ထင်ယွီ့ကို မှတ်မိသေးရဲ့လား
Vol. 1 Ch. 455
ကျန်းရီသည် ညလယ်တွင် ထွက်ခွာသွားခဲ့သည်။ စုလောရွှယ်၊ ကျန်းရှောင်နူနှင့် ချမ်ဝမ်ကွမ်တို့ လူစုမှတစ်ပါး နန်းတွင်းထဲရှိ ကုန်းကုန်းများနှင့် အစေခံများပင် ထိုအကြောင်းကို မသိလိုက်ကြပေ။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း အရာရာမှာ ငြိမ်းချမ်းနေခဲ့ပြီး ယာ့ဇီသားရဲလည်း ရှိနေရာ အကုန်လုံးသည် စိတ်အေးနေကြသည်။ ကျန်းရှောင်နူသည်လည်း စွမ်းအားမြင့်သူမှန်း သူတို့သိပါက ပို၍တောင် စိတ်အေးနေကြမည်ဖြစ်သည်။
ကျန်းရီသည် ရှန်ဝူမြို့ တိုက်ပွဲတစ်ခုတည်းနှင့် ကျော်ကြားလာခဲ့သည်။ သုံးနှစ်မပြည့်သေးဘဲ နတ်သမီးတောင်ထွတ်မှ နတ်ဆိုးဧကရီ၏ အကူအညီ ရှိနေသော ရှားယွိမြို့ကို မည်သူက လာတိုက်ရဲပါမည်နည်း။ နတ်ဆိုးဧကရီ၏ သတ်ဖြတ်ခြင်း ခံရမည်ကို မကြောက်သောသူ ရှိပါ၏လော။ ရန်သူများ အင်အားအလုံးအရင်းနှင့် တိုက်ခိုက်ခြင်းမရှိပါက ကျန်းရီတို့လူစုသည် ရှားယွိမြို့ထဲ အောင်းနေနိုင်သည်။ ရန်သူများတွင် အံ့မခန်းစွမ်းအင်များ ရှိနေလျှင်တောင် ချောင်းမြောင်းတိုက်ခိုက်ရဲဦးမည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းရီသည် စိတ်ချလက်ချ ထွက်လာခဲ့သည်။ သူသည် မြေအောက်ကီလိုမီတာ သုံးဆယ်အထိတူး၍ ကျုံးဝူသားရဲကိုစီးကာ ကျင်းရှန်နိုင်ငံသို့ မျဉ်းဖြောင့်အတိုင်း ထွက်လာခဲ့သည်။ ကျန်းရီသည် မျက်စိရှေ့မှ မည်းမှောင်နေသည့် ဥမင်ကြီးကိုကြည့်ရင်း ကြောက်စရာ မြေအောက်လောကကို သတိရသွားခဲ့သည်။ သူသာ မြေအောက်သို့ ဆက်တူးလိုက်လျှင် တမလွန်လောကသို့ အမှန်တကယ် ရောက်သွားလေမည်လော။
"အဲ့ဒီမြေအောက်လောကမှာ ဘာတွေရှိနေလို့လဲ။ သိုင်းခန်းမက ဘာလို့ အဲ့ဒီအကြောင်း သိတဲ့သူမှန်သမျှကို အလွတ်မပေးတာပါလိမ့်။ ပြီးတော့ သူတို့က အဲ့နေရာနဲ့ ဘယ်လိုဆက်စပ်နေလဲ။ မြေအောက်လောကက ဖုတ်ကောင်တွေကရော ဘာလို့များ အပြင်ကိုထွက်ပြီး နယ်မြေကို မဖျက်ဆီးတာလဲ မသိဘူး"
ကျန်းရီ၏ အတွေးတို့သည် စတင်၍ ပျံ့လွင့်လာခဲ့သည်။ ဤခရီးစဉ်သာ ချောမွေ့နေပါက ကြောက်စရာကောင်းလှသော မီးလျှံများကို သူရရှိနိုင်တော့မည်ဖြစ်သည်။ သူ့တွင် ဗာဂျရာအမြင့်ဆုံးအဆင့် လူများကို ရင်ဆိုင်နိုင်သည့် အစွမ်းရှိလျှင် သူသေချာပေါက် သိုင်းခန်းမဌာနချုပ်ကို သွားရှာ၍ သိုင်းခန်းမမှ လူများအားလုံးကို သတ်ပစ်မည်ဖြစ်သည်။ ထို့နောက်တွင် မြေအောက်လောက၏ လျှို့ဝှက်ချက်ကို သူစစ်မေးမည်ဖြစ်သည်။
