လူမှုကွန်ယက်တွင် သေဆုံးခြင်း (1)
Vol. 36 Ch. 357
ကုကျစ်စုန့် သက်ပြင်းဖွဖွချမိသည်။
“ပြောရရင် မစ်စတာရှု့က ရှင့်ကို နည်းနည်းလေးမှ အပြစ်မတင်ပါဘူး.. ရှင် အချိန်ရော၊ ငွေရော၊ လူအားပါ စိုက်ပြီး လုပ်ပေးနေခဲ့တာတွေက သူ့အပေါ်မှာ သိတတ်လို့ဆိုတာ သူနားလည်တယ်လေ
သူ့ရဲ့ အသုဘအခမ်းအနား ပျက်စီးရလို့၊ သူ့ရဲ့ သင်္ချိုင်းဂူပေါ်မှ မလုပ်သင့်တာတွေ ပြုမူလို့ အဲ့တာတွေကြောင့် စိတ်ဆိုးပြီး ဒေါသထွက်တာမဟုတ်ဘူး..
သူက အပြစ်မရှိတဲ့ နစ်နာသူမိန်းကလေးတွေ ခံစားခဲ့ရတာတွေကို တွေးပြီး ဒေါသထွက်၊ မုန်းတီးတာပဲ”
“လက်စားချေတာကလည်း သူ့ရဲ့ အသုဘကို ဖျက်ဆီးလို့မဟုတ်ဘူး.. အပြစ်ရှိတဲ့ ကောင်ကို အပြစ်ပေးချင်ရုံသက်သက်ပဲ”
အသက်ရှင်ချိန်မှ ကွယ်လွန်ချိန်ထိ မစ်စတာရှု့သည်က ဖြောင့်မတ်သော လူမှန်တစ်ဦးဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ညစ်ပေ၍ သင်္ချိုင်းဂူအား ဖျက်ဆီးခံရပါသော်လည်း သူ၏ ပထမဆုံးအတွေးမှာ ကိုယ်ပိုင်အမုန်းတရားမဟုတ်ခဲ့ချေ။ ယာယီတဲအတွင်းသို့ ခေါ်ခံရပြီး မတရားကျင့်ခံရသော အမျိုးသမီးငယ်နှင့် ချောင်းမြောင်းဓာတ်ပုံရိုက်၊ အရှက်ခွဲခံရသော အမျိုးသမီးငယ်များအတွက် လက်စားချေခြင်းသာဖြစ်သည်။
ထို့ကြောင့် အမျက်ကြီးတစ္ဆေဖြစ်လာသည့် မစ်စတာရှု့က ရှောင်ဟဲ၏ ကိုယ်တွင်းသို့ဝင်ရောက်ကာ အိပ်မက်ထဲတွင် ခြောက်လှန့်နေခဲ့ပြီး အဖျားကြီးကာ ဝေဒနာခံစားစေခဲ့ခြင်းပင် ဖြစ်သည်။
မကြာခင်မှာပင် မစ်စ်ဟဲက ယခုအဖြစ်အပျက်အား စုံစမ်းရန် ထူးခြားပညာရှင်တစ်ဦးအား ပင့်ဖိတ်လာခဲ့သည်။
ထူးခြားပညာရှင်သည်လည်း ရှောင်ဟဲက လူပျိုမဟုတ်ကြောင်း သိလိုက်ရသည်။ သို့သော် တခြားအရာများအား မမြင်နိုင်ခဲ့ပေ။
သူ၏ ခန့်မှန်းချက်အရ မစ်စတာရှု့ ရှောင်ဟဲအား ဖမ်းစားနေရသည့်အကြောင်းရင်းမှာ သူသည် လူပျိုမဟုတ်သည့်အချက်အား လိမ်လည်၍ ဝိဉာဉ်လမ်းပြခဲ့သောကြောင့်ဟု ဆိုလာခဲ့သည်။
ယခုဖြစ်ရပ်တွင် မစ်စတာရှု့၏ အမုန်းတရားသည်က အကြောင်းအရင်းမဟုတ်တော့။
မစ်စ်ဟဲ၏ စိတ်ထဲတွင် သားဖြစ်သူ၏ အပြုအမူ မူမမှန်ကြောင်း တွေးလိုက်သော်လည်း သားသမီးကို ယုံ၍ စုံလုံးကန်းကာ မစ်စ်ရှု့မှ အပိုအလုပ်များ လုပ်နေသည်ဟု ထင်ခဲ့မိသည်။
