လူမှုကွန်ယက်တွင် သေဆုံးခြင်း (2)
Vol. 36 Ch. 358
သားဖြစ်သူ၏ ဖြူဖျော့သွေးဆုတ်နေသော မျက်နှာကို မြင်ရပြီးနောက် မိခင်ဖြစ်သူ မစ်စ်ဟဲသည်လည်း သူမ၏အရှေ့တွင်ရှိနေသော အမျိုးသမီးပြောဆိုသွားသည့်အရာများက အမှန်တကယ်ဖြစ်နိုင်ကြောင်းကို သဘောပေါက်လိုက်သည်။
သားဖြစ်သူမှာ သူမထင်ထားသကဲ့သို့ လိမ္မာရေးခြားရှိ၍ သိတတ်သူမဟုတ်နေခဲ့ပေ။ သူမ၏နောက်ကွယ်တွင် မကောင်းသည့် အလုပ်များကိုပင် လုပ်နေခဲ့သည်။
သို့ဖြစ်လျှင်တောင်မှ သူမ၏စိတ်ထဲတွင် သားဖြစ်သူအား မည်သို့ အပြစ်လွတ်အောင် ကူညီပေးရမည်နည်းဆိုသော အတွေးသာရှိသည်။
သူ၏ လုပ်ရပ်များအတွက် ဆူပူခြင်း၊ အပြစ်ဒဏ်ပေးရန် စိတ်ကူးမရှိပေ။
သူမက မစ်စ်ရှု့ထံသို့ တောင်းပန်လိုသောမျက်နှာဖြင့် ပြေးသွားခဲ့ပြီးနောက် သူမ၏ လက်အား တင်းတင်းဆွဲကိုင်လိုက်သည်။
“အစ်မရှု့၊ ငါတို့ရှောင်ဟဲက အပြစ်လုပ်မိသွားပါတယ်.. ငါတို့လည်း မရိုးမသားနဲ့ လိမ်ခဲ့မိပါတယ်.. ဒီတစ်ခါတော့ ကလေးကို ခွင့်လွှတ်ပေးလိုက်ပါလား
သူ နောက်ဆိုရင် ဘယ်တော့မှ အဲ့လိုအလုပ်မျိုးတွေ မလုပ်တော့ပါဘူး.. သူ့ကိုယ်သူလည်း မှားမှန်း သိနေပါပြီ”
“ပရိုဂရမ်အဖွဲ့ကလူတွေကိုလညား သူတို့ရိုက်ထားတဲ့ ဗီဒီယိုတွေ ဖျက်ပစ်ဖို့ ပြောပေးပါဦး?”
“အစ်မဖြစ်စေချင်တာ အကုန်လုပ်ပါမယ် .. ငါ ဒူးထောက်ပြီး တောင်းပန်ဆိုလည်း တောင်းပန်ပါမယ် ကလေးကို ခွင့်လွှတ်ပေးပါ.. သူက ဒီနှစ်မှ ကျောင်းပြီးထားတာ အလုပ်တောင် မဝင်ရသေးဘူး အိမ်ထောင်လည်း မပြုရသေးပါဘူး
သူ့ဘဝက ဒီအဖြစ်အပျက်ကြောင့် ပျက်သွားလို့ မဖြစ်ဘူးလေ.. ငါတို့မိသားစုတွေလည်း အရင်ကတည်းက ရင်းနှီးလာကြတာလေးကို မျက်နှာထောက်ပြီး ကူညီပါဦး”
မစ်စ်ရှု့က သူမ၏ လက်မောင်းကို ဆွဲကိုင်ထားသည့် မစ်စ်ဟဲ၏ လက်အား ဆွဲဖြုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် မစ်စ်ဟဲသည် သူမအား အတင်းတွယ်ကပ်နေခဲ့သည်။
လူနှစ်ယောက်၊သုံးယောက်ခန့်က မစ်စ်ဟဲ၏ လက်ကို ကြိုးစား၍ ဆွဲဖြုတ်သော်လည်း မရ။
သူမ တောင်းပန်နေချိန်အတွင်းမှာပင် မစ်စ်ဟဲက သားဖြစ်သူဘက်သို့ ခေါင်းလှည့်၍ တောင်းပန်ရန် အော်ပြောလိုက်သည်။
သို့သော် ရှောင်ဟဲက တုတ်တုတ်မျှပင် မလှုပ်။
ဤအစီအစဉ်သည်က အင်တာနက်ပေါ်တွင် နာမည်ကြီးအစီအစဉ်ဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်ဖြစ်ကြောင်းကို သူသိထားပြီးဖြစ်သည်။
