မွေးစားသမီး (3)
Vol. 36 Ch. 353
“ဟုတ်နေတာပဲလေ.. ခင်များတို့မိသားစုက သားမရှိ၊ မျိုးဆက်မရှိတာမဟုတ်ဘူးလား?”
မစ်စ်ဟဲလည်း ကုကျစ်စု့န်အား ဝါးစားတော့မတတ် စူးစူးဝါးဝါးကြည့်နေကာ ဒေါသတကြီး အော်ဟစ်နေခဲ့သည်။
“နင်တို့တွေက ငါ့အိမ်ထဲကို ဝင်လာပြီးတော့ သတင်းမှားတွေလွှင့်နေတာပဲ.. ငါရှေ့နေငှားပြီး နင်တို့အားလုံးကို တရားစွဲပစ်မယ်!”
“အဲဒါကတော့ ရဲတွေရောက်လာတဲ့အချိန် ရှင့်သား အရင် ထောင်ထဲ ဝင်ရ၊မဝင်ရနဲ့ ဆိုင်တာပါပဲ”
“ခုနတုန်းက ကျွန်မ မပြောခဲ့တာ ကျန်သေးတယ်နော်.. ရှင့်သားနဲ့ အတူတူအိပ်ခဲ့တဲ့ မိန်းကလေးအချို့က ဆေးခတ်ခံထားရပြီး သူတို့ကိုယ်သူတို့ ဘာဖြစ်ခဲ့မှန်းတောင် မသိလိုက်ရဘူး
သူက အဲဒီကောင်မလေးတွေကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ပြီး လိုင်းပေါ်မှာ ဖြန့်ခဲ့တာ..
ဒါက လူမှုရေးမရှိတာတွေ၊ အကျင့်မကောင်းတာတွေ မဟုတ်တော့ဘူး ဥပဒေနဲ့ ညိစွန်းနေတဲ့ ပြစ်မှုမြောက်တယ်”
မစ်စ်ဟဲက ဒေါသတကြီးပြေးလာ၍ ကုကျစ်စုန့်အား ဆွဲကုတ်ရန် ကြိုးစားခဲ့ပြီး နှုတ်မှလည်း မဟုတ်မမှန်သတင်းမှားများ ပြောဆိုနေကြောင်း တွင်တွင်ပြောနေခဲ့သည်။
သို့သော် မိခင်ဖြစ်သူ၏နောက်တွင် ပုန်းကွယ်နေခဲ့သည့် ရှောင်ဟဲမှာတော့ အံ့ဩထိတ်လန့်လွန်း၍ လက်ချောင်းများပင် ထုံကျဉ်လာခဲ့သည်။
ဤမိန်းမ အဘယ်ကြောင့် ထိုကိစ္စများကိုပါ သိနေရပါသနည်း။
ထိုကောင်လေး၏ မျက်နှာမှ ကုကျစ်စုန့် မြင်နိုင်သည်မှာ သူ၏ ယောင်္ကျား၊ မိန်းမများနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးသည် ကြာရှည်တွဲလာသည့် အရာမဟုတ်။
‘တစ်ညအိပ်’များသာ ဖြစ်ကြသည်။
သို့သော် ထူးဆန်းနေသည့်အရာမှာ တစ်ချို့သော မိန်းကလေးများက အလိုဆန္ဒမပါသော်လည်း ရုန်းကန်မှုမရှိခဲ့ခြင်းပင်။
ထို့ကြောင့် သူမ စိတ်ထဲမှ အားလပ်ချိန်များရနေသည့် စနစ်အား ထုတ်သုံးလိုက်သည်။
စနစ်ကို ကွန်ယက်မှတဆင့် ဤရှောင်ဟဲ၏ အဆက်အသွယ်ကွန်ယက်များအား စစ်ဆေးစေခဲ့ပြီး အသုံးတည့်မည့် အချက်အလက်များ ရှာဖွေစေခဲ့ခြင်းပင်။
ကုကျစ်စုန့်အနေဖြင့် သိပ်ပြီးမမျှော်လင့်ထားခဲ့သော်လည်း မည်သူထင်ထားမည်နည်း?