"ဗာဂျရာအမြင့်ဆုံးအဆင့်ကို ရင်ဆိုင်နိုင်ဖို့"
ကျန်းရီသည် ထိုအကြောင်းကို တွေးမိရုံနှင့် မြန်မြန်အင်အားကြီးလိုစိတ်များ တိုးပွားလာခဲ့သည်။ ဗာဂျရာအမြင့်ဆုံးအဆင့်များကို သူသတ်နိုင်လျှင် နယ်မြေ၏ အမြင့်ဆုံးနေရာတွင် သူရပ်နိုင်ပြီဖြစ်သည်။ သူ့အသက်နှင့် သူနှင့်ရင်းနှီးသူများ၏ အသက်ကို မည်သူကမှ ခြိမ်းခြောက်ရဲတော့မည် မဟုတ်ပေ။ သူသည် ရန်သူများအားလုံးကိုသတ်၍ နယ်မြေ၏ အာဏာရှင် ဖြစ်လာလိမ့်မည်။ ထို့နောက် သူ့ဘဝကို စုလောရွှယ်နှင့် အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်လိမ့်မည်။ မည်မျှ ပျော်စရာ ကောင်းလိုက်သည့် ဇာတ်သိမ်းပေနည်း။
"နည်းနည်းလေးပဲ လိုတော့တာ...မကြာခင် အဲ့ဇာတ်သိမ်းကို ငါပိုင်ဆိုင်ပြီး အေးအေးချမ်းချမ်း နေရတော့မှာပါ"
ကျန်းရီ၏ မျက်လုံးများ တောက်ပနေခဲ့သည်။ သူ၏ အနာဂတ်သည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ သူသည် စုန်းနတ်ဘုရား၊ နတ်ဆိုးဧကရီ၊ ရွှေယို့လန်နှင့် အခြားသူများကို စိတ်ပျက်စေခဲ့ပြီလည်းဖြစ်သည်။ ထိုကိစ္စကို နောက်ပိုင်းတွင် သူနောင်တရကောင်း ရလာနိုင်သော်လည်း လောလောဆယ်တွင် သူ့ရန်သူများကို သတ်နိုင်သည့် အစွမ်းရှိလာစေရန် ရသည့်နည်းဖြင့် ကြိုးစားသည်က ပိုမကောင်းပေလော။
ကျန်းရီသည် စုလောရွှယ်နှင့် အေးအေးချမ်းချမ်း နေရသည့်ဘဝကို မြင်ယောင်ရင်း သူတို့အားလပ်ချိန်များတွင် သူတို့သူငယ်ချင်းတစ်စုနှင့်အတူ နယ်မြေအနှံ့ ခရီးသွားကြမည်ဟုပါ တွေးလိုက်သည်။ ကျန်းရီသည် ကလေးအချို့ယူပြီး သူတို့ ဖြည်းဖြည်းချင်း ကြီးပြင်းလာသည်ကို စောင့်ကြည့်ရဦးမည်ဟု တွေးလိုက်မိသောအခါ ကျေကျေနပ်နပ် ပြုံးလိုက်မိသည်။ သူသည် တက်ကြွစွာ အော်ဟစ်လိုက်သည်။
"ဟွမ်ကြီး...မြန်မြန်သွား"
"ဘွတ်အဲ...ဘွတ်အဲ"
ဟွမ်ကြီးသည် အကြိမ်အနည်းငယ် အော်ဟစ်လိုက်သည်။ ထို့နောက် အမြန်နှုန်းကို အစွမ်းကုန်မြှင့်တင်လိုက်ပြီး အနက်ရောင်မျဉ်းကြောင်းတစ်ခုအလား မြောက်ဘက်သို့ ပြေးထွက်သွားခဲ့သည်။
***
ဟွမ်ကြီး၏ ပြေးနှုန်းသည် အလွန်မြန်ဆန်သော်လည်း ယာ့ဇီသားရဲ၏ အမြန်နှုန်းနှင့် နှိုင်းယှဉ်ပါက ခရုတစ်ကောင်လိုပင်။ ထို့ကြောင့် ကျင်းရှန်နိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးအပိုင်းတွင် တည်ရှိသော ဝိဉာဉ်ပျောက်တောင်ကြားသို့ သူတို့ရောက်ရန် အနည်းဆုံး လဝက်ခန့် ကြာမည်ဖြစ်သည်။