သားဖြစ်သူအား သရဲ၊တစ္ဆေဖမ်းစားခြင်းမှ ကာကွယ်ရန် သူမ ထူးခြားပညာရှင်ထံ အကူအညီတောင်း၍ သရဲ၊တစ္ဆေများ ရှင်းလင်းသည့် ဖွဲ့စည်းပုံတစ်ခု ဖန်တီး၍ မစ်စတာရှု့၏ ဝိဉာဉ်အား ဓာတ်ပုံဘောင်ထဲတွင် ပိတ်ထားစေခဲ့သည်။
အရည်အချင်းရှိ၍ ဖြောင့်မတ်သော်လည်း အတွေးတိမ်သွားသည့် မစ်စတာရှု့သည်က ထူးခြားပညာရှင်၏ ထောင်ချောက်တွင်းသို့ ကျဆင်းခဲ့ရပြီး ဓာတ်ပုံဘောင်ထဲ၌ ပိတ်ဆို့ခံထားခဲ့ရသည်။
ကုကျစ်စုန့်နှင့် ပရိုဂရမ်အဖွဲ့တို့သာလျှင် ၂ရက်ခန့် နောက်ကျ၍ ရောက်လာပါက မစ်စတာရှု့၏ ဝိဉာဉ်သည် အလုံးစုံ ပြိုကွဲသွားတော့မည်ဖြစ်သည်။
ရှောင်ဟဲ၏ သင်္ချိုင်းဂူအား စော်ကားသည့် အပြုအမူ၊ လျှို့ဝှက်ဗီဒီယိုများ ရိုက်ကူးတတ်သည့် အကျင့်တို့သည်လည်း ဝိဉာဉ်ရေးရာအစီအစဉ်၏ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ဟိုးလေးတကျော်ဖြစ်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟဲ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များသည်လည်း အင်တာနက်ပေါ်တွင် ပလူပျံနေခဲ့သည်။
သူသည်က တက္ကသိုလ်တစ်ခုမှ လောလောလတ်လတ် ဘွဲ့ရထားသူတစ်ဦးဖြစ်သည်။
ကျောင်းတွင်းလှုပ်ရှားမှုများ၊ အဖွဲ့အစည်းများတွင် အမြဲပါဝင်တတ်ပြီး လူကြီးလူကောင်းဟန်ဆောင်တတ်သောကြောင့် သူ့အား မှတ်မိသည့် တချို့သော ကျောင်းသားများသည် အံ့အားသင့်၊ မှင်သက်ခဲ့ကြရသည်။
ရှောင်ဟဲက နောက်ကွယ်၌ ဤမျှ ယုတ်မာပက်စက်သည့် လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု ထင်မထားကြောင်း ပြောဆိုလာကြသည်။
မြို့ပြ၏ အမှောင်ဘက်ခြမ်းအား မမြင်တွေ့ဖူးသူများ၊ ရှောင်ဟဲ၏ အပြစ်ကို ဖုံးကွယ်ချင်ကြသော ကြည့်ရှု့သူတစ်ချို့ကတော့ ‘အဲလိုဂရုမျိုးရှိတာ မယုံပါဘူး’ ‘ကုကျစ်စုန့်ပါးစပ်က ထွက်သမျှ အမှန်ယူနေကြတာလား၊ သက်သေလည်း မရှိဘဲနဲ့’ ဆိုသော မှတ်ချက်များ၊ ပို့စ်များရေးသားခဲ့ကြသည်။
သို့သော် သတင်းပျံ့နှံ့ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် အတွင်းသိသူများ၊ နစ်နာသူများသည်လည်း ထိုကိစ္စနှင့် ပတ်သတ်၍ ပြောဆိုလာခဲ့ကြသည်။
[ပြောရရင် ငါလည်း ငယ်ငယ်တုန်းက မိုက်ကန်းဖူးတယ်.. လူတွေက အဲ့လို ဂရုမျိုးရှိတယ်ဆိုပြီး ငါ့အနားမှာ ပြောနေသံကြားဖူးတယ်လေ.. ဒါနဲ့ သိချင်လို့ ဝင်ကြည့်မိတာပေါ့