အရာအားလုံးက အင်တာနက်ပေါ်တွင် တိုက်ရိုက်လွှင့်ပြီးဖြစ်၍ တောင်းပန်နေလည်း ထူးခြားမည်မဟုတ်တော့ပေ။
ထို့အပြင် သူ့အနေဖြင့် သူ့ မှားယွင်းနေသည်ဟု သဘောမပေါက်သကဲ့သို့ နောင်တလည်း မရပေ။
ထိုသို့သိတတ်သည့်စိတ်ဓာတ်ရှိနေပါက သူသည်က ဤမျှ ညစ်ညမ်းသည့် လုပ်ရပ်များကို ပြုလုပ်မည်မဟုတ်သကဲ့သို့ ချစ်သူဖြစ်သူကိုလည်း အသုံးချလိမ့်မည်မဟုတ်။
မစ်စ်ရှု့လည်း မစ်စ်ဟဲစကားကြောင့် ဒေါသထွက်လွန်းသောကြောင့် အော်ဟစ်လိုက်မိသည်။
“ရှင့်သားရဲ့ အနာဂတ်ကြီးကတော့ အရေးကြီးပြီး ကျွန်မအဖေရဲ့ ဝိဉာဉ်ကတော့ အရေးမကြီးဘူးလား? ရှင့်သား ဖျက်ဆီးပစ်ခဲ့တဲ့ ကလေးမလေးတွေရဲ့ ဘဝကရော အဖိုးမတန်ဘူးလား?
သူတို့တွေလည်း သူတို့မိဘတွေအတွက်တော့ ရတနာတွေပါပဲ.. ဒါတောင်မှ ရှင့်သားကြောင့် သူတို့လေးတွေ ဘဝပျက်ခဲ့ရတာလေ ရှင်တို့ကို ကျွန်မလုံးဝ ခွင့်မလွှတ်နိုင်ဘူး”
နောက်ဆုံးတွင်တော့ ပရိုဂရမ်အဖွဲ့၏အကူအညီဖြင့် မစ်စ်ဟဲအား ဆွဲဖယ်လိုက်နိုင်ပြီးနောက် သူမက ကုကျစ်စုန့်ဘက်သို့ မျက်ရည်ဝိုင်းနေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။
“ကုတောက်ကျန့်.. ကျွန်မအဖေ.?”
“သူ့ရဲ့ ဝိဉာဉ်က မပြိုကွဲသေးဘူးဆိုတော့ ကယ်တင်လို့ အချိန်မှီသေးတယ်.. သူ့ကို ခဏလောက် သေသေချာချာ ဂရုစိုက်ပေးလိုက်ရင် အဆင်ပြေသွားမှာပါ”
သူမ၏လက်ထဲရှိ ဓာတ်ပုံအတွင်းမှ အားနည်းသော ဝိဉာဉ်စွမ်းအင် လှုပ်ရှားမှုများကို ခံစားနေရသည်။
ကုကျစ်စုန့် ခေတ္တရပ်လိုက်ပြီးနောက် မစ်စ်ရှု့အား ကြည့်ရင်း ပြောလိုက်သည်။
“ရှင့်အဖေက ကျွန်မကို စကားမှာလိုက်တယ်.. ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ကိုယ့်ကိုကိုယ် သေချာဂရုစိုက်ပြီး ကာကွယ်ပါ တဲ့”
ချက်ချင်းပင် မစ်စ်ရှု့၏ မျက်ဝန်းအစုံမှ မျက်ရည်များ စီးကျလာခဲ့ပြီး ရှိုက်ကြီးတငင် ငိုကြွေးလုခဲ့သည်။
ပရိုဂရမ်အဖွဲ့လည်း ကင်မရာများ၊ ရိုက်ကူးရေးကိရိယာများအား သယ်ဆောင်၍ ဟဲမိသားစုအိမ်မှ ဖခင်ရှု့နေထိုင်ခဲ့သည့် နေရာသို့ ပြန်လာခဲ့ကြသည်။
ထို့နောက် ထိုအိမ်ရာတွင် နေထိုင်သူတချို့က အောက်ထပ်လှေကားအနီးတွင် စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။
သူတို့သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ပြီးနောက် အမှန်တရားကို သိရှိပြီး ဖြစ်ဟန်ပေါ်သည်။ ယခုတကြိမ်တွင်တော့ မစ်စ်ရှု့အနီးတွင် ဝိုင်းကာ အားနာသော အကြည့်များဖြင့် တောင်းပန်စကားဆိုခဲ့ကြသည်။