ကျန်းရီသည် ဤရက်များတွင် ခရီးသာဆက်နေခဲ့သည်။ နယ်မြေသည်လည်း အတော်လေး ငြိမ်းချမ်းနေခဲ့ပြီး တစ်ခုတည်းသော ဆူပူမှုမှာ ရှန်ဝူမြို့တော်တွင် ဖြစ်လေသည်။
ရှားထင်ဝေ့ ပြန်လာခဲ့ခြင်းပင်။
ရှန်ဝူမြို့၏ ကောင်းကင်ပြင်တွင် လေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ထိုအထဲမှ လှစ်ခနဲ ထွက်လာခဲ့ပြီး တော်ဝင်နန်းတော်တွင်းသို့ ပြေးဝင်သွားခဲ့သည်။
ရှားထင်ဝေ့သည် ကောင်းကင်ပေါ်တွင် စက္ကန့်ဝက်ခန့်သာ ပေါ်လာခဲ့ခြင်းဖြစ်သော်လည်း စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်အတော်များများ သတိထားမိလိုက်ကြသည်။ ရှားထင်ဝေ့သည် ကိုယ်တစ်ပိုင်းသာ ရှိတော့သည့်အတွက် အများစုမှာ မှင်တက်ကုန်ကြသည်။ သူ့ခြေထောက်နှစ်ဖက်လုံး မရှိတော့ပေ။ အရေးအကြီးဆုံးမှာ အမျက်ဒေါသ၊ အငြိုးအတေးတို့ဖြင့် ပြည့်နေသည့် သူ့မျက်လုံးများဖြစ်သည်။ ထိုမျက်လုံးများသည် သူတို့အား ကြောက်လန့်တုန်လှုပ်စေသည်။
ရှားထင်ဝေ့သည် မသေခဲ့သော်လည်း တစ်သက်စာ မသန်မစွမ်းဖြစ်သွားခဲ့ပြီဖြစ်သည်။ သူသည် ကျူးကော့ချမ်ယွမ်ကဲ့သို့ ဘီးတပ်ကုလားထိုင်ပေါ်တွင်သာ ထိုင်နေရတော့မည်။ ထို့ပြင် သူ့အင်အားသည် ထပ်မံမတိုးတက်နိုင်တော့ပေ။ လူသားခန္ဓာကိုယ်သည် သဘာဝ၏ လက်ဆောင်ဖြစ်ပြီး ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ခန္ဓာကိုယ်အပြည့်အစုံမရှိဘဲ ကျင့်ကြံဆင့်မြင့်တက်လာရန် မည်သို့ဖြစ်နိုင်မည်နည်း။
ရှားထင်ဝေ့ ပြန်လာပြီးနောက်တွင် မည်သည့်မှူးမတ်ကိုမှ မဆင့်ခေါ်ခဲ့ပေ။ ကျန်းပိုင်လီသည် ရှားထင်ဝေ့နှင့် တွေ့ဆုံရန် နန်းတွင်းသို့ ဝင်သွားခဲ့သော်လည်း ထူးဆန်းစွာပင် နောက်တစ်နေ့တွင် နန်းတော်ထဲမှ ပြန်ထွက်လာခဲ့ပြီး ကျန်းရိမြို့သို့ ပြန်သွားခဲ့သည်။
ရှားထင်ဝေ့သည် အသက်ရှင်ကျန်ရစ်သူ ကျန်းစွန်ယန်အား နိုင်ငံ့အရေးအခင်းများကို ကိုင်တွယ်ဖြေရှင်းခွင့်ပြုသည့် အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့နောက်တွင် သူနှင့်ပတ်သက်သည့် မည်သည့်သတင်းမှ မကြားရတော့ပေ။
