မွေးစားသမီး(1)
Vol. 36 Ch. 351
အိမ်ပိုင်ရှင်က သေဆုံးပြီး၍ သင်္ချိုင်းဂူထဲသို့ မြှုပ်နှံပြီးဖြစ်သည်။
မသေဆုံးခင်က ရှိခဲ့သော မြေပိုင်ဆိုင်မှုသည်လည်း မစ်စတာရှု့၏ အမည်ပေါက်နေဆဲပင်။
ဤနေအိမ်သည်က ယန်ကမ္ဘာမှ နေအိမ်ဖြစ်သော်လည်း ယင်နေအိမ် (သင်္ချိုင်း) ဖြင့် ဆက်နွှယ်နေခြင်းပင်။
သေဆုံးသူက သာမန်အတိုင်းသေဆုံး၍ သူ၏ ဝိဉာဉ်သည် မြေအောက်ကမ္ဘာသို့ ရောက်ရှိသွားခဲ့ပါက သင်္ချိုင်းဂူတွင်းမှ အလောင်းသည်လည်း တည်ငြိမ်နေမည်ဖြစ်သည်။
သို့သော် သေဆုံးသူသာ ငြိမ်းချမ်းမှုမရှိပါက ယင်နေအိမ်ဖြစ်သည့် သင်္ချိုင်းဂူမှ အပုတ်နံ့က ပိုင်ရှင်၏ အခြားနေအိမ်ဖြစ်သော ‘ယန်နေအိမ်’ထံသို့ စီးဝင်လာပေလိမ့်မည်။
ဤကဲ့သို့ အခန်းထဲတွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်းသည်က သင်္ချိုင်းဂူထဲတွင် တစ်ဝက်နေထိုင်နေသည်နှင့် အလားတူပင်ဖြစ်သည်။
သက်ရှိလူများ၏ ခန္ဓာကိုယ်သည်က ယင်စွမ်းအင်အား ကောင်းစွာတုံ့ပြန်မည်မဟုတ်ပေ။
ဤအရာသည် ဖုန်းရွှေ၏ လျှို့ဝှက်ချက်ဖြစ်သည်။
ထို့ကြောင့်ပင် ဤအိမ်ပိုင်ရှင်က သေဆုံးပြီးချိန်၌ တစ်ခုခုဖြစ်ပျက်ခဲ့ရမည်ဟု ကုကျစ်စုန့် အတတ်ပြောနိုင်ခြင်းပင်။
“အိမ်ခြံမြေစာချုပ်ကို နာမည်မြန်မြန်ပြောင်းလိုက်ပါ၊ မပြောင်းနိုင်သေးဘူးဆိုရင် ဒီမှာမနေသင့်သေးဘူး”
သူမ၏ ကောက်ချက်များအား ကြားရပြီးနောက် မစ်စ်ရှု့လည်း မှင်သက်သွားခဲ့သည်။ ထိုအချိန်တွင် ကုကျစ်စုန့်၏ စကားသံအား ထပ်ကြားလိုက်ရသည်။
“ရှင်နဲ့ သေဆုံးသူကြားက ဆက်ဆံရေးက ဘာလဲ?”
“သူက ကျွန်မ အဖေပါ”
ထိုစကားကြားရပြီးနောက် ကုကျစ်စုန့် မစ်စ်ရှု့၏ မျက်နှာအား ကြည့်လိုက်သည်။
“ရှင်က သူ့ရဲ့ သွေးရင်းသားရင်းတော့ မဟုတ်ဘူးပဲ”
တင်ဆက်သူလျှို့: “?!!”
ကြည့်ရှု့သူများ: “?!!”
တင်ဆက်သူလျှို့၏ အံ့အားသင့်သွားသည့် အမူအယာကြောင့် ကုကျစ်စုန့် မျက်ခုံးပင့်လိုက်မိသည်။
“ရှင်ရော သိမထားဘူးလား?”
သူမ မစ်စ်ရှု့ကို တဖန်ပြန်ကြည့်လိုက်သည်။
“ဒီအမျိုးသမီးရဲ့ နဖူးက ‘ဖူတန်’နေရာက ချောမွေ့နေပေမယ့် နေထောင့်နဲ့ လထောင့်နေရာက ဆံစပ်နဲ့ အရမ်းနီးလွန်းနေတယ်..