စနစ်သည်က အင်မတန်အရေးကြီးသည့် အရာအား ရှာတွေ့လာခဲ့သည်။
သူမ၏ စိတ်ထဲတွင် စနစ်၏ ဒေါသတကြီးအသံ ထွက်ပေါ်လာခဲ့သည်။
“မဟုတ်သေးဘူး.. ငါတကယ်ကို ဒေါသထွက်လွန်းလို့ပါ စုန့်စုန့်ရာ.. ဒီရှောင်ဟဲဆိုတဲ့ အကောင်က တော်တော်ကို အောက်တန်းကျတဲ့ အကောင်ပဲ!”
စနစ် ရှောင်ဟဲ၏ ကွန်ယက်ထဲသို့ ဝင်ရောက်လိုက်ချိန်တွင် ထိုကောင်လေးသည် လူများစွာဖြင့် ဖွဲ့စည်းထားသော ဂရုချက်များစွာ ရှိကြောင်း ရှာတွေ့ခဲ့ရသည်။
ထိုဂရုချက်များ၏ နာမည်က ထူးဆန်းလွန်းသောကြောင့် သူ သိချင်စိတ်ဖြင့် ဝင်ကြည့်ခဲ့မိသည်။
ရလဒ်မှာတော့ ထိုဂရုများတွင်းမှ ပုံများကြောင့် အင်မတန် ရွံရှာစက်ဆုပ်ခဲ့ရခြင်းပင်။
ထိုလူစည်ကားလှသော ဂရုတွင်းမှ အရာများမှာ အနီးအနားမှ မိန်းမငယ်များကို လေ့ကျင့်နည်းများ သင်ကြားပေးနေသည့် ဂရုများ ဖြစ်နေခဲ့ပြီး မိန်းမငယ်လေးများ၏ ချောင်းရိုက်ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ညစ်ညမ်းသော စာများဖြင့် ပြည့်နှက်နေခဲ့သည်။
သူတို့က သူတို့နှင့် အတူရှိနေသော မိန်းမငယ်များ၏ စားစရာ၊ သောက်စရာများထဲတွင် ဆေးခတ်၍ သူတို့၏ ယုတ်မာနိမ့်ကျသော စိတ်ဓာတ်များအား အာသာဖြေချင်ကြသည်။
မဟုတ်ပါက သူတို့နှင့်အတူ စားသောက်ဆိုင်၊ ဘားတို့တွင် အတူတူလည်တတ်သော အမျိုးသမီးသူငယ်ချင်းများ၏ ဖျော်ရည်ခွက်များတွင် ဆေးခတ်တတ်ကြပြန်သည်။
ဆေးအာနိသင်ပြချိန်တွင် ထိုဆေးမိထားသော လူများက ရုတ်တရက် မေ့မြောခြင်း၊ မည်သည်ကိုမှ မမှတ်မိနိုင်တော့ခြင်းတို့ဖြစ်ကာ ရုန်းကန်နိုင်စွမ်းလည်း မရှိကြတော့ပေ။
ပြန်လည်သတိလည်လာလျှင်လည်း ဖြစ်ပျက်ခဲ့သည့် ကိစ္စအများစုအား မမှတ်မိကြတော့ပေ။
ထိုကဲ့သို့သော ဆေးမျိုးက ဂရုအတွင်း၌ တွင်တွင်ကျယ်ကျယ် ဖြန့်နေခဲ့ကြခြင်းပင်။ ဂရုထဲမှ လူများ ထိုဆေးအား ဝယ်ယူ၍ ပြစ်မှုကျူးလွန်ခြင်း အောင်မြင်ပါက မတရားကျင့်ခံရသော မိန်းမငယ်လေးများ၏ ဓာတ်ပုံများ၊ ဗီဒီယိုများ ခိုးရိုက်၍ ဂရုထဲတွင် ပြန်လည်မျှဝေတတ်ကြသည်။
အတိုပြောရလျှင် ထိုကဲ့သို့သော ဂရုချက်ထဲတွင် ကမ္ဘာအနှံ့မှ လူများ၏ ယုတ်မာရွံရှာဖွယ် ပြစ်မှုများအား အတိုင်းသား မြင်တွေ့နေရသည်။
