မွေးစားသမီး (2)
Vol. 36 Ch. 352
“အဲဒီကောင်လေးရဲ့ ဓာတ်ပုံရှိလား? ကျွန်မကို ပြပေးပါ”
မစ်စ်ရှု့ ခေါင်းရမ်းလိုက်သည်။ သူမနှင့် ထိုမိသားစုတို့သည် ပြန်ဆုံဖြစ်ကြသည်မှာ အချိန်မကြာသေးပါချေ။
သို့သော် ထိုမိသားစုနေအိမ်သည်က ဖခင်ရှု့အိမ်ဖြင့် သိပ်မဝေးလှ။ နှစ်လမ်းကျော်အကွာအဝေးတွင် ရှိသည်။
ထိုကလေးအား တောင်းပန်ရန်အတွက် သူမ နေအိမ်သို့ သွားရောက်ခဲ့ဖူးသည်။
ကောင်လေး၏ မိဘများက အတင်းအကြပ်ငြင်းဆန်၍ သူမနှင့် ဖခင်ရှု့တို့သည်က သားဖြစ်သူအား အန္တရာယ်ပြုခဲ့ကြောင်းသာ တွင်တွင်ပြောဆိုခဲ့သည်။
အချိန်ကြာ တွေဝေနေခဲ့ပြီးနောက် မစ်စ်ရှု့တစ်ယောက် ပရိုဂရမ်အဖွဲ့၏ တွန်းအားအောက်တွင် ထိုမိသားစုထံသို့ နောက်တစ်ခေါက် သွားရောက်ရန် လက်ခံခဲ့သည်။
သူမ၏ လမ်းညွှန်ချက်နှင့်အတူ ဖခင်ရှု့၏ နေအိမ်ဖြင့် မဝေးကွာလှသော အိမ်ရာတစ်ခုသို့ မောင်းနှင်ခဲ့ကြပြီး ထိုမိသားစု၏ အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
သူမ၏ စကားအရ ထိုမိသားစု၏ မျိုးရိုးနာမည်မှာ ဟဲဖြစ်သည်။
ဟဲမိသားစု၏ အိမ်တံခါးအား ခေါက်လိုက်ပြီးနောက် ခေတ္တစောင့်ဆိုင်းလိုက်ပြီးချိန်တွင် အိမ်တွင်းမှ မေးခွန်းထုတ်သံ ကြားလိုက်ရသည်။
“ဘယ်သူလဲ?”
တံခါးပွင့်လာပြီးနောက် မစ်စ်ရှု့နှင့် ရွယ်တူခန့်ဖြစ်သည့် ခပ်ဝဝ အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။
မစ်စ်ရှု့နှင့်အတူ ကင်မရာကိုင်ထားသော ပရိုဂရမ်အဖွဲ့အား မြင်လိုက်ရချိန်တွင် သူမ မျက်နှာပျက်သွားခဲ့သည်။
“ညည်းက ဒီကို ဘာလာလုပ်ပြန်တာလဲ? ငါ နင့်မျက်နှာကို နောက်မမြင်ချင်ဘူးလို့ မပြောလိုက်ဘူးလား?”
“ပြီးတော့ ငါတို့အိမ်ကို ဘယ်ကလူတွေ ခေါ်လာတာလဲ? ပြဿနာလာရှာနေတာလား?”
မစ်စ်ရှု့လည်း လာရင်းအကြောင်းရင်းအား ခပ်တိုးတိုး ရှင်းပြလိုက်သည်။
“အဲဒီလိုမဟုတ်ပါဘူး အစ်မချန်ရယ်.. ဒီလူတွေက အဲလိုကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေလေ.. သူတို့က အခုဖြစ်တဲ့ ပြဿနာတွေကို ကူညီပေးဖို့ လာခဲ့ကြတာပါ
ကလေးက ကျွန်မတို့မိသားစုပြဿနာကြောင့် အခုထိလည်း မသက်သာသေးဘူးမလား.. ဒါကြောင့်ပဲ ဒီတောက်ကျန့်တွေကို ရှောင်ဟဲကို ကြည့်ပေးဖို့ ခေါ်လာခဲ့တာပါ..”
