← Chapters

ထူးခြားသည့် မီးလျှံများ

Vol. 1 Ch. 454

ထူးခြားသည့် မီးလျှံများ

Vol. 1 Ch. 454

ကြယ်စက်လုံးသည် ဒန်တျန်းအသွင်ပြောင်းစဉ်တုန်းကလိုပင် ကျန်းရီ ထိန်းချုပ်မရဖြစ်နေသည်။ သူဘာမှမတတ်နိုင်ဘဲ အတွင်းအားများ ဗြောင်းဆန်နေသည်ကို ထိုင်ကြည့်နေရလေသည်။ ထို့ပြင် ၎င်း၏အခြေအနေမှာ ဆိုးသထက် ဆိုးလာပြီး ပေါက်ကွဲတော့မည့်ဆဲဆဲ ဖြစ်လာခဲ့သည်။

ရွှစ်...

ထိုခဏတွင် ပထမ ကြယ်စက်လုံးသည် အနီရောင်အလင်းများ ဖြာထွက်လာပြီး တုန်လှုပ်နေသော ကျန်းရီကို မှင်တက်သွားစေခဲ့သည်။ သူသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ကြယ်စက်လုံးအား အလျင်အမြန်စစ်ဆေးကြည့်လိုက်သည်။

"အမ်...ဒါ...ဒါက ဘာစွမ်းအင်လဲ"

ကြယ်စက်လုံးမှ အလင်းရောင်များ ဖြာထွက်လာချိန်တွင် အတွင်း၌ အမျိုးအမည်မသိသော စွမ်းအင်တစ်မျိုး ပေါ်ထွက်လာခဲ့သည်။ ထိုစွမ်းအင်မှာ ထူးထူးဆန်းဆန်း ရင်းနှီးနေသလို ခံစားရသော်ငြား မည်သည့်စွမ်းအင်မှန်း လက်ရှိအချိန်တွင် ကျန်းရီသတိမရခဲ့ပေ။

ထိုထူးဆန်းသော စွမ်းအင်သည် ကသောင်းကနင်းဖြစ်နေသော အတွင်းအားများကို ရပ်တန့်လိုက်ပြီး ကြယ်စက်လုံးထဲတွင် ဟိုဟိုဒီဒီ လျှောက်ပြေးနေသည့် ကမ္ဘာ့မီးလျှံစကိုလည်း ငြိမ်သက်သွားစေခဲ့သည်။ ထိုအမည်မသိသော စွမ်းအင်သည် ပထမကြယ်ထဲမှ ပြဿနာနှစ်ခုကို ဖိနှိပ်နိုင်စွမ်း ရှိပုံရလေသည်။

"ဟုတ်တယ်...ဒါက ကောင်းကင်ကြယ်ကိုးလုံးရဲ့ စွမ်းအားပဲ"

ကျန်းရီသည် အမည်မသိသော ဤစွမ်းအင်မှာ ကောင်းကင်ကိုးဆင့်မှ ကျဆင်းလာသည့် စွမ်းအင်ဖြစ်မှန်း နောက်ဆုံးတွင် သတိရသွားခဲ့သည်။ ထိုစွမ်းအင်သည် ပထမကြယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ရာ ကျန်းရီတစ်ကြိမ်မှ ရှာမတွေ့ခဲ့ပေ။ ယခု ထိုစွမ်းအင် ပြန်ထွက်ပေါ်လာခဲ့သည်။

"ဟမ်..."

ကျန်းရီ ပျော်ရွှင်ရန် အချိန်မရလိုက်သေးခင် သူ့စိတ်အာရုံသည် ကြယ်အတွင်းဘက်မှ အခြေအနေထံ ရောက်ရှိသွားခဲ့သည်။ ကောင်းကင်ကြယ်ကိုးလုံး၏ စွမ်းအားသည် ပေါ်ထွက်လာပြီးနောက် ကမ္ဘာ့မီးလျှံစထံ ပြေးသွားခဲ့ပြီး အလင်းရောင် ဖျတ်ခနဲ လင်းလက်လာခဲ့သည်။ ကမ္ဘာ့မီးလျှံစသည် အစိမ်းရောင်သို့ ချက်ချင်း ပြောင်းလဲသွားလေ၏။ ထိုမီးလျှံစ၏ အထဲတွင် နဂါးတစ်ကောင် ရှိနေသည်ကို သူရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။

