အခန်း (၃၅၉)
Vol. 36 Ch. 359
စာရင်းထဲမှ ပြစ်မှုကျူးလွန်သူများက တစ်ယောက်ပြီးတစ်ယောက် သူတို့အား ဖော်ထုတ်ခဲ့သူအား ပြန်၍ လက်ညှိုးထိုးချင်ကြသေးသည်။ သူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများ၊ မိသားစုအချက်အလက်များ ဖော်ထုတ်ခံရပြီးနောက် လမ်းဖြတ်ကူးသည့် ကြွက်များအလား ဂဏှာမငြိမ်နိုင်ကြတော့။
တချို့လူများက မိန်းမ၊ကလေးများနှင့် ခွဲလိုက်ရသည်။ တချို့မှာတော့ ကုမ္ပဏီမှ အလုပ်ထုတ်ခံလိုက်ရသည်။ တချို့မှာတော့ မိဘများ၊ ဆွေမျိုးများ၏ ဖုန်းဆက်အပြစ်တင်ဆဲဆိုခြင်းများ ခံကြရသည်။
အတိုချုံးပြောရလျှင် သူတို့က လူမှုပတ်ဝန်းကျင်တွင် ဘဝလမ်းဆုံးသွားပြီဖြစ်ပေသည်။
အင်တာနက်ပေါ်တွင်သာ ယုတ်မာရဲပြီး တကယ့်လောကတွင် သတ္တိမရှိသော အပြစ်သားတချို့သည်လည်း ဆေးသောက်၍ သက်သေရန် ကြိုးစားကြသည်။
သူတို့က မိဘများ၊ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် အင်တာနက်ပေါ်မှ လူများ၏ စွပ်စွဲမှုများကို ရှောင်ရှားရန်သက်သက်သာဖြစ်သော်လည်း ထိုသို့ ကြိုးစားရုံမျှဖြင့် သူတို့က အပြစ်ကျုးလွန်သူဘဝမှ နစ်နာသူဖြစ်လာမည်လည်းမဟုတ်ပါချေ။
ယခုတကြိမ်တွင်တော့ အင်တာနက်သုံးစွဲသူများက အလိမ်အညာများကို အယုံအကြည်မရှိတော့ပါချေ။
ထိုသတင်းများကို မြင်ရလျှင် လူအများစုက ကိုယ့်ထိုက်နှင့် ကိုယ့်ကံ၊ ထိုက်သင့်သည့် အပြစ်ဒဏ်ခံရခြင်းဟု ဆိုကြသည်။
[ရယ်ချင်လိုက်တာ.. မင်းတို့ကကျတော့ သူများတွေကို အနိုင်ကျင့်၊ ဆေးခတ်ထားပြီး သူတို့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖြန့်တယ်.. အခု ဓားဦးက မင်းတို့ဘက် ပြန်လှည့်လာတော့ နာတတ်ပြီပေါ့
တန်ရာတန်ရာပဲ ဟေ့ကောင်တွေ.. ဒီစာရင်းကို စပြီး တင်လိုက်တဲ့သူကတော့ တရားမျှတမှုရဲ့ တမန်တော်ပဲဖြစ်ရမယ်
အစတည်းက အဲလိုလုပ်ရမှာ.. ဒီလိုကောင်မျိုးတွေရဲ့ ဓာတ်ပုံတွေနဲ့ အိုင်ဒီတွေ အကုန်ပေါ်ကုန်တာ ကြည့်ရတာ အရမ်းကို အားရတာပဲ!]
[ဒီလူတွေရဲ့ အချက်အလက်ကို ဖော်လိုက်တာ မဖြစ်သင့်ဘူးလို့ပြောတဲ့ မေတ္တာစေတနာရှင်တွေကိုပြောချင်တယ်.. ရှင်တို့ရဲ့ မေတ္တာတွေကို ပြန်သိမ်းလိုက်ကြပါဦး..
