ဝိဥာဥ်များကိုပို့ဆောင်ခြင်း (3)
Vol. 35 Ch. 349
မစ်စ်ရှု့နေထိုင်ရာမြို့တွင် အသုဘအခမ်းအနား ကြီးကျယ်ခမ်းနားမှုရှိ၊ မရှိသည်က သေဆုံးသူ မြေအောက်ကမ္ဘာတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ခြင်းရှိ၊ မရှိနှင့် သက်ဆိုင်နေသော အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်။
အသုဘအခမ်းအနား ပို၍ ကြီးကျယ်ပြည့်စုံလေလေ၊ မိသားစုက တာဝန်ကျေလေဟု ယူဆလိမ့်မည်။ သေဆုံးသူသည်လည်း မြေအောက်ကမ္ဘာတွင် ပို၍ ပြည့်ပြည့်စုံစုံနေထိုင်ရမည်ဟု ယုံကြည်ကြသည်။
ထိုဓလေ့ကြောင့်ပင် ဖခင်ဖြစ်သူ ကွယ်လွန်ပြီးချိန်၌ မစ်စ်ရှု့က ဒေသခံအသုဘအခမ်းအနား စီစဉ်သည့်အဖွဲ့ထံသို့ သွားရောက်၍ ဖခင်ဖြစ်သူအတွက် အသုဘစီစဉ်ပေးခဲ့သည်။
အသုဘအခမ်းအနားတွင် လူခြောက်ဦး အခေါင်းထမ်းရသည်။
ဂီတပညာရှင်လေးဦးသည် ’ဆွာန’ တူရိယာအား တီးမှုတ်နေခဲ့ပြီး လူအများသည် စက္ကူဖြင့် ပြုလုပ်ထားသော ပစ္စည်းများ (ဖန်ရှန်း) အား ကိုင်ဆိုင်ထားခဲ့သည်။
တချို့သည်က မြှုပ်နှံရာတွင် အသုံးပြုသည့်ပစ္စည်းများ (မင်ချီ)တို့အား သယ်ဆောင်လာကြပြီး တချို့ကတော့ အခေါင်းတလားရှေ့တွင် ထားမည့် ပူဇော်ပသရန် အစားအသောက်များ သယ်ဆောင်လာခဲ့ကြသည်။
လူဦးရေ ၂၀ကျော်ကိုလည်း ဖိတ်ကြားထားခဲ့သည်။
ကြီးကျယ်ခမ်းနားသည့် အသုဘအခမ်းအနားတစ်ခုဖြစ်သော်ငြား မစ်စ်ရှု့၏စိတ်ထဲတွင် စနိုးစနောင့်ဖြစ်နေသည့် အချက်တစ်ချက် ရှိနေသေးသည်။
ရိုးရာဓလေ့ အသုဘအခမ်းအနားတွင် အကြီးဆုံးသားဖြစ်သူက သေဆုံးသူ၏ ဓာတ်ပုံအား ကိုင်ဆောင်၍ အခမ်းအနား၏ ရှေ့ဆုံးတွင် လမ်းလျှောက်ရမည်ဖြစ်သည်။
မြေးအကြီးဆုံးက ‘ဝိဉာဉ်ခေါ်ဆောင်သည့်အလံ’အား ကိုင်ဆောင်၍ အကြီးဆုံးသား၏ ဘေးမှ လိုက်ပါရမည်။
ဝိဉာဉ်ခေါ်ဆောင်သည့်အလံမှာ မြေအောက်ကမ္ဘာသို့ ဝင်ရောက်တော့မည်ဖြစ်သော သေဆုံးသူ၏ ဝိဉာဉ်အား ငရဲဂိတ်တံခါးဝအထိ ဖြောင့်ဖြောင့်တန်းတန်း ရောက်ရှိအောင် ကူညီပေးပြီး လမ်းတွင် မကောင်းသော ဝိဉာဉ်များ၏ တိုက်ခိုက်မခံရစေရန် ကာကွယ်ပေးနိုင်သည်ဟု ဆိုကြသည်။
ထိုဓလေ့သည်က လွန်ခဲ့သော နှစ်ထောင်ချီမှ ဆင်းသက်ကျင့်သုံးလာကြသည့် ဓလေ့တစ်ခုလည်း ဖြစ်ပေသည်။