သူမ၏ရှေ့မှ နူးညံ့ကာ ကြင်နာတတ်ပုံရသည်ဆိုသော ရှောင်ဟဲသည်လည်း ထိုကဲ့သို့သော အောက်တန်းစားတစ်ဦးပင်။
သူသည်က ထိုများပြားလှသော ဂရုချက်များထဲမှ တစ်ခု၏ ခေါင်းဆောင်ပင် ဖြစ်သည်။
ရှာဖွေနေရင်း ထပ်မံတွေ့ရှိခဲ့ရသည်မှာ ရှောင်ဟဲသည်က ထိုကိစ္စများကို လုပ်ဖူးသည်မှာ တစ်ကြိမ်၊နှစ်ကြိမ်မကတော့ပေ။
သူ့၏အနီးမှ အတန်းဖော်မိန်းကလေးများ၏ ဓာတ်ပုံများကိုလည်း ဂရုများထဲပို့၍ မဟုတ်မမှန်အောက်တန်းကျသော သတင်းများ လွှင့်ခဲ့သေးသည်။
စနစ်၏ ဒေါသတကြီးပြောဆိုသည့် စကားများအား ကြားရပြီးနောက် ကုကျစ်စုန့်ကိုယ်တိုင်ပင် ဒေါသထွက်လာခဲ့ကာ စိတ်ထဲမှ မေးမိသည်။
“သက်သေတွေကို သိမ်းထားလို့ ရနိုင်မလား?”
စနစ်: “မရဘူး.. ဒါပေမယ့် ငါအဲဒီဂရုတွေရဲ့ နံပါတ်တွေကို မှတ်ထားတယ်”
ကုကျစ်စုန့်: “ကောင်းပြီ”
ရှောင်ဟဲမှာတော့ ကုကျစ်စုန့်မှ သူနှင့်ပတ်သတ်သည့် အကြောင်းအရာများကို မြင်သာမြင်နိုင်သော်လည်း လက်ဆုတ်လက်ကိုင်မပြနိုင်ဟု ကိုယ့်ကိုကိုယ်နှစ်သိမ့်နေခဲ့သည်။စက္ကန့်ပိုင်းအတွင်းမှာပင် သူကျောချမ်းသွားခဲ့ရပြီးနောက် မောကြည့်လိုက်ချိန်တွင် သူ့အား စိုက်ကြည့်နေသော အမျိုးသမီး သရုပ်ဆောင်၏ မျက်ဝန်းစူးစူးများဖြင့် အကြည့်ချင်းဆုံသွားခဲ့သည်။
မစ်စ်ဟဲ တံခါးကို အတင်းဆွဲပိတ်ရန် ပြင်လိုက်သော်လည်း ကုကျစ်စုန့် လက်ကိုမြှောက်၍ တံခါးလက်ကိုင်ကို ဆွဲကာ အတင်းပြန်ဖွင့်လိုက်သည်။
“နင်ဘာလုပ်ဦးမလို့လဲ? သာမန်လူတွေကို ရိုက်မလို့လား?”
ကုကျစ်စုန့်ကတော့ ဒေါသတကြီးအော်ဟစ်နေသည့်အမျိုးသမီးကို အာရုံမထားပါချေ။
သူမက ဟဲမိသားစု၏ ဧည့်ခန်းတွင်းသို့သာ တန်းတန်းမတ်မတ်ဝင်သွားခဲ့သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူမ ဧည့်ခန်း၏ အတွင်းဆုံးစားပွဲပေါ်တွင် အနက်ရောင် ဖဲပုဝါစဖြင့် ဖုံးအုပ်ထားသော တစ်စုံတစ်ခုအား မြင်တွေ့လိုက်ရပြီးဖြစ်သည်။
သူမ ထိုစားပွဲသို့ပင် တည့်တည့်လျှောက်သွားလိုက်ပြီးနောက် ဖဲပုဝါစအား ဖယ်ရှားလိုက်သည်။
ထိုအဝတ်၏ အောက်တွင် ဖုံးကွယ်ထားသော အရာအား မြင်တွေ့လိုက်ရပြီးနောက် အားလုံးမှင်သက်သွားခဲ့ရသည်။