ဒီလူတွေက ‘အဆင့်မြင့်ဂရု’က လူတွေဆိုတာ မမေ့ကြနဲ့ဦး.. သူတို့အကုန်လုံးက အပြစ်မဲ့တဲ့လူတစ်ယောက်လောက်ကိုတော့ ဆေးခတ်ပြီး အခွင့်အရေးယူခဲ့တဲ့ လူတွေချည်းပဲ
အပြစ်ကို ကျူးလွန်ထားတာက တစ်ကြိမ်တည်းတောင် ကမှာမဟုတ်ဘူးနော်.. သူတို့က လူကောင်းတွေ မဟုတ်ဘူး ..သူတို့ဘဝ အခုလို ဖြစ်လာတာ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေကြောင့်ချည်းပဲ တစ်စက်လေးမှ သနားဖို့ မကောင်းဘူး!]
[ငါတို့သနားရမှာက တကယ့်နစ်နာသူတွေကိုပဲ.. ငါတို့မှာ ဒီအပြစ်ကျူးလွန်တဲ့သူတွေကို နစ်နာသူတွေအစား ခွင့်လွှတ်ပေးပိုင်ခွင့်မရှိဘူး]
[မင်းတို့အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရ၊ အပြစ်ပေးခံရတာတွေကို မြင်တော့ ကြောက်တတ်ပြီပေါ့
ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း သေချာပြလိုက်စမ်းပါ၊ မင်းတို့က ဘယ်လိုမျိုး အောက်တန်းကျတဲ့လူတွေလဲဆိုတာ.. ဒါမှ အဲဒီလူတွေလည်း ကြောက်တတ်ပြီး မင်းတို့လို ကောင်တွေကို ရှောင်နိုင်အောင်လို့!]
[……]
ထပ်မံ၍ အတိုချုပ်ပြောရလျှင် အသနားခံရမည်ထင်သောကြောင့် ကိုယ့်ကိုကိုယ်သတ်သေချင်ယောင်ဆောင်သည့် နည်းလမ်းများသည်က အလုပ်မဖြစ်လိုက်ပါချေ။ အင်တာနက်တစ်ခုလုံး၏ ဟားတိုက်ခြင်းသာ ခံလိုက်ရသည်။
စနစ်သည်လည်း အွန်လိုင်းမှ မှတ်ချက်များကို ဖတ်ကာ အကျေနပ်ကြီး ကျေနပ်နေခဲ့သော်လည်း အနည်းငယ်တော့ စိတ်ပူမိသည်။
“စုန့်စုန့် မင်းအခုလို တိုက်ရိုက်ဝင်ပါလိုက်တဲ့အတွက် ကိုယ့်ကိုကိုယ်တော့ ထိခိုက်မှုမရှိလောက်ပါဘူးနော်?”
ကုကျစ်စုန့် မျက်ခုံးပင့်လိုက်သည်။ ဤစနစ်လေးက သူမအတွက် စိတ်ပူနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဒီလူတွေက နဂိုတည်းက အတွင်းစိတ်ယုတ်ညံ့နေတဲ့လူတွေဖြစ်လို့ အပြစ်ပေးခံရမှာပဲ.. ငါက သူတို့ရဲ့ အပြစ်တွေကို မြန်မြန်သက်ရောက်လာအောင် မီးပုံထဲကို မီးစာနည်းနည်းလောက် ထည့်လိုက်ရုံပါပဲ.. အရမ်းကြီးတဲ့ ကိစ္စမဟုတ်ဘူး”
ထိုဂရုအဖွဲ့ဝင်များစာရင်းထဲမှ သူမရွေးချယ်ခဲ့သည်မှာ ဆိုးပေ့၊ ယုတ်မာပေ့ဆိုသော လူများသာလျှင်ဖြစ်ပေသည်။
အကျိုးအကြောင်းစွမ်းအင်များက သက်ရောက်မှုရှိသော်လည်း ကြီးမားသည့် ကိစ္စမဟုတ်ပေ။
‘ဤအလဲအထပ်’သည်က သူမအတွက်တော့ ထိုအပြစ်သားများ၏ လုပ်ရပ်များကို ကမ္ဘာသိရန် ချပြနိုင်ခဲ့သောကြောင့် ‘မျှတသည်’ဟုသာ ခံစားမိသည်။
•