နယ်မြို့တွင် သက်ကြီးရွယ်အိုတစ်ဦး သေဆုံးချိန်တိုင်းတွင် ဆွေမျိုးသားချင်းများက သေဆုံးသူ၏ ဓာတ်ပုံအား ကိုင်ဆောင်ကာ ပူဆွေးခြင်းအဝတ်များ ဝတ်ဆင်၍ ငိုကြွေးကာ ငွေစက္ကူများ ကြဲဖြန့်တတ်ကြသည်။
ထိုဝိဉာဉ်ခေါ်ဆောင်သည့် အလံကြောင့်ပင် မစ်စ်ရှု့ခေါင်းခဲနေခဲ့ရခြင်းဖြစ်ပေသည်။
သူမသည်က မစ်စတာရှု့၏ တစ်ဦးတည်းသော မျိုးဆက်ဖြစ်နေသောကြောင့်ပင်။
သူတို့နေထိုင်ရာ မြို့ငယ်လေးတွင် သားများကို ပို၍ တန်ဖိုးထားကြပြီး သားယောင်္ကျားလေး မွေးဖွားထားသူများသာလျှင် အဆင့်ရှိသည်ဟု ယူဆတတ်သည်။
မူလဓလေ့အရ ဓာတ်ပုံအား ကိုင်ဆောင်ခြင်းနှင့် ဝိဉာဉ်ခေါ်ဆောင်သည့်အလံအား လွှင့်ထူခြင်းတို့သည် သားအကြီးဆုံးနှင့် မြေးအကြီးဆုံးတို့ကသာ လုပ်ဆောင်ရသည်။
နှစ်ဦးလုံးသည် အမျိုးသမီးများ ဖြစ်နေပါက သေဆုံးသူ၏ အခမ်းအနားသည် မည်မျှပင် ခမ်းနားပါစေ၊ နောက်ကွယ်တွင် လက်ညိုးထိုး၍ သေဆုံးသူသည် သားမရှိသောကြောင့် ‘ကံဆိုးသည်’ဟု အတင်းအဖျင်းပြောကြမည့် လူအိုများ ရှိနေမည်ဖြစ်သည်။
မစ်စ်ရှု့အနေဖြင့် သမီးအကြီးဆုံးဖြစ်နေသောကြောင့် ဖခင်ဖြစ်သူ၏ ဓာတ်ပုံအား ကိုင်ဆောင်ခွင့်ရှိသည်။
သို့သော် သူမတွင် သားသမီးမရှိသောကြောင့် ဖခင်ဖြစ်သူ၏ အသုဘအခမ်းအနားတွင် ဝိဉာဉ်ခေါ်ဆောင်သည့် အလံအား ကိုင်ဆောင်ပေးမည့် မြေးတစ်ဦးမျှပင် မရှိဖြစ်နေခဲ့လေသည်။
အသုဘအခမ်းအနား စီစဉ်နေချိန်မှာပင် ဘေးအိမ်နီးချင်းအချို့၏ တီးတိုးပြောဆိုနေသံများကို ကြားနေခဲ့ရသည်။
‘အဘိုးကြီးရှု့က အသက်ရှည်ရှည်တော့ နေရပါတယ်.. ဒါပေမယ့် အသုဘအခမ်းအနားမှာ လုပ်ပေးမယ့် သားရော၊ မြေးယောင်္ကျားလေးရော တစ်ယောက်မှတောင် မရှိရှာဘူး’
အဘိုးရှု့သည်က သနားစရာကောင်းသည်ဟုလည်း ပြောတတ်ကြသေးသည်။
မစ်စ်ရှု့သည်က ဤရှေးရိုးဆန်ကာ ခေတ်နောက်ကျနေသည့် အတွေးအခေါ်များနှင့် လူအိုကြီးများ၏ စကားကို အတည်မယူသင့်ကြောင်း ကောင်းကောင်းနားလည်ထားသည်။
သို့သော် ဖခင်ဖြစ်သူအား ‘ကံမကောင်းသူ’ ‘သနားစရာကောင်းသူ’အဖြစ် အမည်တပ်ခံရခြင်းအပေါ် အလွန်ပင် စိတ်မကောင်းဖြစ်ခဲ့ရသည်။
