ချူလျန်... ဘယ်လောက်တောင် ကောင်းလိုက်တဲ့ သူငယ်ချင်းလဲ…။
Vol. 2 Ch. 11
မိန်းကလေးပီသစွာ အသန့်ပြန့်ကြိုက်တတ်သော ရွှီဇီချင်သည် မြေကြီးက ညစ်ပတ်သည်ဟု ယူဆသောကြောင့်၊ ထိုင်မနေဘဲ ဘေးတစ်ဖက်တွင် ရပ်နေလိုက်သည်။
မိန်းမငယ်လေးသည် အဖွဲ့၏အလယ်တွင် အချိန်ပြည့် လိုက်ပါခဲ့ရပြီး၊ လူတိုင်း၏ ကာကွယ်မှုအောက်တွင် ရှိနေခဲ့သဖြင့်၊ သူမ မပင်ပန်းသလို အနားယူရန်လည်း မလိုအပ်ချေ။
အခြားသူများ ထိုင်တရားမှတ်ကာ ချီစွမ်းအင် လှည့်ပတ်နေချိန်တွင်၊ သူမ အနည်းငယ် ပျင်းရိလာသည်။ သူမ၏ သက်ဝင်လှုပ်ရှားနေသော မျက်လုံးများဖြင့်၊ ဟိုဟိုဒီဒီ ကြည့်ရှုရင်း သိပ်သည်းထူထပ်သော သစ်တော၏ ရှုခင်းများကို လေ့လာနေသည်။
ရုတ်တရက်၊ ရှေ့ရှိ သစ်ရွက်များကြားတွင် တိုးညှင်းသော လှုပ်ရှားသံတစ်ခု ကြားလိုက်ရပြီး၊ တစ်စုံတစ်ခု ရွေ့လျားနေသကဲ့သို့ ဖြစ်နေသည်။ စူးစမ်းလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာသဖြင့်၊ သူမ သေချာ ကြည့်လိုက်သည်။
ထို့နောက် တိုးညှင်းသော လှုပ်ရှားသံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ မျက်စိတစ်မှိတ်အတွင်း လက်ဖဝါးအရွယ်အစားရှိ၊ အစက်အပြောက်များပါသည့် ဖားပြုတ်စိမ်းတစ်ကောင် သစ်ရွက်များအောက်မှ ခုန်ထွက်လာသည်။ ပြူးကျယ်နေသော မျက်လုံးများနှင့်အတူ၊ ၎င်းသည် ရုပ်ဆိုးပြီး ကြောက်မက်ဖွယ် ကောင်းနေချေသည်။
ဤသတ္တဝါသည် မိစ္ဆာမဟုတ်သဖြင့်၊ ဖန်တင်း၏ ဝိညာဉ်အာရုံက ထောက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့်၊ ၎င်းသည် အဖွဲ့ရှိရာနေရာနှင့် လွန်စွာနီးကပ်သောနေရာသို့တိုင် ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်၏။
“အမေ့…"
မည်သို့ပင်ဖြစ်စေ၊ ချက်ချင်းလက်ငင်း ပြောပလောက်သော အန္တရာယ် မရှိသော်လည်း၊ ဤသတ္တဝါ၏ ကြောက်မက်ဖွယ် အသွင်အပြင်သည် မိန်းမငယ်လေးကို များစွာ ထိတ်လန့်သွားစေသည်။ သူမ အလန့်တကြားဖြစ်သွားကာ၊ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
ဤသို့ နောက်ဆုတ်လိုက်စဉ်၊ သူမသည် မီးအိမ်အလင်းရောင် လွှမ်းခြုံထားသော ဧရိယာအပြင်ဘက်သို့ မတော်တဆ ရောက်ရှိသွားသည်။
ခြေတစ်လှမ်းတည်းသာ ဖြစ်၏။
