို တွေ့လိုက်ရသည်။

ခဏမျှ ကြည့်ရှုနေပြီးနောက် ကုကျစ်စုန့်က ခပ်ဖွဖွခေါင်းငြိမ့်သည်။

“သတိကို ပြန်ထားလို့ရသေးတာကတော့ တကယ်ကိုကံကောင်းတာပဲ”

သာမန်လူသားများက မမြင်နိုင်သော်လည်း ရှီဟိုင်ဟုန်နှင့် အခြားလေးယောက်မှာ သူမလက်ချောင်းထိပ်များက မြူဝေပြီးထွင်းဖောက်မြင်နိုင်သည့် လူသားပုံစံအရာတစ်ခုကို မြင်နေရသည်။

ယင်းက ပြန့်ကျဲနေသော ဝိညာဉ်နှင့် စိတ်ဝိညာဉ်များဖြစ်ပြီး အတူတကွသိပ်သည်းနေကာ အသွင်အပြင်က အခန်းထဲတွင် ရီဝေဝေဖြစ်နေသည့် အကြီးဆုံးသမီးရှင်း၏ပုံသဏ္ဌာန်ပင်။

အစားထိုးစက္ကူလူသားထဲတွင် ပိတ်မိနေခဲ့သည့် အကြီးဆုံးသမီးရှင်း၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ်များဖြစ်ပါ၏။

ဝိညာဉ်အပြင် ‘ရွှမ်းလင်’၊ ‘ထွမ်ကျေ့’၊ ‘ချူဟွေ့’နှင့် ‘ဖုရှီ’တို့လို စိတ်ဝိညာဉ်များလည်း ရှိနေသည်။

ပြန့်ကျဲနေသည့် ဝိညာဉ်နှင့် စိတ်ဝိညာဉ်များ ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားပြီးနောက် အကြီးဆုံးသမီး၏ သတိမှာ ပြန်လည်မလာသေးသည့်တိုင် တချို့သော ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများမှာ ပြန်ကောင်းလာသည်။

သို့သော် သူမ၏ နေ့စဉ်အခြေခံဘဝတွင်တော့ သက်ရောက်မှု ကြီးကြီးမားမားရှိမည်မဟုတ်ချေ။

သို့သော် သူမက ပြန်ရှာရန်ခက်ခဲသည့် ကောင်းကင်ဝိညာဉ် ‘ထိုက်ကွမ်း’အပြင် ‘ရှီကော’နှင့် ‘ဖေးတု’ စိတ်ဝိညာဉ်တို့ကို ဆုံးရှုံးနေဆဲဖြစ်သည်။

ထိုဝိညာဉ်များက ရှင်းလော့အာနှင့် မှားပြီး အငြိုးကြီးသည့် ရှင်းမိသားစုချွေးမထံတွင် ဆုတ်ဖြဲခြင်းကို ခံထားရခြင်းဖြစ်သည်။

သူမက သူမ၏မောင်လေးဖြစ်သည့်ရှင်းလော့အာကို ဘေးရန်မှ ကာကွယ်ပေးခဲ့သည့်အတွက် ထိုဝိညာဉ်များမှာ ဘယ်သောအခါမှ ပြန်လည်စုစည်းနိုင်တော့မည်မဟုတ်ချေ။

ဤဝိညာဉ်များကို ဆုံးရှုံးမှုကြောင့် အမျိုးမျိုးသော

နောက်ဆက်တွဲ ဆိုးကျိုးများမှာ ရှင်းမိသားစုအကြီးဆုံးသမီး၏ အသက်အတွက် ပြဿနာဖြစ်စေမည်ဖြစ်ပြီး ဘဝတွင် အမျိုးမျိုးသော အဆင်မပြေမှုများကို ဖြစ်စေလိမ့်မည်။

ကုကျစ်စုန့်က တွေဝေနေသောဝိညာဉ်နဲ့ စိတ်ဝိညာဉ်သုံးပါးကို ဦးဆောင်ကာ ရှင်းမိသားစု အကြီးဆုံးသမီး၏ ခန္ဓာကိုယ်ထဲ ရွှေ့ပြောင်းပေးကာ ပြောလိုက်သည်။

“မိနစ်နည်းနည်းလောက် စောင့်ရဦးမယ်၊ ဝိညာဉ်နဲ့ စိတ်ဝိညာဉ်တွေ ပြန်ပေါင်းစပ်သွားပြီးရင်တော့ သူမ နိုးလာမှာပါ”

လားမူက ထပ်ကာထပ်ကာခေါင်းငြိမ့်သည်။ တစ်နေ့လုံး ပြေးလွှားလူးလှိမ့်နေရပြီးနောက် ယခုတွင်တော့ သူ ကုကျစ်စုန့်ကို သံသယမဝင်ရဲတော့ပါချေ။

“ဒါဆို ကျုပ်တို့တွေ ရှင်းမိသားစုချွေးမကို စိတ်ပြေစေဖို့ ဘာလုပ်ရဦးမလဲ”