"ကောင်းကင်ကိုးဆင့် နဂါးမီးလျှံတဲ့လား...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းရီဆွံ့အသွားခဲ့သည်။ သူသည် ကမ္ဘာ့မီးလျှံနှင့် အနီရောင်အတွင်းအားထံတွင် ထူးထူးဆန်းဆန်း လှုပ်ရှားမှုများ မရှိတော့ကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။ ထို့နောက် ထိုကမ္ဘာ့မီးလျှံစကို သွေးကြောများထဲမှတစ်ဆင့် အပြင်ဘက်သို့ ဂရုတစိုက် ထုတ်လိုက်သည်။

ဟူး...ဟူး...

ကျန်းရီ၏ လက်ထဲတွင် အစိမ်းရောင်မီးတောက်များ ထွက်ပေါ်လာသည်။ မီးလျှံများအကြား ကခုန်နေသော နဂါးတစ်ကောင်ကို မြင်လိုက်သောအခါတွင် သူနောက်တစ်ကြိမ်ဆွံ့အသွားခဲ့ရသည်။ သူပေါင်းစည်းထားသည့် ကမ္ဘာ့မီးလျှံသည် အဆများစွာ အားကောင်းသည့် ကောင်းကင်မီးလျှံ ဖြစ်လာခဲ့သည်။ ထို့နောက် ၎င်းသည် ကောင်းကင်ကြယ်ကိုးလုံး၏ စွမ်းအားနှင့်ပေါင်းစပ်လိုက်ပြီး ကောင်းကင်ကိုးဆင့်နဂါးမီးလျှံအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဒီကြယ်ကိုးလုံးမှာ မမြင်ရတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိကိုရှိရမယ်။ ပြီးတော့ ဒီအမည်မဲ့ကျင့်စဉ်က အရမ်းကိုအစွမ်းထက်တဲ့ ကျင့်စဉ် ဒါမှမဟုတ် ထူးဆန်းတဲ့ မိစ္ဆာကျင့်စဉ် တစ်ခုခုပဲဖြစ်မယ်...

ကျန်းရီသည် မဖော်ပြနိုင်သော ကြောက်လန့်မှုတစ်မျိုးကို ခံစားလိုက်ရသည်။ အမည်မဲ့ကျင့်စဉ်သည် အလွန်ထူးခြားလှသည်။ ၎င်းသည် သူ့အား အသုံးမကျသော အမှိုက်ကောင်အဖြစ်မှ လောကကို တုန်လှုပ်စေနိုင်သည့် ပါရမီရှင် အဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။ သူပိုင်ဆိုင်သော အရာအားလုံးမှာ ဤအမည်မဲ့ကျင့်စဉ်ကြောင့်သာဖြစ်သည်။

အမည်မဲ့ကျင့်စဉ်ကို သူကျေးဇူးတင်သည်မှာ မှန်သော်လည်း ၎င်းသည် ထူးဆန်းလွန်းနေသည်။ သူထိန်းချုပ်မရသည့် အရာများစွာ ရှိလာ၍ သူကြောက်လာမိသည်။ အနာဂတ်တွင် သူ့ကိုယ်၏မည်သည့်နေရာမှ အသွင်ထပ်ပြောင်းဦးမည်ကို သူမသိပေ။

"သိပ်ကိစ္စမရှိဘူး။ အခုတည်းက ငါကသုံးစားရတော့တာမှ မဟုတ်တာ...ဒီတစ်သက်လုံး ငါအဆင့်တက်နိုင်တော့မှာ မဟုတ်တာလည်း သေချာတယ်။ ဒီထက်ပိုထူးဆန်းတာတွေ ရှိလာမှာ မဟုတ်တော့ဘူး"

ကျန်းရီသည် ခေါင်းယမ်း၍ အမည်မဲ့ကျင့်စဉ်နှင့် ကြယ်စက်လုံးကိုးခု၏ ထူးထူးဆန်းဆန်း ဖြစ်ရပ်များကို အတွေးထဲမှဖယ်ထုတ်လိုက်သည်။ ကမ္ဘာ့မီးလျှံ၏ ပြောင်းလဲသွားပုံကို ပြန်တွေးမိသည့်အခါ သူချက်ချင်း စိတ်လှုပ်ရှားလာခဲ့သည်။