ဟဲမိသားစု သားအမိကိုလည်း လူမဆန်သည့် တိရိစ္ဆာန်များဟု ဆဲရေးတိုင်းထွာခဲ့ကြသည်။
လူအုပ်ကြီး၏ နောက်တွင် အသံတိတ်၊ ငြိမ်နေခဲ့သော ကုကျစ်စုန့်တစ်ယောက် သူမ၏ အိတ်ကပ်ထဲမှ တုန်ခါမှုအား ခံစားလိုက်ရသည်။ သူမ ဖုန်းကိုဖွင့်ကြည့်လိုက်ချိန်တွင် ရုန်ချန်ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ ဂရုချက်ထဲတွင် ကျန်းရူယွီမှ သူမအား စာပို့ထားကြောင်း တွေ့လိုက်ရသည်။ရှောင်ဟဲက မူမမှန်ကြောင်းကို သတိထားမိလိုက်သည်နှင့် သူမက ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ လူများနှင့် ဆက်သွယ်၍ သူနှင့်ပတ်သတ်သည့် အချက်အလက်များကို အရင်ဆုံး အကြမ်းဖျင်းပြောပြခဲ့သည်။
ထို့နောက် ရုံးချုပ်မှ ချက်ချင်း အင်တာနက်ရဲအရာရှိများဖြင့် ချိတ်ဆက်၍ ဂရုချက်များကို ရှာဖွေပြီးနောက် သာမန်လူများအဖြစ် ဟန်ဆောင်ကာ ဝင်ကြေးပေး၍ သာမန်အဆင့်ဂရုချက်များအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
ထိုဂရုထဲတွင် အချက်အလက်များ၊ ဗီဒီယိုများ တင်ခဲ့သူတိုင်း၏ ကိုယ်ရေးကိုယ်တာအချက်များကို ကူးယူ၍ အဆင့်မြင့် ဂရုချက်၏ ပိုင်ရှင်ကိုလည်း ရှာဖွေခဲ့ကြသည်။
အနည်းငယ်ညှိနှိုင်းမှုများ ပြုလုပ်ပြီးချိန်တွင် တစ်ဖက်လူမှ အိုင်ဒီကတ်ကိုင်ဆောင်ထားသည့်ပုံများ၊ တစ်ဖက်လူအား မကောင်းကြံစည်နေသည့် ပုံများပို့ပေးရန် တောင်းဆိုလာခဲ့သည်။
အင်တာနက်ရဲအရာရှိများက တစ်ဖက်လူအား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်၍ အချိန်ဆွဲနေချိန် နည်းပညာဆိုင်ရာ အရာရှိများမှလည်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တစ်ဖက်လူ၏ အချက်အလက်များ၊ နေထိုင်ရာမြို့နယ်နဲ့ နေရာတို့အား ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထို့နောက် ထိုလူနေထိုင်ရာ မြို့မှ ဒေသခံရဲစခန်းအား အကြောင်းကြား၍ ဖမ်းဆီးစစ်ဆေးစေခဲ့သည်။
ထို့ကြောင့် ဂရုချက်အမှုသည်က အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး ဂရုအများစုမှ အဖွဲ့ဝင်များ ထွက်သွားခဲ့ကြသည်။ ထိုဂရုချက်များက ပျက်သွားခဲ့သော်ငြား ရဲအရာရှိများသည်က လိုအပ်သည့် အချက်အလက်များကို စုဆောင်းပြီးဖြစ်သောကြောင့် မည်သူမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ကျန်းရူယွီသည် အမှု၏ ဖြစ်စဉ်၊ စုံစမ်းစစ်ဆေးနေသည့် အခြေအနေတို့အား ဂရုထဲတွင် အလုံးစုံ ရေးသားတင်ပြခဲ့သည်။