ဒီလိုမျိုး နဖူးက ဘာလဲဆိုတော့ မိရင်းဖရင်းနဲ့ မွေးလာခဲ့ရတာမဟုတ်ပေမယ့် ဘဝလမ်းကြောင်းကိုတော့ အနှောင့်မယှက်မဖြစ်ခဲ့ဘူးဆိုတဲ့ သဘောပဲ”
“ရှင့်မျက်လုံးနဲ့ မျက်ခုံးကြားက အကွာအဝေးကလည်း နီးလွန်းတယ်.. အဲဒါက အိမ်မြေနဲ့ပိုင်ဆိုင်မှုနေရာလေ
အဲဒီနေရာကပဲ ဆွေမျိုးတွေနဲ့ကြားက ဆက်ဆံရေးကို ပြောနိုင်တယ်.. မျက်နှာဖတ်ခြင်းပညာမှာဆိုရင်တော့ အဲဒါကို ‘မျက်ခုံးက မျက်လုံးကို ဖိထားတာ’လို့ ခေါ်ကြတယ်”
“ယေဘုယျပြောရရင် အဲဒှလိုမျိုး မျက်လုံး၊မျက်ခုံးရှိတဲ့ သူတွေက ငယ်ငယ်တည်းက မိဘ၊ဆွေမျိုးတွေနဲ့ သိပ်ပြီး မနီးစပ်တဲ့သူတွေ၊ ဒါမှမဟုတ် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေနဲ့ ကွဲသွားတဲ့လူတွေများတယ်”
“ရှင့်မျက်နှာကို ကြည့်လိုက်ရင် ရှင်က ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ဖြစ်ဖို့ကံပါလာတာပဲ.. ပြောရရင် မိဘမဲ့ဂေဟာကို မွေးပြီး သိပ်မကြာခင် ရောက်လာခဲ့တာပဲဖြစ်မယ်”
ထို့နောက် သူမ စကားလမ်းကြောင်းပြောင်းလိုက်သည်။
“အဲ့လိုဖြစ်ပေမယ့် ရှင့်ရဲ့ မျက်လုံးဆံတွေကတော့ နည်းနည်းပြူးနေတယ်.. မျက်အိမ်ချိုင့်တာတွေမရှိဘူး.. အဲ့ဒီအချက်တွေကပဲ ‘မျက်ခုံးက မျက်လုံးကိုဖိထားတဲ့’ဆိုးကျိုးကို နည်းနည်းပြေသွားစေခဲ့တာပဲ”
“အဓိပ္ပာယ်က ရှင့်ကို မိသားစုတစ်စုက မွေးစားတာခံခဲ့ရတယ်။
အဲဒီမိသားစုကလည်း ရှင့်ကို သေသေချာချာဂရုစိုက်ပေးခဲ့တယ်
မိဘအရင်းတွေမရှိတဲ့အတွက် မျက်နှာမငယ်စေရဘူး.. ရှင်နဲ့ မွေးစားမိဘတွေရဲ့ ဆက်ဆံရေးက တော်တော်လေးကို အဆင်ပြေတယ်”
မစ်စ်ရှု့သည်က အထီးကျန်သော မျက်နှာဖြင့် မွေးဖွားလာသူတစ်ဦးဖြစ်သောကြောင့် ကုကျစ်စုန့်က သူမအား မြင်လျှင်မြင်ချင်း မစ်စတာရှု့က သူမ၏ ဖခင်အရင်းမဟုတ်ကြောင်း ပြောဆိုနိုင်ခဲ့ခြင်းပင်။
မစ်စ်ရှု့မျက်နှာပေါ်မှ အံ့ဩမှုသည် မပျောက်သွားသေးသော်လည်း အသာခေါင်းငြိမ့်သည်။
“အမှန်ပါပဲ ကျွန်မက မိဘတွေရဲ့ သမီးအရင်းမဟုတ်ပါဘူး.. မွေးစားခံထားရတာပါ”
“အဖေနဲ့အမေက ကျွန်မကို တစ်ခါမှ ပြောမပြဖူးဘူး.. ကျွန်မငယ်ငယ်တုန်းက နွေဦးပွဲတော်အတွက် နယ်ခဏပြန်တုန်းက အဖေတို့နဲ့ အမျိုးတွေ ငြင်းခုန်နေကြတာ ကြားခဲ့ပြီး သိခဲ့ရတာ”
“မကြာသေးခင်ကမှ ဖြစ်တဲ့ အသုဘအခမ်းအနားနဲ့ ဒီကိစ္စက ဘာမှမဆိုင်ဘူးထင်လို့ ပရိုဂရမ်အဖွဲ့ကို မပြောခဲ့တာပါ”
ဘေးမှ ရပ်နေသည့် တင်ဆက်သူလျှို့လည်း ခေါင်းငြိမ့်သည်။
“ပရိုဂရမ်အဖွဲ့ကလည်း မစ်စ်ရှု့နဲ့ သေဆုံးသူတို့က သွေးရင်းမဟုတ်ဘူးဆိုတာကို သိမထားပါဘူး”
ကုကျစ်စုန့်လည်း အသာခေါင်းငြိမ့်၍ မေးခွန်းထုတ်လိုက်သည်။
“ဒီတော့ ရှင့်ရဲ့ တောင်းဆိုချက်က ဘာလဲ?”