မီးလျှံများဖြင့် ကျင့်ကြံခြင်း၏ ရလဒ်မှာ သူထင်ထားသည်ထက်ပင် ကောင်းမွန်နေခဲ့သည်။

ကမ္ဘာ့မီးလျှံများကို ကောင်းကင်ကိုးဆင့်နဂါးမီးလျှံအဆင့်ရောက်အောင် ပြောင်းလဲနိုင်သည်။ ကောင်းကင်မီးလျှံများဖြင့် သူကျင့်ကြံနိုင်လျှင် ၎င်းတို့သည် ယန်ကိုးပါးမီးလျှံစစ်အဖြစ် ပြောင်းလဲသွားလေမည်လော။

"ငါ့မှာ ကောင်းကင်ကိုးဆင့်နဂါးမီးလျှံတွေ ရှိပြီးသား မလား။ ငါဘာလို့ဒီလောက်တောင် တုံးရတာလဲ။ ကောင်းကင်ကိုးဆင့်နဂါးမီးလျှံနဲ့ပဲ ကျင့်ကြံလိုက်လို့မရဘူးလား"

ကျန်းရီသည် တုံးအလွန်းသည်ဟု ခံစားရ၍ ကိုယ့်ခေါင်းကိုယ်ရိုက်လိုက်မိသည်။ သူ၏ အနီရောင်အတွင်းအားများကို ကောင်းကင်ကိုးဆင့်နဂါးမီးလျှံအဖြစ် ပြောင်းလိုက်ရန်သာ လိုအပ်လေသည်။ ထို့နောက် ထိုကောင်းကင်ကိုးဆင့်နဂါးမီးလျှံများကိုသုံး၍ သူကျင့်ကြံလိုက်ရုံပင်။

ထိုသို့ တွေးလိုက်ပြီးနောက် သူသည် ကောင်းကင်ကိုးဆင့် နဂါးမီးလျှံအချို့ကို ကောင်းကင်ဖျက်မီးကျင့်စဉ်အတိုင်း မီးလျှံစများအဖြစ် အလျင်အမြန် ပြောင်းလဲလိုက်သည်။ ထို့နောက် ထိုမီးလျှံစများကို သူ့ကိုယ်ထဲရှိ သွေးကြောများမှတစ်ဆင့် ဒန်တျန်းအတွင်းရှိ ကြယ်စက်လုံးထံ ပို့ဆောင်လိုက်လေသည်။

သို့သော်လည်း မီးလျှံစများသည် ကြယ်စက်လုံးထဲရောက်သည်နှင့် အနီရောင်အတွင်းအားများနှင့် ပြန်လည်ပေါင်းစပ်သွားခဲ့ပြီး အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။

"အမ်"

အချိန်အနည်းငယ် ကြိုးစားပြီးသော်လည်း ရလဒ်မှာ အတူတူပင်ဖြစ်နေရာ ထိုအကြံကို ကျန်းရီလက်လျှော့လိုက်ရတော့သည်။ ထိုကောင်းကင်ကိုးဆင့်နဂါးမီးလျှံများသည် အနီရောင်အတွင်းအားများမှ ပြောင်းလဲထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ကြယ်စက်လုံးထဲ ပြန်ရောက်သွားသည်နှင့် အနီရောင် အတွင်းအားများအဖြစ် ပြောင်းလဲသွားသည်မှာ သဘာဝပင်။ ရေမှဖြစ်လာသည့် ရေခဲတုံးကို ရေထဲပြန်ထည့်သည့်အခါ ရေအဖြစ် ပြန်အရည်ပျော်သွားခြင်းနှင့် ဆင်တူသည်။

ပို၍အဆင့်မြင့်သည့် မီးလျှံများကို ဖန်တီးလိုလျှင် ပိုအားကောင်းသည့် မီးလျှံများကို သူအရင်ဆုံးရှာရန် လိုအပ်သည်။

"ဝိဉာဉ်ပျောက်တောင်ကြားကို ငါသွားရမလား"

ကျန်းရီ ရေရွတ်လိုက်မိသည်။ ထို့နောက် သူသည် အခန်းအပြင်ထွက်၍ ကျန်လူများအား ရှားနိုင်ငံတွင် အားကောင်းသည့် မီးလျှံများ ရှိမရှိနှင့် နယ်မြေ၏ဘယ်နေရာတွင် ထူးဆန်းသည့် မီးလျှံများ ရှိသလဲဟု မေးလိုက်သည်။