ကျန့်ရီမင်နှင့် ချမ်ကွေ့သည် ကျန်းရီနှင့် သူတို့၏ ပတ်သတ်မှုကြောင့် ရှားထင်ဝေ့ သူတို့အား အပြစ်ပေးမည်ကို စိုးရိမ်နေကြသည်။ သူတို့သည် ရှားထင်ဝေ့ သေဆုံးသွားပြီဟု ထင်နေကြပြီး အသက်ရှင်လျက် ပြန်ရောက်လာမည်ဟု တစ်ခါမှ မတွေးခဲ့ကြဖူးပေ။ ယခုအချိန်မှ ဂိုဏ်းကိုရွှေ့ပြောင်းရန်လည်း မဖြစ်နိုင်တော့ရာ ကံစီမံရာဟုသာ သဘောထားလိုက်ရတော့သည်။
ရှန်ဝူနိုင်ငံ ပြည်သူပြည်သားများသည်လည်း ရတတ်မအေးနိုင်ကြပေ။ ရှားထင်ဝေ့သည် ကျန်းပိုင်လီနှင့် ခွာပြဲသွားပြီမှန်း ထင်ရှားနေသည်။ မဟုတ်ပါက ကျန်းပိုင်လီ ချက်ချင်းထွက်သွားမည် မဟုတ်ပေ။ လက်အောက်ခံ နိုင်ငံခြောက်ခုထဲမှ အင်အားအကြီးဆုံးဖြစ်သော ရှန်ဝူနိုင်ငံသည် ကျန်းရီကြောင့် သူတို့၏ အင်အားအကြီးဆုံးလူများထဲမှ တစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်။ နိုင်ငံတစ်ခုလုံး၏ စိတ်ပိုင်းဆိုင်ရာ အတော်လေး ထိခိုက်သွားသည်မှာ သဘာဝပင်။
ဆယ့်နှစ်ရက်မြောက်နေ့... ကျင်းရှန်နိုင်ငံ၏ အလယ်သို့ ကျန်းရီ ရောက်ရှိနေချိန်တွင် နယ်မြေ၏အရှေ့ဘက်ပိုင်းတွင် ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားနေခဲ့သည်။
ပထမဆုံးအနေဖြင့် မြောက်ဘက်လျန်နိုင်ငံနှင့် ရှန်ဝူနိုင်ငံသည် အရှေ့ဘက်ပင်လယ်ပြင်သို့ ကင်းထောက်အနေဖြင့် သင်္ဘောစုများ စေလွှတ်ထားခဲ့သည်။ ရုတ်တရက် ထိုအဖွဲ့များသည် အရေးပေါ် အချက်ပြမီးရှူးများ လွှတ်တင်လာကြသည်။ ထိုသင်္ဘောစုများကို နိုင်ငံနှစ်ခု၏ အရှေ့ဘက်ပိုင်းများတွင် ရှိသော ဂိုဏ်းများမှ ပိုင်ဆိုင်သည်။ သူတို့သည် အဆင့်နိမ့်ပင်လယ်နတ်ဆိုးသားရဲများကို အမဲလိုက်ခြင်းဖြင့် သက်မွေးဝမ်းကြောင်း ပြုကြသည်။ ထိုဂိုဏ်းများသည် အချက်ပြမီးရှူးကို လက်ခံရရှိသည့်အခါ တပ်ကူများ စေလွှတ်ခဲ့သည်။ ရလဒ်အနေဖြင့် ထိုတပ်ကူများသည် နောက်တစ်ကြိမ် အချက်ပြမီးရှူးများ လွှတ်တင်လာကြပြန်သည်။
ဂိုဏ်းများမှ စေလွှတ်လိုက်သော တပ်ကူများသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များ ဖြစ်ကြသည်။ သာမန်အခြေအနေများတွင် ရေတိမ်ပိုင်း၌ အားကောင်းသော ပင်လယ်နတ်ဆိုးသားရဲများကို သူတို့တွေ့စရာ အကြောင်း မရှိပေ။ ဂိုဏ်းအသီးသီးသည် သူတို့၏တပ်ကူများနှင့် ဆက်သွယ်ရန်ကြိုးစားကြည့်ခဲ့သော်လည်း အဆက်အသွယ် ပြတ်သွားခဲ့သည်။
ဂိုဏ်းများသည် ကြောက်ရွံ့တုန်လှုပ်သွားကြပြီး တော်ဝင်မိသားစုနှစ်ခုထံ ဆက်သွယ်၍ အကူအညီတောင်းခဲ့ကြသည်။