မစ်စ်ရှု့လည်း ဖခင်ဖြစ်သူ၏ အသုဘအခမ်းအနား၊ ‘ဝိဉာဉ်ခေါ်ပေးသည့်လူ’အနေဖြင့် ကူညီပေးသော ကောင်လေး၏ ကျန်းမာရေးအခြေအနေတို့အား ပြန်ပြောင်းပြောပြပေးခဲ့သည်။
သူမ အနည်းငယ် အံ့ဩသွားပုံပေါ်ပြီး တစ်ခုခုအား တွေးနေဟန်ပေါ်သည်။
“အဖေက သေဆုံးပြီးချိန်မှာ အနားမယူနိုင်ဖြစ်နေတာလား? ဒါမှမဟုတ် ကျန်ခဲ့တဲ့ မျိုးဆက်ကို သဘောမကျတာကြောင့်လား…”
ကုကျစ်စုန့်: “ကျွန်မတော့ အဲဒီလိုမထင်ဘူး”“မစ်စတာရှု့သာ သူ့ရဲ့ ကျန်ခဲ့တဲ့ မျိုးဆက်ကို အဲဒီလောက် ဂရုစိုက်နေမယ်ဆိုရင် အစကတည်းက ကလေးမွေးစားတဲ့အချိန်တုန်းက ဘာလို့ သားယောင်္ကျားလေး မရှာခဲ့တာလဲ?”
မစ်စ်ရှု့လည်း ကုကျစ်စုန့်၏မေးခွန်းကြောင့် ကြက်သေ,သေသွားခဲ့ရပြီး သူမတွင် ပြန်ဖြေရန် စကားမရှိခဲ့ပေ။
ဘေးပတ်ဝန်းကျင်မှ လူများ၏ အတင်းအဖျင်းများ ကြားရပါများ၍ သူမ၏ ဖခင်အား အထင်လွဲမိကြောင်းလည်း သဘောပေါက်သွားခဲ့သည်။
ဤမျှ ရိုးရှင်းသည့်အရာကိုပင် သူမ မတွေးနိုင်ခဲ့ပေ။
သူမ၏ မှတ်ဉာဏ်ထဲတွင် ဖခင်ရှု့သည်က သူမအတွက် တာဝန်ကျေသော ဖခင်၊ ဇနီးသည်အတွက် တာဝန်ကျေသော ခင်ပွန်းသည်တစ်ဦးဖြစ်သည်။
ယခင် သူမနယ်မြို့သို့ အလည်သွားရောက်စဉ်က မိဘနှစ်ပါးမှ အဘယ်ကြောင့် ကလေးမယူခဲ့ကြသည်ကို ဖခင်ဘက်မှ ဆွေမျိုးများ၏ စကား နားစွန်နားဖျား ကြားရပြီး အကြမ်းဖျင်းသိခဲ့ရသည်။
မစ်စတာရှု့တွင် asthenospermia ဟုခေါ်သော ‘သုတ်ပိုးအားနည်းသည့်ရောဂါ’ရှိပြီး မဒမ်ရှု့ကတော့ ကျန်းမာရေး ကောင်းမွန်သူတစ်ဦးဖြစ်ပေသည်။
သူတို့နှစ်ဦး ကလေးယူလိုပါက ကြိုးစား၍ ကိုယ်ဝန်ဆောင်နိုင်ပါလျှင်တောင်မှ မစ်စတာရှု့၏ သုတ်ပိုးအားနည်းမှုကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ချေမြင့်မားလှသည်။
မဒမ်ရှု့က ကိုယ်ဝန်အား ပျက်မကျစေရန် ဆေးများစွာ ထိုးနှံရမည်၊ သောက်ဆေးများ သောက်ရပြီး ဝေဒနာခံစားရမည်ဖြစ်သည်။
ကလေးငယ်အား ချောမွေ့စွာ မွေးဖွားနိုင်လျှင်တောင်မှပင် ထိုကလေးသည် မသန်စွမ်းဖြစ်ခြင်း၊ မွေးရာပါအားနည်း၍ ကျန်းမာရေး ချူချာနေပေလိမ််မည်။
ဖခင်ရှု့မှာ ဇနီးဖြစ်သူအား အင်မတန်ချစ်မြတ်နိုးသကဲ့သို့ မိသားစုအား ဆက်ခံရန် ကလေးမွေးရမည်ဆိုသော အစွဲလည်း မရှိပေ။