မစ်စ်ရှု့၏ နှုတ်ခမ်းမှလည်း လေသံယဲ့ယဲ့ဖြင့် စကားသံတစ်ခု ထွက်လာခဲ့ရသည်။
“အဖေ”
ထိုအဝတ်၏ အောက်တွင် ကွယ်ဝှက်ထားသည်မှာ ဓာတ်ပုံဘောင်တစ်ခုပင်ဖြစ်သည်။
ဓာတ်ပုံဘောင်သည်က သရဲ၊တစ္ဆေများအား ဖိနှိပ်ထားနိုင်သော မိုးမခသားဖြင့် ပြုလုပ်ထားသည့် ဘောင်ဖြစ်ပြီး ထိုဓာတ်ပုံဘောင်ထဲမှ ပုံမှာ မစ်စ်ရှု့ဖခင်၏ အဖြူ၊အမည်းဓာတ်ပုံတစ်ပုံပင် ဖြစ်နေခဲ့သည်။
မစ်စတာရှု့၏ တည်တံ့လေးနက်သော မျက်နှာက အဆပေါင်းများစွာ ချဲ့ထား၍ မိုးမခဓာတ်ပုံဘောင်ထဲတွင် ထင်ရှားနေခဲ့သည်။
အဆိုးဆုံးအရာမှာ ဓာတ်ပုံ၏ ရှေ့တွင် မစ်စတာရှု့အား ဖိနှိပ်ထားသည့်အလား ကပ်ထားသော အဝါရောင်ကျမ်းစာရွက်များပင် ဖြစ်ချေသည်။
ထို့အပြင် ဓာတ်ပုံဘောင်တင်ထားသော စားပွဲပေါ်တွင် သံဓားငယ်များစွာ အပြိုင်ချထားခဲ့ပြီး ထိုဓားများ၏ အချွန်သည်လည်း မစ်စတာရှု့၏ ဓာတ်ပုံအား ခြိမ်းခြောက်နေသကဲ့သို့ ချိန်ရွယ်ထားခဲ့သည်။
မျက်စိရှေ့မှ မြင်ကွင်းအား မြင်လိုက်ရပြီးနောက် ကုကျစ်စုန့် ချက်ချင်းပင် လက်အမူအယာတစ်ခုပြု၍ စားပွဲပေါ်မှ ဖွဲ့စည်းပုံအား ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
ဓာတ်ပုံဘောင်ပေါ်မှ အဝါရောင်ကျမ်းစာရွက်များကို ဖယ်ရှားလိုက်ပြီးနောက် သူမ၏နောက်တွင် ရပ်နေသော မစ်စ်ရှု့ဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ရှင် ပြောခဲ့တယ်မလား.. မစ်စတာရှု့ရဲ့ ဝိဉာဉ်ကို ဘယ်လိုမှ ဆင့်ခေါ်လို့ မရဘူးလို့လေ..အခု ကြည့်ရတာ ဒါက မတော်တဆဖြစ်တာ မဟုတ်ဘဲ လူလုပ်ခံထားရတာ ဖြစ်နေတာပဲ”
ဟဲမိသားစု၏ သားအမိနှစ်ယောက် မျက်စိမျက်နှာပျက်နေသည်ကို စိုက်ကြည့်လိုက်ရင်း ကုကျစ်စုန့် စကားဆက်သည်။
“ဒါက ဝိဉာဉ်ကို ချုပ်တည်းထားတဲ့ အစီအရင်ပဲ.. ဒီမိသားစုက ထူးခြားပညာရှင်တစ်ယောက်ကို ရှာပြီးလုပ်ထားတာ.. သူတို့က ရှင့်အဖေ အခဲမကြေနိုင်ဖြစ်နေတာကိုလည်း သိထားပုံပေါ်တယ်
ဒါကြောင့်ပဲ ရှင့်အဖေရဲ့ ဝိဉာဉ်ကို ဦးအောင် ဆင့်ခေါ်လိုက်ပြီး ဒီဓာတ်ပုံဘောင်ထဲမှ ချုပ်ထားခဲ့တာပဲ”
“ပြီးတော့ ရှင့်အဖေကို ညွှန်ထားတဲ့ ဒီဓားအသေးလေးတွေကလည်း ကောင်းချီးပေးခံထားရတဲ့ မှော်လက်နက်တွေပဲ