ထို့အပြင် ဖခင်ဖြစ်သူသည်က ငယ်ရွယ်စဉ်က ဒေါသကြီး၊တဇောက်ကန်း လုပ်တတ်သူဖြစ်ကာ သမီးဖြစ်သူအတွက်နှင့်လည်း ဆွေမျိုးများဖြင့် အဆင်မပြေခဲ့ပေ။
ထိုအချိန်က အသုဘအခမ်းအနားသို့ လာရောက်သည့် ဆွေမျိုးများတွင်လည်း ‘အတင်းအဖျင်း’ပြောကြမည့် သူများသာ ဖြစ်ကြောင်း သူမ ကောင်းကောင်းနားလည်ထားခဲ့သည်။
အချိန်ယူ၍ စဉ်းစားပြီးနောက် သူမက နယ်ခံများထဲမှ အကျင့်စရိုက်ကောင်းသည့် လူငယ်လေးတစ်ဦးအား အကူအညီတောင်း၍ ဖခင်ဖြစ်သူအတွင် ‘ဝိဉာဉ်လိုက်ပို့ပေးသည့် လူ’အဖြစ် လိုက်ပါပေးရန် ဆုံးဖြတ်လိုက်သည်။
ထိုစကားတို့ကို ကြားရပြီးနောက် တစ်ခါမျှပင် ဤဓလေ့အား မကြားဖူးသည့် တင်ဆက်သူလျှို့က မေးခွန်းထုတ်မိသည်။
“ဝိဉာဉ်လိုက်ပို့ရတဲ့ လူဆိုတာက ဘယ်လိုမျိုးလဲ?”
“အဲဒါက ဘာနဲ့တူလဲဆိုတော့ သေဆုံးသူအတွက် မြေးအတုရှာတဲ့ သဘောမျိုးပါပဲ.. ဒီအသုဘအခမ်းအနားအဖွဲ့မှာ အလံကိုင်ပေးပြီး သေဆုံးသူကို လမ်းပြပေးရမှာလေ”“ဒါကလည်း ဒီနယ်က ဓလေ့တစ်ခုပါပဲ.. သေဆုံးသူမှာ ယောင်္ကျားလေး မျိုးဆက်မရှိဘူးဆိုရင် မိသားစုတွေက သူ့အတွက် ‘ဝိဉာဉ်လိုက်ပို့ပေးတဲ့လူ’ ငှားပေးလို့ ရတယ်”
သူမ၏စကားအရ လူတိုင်းသည် ‘ဝိဉာဉ်လိုက်ပို့ပေးသည့်လူ’ မဖြစ်နိုင်ချေ။ ငှားရမ်းပြီးချိန်တွင်လည်း အလံအား ချက်ချင်းကိုင်ဆောင်၍ မရ။
ပထမဆုံးအနေဖြင့် ‘ဝိဉာဉ်လိုက်ပို့ပေးသည့်သူ’သည် ယောင်္ကျားလေးဖြစ်ရမည်။ ထို့မှသာလျှင် သူ၏ သန့်စင်သော ယန်စွမ်းအင်သည် အခေါင်းတလားအတွင်းမှ အလောင်းနှင့် မရောယှက်မည်ဖြစ်သည်။
ဒုတိယအနေဖြင့် သူ၏ မွေးနေ့နှင့် ဇာတာ၈လုံးတို့သည်လည်း သေဆုံးသူ၏ ဇာတာရှစ်လုံးဖြင့် ကိုက်ညီနေရမည်။ ဇာတာခွင်သည် အတိုက်အခံဖြစ်နေ၍ မရ။
နောက်ဆုံးအနေဖြင့် ‘ဝိဉာဉ်လိုက်ပို့ပေးသည့်သူ’အား ရွေးချယ်ပြီးချိန်တွင် သူသည်က အခမ်းအနားအား လုပ်ဆောင်မည့် ပညာရှင်၏ အကူအညီဖြင့် သေဆုံးသူနှင့် ဆက်သွယ်ချက်ရှိစေရန် လမ်းဖွင့်ပေးရမည်ဖြစ်သည်။
ထိုမှသာလျှင် သေဆုံးသူက မြေအောက်ကမ္ဘာသို့ သွားရောက်ချိန်တွင် လမ်းပြမည့် အလံအား မြင်ရမည်ဖြစ်သည်။