နှစ်ရက်ကြာပြီးနောက် လိမ်ညာမှု၊ မုဒိမ်းမှု၊ အလိုမပါဘဲ လိင်ဆက်ဆံမှု၊ ခွင့်ပြုချက်မဲ့ ချောင်းမြောင်းဗီဒီယိုရိုက်ကူးမှု၊ တရားမဝင် ညစ်ညမ်းဗီဒီယိုများ ဖြန့်ဖြူးမှု အစရှိသည့် ပြစ်မှုများဖြင့် တရားစွဲခံထားရသော ရှောင်ဟဲသည်လည်း ထိန်းသိမ်းရေးစင်တာတွင် ချုပ်နှောင်ခံထားရပြီး ဆင့်ခေါ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ရသည်။
ထိန်းသိမ်းရေးစင်တာသည်က ပတ်ဝန်းကျင်ကောင်းမဟုတ်သောကြောင့် သူသည် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။
နှစ်ရက်အတွင်းမှာပင် ရှောင်ဟဲတစ်ယောက် ပိန်ချုံးသွားခဲ့ပြီး စိတ်နှင့်ကိုယ် မကပ်ချင်တော့ပေ။
အိပ်ရာပေါ်တွင် လဲလျောင်းနေပြီးနောက် ခန္ဓာကိုယ်မှာလည်း တစ်စုံတစ်ခု၏ ဖိနှိပ်ခံထားရသည့်အလား လေးလံနေခဲ့သည်။
အိပ်မက်ထဲတွင် အသက်အရွယ်ကြီးပြီဖြစ်သော လူအိုနှစ်ဦးအား မြင်တွေ့နေရသည်။
တစ်ယောက်မှာ ဆံပင်ဖြူ၍ ခန္ဓာကိုယ်မှာလည်း ဖျော့တော့ကာ အားနည်းပုံပေါ်သည်။ကျန်တစ်ဦးမှာတော့ အသက် ၄၀၊၅၀ခန့်အရွယ်ဖြစ်ပြီး လေးထောင့်စပ်စပ်မျက်နှာ၊ အရပ်ရှည်ရှည်ဖြင့်ဖြစ်ကာ သူ့အား ဒေါသ၊ အရှက်ရခြင်းတို့ဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
ရှောင်ဟဲ ပထမလူကြီးကိုတော့ ကောင်းကောင်းသိသည်။
ထိုမျက်နှာသည် မစ်စ်ရှု့ကိုင်ဆောင်ထားသော အဖြူအမည်းဓာတ်ပုံအတွင်းမှ မျက်နှာဖြင့် အတူတူဖြစ်ကာ အသုဘအခမ်းအနားတွင် ချိတ်ဆွဲထားသော ဓာတ်ပုံနှင့်လည်း အတူတူဖြစ်သည်။
ထိုအဘိုးအိုသည်က မစ်စတာရှု့ပင်။
ဤသရဲအိုကြီး သူ့အား တဖန်ခြောက်လှန့်ပြန်ပေပြီ။
ရှောင်ဟဲ၏မျက်နှာက ဖြူဆုတ်သွားခဲ့ပြီး အိပ်မက်ထဲတွင် ကြောက်လန့်တကြား ခြေဦးတည့်ရာ ထွက်ပြေးခဲ့မိသည်။
သူ့အနေဖြင့်မစ်စတာရှု့ဘေးမှ သက်လတ်ပိုင်းလူကြီးကို ရင်းနှီးနေသော်ငြား ဘယ်သူဘယ်ဝါဖြစ်ကြောင်း မမှတ်မိနိုင်ပေ။
ပြေးနေရင်းနှင့်ပင် သူ့၏ခန္ဓာကိုယ် အားလျော့လာခဲ့ပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။
ထို့နောက် အနောက်မှ ဆွဲထူခြင်းခံလိုက်ရလေသည်။သူ လှည့်ကြည့်လိုက်မိချိန်တွင် သက်လတ်ပိုင်းလူကြီးာ အံကိုကြိတ်၍ အင်မတန် ဒေါသထွက်နေသော အကြည့်ဖြင့် သူ့အား ကြည့်နေခဲ့သည်။
ထိုလူကြီးမှ လက်ကိုမြှောက်၍ ရှောင်ဟဲမျက်နှာအား အားပြင်းပြင်းရိုက်လိုက်သည်။
“မသိတတ်တဲ့ မြေး၊ မင်းမရှက်ဘူးလား? ယောကျ်ားတစ်ယောက်က မိန်းမတွေကို အနိုင်ကျင့်တယ် လူကြီးတွေကိုလည်း စော်ကားသေးတယ်!”