ရွာသားများကလည်း ပြောလာကြသည်။

“ဟုတ်တယ်၊ တောက်ကျန့်.. ကျုပ်တို့မှားမှန်းသိပါပြီ အဲဒီတုန်းက သွားပုပ်လေလွင့် မပြောခဲ့သင့်ဘူး.. ကျေးဇူးပြုပြီး ရှင်းမိသားစုချွေးမကို ကျုပ်တို့အပေါ် သနားပေးဖို့ ‌လုပ်ပေးပါ”

ကုကျစ်စုန့်က အနိမ့်အမြင့် မရှိသောလေသံဖြင့် ပြောလာသည်။

“ရှင်းမိသားစုချွေးမရဲ့ မမျှတခံရမှုက ပေါ်ထွက်လာပြီပဲ.. ရှင်တို့နှလုံးသားထဲမှာ ဘယ်ဟာမှားတယ်၊ မှန်တယ်ဆိုတာကို သိနိုင်စွမ်းကအတိုင်းအတာတစ်ခုတော့ ရှိအုံးမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်”

“ရှင်တို့က သူမ အလောင်းကို ဖျက်ဆီးခွဲစိတ်ခဲ့တယ်.. အခု ရှင်တို့တွေ ချက်ချင်းပဲ ရွာထဲမှာ အကောင်းဆုံးဖုန်းရွှေတည်နေရာကို ရှာဖို့လိုနေပြီ

ခေါင်းတလားထူထူတစ်လုံး လုပ်ပြီး အဝတ်ပတ်စတွေ၊ အမွှေးတိုင်၊ ဖယောင်းတိုင်တွေနဲ့ စက္ကူငွေတွေကို သူမအတွက် ဈာပနအသစ်တစ်ခုလုပ်ပေးရမယ်”

“အိမ်တိုင်းက အလံဖြူတွေ ထူထားပြီး နာရေးအတောအတွင်းမှာ ရွာသားတွေက တောင်းပန်မှုကို ဖော်ပြဖို့ စက္ကူငွေတွေကို ကျဲရမယ်၊

ဒါမှ သူမက ရှင်တို့ရဲ့စိတ်ရင်းကို ခံစားနိုင်မှာ.. ပြီးရင် သူမရဲ့နှလုံးသားထဲက နာကျည်းမှုတွေကလည်း ပြေလျော့သွားမှာပဲ”

လားမူက ခေါင်းငြိမ့်ပြီး ပြောသည်။

“ခေါင်းတလားနဲ့ နာရေးအတွက် အထူးလုပ်ပေးတဲ့ တောက်ကျန့်တစ်ယောက်ကို ကျုပ်သိတယ်.. လိုတာအကုန်ချရေးထားပြီး မနက်ဖြန်မနက် လုပ်လိုက်ပါ့မယ်!”

“ကျုပ်တို့မျက်နှာပေါ်က အနာတွေကရော ဒီလိုနာရေးလုပ်လိုက်ရင် ပျောက်သွားမှာလား”

ကုကျစ်စုန့်က ပြောသည်။

“အနာ ထပ်ပွားတာကတော့ ပျောက်သွားလိမ့်မာ်.. ကုသဖို့မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အနာနေရာက မကြီးလွန်းဘဲ ပဲ့နေတဲ့နှုန်းက အရမ်းမနက်သရွေ့ လဝက်လောက် ဒါမှမဟုတ် တစ်လလောက် ဆေးလိမ်းရုံနဲ့ ကုလို့ရတယ်””ဒါပေမဲ့ ရှင်တို့ကို သတိပေးချင်တာ တစ်ခုရှိတယ်.. လူမျက်နှာအနာတွေ ပျောက်သွားရင်တောင် ရှင်တို့ကိုယ်ထဲမှာ ‘ရောဂါအရင်းအမြစ်’ရှိနေမှာပဲ.. ဆိုတော့ ရှင်တို့က ပုံမှန်လူတွေထက် ကံရဲ့အကျိုးကို အလွယ်တကူကူးစက်ခံရနိုင်တယ်”

“အနာဂတ်မှာ ရှင်တို့တွေ စကားပြောတာ၊ ဆွေးနွေးတာတွေကို ပိုပြီးသတိထားရမယ်.. မသေချာတဲ့အရာတွေအကြောင်း အများကြီး ‌မပြောကြပါနဲ့

ပြီးတော့ ကောလဟာလတွေကိုလည်း ဘယ်တော့မှမဖန်တီးဘဲ လျှောက်ပြီးလဲ မလွှင့်ကြနဲ့.. မဟုတ်ရင် ရှင်တို့ ‘ဝစီကံ’ ဆက်သင့်နေအုံးမှာပဲ”

ဤခံစားရမှုများမှာ ‘ဝစီကံ’၏အကျိုးပင်ဖြစ်ပြီး ဤရွာသားများကို တစ်ခဏလောက်တော့ ဒုက္ခပေးလိမ့်အုံးမည်ဖြစ်၏။

All Chapters