ထိုသို့ ရွေးချယ်၍ ပူဇော်ပွဲကျင်းပပြီးချိန်တွင် ‘ဝိဉာဉ်လိုက်ပို့ပေးသည့်သူ’က သေဆုံးသူ၏ မြေးတစ်ဦးအဖြစ် ညီမျှသွားမည်ဖြစ်သည်။
နောင်အနာဂတ်တွင် သေဆုံးသူက သူ့အား မြေအောက်ကမ္ဘာမှ ကောင်းချီးပေးမည်ဖြစ်သည်။
အားလပ်ရက်၊ အခါကြီးရက်ကြီးများတွင် ‘မြေး’ဖြစ်သူသည် သေဆုံးသူအတွက် စက္ကူမီးရှို့ပေးပါက တာဝန်ကျေ၊သိတတ်သော မြေးအဖြစ် သတ်မှတ်ခံရလိမ့်မည်။
ဆွေမျိုးသားချင်းများ၏ အတင်းအဖျင်းစကားများအား မလိုလားသောကြောင့် မစ်စ်ရှု့က အသုဘအခမ်းအနားအား ကူညီပေးသည့် ပညာရှင်ကို အကူအညီတောင်း၍ ‘ဝိဉာဉ်လိုက်ပို့ပေးသည့်သူ’ရှာဖွေနေသော သတင်းကိုလွှင့်ခဲ့သည်။
မကြာမှီမှာပင် သူမတံခါးဝသို့ ရွေးချယ်ခံရန် လူများရောက်လာခဲ့ကြသည်။
နောက်ဆုံးတွင်တော့ မစ်စ်ရှု့က ရင်းနှီးသော သူငယ်ချင်းတစ်ဦး၏ သားဖြစ်သူအား ‘ဝိဉာဉ်လိုက်ပို့ပေးမည့်သူ’အဖြစ် ရွေးချယ်လိုက်သည်။
“ပြောရရင် သူတို့မိသားစုက ကျွန်မနဲ့ ရင်းနှီးတာတော့ မဟုတ်ဘူး.. ဒါပေမယ့် သူတို့အဘိုးအဘွားတွေက အဖေနဲ့ သူငယ်ချင်းအရင်းတွေလေ
အဖေနဲ့အတူတူ စစ်မှုထမ်းခဲ့ပြီး အတူတူတိုက်ခဲ့တဲ့ လူတွေပေါ့”
“ဒါပေမဲ့ အဲ့မိသားစုရဲ့ အဘိုးက စစ်တပ်ထဲမှာတည်းက ဖုံးကွယ်ထားတဲ့ ရောဂါရှိပြီး ငယ်ငယ်နဲ့ ဆုံးသွားတာလေ..
နောက်ပိုင်းတော့ အခါကြီးရက်ကြီး လက်ဆောင်လဲတဲ့ အချိန်လောက်က လွဲလို့ ကျန်တဲ့အချိန်တွေဆိုရင် စကားမပြောဖြစ်ကြတော့ပါဘူး”
ထို့ကြောင့် ထိုမိသားစု၏ သားဖြစ်သူမှ ဖခင်အတွက် ဝိဉာဉ်ခေါ်ဆောင်မည့်အလံအား ကိုင်ဆောင်ပေးမည်ဟု သိလိုက်ရချိန်တွင် မစ်စ်ရှု့ အတိုင်းအဆမရှိ ဝမ်းသာသွားခဲ့ရခြင်းပင်။
ထိုကောင်လေးမှာ လွန်ခဲ့သည့် နှစ်လခန့်မှ ကောလိပ်ကျောင်းဆင်းလာခြင်းဖြစ်ကာ လူမှုဝန်ထမ်းစာမေးပွဲဖြေရန်အတွက် အိမ်သို့ ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
ဖခင်ရှု့က ကွယ်လွန်သွားပြီဖြစ်ကာ ‘ဝိဉာဉ်လိုက်ပို့ပေးသည့်လူ’ရှာနေကြောင်း ကြားလိုက်ရချိန်တွင် ယခင်က ရင်းနှီးမှုများကြောင့် သားဖြစ်သူကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
သူတို့အချင်းချင်း ရင်းနှီးကြသူများ ဖြစ်သော်လည်း မစ်စ်ရှု့က စည်းမျဉ်းအတိုင်း ထိုကောင်လေးအား ကူညီပေးသည့်အတွက် အခကြေးငွေ ယန် ၂သောင်းခွဲ ပေးခဲ့သည်။