စုံစမ်းစစ်ဆေးမှုက မြန်ဆန်လွန်းလှသောကြောင့် အဆင့်မြင့်ဂရု၏ ပိုင်ရှင်မှာ ဂရုချက်များကိုပင် ဖျက်ရန် အချိန်မရလိုက်ပါချေ။ ဒေသခံရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုလျှင်မြန်စွာ ခံလိုက်ရသည်။
ရဲအရာရှိများက အဆင့်မြင့်ဂရုများအတွင်းသို့ ဝင်ရောက်၍ သက်သေခံဗီဒီယိုများ၊ ဓာတ်ပုံများနှင့် အချက်အလက်များကို ရယူနိုင်ခဲ့သည်။ ထိုဂရုများထဲတွင် တရားမဝင်ပြစ်မှုများ မရေတွက်နိုင်အောင် မြင်တွေ့ခဲ့ရပြီး မြင်သူတိုင်း ရွံရှာစက်ဆုတ်ရသည်။
“အဆင့်မြင့်ဂရုထဲက လူတိုင်းက ပြစ်မှုကျုးလွန်ထားတဲ့လူတွေချည်းပဲ.. စုန့်စုန့် မင်း ဒီတစ်ခါတော့ အမှုကြီးကြီးကို ဖော်လိုက်နိုင်တာပဲ!”
ကျန်သည့် အဖွဲ့ဝင်နှစ်ဦးလည်း ထောက်ခံကြသည်။
“ကုတောက်ကျန့်က အရမ်းမိုက်ပဲ”
“စကားမစပ် ငါတို့အင်တာနက်ရဲအရာရှိတွေက သေခါနီး ကျားကုတ်ခဲချင်နေတဲ့ အကောင်တွေ တွေ့လိုက်ရသေးတယ် ..သူတို့ထင်တာကတော့ စုန့်စုန့်က သူတို့လုပ်ခဲ့သမျှတွေကို အကုန်ဖော်လိုက်လို့ သူတို့တွေ မလုံခြုံတော့ပဲ ဒုက္ခရောက်ရတယ်တဲ့
ဒါကြောင့် သူတို့တွေက သိမ်းထားတဲ့ နစ်နာသူတွေရဲ့ ဗီဒီယိုတွေကို အင်တာနက်ပေါ်မှာ အလုံးလိုက်၊ အရင်းလိုက်တွေ တင်ပစ်ကြတာလေ..
ပြီးတော့ အချို့လူတွေဆီဆိုရင် သူတို့ဆီမှာ နောက်ထပ်ဗီဒီယိုအရင်းအမြစ်တွေ ရှိသေးတယ်ဆိုပြီး စာတွေလိုက်ပို့တယ်.. တော်တော်ကို အောက်တန်းကျလွန်းပါတယ်”
“ဘာပဲဖြစ်ဖြစ် ငါတို့တွေ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို ခေါ်ပြီး သေချာ စစ်ဆေးခိုင်းထား တယ် .. သူတို့တွေကို အဲဒီအကောင်တွေ သုံးတတ်တဲ့ စကားတွေ၊ tag တွေနဲ့ ဗီဒီယိုတွေကို ဖယ်ခိုင်းပြီး၊ အဲဒီကောင်တွေရဲ့ အကောင့်တွေကိုလည်း ဖျက်ချဖို့ ပြောထားပေးတယ်
အနည်းဆုံးတော့ နစ်နာသူတွေရဲ့ အချက်အလက်တွေ၊ ဗီဒီယိုတွေ ထပ်ပြီး မပြန့်အောင် သေငေချာချာတားပေးဖို့ ပြောထားတယ်
အတတ်နိုင်ဆုံးကြိုးစားပြီး နစ်နာသူတွေကို သွယ်ဝိုက်ပြီး ထိခိုက်တာမျိုးတွေ မဖြစ်အောင် တားရမယ်”
ဂရုတွင်းမှ စာများကို ဖတ်ပြီးချိန်တွင် ကုကျစ်စုန့်၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။
ခေတ္တကြာပြီးနောက် သူမစိတ်ထဲမှ စနစ်ကို မေးလိုက်သည်။
“အဲဒီ ဂရုထဲက လူတွေရဲ့ အချက်အလက်တွေ သိမ်းထားတာ ရှိသေးလား?”