နိုင်ငံနှစ်ခုသည် ဤပြဿနာကို အရေးကြီးမှန်း ခန့်မှန်းမိ၍ အရှေ့ဘက်ပင်လယ်ပြင်ဆီသို့ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် အယောက်တစ်ရာစီ အသီးသီးစေလွှတ်ပေးခဲ့သည်။ ထိုအထဲတွင် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် အတော်များများလည်း ပါဝင်လေသည်။ သူတို့၏အဓိကတာဝန်မှာ ကယ်ဆယ်ရေးလုပ်ဆောင်ရန်နှင့် အခြေအနေကို ထောက်လှမ်းရန်ဖြစ်သည်။ အဆုံးတွင် ပင်လယ်ပြင်ဆီ ထွက်ခွာသွားခဲ့ကြသော တပ်စုနှစ်ခုသည် အချိန်တိုအတွင်း ပြန်ရောက်လာခဲ့ကြသည်။ အယောက်တစ်ရာစီပါသော တပ်စုနှစ်ခုလုံးမှ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာ ကျန်ရှိတော့သည်။
ထိုအသက်ရှင်ကျန်ရစ်သူများသည် ထိတ်လန့်တုန်လှုပ်ဖွယ်သတင်းကို ယူဆောင်လာခဲ့ကြသည်။
အရှေ့ဘက်ပင်လယ်ပြင်တွင် နတ်ဆိုးသားရဲများ ထကြွသောင်းကျန်းနေကြပြီး သားရဲစီးကြောင်းတစ်ခု ဖြစ်တည်နေခဲ့သည်။ ဤတစ်ခေါက် သားရဲစီးကြောင်းသည် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သော သားရဲစီးကြောင်းထက် အဆများစွာ ကြီးမားသည်။ ရေတိမ်ပိုင်းတွင်ပင် တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်နေကြသည့် နတ်ဆိုးသားရဲဘုရင်များမှာ အတော်များလေသည်။
နယ်မြေတစ်ခုလုံးသည် တုန်လှုပ်သွားကြသည်။ မြောက်ဘက်လျန်နိုင်ငံမှ ရှားတိသည် ရွှေယွဲ့လျန်မျှော်စင်ထံ အရေးပေါ်ဆက်သွယ်၍ ချက်ချင်း အခြေအနေကို မေးမြန်းလေသည်။ ရွှေယွဲ့လျန်မျှော်စင်သည် ရွှေယို့လန် တံခါးပိတ်ကျင့်ကြံနေကြောင်း၊ ကြယ်တံခွန်ကျွန်းသည် မိုးသားပုံရိပ်ယောင် ဝင်္ကပါကို အသက်သွင်းထားကြောင်းနှင့် နယ်မြေမှ ပြည်သူများကို သေချာခုခံကာကွယ်သင့်ကြောင်း ပြန်အကြောင်းကြားလာခဲ့သည်။
ရှားတိသည် ကျိန်ဆဲမိသွားသည်။ ကြယ်တံခွန်ကျွန်းတွင် ကျွန်း၏မိုင်တစ်ရာပတ်လည်ကို မြူများဖြင့် ထင်ယောင်ထင်မှားနယ်မြေတစ်ခု ဖန်တီးပေးနိုင်သည့် မိုးသားပုံရိပ်ယောင်ဝင်္ကပါရှိသည်။ မြူထုထဲသို့ ဝင်ရောက်သွားသော ပင်လယ်နတ်ဆိုးသားရဲများသည် ကြယ်တံခွန်ကျွန်းအနီးသို့ ကပ်နိုင်ကြမည်မဟုတ်ပေ။ သို့သော်လည်း နယ်မြေတွင် ထိုသို့သော ဝင်္ကပါမရှိပေ။
ရှန်ဝူနိုင်ငံနှင့် မြောက်ဘက်လျန်နိုင်ငံသည် အရင်ဆုံး ဒဏ်ခံရမည့် နိုင်ငံများဖြစ်သည်။ ရှားနိုင်ငံ၏ အရှေ့တောင်ဘက်ခြမ်းသည်လည်း သက်ရောက်ခံရပေလိမ့်မည်။ ပင်လယ်နတ်ဆိုးသားရဲဘုရင်များသည် စိတ်ဖောက်၍ ကုန်းမြေပေါ်တက်လာကြလျှင် လူသားမျိုးနွယ်အတွက် ကပ်ဆိုးကြီး ဖြစ်လာလိမ့်မည်။