ဖုန်းရွှေပညာရှင်မှ ပူဇော်ပွဲကျင်းပ၍ အသုဘအခမ်းအနားကျင်းပရန် စီစဉ်နေချိန်ထိ အရာအားလုံး အဆင်ပြေချောမွေ့နေခဲ့သည်။
အခေါင်းတလားမြှုပ်နှံမည့်နေ့တွင် အသုဘအခမ်းအနားအဖွဲ့မှ တူရိယာများတီးမှုတ်လာခဲ့ပြီးနောက် အားကောင်းမောင်းသန် ယောင်္ကျားကြီး ခြောက်ယောက်သည်လည်း အခေါင်းတလားအား ပေါ့ပေါ့ပါးပါးပင် သယ်ဆောင်၍ သင်္ချိုင်းကုန်းသို့ လျှောက်လာခဲ့ကြသည်။
မစ်စ်ရှု့တစ်ယောက် အသုဘအခမ်းအနားရှေ့တွင် ဖခင်ဖြစ်သူ၏ ဓာတ်ပုံကို ကိုင်ဆောင်ကာ လမ်းလျှောက်လာသည့် ငိုကြွေးမိသည်
သူမ၏နောက်မှ လိုက်ပါလာသည့် ဆွေမျိုးများ၊ သူငယ်ချင်းများ၏ ငိုသံအား ကြားရပြီးနောက် ကမ္ဘာကြီးတွင် သူမ၏ တစ်ဦးတည်းသော ဆွေမျိုးအား ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကြောင့် ရင်ထဲတွင် ဆို့မတတ်ခံစားနေခဲ့ရသည်။
ထိုအခိုက်တွင် အသုဘအခမ်းအနားအဖွဲ့ထံမှ အော်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ငိုကြွေးပူဆွေးနေခဲ့သော မစ်စ်ရှု့လည်း အော်သံကို ကြားလိုက်ရပြီးနောက် ဓာတ်ပုံကို ကိုင်ထားရင်းပင် လှည့်ကြည့်လိုက်ချိန်တွင် အလွန်အမင်း အံ့အားသင့်သွားခဲ့ရသည်။
အခေါင်းတလားအား သယ်ဆောင်လာသူတစ်ဦးင မြေပေါ်တွင် ခလုတ်တိုက်လဲ၍ ခြေချော်သွားခဲ့ခြင်းပင်။
လဲကျချိန်တွင် လက်မှကိုင်ဆောင်ထားသော အခေါင်းတလားလည်း လက်လွတ်၍ အခေါင်း၏ အရှေ့ပိုင်းသည်က မြေပေါ်သို့ ထိုးကျသွားခဲ့သည်။
ထိုအရာမျိုးမှာ အသုဘအခမ်းအနားတွင် မဖြစ်သင့်သော နိမိတ်ဆိုးတစ်ခုပင်!
ရှေးဆိုရိုးစကားအတိုင်း ‘အခေါင်းတလားသည် မြေမထိရ’။
အသုဘတွင် အခေါင်းတလား မြေထိခဲ့ပါက သေဆုံးသူမှ မြှုပ်နှံမခံလိုသော အဓိပ္ပာယ်ပင်ဖြစ်သည်။
နှလုံးသားအတွင်း ကျန်ရစ်နေသော အစိုင်အခဲကြောင့်ဖြစ်စေ၊ အငြိုးတရားတစ်ခုကြောင့်ပင် ဖြစ်စေ ဤအရာသည်က ကောင်းသည့်အရာမဟုတ်ပေ။အသုဘအခမ်းအနားကျင်းပနေသော ဖုန်းရွှေပညာရှင်လည်း မျက်စိမျက်နှာပျက်၍ အခေါင်းတလား သယ်ဆောင်လာသူအား နမော်နမဲ့နိုင်သောကြောင့် ဆူပူခဲ့သည်။