ရလဒ်အနေနှင့် ရှားနိုင်ငံ ဟွာယွင်တောင်တွင် ရှိသည့် မီးတောင်ထဲရှိ ကမ္ဘာ့မီးလျှံများနှင့် ဝိဉာဉ်ပျောက်တောင်ကြားရှိ တမလွန်လောက၏ တစ္ဆေမီးလျှံများမှအပ နယ်မြေတွင် ထူးခြားသည့် အခြားမီးလျှံများမရှိကြောင်းသာ သူသိလိုက်ရသည်။ ကျန်းရီသည် ဘာလုပ်ရမှန်း မသိ ဖြစ်သွားခဲ့သည်။ ဝိဉာဉ်ပျောက်တောင်ကြားတွင် အလွန်အားကောင်းသည့် စိတ်ဝိဉာဉ်ပိုင်ရှင် နတ်ဆိုးသားရဲတစ်ကောင် ရှိနေသည်မှာ သေချာသလောက်ပင်။ သူသွားပါက အုတ်အော်သောင်းနင်း ဖြစ်လာနိုင်သည်။ ထို့ပြင် သိုင်းခန်းမဘက်မှ သူ့အားလုပ်ကြံရန် အခွင့်အရေးလည်း ရသွားနိုင်သေးသည်။

"အရင်ဆုံး မှော်ကျင့်စဉ်တွေကို လေ့ကျင့်လိုက်ဦးမယ်။ ကိုယ်ပွားအသင်္ချေကို သဘာဝလွန်အဆင့်တော့ မရောက်နိုင်သေးပေမယ့် ကျွမ်းကျင်အဆင့်ကိုတော့ ငါရောက်နိုင်လောက်တယ်။ ကိုယ်ပွားဆယ်ခုလောက် ငါဖန်တီးနိုင်ရင် အန္တရာယ်ကြုံရင်တောင် ထွက်ပြေးနိုင်လောက်တယ်။ ကောင်းကင်အသိအမြင်ကျင့်စဉ်ကိုလည်း ငါထပ်လေ့ကျင့်သင့်တယ်...အဲ့ဒါနဲ့ဆို ဝိဉာဉ်ပျောက်တောင်ကြားမှာ ဘာရှိနေလဲဆိုတာ ငါထောက်လှမ်းလို့ရပြီ"

ကျန်းရီသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် နောက်တစ်လ တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ဝိဉာဉ်ပျောက်တောင်ကြားသို့ မသွားခင်တွင် မှော်ကျင့်စဉ်နှစ်မျိုးကို သူသေချာပြန်လေ့ကျင့်မည်ဖြစ်သည်။

***

တစ်လခွဲအကြာတွင်...

ကျန်းရီ၏ကိုယ်သည် အဖြူရောင်အလင်းများ ဖြာထွက်လာခဲ့ပြီး ပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားတို့သည် သူ့ကိုယ်တွင် အလျင်အမြန် စုစည်းလာနေသည်။ ထို့နောက်တွင် သူနှင့် တစ်ပုံစံတည်းတူသည့် ကိုယ်ပွားသုံးခု ဖြစ်ပေါ်လာခဲ့သည်။

ထိုကိုယ်ပွားသုံးခုသည် ကျန်းရီ၏ကိုယ်အား ဗဟိုပြု၍ လျင်မြန်စွာလည်ပတ်နေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် မျက်လုံးဖြင့် သေချာမမြင်ရလောက်သည့် အနေအထားထိ မြန်ဆန်လာခဲ့သည်။

ဝှစ်...