မြောက်ဘက်လျန်နိုင်ငံသည် အလျင်အမြန် လူသူစုဆောင်းကာ ရှားတိကိုယ်တိုင်ဦးဆောင်၍ ပင်လယ်ပြင်သို့ ထွက်သွားခဲ့သည်။ ရှန်ဝူနိုင်ငံသည်လည်း နိုင်ငံအတွင်းရှိ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် အားလုံးနီးပါး ပါဝင်သည့် စစ်တပ်ကို စေလွှတ်ခဲ့သည်။ စစ်တပ်ကို ကျန်းပိုင်လီကိုယ်တိုင် ဦးဆောင်ခဲ့သည်။
ရှားနိုင်ငံသည်လည်း ထိတ်လန့်နေခဲ့သည်။
ကျန်းရီမရှိဘဲ စုလောရွှယ်အလျင်စလို မဆုံးဖြတ်ရဲပေ။ ကမူးရှူးထိုး လုပ်လိုက်မိပါက သူတို့အား ရန်သူတိုက်ခိုက်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
နောက်ဆုံးတွင် စုလောရွှယ်သည် အကြံကောင်းတစ်ခု ထွက်လာခဲ့သည်။ ရှားနိုင်ငံသည် အရှေ့ပင်လယ်ပြင်နှင့် နီးသည့်နေရာ သေးသေးလေးကိုသာ ကိုင်ဆိုင်လေရာ ထိုနေရာရှိ မြို့များမှ မြို့သူမြို့သားများကို ရွှေ့ပြောင်းပေးနိုင်လျှင် ရပြီဖြစ်သည်။ ပင်လယ်နတ်ဆိုးသားရဲများသည် ပင်လယ်ထဲမှ သားရဲများဖြစ်သည်။ ကမ်းပေါ်သို့တက်လာ၍ သူတို့သတ်စရာလူမတွေ့ပါက ပင်လယ်ထဲသို့ ပြန်ဆင်းသွားကြမည် မဟုတ်ပါလော။
နိုင်ငံသုံးခု ပြဿနာကြုံနေသလို ကျန်နိုင်ငံများမှာလည်း စိတ်မအေးနိုင်ကြပေ။ ဤတစ်ကြိမ်သားရဲစီးကြောင်းသည် အတိတ်ကဖြစ်ခဲ့သည့် တစ်ခုထက် ကြီးမားသည်။ ဧကရာဇ်အဆင့် နတ်ဆိုးသားရဲတစ်ကောင် ပေါ်ထွက်လာပါက နယ်မြေတစ်ခုလုံး အသတ်ခံရလိမ့်မည်။ တစ်ယောက်မှ လွတ်မြောက်မည်မဟုတ်။
နိုင်ငံအသီးသီးသည် အချိန်မရွေး အထောက်အပံ့ပေးနိုင်ရန် လူသူစုရုံးထားကြသည်။ ဇင်ဘုရားကျောင်းနှင့် သင်တန်းကျောင်းသုံးခုမှာလည်း အကူအညီလိုပါက ပေးနိုင်ရန် အဆင်သင့်ပြင်ထားခဲ့သည်။ နယ်မြေတစ်ခုလုံး၏ လေထုမှာ လေးလံထိုင်းမှိုင်းနေသည်။
အိပ်မက်ပင်လယ်ချောက်နက်တစ်ခုသာ ချွင်းချက်ဖြစ်သည်။ ကျီထင်ယွီသည်လည်း နောက်လိုက်များထံမှ သတင်းရခဲ့သည်။ သူမသည် ခပ်ဖွဖွပြုံးလိုက်ပြီး သူမ၏ကုချင်းကိုသာ ဆက်လက်တီးခတ်နေခဲ့သည်။ သူမ၏ ဖယောင်းဖြူလက်ချောင်းများမှာ ကြိုးများအကြားကခုန်၍ စည်းချက်ညီသော ဂီတသံကို ဖန်တီးနေလေသည်။ သူမသည် ကောင်းကင်အားမော့ကြည့်၍ သက်ပြင်းဖွဖွချလိုက်သည်။
"နောက်ဆုံးတော့ စတင်ပြီပေါ့။ ကျန်းရီ...ကျွန်မတို့ မကြာခင် ပြန်တွေ့ရတော့မယ်။ ထင်ယွီ့ကို ရှင်မှတ်မိသေးရဲ့လား"
***