တင်ဆက်သူလျှို့ လည်း ဝင်ပြောလိုက်သည်။
“မစ်စ်ဟဲမယုံဘူးဆိုရင် အွန်လိုင်းမှာ စစ်ကြည့်လို့ရပါတယ်.. ကျွန်တော်တို့က ဝိဉာဉ်ရေးရာအစီအစဉ်ကပါ.. အစ်မတို့ မိသားစုနှစ်စုလုံး အဆင်ပြေစေချင်လို့ လာခဲ့ကြတာပါ”
ရောက်လာသူများက ‘ဝိဉာဉ်ရေးရာ’အစီအစဉ်မှ အဖွဲ့သားများဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် မစ်စ်ဟဲ၏ မျက်နှာသည် ပို၍ပင် ရှုံ့မဲ့သွားခဲ့သည်။
“ငါတို့က နင်တို့တွေ အပိုလုပ်တာတွေ၊ ဟန်ဆောင်သနားတာတွေ မလိုအပ်ဘူး!”
ထိုအချိန်မှာပင် ဖြူဖျော့နေသည့် လူငယ်လေးတစ်ဦးက အခန်းတထဲမှ ထွက်လာခဲ့သည်။
ကောင်လေးသည်က အားနည်းပုံပေါ်၍ နှုတ်ခမ်းများမှာလည်း ဖြူဖျော့နေသည်။ မျက်မှန်ဝတ်ဆင်ထားသော သူ၏ ပုံစံသည် အပြစ်ကင်းသည့် လူငယ်တစ်ဦးပုံစံပင် ဖြစ်သည်။
တံခါးဝမှ အသံကြောင့် သူလှည့်ကြည့်၍ မေးလိုက်သည်။
“အမေ ဘာဖြစ်လို့လဲ?”
ထိုလူငယ်သည် မစ်စတာရှု့အတွက် ‘ဝိဉာဉ်လိုက်ပို့ပေးသည့်သူ’အဖြစ် ကူညီပေးခဲ့သော လူငယ်လေးပင်ဖြစ်သည်။
“အန်တီရှု့.. ဘာလို့ ဒီကိုရောက်နေတာလဲ?”
မစ်စ်ရှု့၏ မျက်ဝန်းများ အရောင်လက်သွားခဲ့သည်။
“ရှောင်ဟဲ သက်သာသွားပြီလား? အဲဒီညက သင်္ချိုင်းဂူမှာ အိပ်ပြီးကတည်းက အိပ်မက်ဆိုးတွေ ဆက်တိုက်မက်ပြီး အဖေရဲ့ ဖမ်းစားတာ ခံနေရတယ်လို့ အစ်မချန်ပြောတာ ကြားရလို့လေ
အန်တီလည်း ဘယ်လိုမှ စိတ်မကောင်းတာနဲ့ ဒီတောက်ကျန့်တွေကို အကူအညီတောင်းခဲ့တာ”
‘ဝိဉာဉ်ရေးရာ’အစီအစဉ်ဟု ကြားလိုက်ရပြီးနောက် ရှောင်ဟဲ မျက်နှာပျက်သွားခဲ့သည်။
သူသည်က ယခင်က သရဲတစ္ဆေများ၊ နတ်ဘုရားများအား အယုံအကြည်မရှိခဲ့သော်လည်း အင်တာနက်အသုံးပြုသည့် လူငယ်တစ်ဦးပင်ဖြစ်သည်။ ဤပရိုဂရမ်အကြောင်း ကြားဖူးခဲ့သော်လည်း တစ်ကြိမ်မျှ မကြည့်ခဲ့ဖူးပေ။
ပရိုဂရမ်သည် သရဲ၊တစ္ဆေအတုများဖြင့် လိမ်ညာထားခြင်းဖြစ်ကြောင်း၊ အစီအစဉ်အတုသာဖြစ်ကြောင်း မှတ်ချက်များလည်း ရေးသားခဲ့ဖူးသည်။
သို့သော် ယခုရက်ပိုင်းတွင် ‘မသန့်ရှင်းသောအရာ’များ၏ ဖမ်းစားခံရပြီးနောက် ဤသရဲ၊တစ္ဆေများသည် အမှန်ဖြစ်ကြောင်း အနည်းငယ်လက်ခံလာခဲ့သည်။
ရှောင်ဟဲ အတင်းလုပ်ပြုံးလိုက်သည်။
“ရပါတယ် အန်တီရှု့.. ကျွန်တော် ဒီအတိုင်းဖျားတာကို အမေတို့က ပြဿနာအကြီးကြီးလုပ်နေကြတာပါ”
“အခုဆို ပျောက်တောင် ပျောက်တော့မှာလေ”
ထိုအချိန်တွင် လူအုပ်ထဲရပ်နေသော ကုကျစ်စုန့် လှမ်းမေးလိုက်သည်။
“မင်းက မစ်စတာရှု့အတွက် ဝိဉာဉ်လမ်းပြပေးတဲ့သူ လုပ်ပေးခဲ့တာလား?”