မိနစ်သုံးဆယ်ခန့်အကြာတွင် အဖြူရောင် အလင်းတစ်ချက်နှင့်အတူ ကိုယ်ပွားသုံးခုမှာ တစ်စစီ ပြိုကွဲသွားခဲ့သည်။ ကျန်းရီသည် မျက်လုံးဖွင့်လာခဲ့ပြီး သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

"သူတို့ကို မိနစ်သုံးဆယ်လောက် ထိန်းထားနိုင်တာ တော်လောက်ပါပြီ။ လနည်းနည်းလောက်သာ အချိန်ပိုရရင် ကိုယ်ပွားဆယ်ခုလောက် ငါဖန်တီးနိုင်မှာ"

ကျန်းရီသည် စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်သည်။ တကယ်တမ်းတွင် သူသည် ကိုယ်ပွားဆယ်ခုလောက် ဖန်တီးနိုင်သော်လည်း ကျွမ်းကျင်အဆင့်သို့ မရောက်သေးသောကြောင့် ၎င်းတို့ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ သူသာ ကိုယ်ပွားဆယ်ခုလောက် ဖန်တီးမိလျှင် ၎င်းတို့သည် ကျောက်ရုပ်များအလား မလှုပ်မရှားနိုင် ဖြစ်နေလိမ့်မည်။ ထို့ကြောင့် သူသည် လေးဖက်လေးတန်သို့ ထွက်ပြေးရန် သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်သည့် ကိုယ်ပွားသုံးခုသာ ထုတ်ဖော်လိုက်မည်ဖြစ်သည်။

"အင်း...ငါ ကောင်းကင်အသိအမြင်ကိုလည်း နည်းနည်းပါးပါးအသုံးချနိုင်နေပြီ။ ဝိဉာဉ်ပျောက်တောင်ကြားကို ငါသွားလို့ရပြီ"

ကျန်းရီသည် မတ်တပ်ထရပ်၍ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ချန်းဖူအရွက်နှစ်ခုလုံး၏ စွမ်းအင်များ ကုန်ဆုံးအောင် စုပ်ယူခံလိုက်ရပြီ ဖြစ်သော်လည်း သူ့စိတ်ဝိဉာဉ်မှာ မည်သို့မှ ပြောင်းလဲခြင်းမရှိပေ။ ချန်းဖူအရွက်သည် သူ့စိတ်ဝိဉာဉ် ဆင့်ကဲပြောင်းလဲရန်အတွက် မလုံလောက်တော့ကြောင်း ထင်ရှားသည်။

ကျန်းရီ အပြင်ထွက်သွားချိန်တွင် စုလောရွှယ်သည် နိုင်ငံ့အရေးအချို့ကို ခန်းမငယ်တစ်ခုထဲတွင် ဖြေရှင်းနေသည်။ သူမသည် ကျန်းရီကို မြင်သောအခါ ပြုံးရွှင်စွာ ထရပ်၍ ငှက်ကလေးတစ်ကောင်ပမာ ချက်ချင်းပြေးလာခဲ့သည်။ ကျန်းရီသည် လက်နှစ်ဖက်ကို ဆန့်တန်း၍ သူမအား လွမ်းဆွတ်စွာ ဖက်လိုက်သည်။

"ကျင်းရှန်နိုင်ငံက ဝိဉာဉ်ပျောက်တောင်ကြားကို ကိုယ်သွားမလို့...လောရွှယ်...ကိုယ် မင်းတို့အားလုံးကို ခေါ်သွားသင့်လား ဒါမှမဟုတ် တစ်ယောက်တည်း တိတ်တိတ်လေး သွားရမလား"

ကျန်းရီသည် ချီတုံချတုံ ဖြစ်နေပြီးနောက် သူ့စိတ်ထဲရှိသည်ကို ထုတ်မေးလိုက်သည်။ ဝိဉာဉ်ပျောက်တောင်ကြားတွင် ထူးဆန်းသော စွမ်းရည်များ ပိုင်ဆိုင်သည့် နတ်ဆိုးသားရဲတစ်ကောင် ရှိနေသည်။ ယခင်အတွေ့အကြုံသည် သူ့အား ခြောက်လှန့်နေဆဲဖြစ်သည်။ အားလုံးကို သူ ခေါ်ဆောင်သွားပြီးမှ အန္တရာယ်နှင့် ရင်ဆိုင်ရလျှင် သူတို့အားလုံး ထိုနေရာတွင် သေသွားနိုင်သည်။ သူတို့အားလုံးကို မခေါ်သွားပါက တော်ဝင်နန်းတော်သည် လွန်ခဲ့သည့်ငါးလအတွင်း ငြိမ်းချမ်းနေခဲ့သော်လည်း ပြဿနာတစ်ခုခု ဖြစ်လာမည်ကို သူကြောက်နေသည်။