“ရှိတယ်လေ.. ဘာဖြစ်လို့လဲ စုန့်စုန့်”
“ငါ့ကို ကော်ပီတစ်ခုလုပ်ပေး”
နေ့ဝက်ခန့်ကြာပြီးနောက် ‘အဆင့်မြင့်ဂရုချက်တွင်းမှ အပြစ်ကျုးလွန်ကြသူများ’ စာရင်းတစ်ခုက အမည်မသိအွန်လိုင်းဖိုရမ်တစ်ခုတွင် ရုတ်တရက်ပေါ်လာခဲ့သည်။
ထိုစာရင်းထဲတွင် ရွံစရာကောင်းသည့် ညစ်ညမ်းစကားများ၊ ဂရုအတွင်းမှ အသုံးပြုသူများ၏ ပရိုဖိုင်ပုံများကို ရိုက်ထားသည့် screenshot များ ပါဝင်သည်။ ထိုအရာများက အမှန်တရား၏ သက်သေပုံများဖြစ်ပြီး ဂရုအဖွဲ့ဝင်များ၏ အကောင့်အချက်အလက်များလည်း ပါဝင်သည်။
စာရင်းသည်က ရှည်လျားလွန်းသောကြောင့် ကြည့်ရှုသူများ ဆွဲချ၍ပင် မနိုင်ခဲ့ပေ။ ခန့်မှန်းချက်အရ လူ ၂၀၀၊ ၃၀၀ကျော် ရှိမည်ဟု ယူဆရပြီး ပို၍ပင် များပြားနိုင်ချေသာရှိသည်။
ထိုစာရင်းပေါ်ထွက်လာခြင်းကြောင့် အင်တာနက်ပေါ်တွင် အကြိတ်အနယ်ဆွေးနွေးမှုများ ပေါ်လာသည့်အပြင် စာရင်းတွင်ပါဝင်သော လူများ၏ အချက်အလက်များကိုလည်း ဝိုင်း၍ ဖော်ထုတ်ကြတော့သည်။
စာရင်းမှလူများက အကောင့်များ ဖျက်ပြေးကြသော်လည်း အသုံးမဝင်ခဲ့ပေ။
Social media ခေတ်ကြီး၌ နေထိုင်နေသူများက သဲလွန်စကောက်ရန် မခက်ခဲလှ။ထိုစာရင်းထဲမှ လူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားသည်နှင့်တပြိုင်နက် သူတို့၏ အလုပ်အကိုင်များ၊ တကယ့်ဘဝမှ အချက်အလက်များလည်း အကုန်ပေါ်လာခဲ့သည်။
ပို၍ အံ့ဩဖွယ်ကောင်းလှသည်မှာ ထိုလူများက ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေသည့် သာမန်လူ အများစု ဖြစ်နေခြင်းပင်။
တချို့လူများ၏ ပရိုဖိုင်ဓာတ်ပုံတွင် အိမ်မှ ချစ်စရာကလေးငယ်လေးများ၏ ဓာတ်ပုံဖြစ်နေပြီး အချို့မှာတော့ ချစ်ခင်ကြင်နာကြသည့် စုံတွဲပုံများဖြစ်ကြသည်။ တချို့မှာ ဝတ်စုံအပြည့်၊ နက်ကတိုင်ဖြင့် အလုပ်ပုံများ ဖြစ်ကာ အချို့မှာတော့ ရှု့ခင်းဓာတ်ပုံများဖြစ်ကြသည်။
ထိုလူများသည်က ကမ္ဘာအနှံ့မှ အသက်အရွယ်အစုံ၊ လူမျိုးအစုံဖြစ်နေခဲ့သည်။ သူတို့ထဲတွင် အမျိုးသမီးတချို့ပင် ပါဝင်နေခဲ့ပေသည်။