တကယ်ကို ရွံရှာစက်ဆုပ်လွန်းလို့ အန်တောင် အန်မိတယ်.. ချက်ချင်းပြန်ထွက်ခဲ့ပြီး နောက်လုံးဝကို လှည့်မကြည့်မိတော့တာပဲ.. ချို့ ဆိုက်ကိုကောင်တွေက သူတို့ရဲ့ပျော်ရွှင်မှုအတွက် သူများ ဘဝကို ဖျက်ဆီးပစ်ချင်ကြတာ]
[အခု ဒီတိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ဖော်ထုတ်လိုက်တာတွေက အမှန်တရားဟုတ်လား၊ မဟုတ်လားဆိုတာတော့မသိဘူး.. ဒါပေမဲ့ အဲဒီဂရုတွေက အပြင်မှာတကယ်ရှိတာနော်
ငါဝင်သွားမိတဲ့ ဂရုထဲက လူတွေဆို ပိုပြီးတောင် ညစ်ပတ်ယုတ်မာတာတွေ လုပ်ကြသေးတယ်.. သူတို့ရဲ့ခန္ဓာကိုယ်က ထွက်တဲ့အရာတွေကို လုပ်ဖော်ကိုင်ဖက်တွေရဲ့ စားစရာသောက်စရာတွေထဲမှာ ဆေးထိုးအပ်နဲ့ ထိုးထည့်တာ
ပြီးတော့ Wechat မှာတင်ထားတဲ့ ပုံတွေကိုလည်း AI တွေနဲ့ ကိုယ်လုံးတီးပုံတွေ ဖြစ်အောင်လုပ်ပြီးတော့ နေရာတကာမှာ လိုက်တင်ကြတာပဲအဲဒီလူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်း ညစ်ညမ်းဝက်ဘ်ဆိုက်တွေမှာ ပို့စ်တင်ကြတော့ အဲ့လုပ်ဖော်ကိုင်ဖက်တွေခမျာ နှာပူးတွေဆီကနှောင့်ယှက်တာ ခံကြရတာ]
[ဒါတွေက အနိမ့်ဆုံးငွေပေးပြီး ဝင်ရတဲ့ ဂရုချက်ထဲမှာ တင်တာပဲရှိသေးတယ်နော်.. အဲဒီထက် ပိုပြီးမြင့်တဲ့ ဂရုချက်တွေထဲမှာဆိုရင် အဖွဲ့ဝင်ကြေးတွေပေးရုံတင်မကဘူး..
သူတို့လို လူမျိုးဖြစ်ကြောင်း သက်သေပြရသေးတယ် ..အိုင်ဒီကတ်ကို ကိုင်ထားတဲ့ ဓာတ်ပုံတွေ၊ ကိုယ်နဲ့ လိင်မတူတဲ့လူတွေကို ဆေးခတ်ပြီးတော့ အသုံးချတဲ့ ဗီဒီယိုတွေကို ဂရုပိုင်ရှင်ဆီ ပို့ပေးရတာ
အဲဒီဂရုတွေထဲမှာဆိုရင်တော့ ဘယ်လိုအရာတွေ တင်ထားမလဲဆိုတာ တွေးတောင် မတွေးရဲဘူး]
[ငါက သူနဲ့ တစ်ကျောင်းတည်း၊ ဌာနတစ်ခုတည်းကပဲ.. ငါကတော့ ရှောင်ဟဲက လူကောင်းမဟုတ်မှန်း အရင်ကတည်းက သိထားတယ်
အရင် ငါတို့ဌာနက ဗီလာတစ်ခုငှားပြီး ပါတီလုပ်ဖူးတယ်လေ ညဘက်ကိုရောက်တော့ သူက ကျောင်းသားသစ် ကောင်မလေးတစ်ယောက်ကို ဝိုင်တွေ အတင်းထည့်ပေးတာ
ကလေးမလေးက စိတ်တွေ ပူပြီး ငါ့ကို အိမ်သာထဲမှာ အကူအညီတောင်းခဲ့သေးတယ်.. သူပြောတဲ့စကားအရ သူက အရင်တုန်းက တော်တော်လေး သောက်နိုင်တယ်တဲ့လေ.. ဒါပေမဲ့ အဲဒီနေ့တုန်းကကျ ခြေတွေရော၊ လက်တွေရော အားလျော့ပြီး နေလို့မကောင်းဖြစ်နေခဲ့တယ်တဲ့
သူ့ရဲ့ဝိုင်ခွက်ထဲကို ကြည့်လိုက်တော့ ခွက်အခြေမှာ အနယ်ထိုင်နေတဲ့ ဆေးမှုန့်တွေ တွေ့သလိုပဲလို့ပြောတယ်.. အဲဒါက အဲ့ဒီရှောင်ဟဲ ထည့်ပေးတဲ့ဝိုင်ပဲ!]