အသံကြားလိုက်ရပြီးနောက် ရှောင်ဟဲ ရုတ်တရက် အံ့ဩသွားသော်လည်း လူအုပ်တွင်းမှ ကုကျစ်စုန့်အား လှမ်းမြင်လိုက်ရသည်။
“ဟုတ်ပါတယ်၊ ကျွန်တော်ပါ”
ကုကျစ်စုန့် ဒေါသတကြီးဖြင််ရ မျက်နှာမဲ့လိုက်ပြီးနောက် ထိုကောင်လေးကို ကြည့်နေသည့် မျက်ဝန်းအစုံမှာလည်း အေးစက်သည့် ရွံရှာမှုများ အပြည့်ဖြစ်နေသည်။
“ငါကြားရတာကတော့ မင်းက ဝိဉာဉ်လိုက်ပို့ပေးတဲ့သူအဖြစ် ကူညီပေးလို့ ယွမ်နှစ်သောင်းခွဲတောင် ရတယ်ဆို?မင်းက ဝိဉာဉ်လိုက်ပို့တဲ့သူဖြစ်သင့်ရဲ့လား? မင်း ဒီအလုပ်ကို လက်ခံလိုက်တုန်းက ‘ဝိဉာဉ်လိုက်ပို့သူ’အနေနဲ့ အရေးကြီးဆုံးအချက်က ယန်စွမ်းအင်ပြည့်ပြည့်ဝဝရှိတဲ့ လူပျိုဖြစ်ရမယ်ဆိုတာ မကြားလိုက်ဘူးလား?”
“မင်းက လူပျိုလား? အကြောက်အလန့်မရှိ ဘာကိစ္စ ဒီအလုပ်ကို လက်ခံရတာလဲ?”
“ဒီက မိန်းကလေး၊ ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ?”
သူမ၏ လျှို့ဝှက်ချက်ပေါ်တော့မည်ဖြစ်သောကြောင့် မစ်စ်ဟဲလည်း အနည်းငယ်တုန်လှုပ်သွားခဲ့သည်။
“နင် ငါ့သားကို မဟုတ်တာမစွပ်စွဲနဲ့!”
“ကျွန်မစကားတွေက စွပ်စွဲတာလား၊ အမှန်လားဆိုတာ ရှင်တို့ မိသားစုတွေ အသိဆုံးဖြစ်မှာပါ”
ကုကျစ်စုန့်လည်း ရှောင်ဟဲ၏ အရှက်ရနေသော မျက်နှာအား ကြည့်လိုက်ပြီးနောက် သူ့ဘဝ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုပါ တစ်ခုမကျန် ပြောပြခဲ့သည်။
သူမ ပြောလေလေ၊ ဟဲသားအမိ မျက်နှာပျက်လာလေလေ ဖြစ်သည်။
လူတစ်ယောက်က သူတို့နှင့် တွေ့လျှင်တွေ့ချင်း သူတို့မိသားစု၏ အချက်အလက်များအား ဖော်ထုတ်လိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ကုကျစ်စုန့်၏ မျက်နှာမှာ အေးစက်လွန်းလှသည်။
“ရှင့်သားရဲ့ မျက်နှာပုံစံကိုပဲ ကြည့်လိုက်.. သူ့မျက်လုံးအောက်က မျက်ရည်လမ်းကြောင်းက ပြာပြီး နက်နေတယ်.. အဲဒါတွေက သာမန် မျက်ကွင်းညိုတာမျိုးမဟုတ်ဘူး..မကောင်းတဲ့အငွေ့အသက်တွေ စုနေတဲ့လက္ခဏာပဲ”
“အဲဒါက ‘ထိမ်းမြားခြင်းနန်းတော်’ရဲ့ နေရာပဲ.. အဲ့နားမှာ မြင်နေရတဲ့ အရေးအကြောင်းထူထူတွေက ရှင့်သားက အင်မတန် မိန်းမရှုပ်တယ်ဆိုတာကို ပြနေတာ..