စုလောရွှယ်သည် ကျန်းရီ၏ မျက်နှာ မသာမယာ ဖြစ်နေကြောင်း သတိထားမိလျှင် တစ်ခုခု ပြောချင်လာသော်လည်း မျိုသိပ်လိုက်သည်။ သူမသည် အံကိုကြိတ်၍ မေးခွန်းတစ်ခုသာ မေးလိုက်သည်။

"ရှင်သွားမှ ဖြစ်မှာလား။ အဲ့ဒီကိုသွားရင် အန္တရာယ် များတယ်မဟုတ်လား"

"အင်း...ဟုတ်တယ်"

ကျန်းရီသည် စုလောရွှယ်ထံမှ ဘာကိုမှ ဖုံးကွယ်မထားချင်လေရာ အသံတိမ်တိမ်ဖြင့် ပြန်ဖြေလိုက်သည်။

"ထူးခြားတဲ့ မီးလျှံတွေ ဘယ်နေရာမှာ ရှိသေးလဲလို့ ကိုယ်မေးခဲ့ဖူးတယ်မလား။ မီးလျှံတွေနဲ့ကျင့်ကြံရတဲ့ ကျင့်စဉ်တစ်ခု ကိုယ်တတ်ထားတယ်။ ဝိဉာဉ်ပျောက်တောင်ကြားက တမလွန်လောကရဲ့ တစ္ဆေမီးလျှံတွေကို ရမယ်ဆိုရင် လင်းဂိုဏ်းရဲ့ဘိုးဘေးကြီးကို ကိုယ်သတ်နိုင်ဖို့ ၈၀ ရာခိုင်နှုန်း သေချာတယ်"

"လင်းဂိုဏ်းရဲ့ဘိုးဘေးကြီးကို သတ်နိုင်မှာလား"

စုလောရွှယ်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ လင်းဂိုဏ်း၏ ဘိုးဘေးကြီးကို ကျန်းရီအနိုင်ယူနိုင်လျှင် နယ်မြေတစ်ခုလုံးကိုပင် သူ အုပ်စိုးနိုင်လောက်မည်ဖြစ်သည်။

သူမသည် တစ်ခဏ စဉ်းစားလိုက်ပြီးနောက် အံကြိတ်၍ပြောလာသည်။

"ကျန်းလန်...ရှင်ကိုယ့်ဟာကိုယ် သွားတာက ပိုကောင်းလိမ့်မယ်၊ ဒါမှမဟုတ် ညီမရှောင်နူကို ခေါ်သွား...ကျွန်မတို့က ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာ၊ ယာ့ဇီသားရဲလည်း ရှိနေတော့ နန်းတော်က လုံခြုံတယ်။ ကျွန်မတို့ အခြေအနေကို ဘယ်သူမှမသိတော့ ရှင်ကျင်းရှန်နိုင်ငံကို ခိုးသွားရင်တောင် ဘယ်သူမှသိမှာမဟုတ်ဘူး။ အဲ့လိုလုပ်တာ ပိုကောင်းလိမ့်မယ်"

ကျန်းရီသည် အချိန်တစ်ခုကြာ စဉ်းစားလိုက်ပြီးနောက် သူမ၏ စကားမှာ နည်းလမ်းကျသည်ဟု ခံစားလိုက်ရသည်။ သူသည် အလျင်အမြန် ဆုံးဖြတ်ချက် ချလိုက်သည်။

"ကောင်းပြီလေ။ ပြီးရင် ကိုယ်တို့ အတူလက်ဆုံစားကြမယ်။ ညကျရင် ကိုယ်သွားတော့မယ်။ မင်းတို့ကို ကောင်းကောင်းကာကွယ်နိုင်အောင် ရှောင်နူကို ကိုယ်ခေါ်မသွားတော့ဘူး။ ယာ့ဇီသားရဲနဲ့ ရှောင်နူရှိနေရင် ဗာဂျရာအဆင့် တစ်ယောက်နှစ်ယောက်လောက် ပါရုံနဲ့ သူတို့လာတိုက်နိုင်မှာ မဟုတ်ဘူး။ ကိုယ်သွားရင် ဘယ်သူမှ မသိလိုက်အောင် ကျုံးဝူသားရဲစီးပြီး မြေအောက်ကနေဘဲ သွားလိုက်မယ်"

***

All Chapters