[ငါ အဲဒီကလေးမလေးကို အဆုံးထိ သေသေချာချာကူညီပေးခဲ့ပါတယ်.. ငါတို့နှစ်ယောက်လုံးလည်း ဘယ်သူ့မှ ပြောမပြရဲဘူး.. ဒါက အထင်ပဲ ရှိပြီး သက်သေမရှိဘူးလေ]
[အခုကြည့်နေကြတဲ့ ပရိတ်သတ်တွေအကုန်လုံးလည်း မျက်စိပွင့်ကြသင့်ပြီ.. တစ်ဖက်လူက မင်းတို့ကို အပြစ်ပဲတင်မယ်.. မင်းလိုချင် သဘောကျတာတွေကိုလည်း လက်မခံဘဲ အရမ်းချုပ်ချယ်နေပြီး ငွေတွေလည်း အများကြီးတောင်းတယ်ဆိုရင်တော့ လမ်းခွဲလိုက်ကြတော့!]
[အဲဒီလိုလုပ်တဲ့ကောင်တွေက လူလိမ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လူယုတ်မာပဲ! ]
[ဟုတ်တယ်.. ငါလည်း ဘေးနားမှာ အတင်းပြောသံကို ကြားလိုက်ရတာ ကောင်လေးတစ်ယောက်က ရူးပြီးတော့ အုတ်ဂူပေါ်မှာ ညစ်ညမ်းဗီဒီယိုရိုက်ထားတာတဲ့..]
[ငါ့အနားမှာလည်း အဲဒီလိုတိရိစ္ဆာန်ကောင်တွေ ရှိတယ်.. အရင်တုန်းကတော့ လူတွေက ဘာလို့ ငါ့ဆီကို ‘တစ်ညဘယ်လောက်လဲ’ဆိုတာတွေ၊ အဆဲအဆိုစကားတွေ ပို့နေကြလဲဆိုတာ ဘယ်လိုမှ စဉ်းစားလို့ မရခဲ့ဘူး
ဒါပေမဲ့ ငါနဲ့သိတဲ့ ကောင်မလေးတစ်ယောက်လည်း အဲဒီလိုမျိုး စာတွေကိုရနေခဲ့တာ.. သူငယ်ချင်းတွေဆီကနေ သဲလွန်စရှာပြီးတော့မှ ငါတို့နှစ်ယောက်ပေါင်းပြီး အဲဒီခွေးကောင်ကို ရှာတွေ့ခဲ့ကြတယ်.. သူက အရင်အဖွဲ့လိုက်ပြိုင်ပွဲတစ်ခုမှာ ငါတို့ကို ရှုံးခဲ့တာလေ.. အဲဒါကို မကျေနပ်တာနဲ့ ရန်ငြိုးထားပြီး လုပ်တာတဲ့]
[ငါတို့လည်း သူလုပ်ထားတဲ သက်သေကို သူငယ်ချင်းတွေဆီကိုလည်း ပို့ပြီး ကျောင်းဂရုထဲမှာလည်း ပို့လိုက်တယ်.. အဲဒီကောင် ယုတ်မာတာကို ပြန်ဖော်ချခဲ့ကြတာ
အခု သေသေချာချာပြန်စဉ်းစားကြည့်ရင် အဲဒီအကောင်က ဒီထက်ယုတ်မာတာတွေလည်း လုပ်ရင်လုပ်ထားလောက်မှာပဲ၊ ငါအခု သူ့ကို ပါးတွေပဲ ဆွဲရိုက်ပစ်လိုက်ချင်တာ
အခု ဒီမှတ်ချက်ထဲက အဲဒီရှောင်ဟဲဆိုတဲ့တစ်ယောက်နဲ့ သိတဲ့သူတွေကိုလည်း နည်းနည်းပါးပါး ဂရုစိုက်ကြဦးနော်.. အသိုက်တစ်ခုတည်းက ဖြစ်နေဦးမယ်!]