အဲဒါတွေက မကောင်းမှုဝိဉာဉ်တွေကို ဖိနှိပ်၊ဖယ်ရှားနိုင်တဲ့ အစွမ်းလည်းရှိတယ်.. ဒါတွေနဲ့သာ ရှင့်အဖေရဲ့ ဝိဉာဉ်ကို ရေရှည်ချိန်ထားလိုက်မယ်ဆိုရင်တော့ အဲဒီဝိဉာဉ်က ပျက်စီးသွားနိုင်တယ်”
ဖခင်ရှု့၏ ဝိဉာဉ်ပျက်စီးသွားသည်နှင့် သူ၏ အငြိုးတရားများလည်း ပျောက်ဆုံးသွားမည်ဖြစ်ကာ ရှောင်ဟဲသည်လည်း ဘေးဒုက္ခမှ ကျော်လွှားသွားနိုင်မည်ဖြစ်သည်။
သူက အပြင်းဖျားနေရာမှ မြန်မြန်ဆန်ဆန် သက်သာလာခဲ့သည်။
ယခုအချိန်တွင် သွေးအားနည်း၊ ယန်စွမ်းအင် အားနည်းနေခြင်းတို့မှ လွဲ၍ ကျန်သည့် ဆိုးကျိုးများ ပျောက်သွားခဲ့ရခြင်းမှာ မိုးမခသားဓာတ်ပုံဘောင်ထဲတွင် ဖိနှိပ်ထားခံရသည့် ဖခင်ရှု့၏ ဝိဉာဉ်က အင်မတန် အားလျော့နေသောကြောင့်ပင် ဖြစ်ပေသည်။
ထိုဝိဉာဉ်က အချိန်မရွေးပင် ပျက်စီးသွားနိုင်သည်။
ဤသို့ ချုပ်နှောင်ခံထားရသော ဝိဉာဉ်အား ယခင်ပြိုင်ပွဲဝင်များ မဆင့်ခေါ်နိုင်သည်မှာ မထူးဆန်းတော့ပေ။
ဖခင်ဖြစ်သူအား ဤမျှ ရက်ရက်စက်စက် နှိပ်စက်ထားကြောင်း ကြားလိုက်ရချိန်တွင် မစ်စ်ရှု့ ခွေလဲကျသွားခဲ့သည်။
ဘေးမှ ပရိုဂရမ်အဖွဲ့သားများကြောင့်သာ မဟုတ်ပါလျှင် သူမသည် ဟဲမိသားစုသားအမိထံသို့ ပြေးသွား၍ ရန်ပြုမိမည်ဖြစ်သည်။
“နင်တို့တွေ ဘာလို့ အဲဒီလောက်တောင် ရက်စက်ရတာလဲ? မင်းက လူပျိုမဟုတ်တာကို ဖုံးကွယ်ထားတာတင် မကဘူး.. ငါ့အဖေ့ကိုပါ ပျောက်ကွယ်သွားအောင် လုပ်ဖို့ ကြံစည်နေခဲ့ကြတာလား?”
သက်သေက သူတို့မျက်စိရှေ့တွင် အတိုင်းသားပင်။
ဖွဲ့စည်းပုံနှင့် ဖခင်ရှု့၏ ဓာတ်ပုံက သူတို့အိမ်တွင်း၌ ရှိနေခဲ့သည်။
ဟဲမိသားစု၏ သားအမိနှစ်ဦးသား ဖြေရှင်းချက်မပေးနိုင်တော့။
သူတို့၏ စကားများပင် ဆွံ့အနေခဲ့သည်။ သို့သော် အမှန်တရားကို ဝန်မခံချင်ကြပေ။
ကုကျစ်စုန့် ဓာတ်ပုံဘောင်ပေါ်တွင် ကပ်ထားသည့် အဝါရောင်ကျမ်းစာရွက်အား ဖယ်ရှားလိုက်ပြီးနောက် မိုးမခသားထဲတွင် ချုပ်နှောင်ခံထားရသော ဝိဉာဉ်အား အာရုံခံလိုက်သည်။
သူမ၏ စွမ်းအင်ထိုးဖောက်ဝင်ရောက်သွားချိန်တွင် အင်မတန်အားနည်းနေသော ဝိဉာဉ်စွမ်းအင်တစ်ခုအား ခံစားလိုက်ရသည်။
ထိုအရာမှာ ဖခင်ရှု့ပင် ဖြစ်ပေ၏။