သူက လူပျိုမဟုတ်ရုံတင်တောင် မကဘူး.. လူတွေ အများကြီးနဲ့တောင် အိပ်ခဲ့ဖူးတယ်”
စကားဖြတ်ပြောချိန်ပင် မပေးခဲ့ဘဲ သူမ ဆက်ပြောလိုက်သည်။
“မင်းရဲ့ နှုတ်ခမ်းတွေက ခရမ်းရောင်သမ်းနေပြီး မျက်နှာကလည်း ချုံးချုံးကျနေတယ်.. အဲဒါက ကျောက်ကပ်အားနည်းတာနဲ့ မကောင်းတဲ့ရောဂါ ရှိနေတဲ့ လက္ခဏာပဲ”
“ဒါတင်မကဘူး.. မင်းရဲ့ နှာခေါင်းနဲ့ နှုတ်ခမ်းကြားက အချိုင့်နေရာမှာလည်း ကန့်လန့်ဖြတ်မျဉ်းနှစ်ကြောင်း ရှိနေတယ်
ဆိုလိုတာက မင်းကြောင့် အနည်းဆုံး ကလေးနှစ်ယောက်တော့ ရခဲ့ပြီး ဖျက်ချခံခဲ့ရတယ်ဆိုတော့ သဘောပဲ!”
“မင်းလိုမျိုး အရှက်မရှိ၊ ရွံစရာကောင်းတဲ့ လူတစ်ယောက်က ဘယ်လိုများ ကိုယ့်ကိုကိုယ် လူပျိုပါလို့ ပြောထွက်ရတာလဲ?”
ကုကျစ်စုန့် စကားဆုံးချိန်တွင် ရှောင်ဟဲ ချွေးစေးများပင် ပြန်နေခဲ့သည်။
‘ဝိဉာဉ်ရေးရာ’အစီအစဉ်တွင် နတ်ဘုရားများနီးနီး အတိအကျဟောပြောနိုင်သော အမျိုးသမီးသရုပ်ဆောင်တစ်ဦး ရှိသည်ဟု သူကြားဖူးခဲ့သည်။
ယခုအချိန်တွင် သူသည်က သရဲ၊တစ္ဆေများအား လက်ခံနိုင်ပြီဖြစ်သော်လည်း အင်တာနက်ပေါ်မှ စကားများသည် ချဲ့ကားပြောထားသည်ဟုသာ ထင်ခဲ့မိသည်။
ထိုအရာမှာ သရုပ်ဆောင်မင်းသမီး၏ မားကတ်တင်းဆင်းသည့် အရာများသာ ဖြစ်သည်ဟု ထင်ခဲ့မိသည်။
သို့သော် သူ၏ အတိတ်မှ ဖြစ်ရပ်များ၊ ဖျက်ချလိုက်သည့်ကလေးနှစ်ဦးအကြောင်းပါ ပြောလာခဲ့ချိန်တွင်တော့ လုံးဝ တုန်လှုပ်သွားခဲ့ရသည်။
ဤအစီအစဉ်သည်ကား အင်မတန် နာမည်ကြီးသည့်အစီအစဉ်တစ်ခုဖြစ်ပြီး လူသိန်းပေါင်းများစွာ စောင့်ကြည့်နေကြသည့် အစီအစဉ်ဖြစ်ကြောင်းလည်း သိထားသည်။
ယခုပြောသွားသည့်အချက်များအား အတည်ပြုနိုင်လိုက်ပါလျှင် သူသည်လည်း ဘဝဆုံးသွားရပေလိမ့်မည်။
ရှောင်ဟဲ အံကိုကြိတ်၍ ငြင်းဆိုရန် ပြင်လိုက်သော်ငြား ကုကျစ်စုန့်၏ ရယ်သံသဲ့သဲ့အား ကြားလိုက်ရသည်။
“ငြင်းချင်ရင် ငြင်းလို့ရတယ်.. ဒါပေမဲ့ သေသေချာတော့ စဉ်းစား”
သူ့အား စိုက်ကြည့်လာသည့် ကုကျစ်စုန့်မျက်လုံးများသည် အေးစက်လွန်းလှသည်။
“ငါက အခုပြောသွားတာတွေတောင် တွက်ချက်နိုင်တယ်ဆိုတော့ သက်သေကိုလည်း ရှာပြနိုင်တယ်နော်”
[ဘုရားရေ! စုန့်စုန့်က ရက်စက်လိုက်တာ.. ငါ ကြိုက်တယ် !