“ငါ ဟဲမျိုးရိုးက တစ်ဘဝစာလုံး ဖြောင့်ဖြောင့်မတ်မတ် နေလာခဲ့တာ.. အခု ငါ့မိသားစုမှာ မင်းလို တိရိစ္ဆာန်ထက်ဆိုးတဲ့ မျိုးဆက်ရှိနေရတယ်လို့
ငါသာ အသက်ရှိနေသေးတယ်ဆိုရင်တော့ မင်းကို ငါကိုယ်တိုင် ပစ်သတ်ပြီး လက်စရှင်းပစ်တယ် ဒီအမှိုက်သရိုက်ကောင်!”
အိပ်မက်ထဲတွင် ရှောင်ဟဲတစ်ယောက် နှာခေါင်းရိုးကျိုး၊ မျက်နှာယောင်ယမ်းသည်ထိ ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
အပြင်ကမ္ဘာတွင်တော့ သူက အိပ်ရာပေါ်တွင် မျက်ခုံးများရောင်ကိုင်းကာ ပါးပြင်မှာလည်း အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံထားရသည့်အလား နီရဲ ရောင်ကိုင်းနေခဲ့သည်။
သက်လတ်ပိုင်းအရွယ်လူကြီးက သေဆုံးသွားခဲ့သော အဘိုးဟဲဖြစ်ပြီး မစ်စတာရှု့ဖြင့် အတူ လိုက်ပါလာခဲ့ခြင်းပင်။
သူသည်က စစ်တွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ရပြီး ကုသိုလ်စွမ်းအင်များလည်း များပြားလှသည်။
အဘိုးဟဲကွယ်လွန်ချိန်တွင် ရှောင်ဟဲသည်က အသက် သုံးနှစ်၊ လေးနှစ်ခန့်သာ ရှိသေးသည်။
သူတို့၏ မိသားစုဝင်များနှင့် မိခင်ဖြစ်သူဘက်မှ အဘိုးအဘွားတို့က ရှောင်ဟဲအား အင်မတန်အလိုလိုက်ထားခဲ့ကြသည်။ အဘိုးဟဲအနေဖြင့် ကလေးအား အလိုလိုက်လျှင် ပျက်စီးလိမ့်မည်ဟု တွေးမိသော်လည်း ချွေးမဖြစ်သူကတော့ ကွယ်ရာတွင် အဘိုးဟဲက အသည်းမာကြောင်း၊ မြေးအား မချစ်တတ်ကြောင်း ပြောဆိုခဲ့သည်။
အဘိုးဟဲတစ်ယောက် ပြောစရာစကားပင် ဆွံ့အခဲ့ရသည်။
ဘယ်လိုအဘိုးက မြေးဖြစ်သူကို မချစ်ဘဲနေမှာလဲ?
သို့သော် ထိုမိသားစုတွင် သူက လူယုတ်မာမဖြစ်လိုခဲ့သကဲ့သို့သားသမီး၊ မြေးမြစ်တို့မျက်လုံးထဲတွင်လည်း လူဆိုးအဖြစ် အမြင်မခံလိုပေ။
ထို့ကြောင့် ဤကလေးအား အလိုလိုက်ထားသည်ကိုသာ မျက်စိမှိတ်၊ လျစ်လျှူရှု့၍ မြေအောက်ကမ္ဘာသို့ သန့်စင်သော ခန္ဓာကိုယ်ဖြင့် ဝင်ရောက်ရုံသာတတ်နိုင်ခဲ့သည်။
မြေအောက်ကမ္ဘာသို့ မဝင်ရောက်ခင်အချိန်တွင် သူသည်က သူ့တစ်ဘဝလုံး စုဆောင်းခဲ့ရသော ကုသိုလ်စွမ်းအင်များအား သားသမီးများထံသို့ အကုန်ပေးအပ်ခဲ့နိုင်သည်ထိ သဘောထားမကြီးလှချေ။
ထိုကုသိုလ်များအားလုံးကို သူကိုယ်တိုင်သာ သယ်ဆောင်သွားခဲ့သည်။
လူ့ဘဝတွင် ခပ်မြန်မြန် ပြန်မဝင်စားလိုသောကြောင့် ကုသိုလ်စွမ်းအင်များဖြင့် လူကောင်းတစ်ယောက်ဖြစ်သည့် အဘိုးဟဲတစ်ယောက် မြေအောက်ကမ္ဘာမှ ထောက်ပံ့ကြေးယူ၍ အေးအေးဆေးဆေး နေထိုင်နေခဲ့သည်။
မည်သူထင်ထားမည်နည်း?