သူ၏ လောဘအတွက် ဇနီးဖြစ်သူနှင့် မွေးဖွားလာမည့်ကလေးများအား ဝေဒနာမခံစားစေချင်။
သို့သော် ဇနီးသည်မှာ ကလေးမရနိုင်သောကြောင့် စိတ်မကောင်းဖြစ်ရသောကြောင့်ည သူသည် ဒေသခံမိဘမဲ့ကျောင်းသို့ သွားရောက်၍ မွေးပြီး,ပြီးချင်း စွန့်ပစ်ခံထားရသော ကလေးငယ်လေးအား မွေးစားလာခဲ့သည်။ ထိုကလေးငယ်မှာ မစ်စ်ရှု့ပင်။
မည်သူထင်ထားခဲ့မည်နည်း?
သူ၏ ထိုဆုံးဖြတ်ချက်ကြောင့် မွေးရပ်မြို့မှ ဆွေမျိုးများ၏ ရှုံ့ချအပြစ်တင်ခြင်း ခံခဲ့ရသည်။
လူကြီးများမှ သားယောင်္ကျားလေးမရှိပါက အသက်အရွယ်ကြီးချိန်တွင် နောင်တရမည်ဖြစ်ကြောင်း၊ မစ်စ်ရှု့သည် မွေးစားသမီးသာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ထို့နောက် ရှု့စုံတွဲ အသက်ကြီး၍ သေဆုံးချိန်တွင် သူတို့၏ ပိုင်ဆိုင်မှုအမွေများသည် အပြင်လူတစ်ယောက်၏ လက်ထဲသို့ ရောက်သွားမည်မဟုတ်ပါလော?
မွေးစားသမီးအား အမွေပေးမည့်အစား သူတို့ဆွေမျိုးအချင်းချင်းသာ ပေးသင့်သည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ဆွေမျိုးသားချင်းများက မစ်စတာရှု့အား အတင်းအကြပ်ဖိအားပေးခဲ့ကြသည်။ မိသားစုထဲမှ တူငယ်တစ်ဦးအား မွေးစားသားအဖြစ် သတ်မှတ်စေချင်ကြသည်။
သို့သော် ရှု့စုံတွဲကောင်းကောင်းသိသည်မှာ ဤလူများသည်က သူတို့၏ အနာဂတ်အမွေများကိုသာ မက်မောကြခြင်းဖြစ်သည်။
ရှု့စုံတွဲအား ဖိအားပေး၍ မရကြောင်း သဘောပေါက်သွားချိန်တွင် အကျင့်ပျက်၍ မနာလိုတတ်သော ဆွေမျိုးအချို့က သူတို့၏ ငယ်ရွယ်သေးသည့် မွေးစားသမီးငယ်ရှေ့တွင် မဟုတ်မမှန်စကားများ တမင်ပြောဆိုတတ်ကြသည်။
မွေးရပ်မြို့မှ အိမ်သို့ ပြန်လာချိန်တွင် သမီးဖြစ်သူ မျက်နှာမကောင်းကြောင်း သတိထားမိလိုက်သည့် ရှု့စုံတွဲလည်း အကြောင်းရင်းအား ခန့်မှန်းလိုက်မိကြသည်။
နှစ်ဦးလုံး အင်မတန် စိတ်ဆိုးဒေါသထွက်၍ နောင်တွင် ထိုနယ်မှ ဆွေမျိုးများဖြင့် လုံးဝ အဆက်အသွယ်ဖြတ်ပစ်ခဲ့ကြသည်။
ထိုအဖြစ်သည် နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့ခြင်းဖြစ်သော်ငြား မစ်စ်ရှု့ရင်ထဲတွင်တော့ မမေ့နိုင်ပေ။ သူမသည်က မွေးစားသမီးတစ်ဦးသာ ဖြစ်ကြောင်း မှတ်မိနေခဲ့သည်။