ဒါက သူမ လူတစ်ယောက်ကို သဘောမကျတာနဲ့ ခြိမ်းခြောက်တာကို ပေါ်တင်ပြောတာ ပထမဆုံးပဲလားလို့?]
[ဒီကောင်လေး အရှက်မရှိတာကိုတော့ တော်တော်လေး လေးစားမိပါတယ်ကွာ.. သူက ရှု့မိသားစုကနေလည်း ယွမ် ၂သောင်းခွဲယူထားသေးတယ်
သေတဲ့သူတွေကိုလည်း မခံ့လေးစားနဲ့.. အဖမ်းစားခံရတာ မထူးဆန်းတော့ပါဘူး.. ကောမန့်တွေထဲက အချို့ကတော့ ကုကျစ်စုန့်ရဲ့လေသံကို မောက်မာတယ်လို့ ပြောနေတာ တွေ့လိုက်တယ်
ဒါက လိမ်ညာတဲ့အမှုမြောက်တယ်နော်? ဒီနေရာမှာ ပြောနေတဲ့ သူတွေရဲ့ အဘိုး၊အဘွားတွေဖြစ်နေမယ်ဆိုရင်ရော ငြိမ်ခံနေကြမှာပဲလား?]
[ညစ်ပတ်လိုက်တာ.. ဒီကောင်လေးက ရုပ်ကြည့်တော့ သနားကမားနဲ့ အောက်တန်းကျလိုက်တာ.. ကိုယ့်ကိုကိုယ် တန်ဖိုးမထားတဲ့ ယောင်္ကျားတွေက ဘဲဥပုတ်ထက်တောင် ဆိုးသေးတယ်!]
[ကုကျစ်စုန့်က လွန်လွန်းပါတယ်.. ဘာလို့ သူတပါးတွေရဲ့ကိုယ်ရေးကိုယ်တာကို ဖော်လိုက်ရတာလဲ?
သူတို့က ပွေတယ်၊ရှုပ်တယ်ဆိုပေမယ့် ဥပဒေကို ချိုးဖောက်ထားတာမို့လို့လား? ဒါကြီးက မင်းသား၊မင်းသမီးတွေက ဦးဆောင်ပြီး သာမန်လူတွေကို အနိုင်ကျင့်တာနဲ့ အတူတူပဲ!]
ထိုအကြည့်ကြောင့် သွေးပျက်သွားခဲ့သည့် ရှောင်ဟဲတစ်ယောက် သူ၏ တစ်ဘဝလုံးအား ဖောက်ထွင်းကြည့်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားခဲ့ရသည်။
သူ အံကိုကြိတ်၍ ပြောလိုက်မိသည်။
“ဒါက ခင်များနဲ့ ဘာဆိုင်လို့လဲ? ကျုပ်က ဥပဒေ ချိုးဖောက်ထားတာမို့လို့လား?”
မစ်စ်ရှု့ကတော့ အမှန်တရားကို လက်မခံနိုင်ခဲ့ပေ။“ရှောင်ဟဲ..မင်းဘာလို့ ဒီလို လုပ်ရက်ရတာလဲ? မင်းက သေဆုံးပြီးသားလူတွေကို စော်ကားလိုက်တာပဲ!”
သူမ၏ မျက်လုံးထဲတွင်တော့ ဤကောင်လေးသည်က အင်မတန် လိမ္မာရေးခြားရှိ၍ လူအများအတွက် စဉ်းစားတွေးတောပေးတတ်သူဟု ထင်ခဲ့မိသည်။
တစ်ဖက်လူမှ သူမ၏ ငွေအား သုံးဖြုန်းကာ၊ အမှန်တရားအား ဖုံးကွယ်၍ သူမအား လိမ်ညာလိမ့်မည်ဟု တွေးပင် တွေးမထားခဲ့ဘူးပေ။
ရှောင်ဟဲ မျက်နှာရှုံ့မဲ့၍ ရန်လုပ်လိုက်သည်။
“လူပျိုမဟုတ်တာနဲ့ပဲ အသုဘပွဲကို တက်လို့ မရတော့ဘူးလို့ ဘယ်သူက ပြောတာလဲ? ဥပဒေက သတ်မှတ်ထားတာလား?
အဲဒါတွေအကုန်လုံး ရှေးက လူတွေ လျှောက်ပြောထားတာတွေချည်းပဲ.. ခင်များပဲ ကျုပ်ကို ပိုက်ဆံပေးတာပြီး လုပ်ခိုင်းလို့ လုပ်တာလေ”