သူ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်ကို ကြည့်နေချိန်၌ ချွေးမနှင့် မြေးဖြစ်သူတို့၏ မျက်နှာများက သူ၏ မြေအောက်ကမ္ဘာမိုဘိုင်းလ်ဖုန်းတွင် ပေါ်လာခဲ့သည်။
သူ၏ မျိုးဆက်မှ သူငယ်ချင်းဟောင်းဖြစ်သူ အဘိုးရှု့၏ အုတ်ဂူပေါ်တွင် ကျုးလွန်ခဲ့သော ဖြစ်ရပ်များအား ကြားသိရပြီးချိန်တွင်တော့ အဘိုးဟဲတစ်ယောက် ဒေါသအမျက်ခြောင်းခြောင်းထွက်၍ ဆွေ့ဆွေ့ခုန်နေခဲ့သည်။
မစ်စတာရှု့၏ ဝိဉာဉ်ကိုပြန်လည်အားပြည့်စေပြီးနောက် မြေအောက်ကမ္ဘာသို့ ဝင်ရောက်လာချိန်တွင် သူက ချက်ချင်းပင် သူငယ်ချင်းဖြစ်သူအား ခေါ်၍ ရှောင်ဟဲ၏ အိပ်မက်ထဲသို့ သွားရောက်ခဲ့ကြသည်။
မြေးဖြစ်သူကို နှစ်ချက်၊သုံးချက် ရိုက်နှက်ပြီးဖြစ်သော်လည်း အဘိုးဟဲက စိတ်မကျေနပ်နိုင်သေးသောကြောင့် မစ်စတာရှု့ဘက်သို့ လှည့်၍ ပြောလိုက်သည်။
“တာ့ကော၊ လာ ဒီကိုလာခဲ့.. ဒီနေ့ ဒီခွေးကောင်ကို ခင်များ သတ်ပစ်လိုက်! မြေအောက်ကမ္ဘာရဲ့ အပြစ်ဒဏ်ကို ကျုပ်ကိုယ်စားခံပေးပါ့မယ်!”
မစ်စတာရှု့ သက်ပြင်းချ၍ ရှောင်ဟဲအား စူးစူးဝါးဝါးကြည့်လိုက်သည်။
“မလိုတော့ပါဘူး လောင်ဟဲ.. ဒီလို အပြစ်တောင် နောင်တရ,ရကောင်းမှန်းမသိတဲ့ ကောင်တစ်ကောင်အတွက်နဲ့ ခင်များ အပြစ်ဒဏ်ခံရမှာ မတန်ဘူး”
အဘိုးဟဲကတော့ ရှောင်ဟဲအား ထပ်မံ၍ ရိုက်နှက်ပြီးနောက် မြေပေါ်သို့ ကန်ချလိုက်သည်။
“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။။ ကျုပ်ကတော့ အခုကစပြီး ကျုပ်မှာ ဒီလိုမြေးမျိုး မရှိဘူးလို့ သတ်မှတ်လိုက်ပြီ”ရှောင်ဟဲ အိပ်မက်မှ နိုးထလာချိန်တွင် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။ သူ၏ ပါးနှစ်ဘက်မှာလည်း ရောင်ကိုင်းနေခဲ့ပြီး ပါးစပ်ထဲတွင်လည်း သွားများ ကျွတ်၍ သွေးအပြည့်ဖြစ်နေခဲ့သည်။
သို့သော်လည်း ဤအရာများသည်က နောင်ဖြစ်ပျက်မည့် အရာများသာလျှင်ဖြစ်ပေ၏