သို့သော် မစ်စ်ရှု့ အသက် ၅၀အရွယ်သို့ ရောက်ချိန်၊ မိဘနှစ်ပါး တစ်ဦးချင်း ကွယ်လွန်သွားချိန်အထိ သူတို့ တစ်ဘဝလုံး ထိုကိစ္စနှင့် ပတ်သတ်၍ စကားတစ်ခွန်းမဟခဲ့ပေ။
မစ်စ်ရှု့၏ ရင်ထဲတွင်တော့ ရှု့စုံတွဲသည် သူမ၏ မိဘအရင်းများပင်။
ဇနီးဖြစ်သူ ကလေးမွေးရာတွင် ခက်ခဲမည်စိုးရိမ်သောကြောင့် ကလေးမယူရန် ဆုံးဖြတ်ခဲ့သည့် အမျိုးသား၊ သမီးငယ်အား စိတ်ညစ်ညူးအောင် ပြုလုပ်သည့် အတင်းအဖျင်းပြောတတ်သော ဆွေမျိုးများဖြင့် အဆက်အသွယ်ဖြတ်ခဲ့သော ဖခင်ဖြစ်သူသည် ‘သားသမီးအရင်း’မရှိသောကြောင့် မြေအောက်ကမ္ဘာသို့ သွားရန် စိတ်မဖြောင့်ဆိုသည်မှာ ယုတ္တိမရှိလှပါချေ။
မစ်စ်ရှု့ စိုးရိမ်စွာ မေးလိုက်မိသည်။
“ဒါဆိုရင် ဘယ်လိုအကြောင်းကြောင့်ဖြစ်မလဲဟင် ကုတောက်ကျန့်?”
သူမ၏ဘေးတွင် ရပ်နေသော တင်ဆက်သူလျှို့မှလည်း ယခင်ပြိုင်ပွဲဝင်များသည် ဖခင်ရှု့၏ ဝိဉာဉ်အား မဆင့်ခေါ်နိုင်ခဲ့ကြောင်း ထောက်ပြခဲ့သည်။
ကုကျစ်စုန့် ခေတ္တမျှ စဉ်းစားလိုက်သည်။
“သူတို့အားလုံးက စွမ်းအားကြီးပါတယ်.. ဒါပေမယ့် ရှင့်အဖေရဲ့ ဝိဉာဉ်ကို ရှာမတွေ့လို့ သူ့ကို မခေါ်နိုင်တာပဲ”
သူမသည်လည်း ထိုဆင့်ခေါ်မှုအား ပြုရန်မလို။
“ဒါပေမဲ့ ရှင့်အဖေရဲ့ ဝိဉာဉ်က လေထဲကို လွင့်သွားသလို ပျောက်သွားတယ်.. ပြီးတော့ ဒီဝိဉာဉ်ကို လမ်းပြပေးရမယ်ဆိုတဲ့ သူကလည်း ရုတ်တရက်ကြီး မကောင်းဆိုးဝါးဝိဉာဉ်တွေရဲ့ ဖမ်းစားတာ ခံလိုက်ရတယ်.. အဲ့နှစ်ချက်ကြားက ဆက်သွယ်ချက်ကို စဉ်းစားကြည့်ဖူးလား?”မစ်စ်ရှု့၏ မျက်ဝန်းအစုံပြူးကျယ်သွားခဲ့သည်။
“ရှင်ပြောချင်တာက ကျွန်မအဖေရဲ့ ဝိဉာဉ်ပျောက်သွားတာက ဒီ ‘ဝိဉာဉ်ကို ခေါ်ဆောင်ပေးတဲ့ ကောင်လေး’ ကြောင့်လား?”
“အသေအချာတော့ မပြောနိုင်ဘူး.. ခန့်မှန်းချက်တစ်ခုပါပဲ.. ဒါပေမဲ့ ရှင့်ရဲ့ မျက်နှာအရဆိုရင်တော့ ရှင်က မကြာသေးခင်ကမှ မကောင်းတဲ့လူတစ်ယောက်ရဲ့ အခွင့်အရေးယူတာ ခံထားရတာပဲ”
“အဲဒီလူက ရှင်နဲ့ ရင်းနှီးတဲ့သူတော့မဟုတ်ဘူး.. ဒါပေမယ့် သူက ရှင့်ရဲ့ ပိုင်ဆိုင်မှုကို ဖြုန်းတီးနေတယ်.. ပြီးတော့ နောင်အနာဂတ်မှာလည်း အဲဒီလူက ရှင့်ကို နှောင့်ယှက်လာလိမ့်မယ်”