[……]
ထပ်မံ၍ ပုံစံတူအဖြစ်အပျက်များ ပေါ်လာပြီးနောက် ရှောင်ဟဲ၏ ရည်းစားဟောင်းများသည်လည်း သူတို့တွင် ရှိသည့် သက်သေများ၊ ထိုနိမ့်ကျသည့် လူ့တိရိစ္ဆာန်နှင့် တွဲခဲ့ချိန် ကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ ပြဿနာများကိုလည်း ဖွင့်ဟလာခဲ့ကြသည်။
လူအများသိကြပြီးဖြစ်သည့် ‘သင်္ချိုင်းဗီဒီယို’တွင်းမှ လက်သည်းအလှပြင်ဆိုင်ပိုင်ရှင် ကောင်မလေးလည်း အမည်မဖော်ပဲ ဖြစ်ရပ်မှန်အား ပြောဆိုလာခဲ့သည်။
ထိုအဖြစ်အပျက်သည်က အမှန်ဖြစ်ကြောင်း၊ ဖြစ်ပျက်ခဲ့သည့် အသေးစိတ်မှာလည်း ကုကျစ်စုန့်ပြောသည့်အတိုင်း မှန်ကန်ကြောင်း ထောက်ခံခဲ့သည်။
ထိုကိစ္စဖြစ်ပျက်ပြီးချိန်တွင် သူမအနေဖြင့် ညစဉ်ရက်ဆက် မှောင်မိုက်သုန်မှုန်သော သင်္ချိုင်းကုန်းအား အိပ်မက်,မက်ခဲ့ပြီး မျက်လုံးထောင်ပေါင်းများစွာက သူမအား စိုက်ကြည့်နေသကဲ့သို့ ခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့သည်။
နောက်ပိုင်းတွင်တော့ အကြီးအကျယ်ဖျားနာပြီးနောက် သူမ၏အတွေးအခေါ်များလည်း ယခင်ထက် ပို၍ ကြည်လင်လာခဲ့သည်။
သူမအနေဖြင့် ယခင်က ရှောင်ဟဲ၏ သူမအပေါ် အင်မတန်လွမ်းဆွတ်နေကြောင်း စကားများကို ယုံကြည်မိခဲ့ပြီး သူမက သူနှင့် အကြိုက်မတူ၊ အတွေးအခေါ်မတူဟုသာ ခံစားခဲ့ရကာ ထိုကိစ္စအား ကောင်းစွာ မတွေးခဲ့မိပေ။
ယခု ဖြစ်ရပ်မှန်ကို သိလိုက်ရပြီးချိန်တွင် သူမ နှုတ်ဆိတ်မနေနိုင်တော့။
သူမ အမည်ရင်းအား အသုံးမပြုရသည့်အကြောင်းအရင်းမှာတော့ ကိုယ်တိုင်လည်း အနည်းငယ် စိတ်ညစ်ညူးနေရသောကြောင့် ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်အား ချောင်းမြောင်းဗီဒီယိုရိုက်ကူးခံရပြီး အင်တာနက်ပေါ်တွင် အဖြန့်ခံလိုက်ရသည်ဆိုသော အသိကြောင့် မျက်နှာပင် မပြရဲအောင် အရှက်ရနေခဲ့သည်။
ဗီဒီယိုကို မြင်ပြီးသူများကသာ သူမအား မှတ်မိသွားပါက ထူးဆန်းသည့် မျက်လုံးများဖြင့် ကြည့်ကြမည်ကိုလည်း ကြောက်ရွံ့နေခဲ့မိသည်။မည်သို့ပင် ဖြစ်စေကာမူ သူမကိုယ်တိုင်အတွက် ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။
အဆုံးသတ်တွင် မိန်းကလေးက သူမအနေဖြင့် အင်တာနက်တွင် အမည်ထုတ်မပြောခဲ့သော်လည်း ရဲစခန်းသို့ သွား၍ သူမ၏ အမည်ရင်းဖြင့် ရှောင်ဟဲအား တိုင်ကြားမည်ဟုပြောခဲ့လေသည်။
သူမကိုယ်တိုင်လည်း ထိုနေ့က ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မှတ်မိသမျှ ပြောဆိုမည်ဖြစ်ကြောင်း၊ ရဲများဖြင့် ပူးပေါင်း၍ မကောင်းမှုပြုသူအား ထိုက်တန်သည့် အပြစ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယခုအချိန်တွင်တော့ အမှန်တရားက ထင်ရှားစွာ ထွက်ပေါ်လာခဲ့ပေပြီ။