လူတိုင်း၏အာရုံစိုက်မှု ဤမြင်ကွင်းအပေါ်သို့ ကျရောက်လာချိန်၌၊ ဧရိယာအစွန်အဖျားရှိ နွယ်ပင်တစ်ပင်သည် ရှူးကနဲ အသံဖြင့် ရုတ်တရက် ထိုးတက်လာကာ၊ ထက်မြနေသော အစွယ်များ ပြည့်နှက်နေသည့် ပါးစပ်ပေါက်ကြီးကို လှစ်ဟပြလိုက်သည်။
ဇိ...။
မိန်းမငယ်လေး သတိမထားမိလိုက်မီမှာပင်၊ ပန်းပွင့်မိစ္ဆာသည် သူမ၏ ခြေသလုံးကို ကိုက်ချလိုက်လေသည်။
"ဂျူနီယာညီမလေး ဇီချင်…" ဖန်တင်း ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး၊ ကျောပေါ်မှ ဓားရှည်ကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။
လေထဲတွင် ကခုန်နေသော ရွှေနဂါးတစ်ကောင်ကဲ့သို့ ထက်ရှသော ဓားချက်များ ဆက်တိုက် ထွက်ပေါ်လာပြီး၊ လျှပ်စီးဓားချီလှိုင်းလုံးကြီး တစ်ခု ပန်းထွက်လာကာ၊ ပန်းပွင့်မိစ္ဆာ၏ ခန္ဓာကိုယ်ကို ချက်ချင်း ဝါးမျိုသွားသည်။
၎င်းသည် (၁၀)ကိုက်ကျော် ရှည်လျားသော နက်ရှိုင်းသည့် မြောင်းကြီးတစ်ခုကိုပင် ကျန်ရစ်စေခဲ့ပြီး၊ နွယ်ပင်များ၊ သစ်ပင်ကြီးများနှင့် သိပ်သည်းထူထပ်သောသော သစ်တော၏ ကြီးမားသော အစိတ်အပိုင်း နေရာတစ်ခုကိုပင် ဖြတ်တောက်သွားခဲ့သည်။
ဖန်တင်း၏ ကျောပေါ်ရှိ ဓားအမည်မှာ မိုးကြိုးဓား ဖြစ်ပြီး၊ သူ ကျင့်ကြံရန် ကြိုးစားနေသော ရွှေအမြုတေမှာ လျှပ်စီးဓားချီကို အထူးပြုသော လျှပ်စီးငါးသွယ် ကောင်းကင်ရွှေအမြုတေ ဖြစ်ကြောင်း၊ ချူလျန်တစ်ယောက် လင်းပေ့ထံမှ ကြားသိထားပြီး ဖြစ်သည်။
ဤဓား၏ ကြီးမားသော စွမ်းအားကို မျက်မြင်တွေ့ရှိရခြင်းသည် တကယ်ပင် အားကျဖွယ်ရာ ကောင်းလှပေသည်။
သို့သော်ငြား၊ ဤဓားချက်၌ ထိတ်လန့်ဖွယ်ရာ ကြီးမားသော စွမ်းအား ရှိသော်လည်း၊ ၎င်း၏ ဦးတည်ရာ လမ်းကြောင်းသည် ရွှီဇီချင်၏ အဝတ်အစား တစ်စကိုမျှ မထိခိုက်စေဘဲ ဘေးနားမှ ဖြတ်သန်းသွားခဲ့သည်။
ပြသလိုက်သော ထိန်းချုပ်မှု အဆင့်အတန်းသည် တကယ့်ကို အံ့မခန်းပင်…။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ဝိညာဉ်အသိအမြင်အဆင့် ကျင့်ကြံသူတစ်ဦးအကြား၊ သိသာထင်ရှားသော ကွာခြားချက် ရှိနေကြောင်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ဖန်တင်း၏ တုံ့ပြန်မှု မည်မျှပင် ပြင်းထန်သည်ဖြစ်စေ၊ ရွှီဇီချင်တစ်ယောက် ပန်းပွင့်မိစ္ဆာ၏ ကိုက်ခဲခြင်း ခံလိုက်ရပြီးပြီ ဟူသော အချက်ကိုမူ ပြောင်းလဲ၍ မရနိုင်ပေ။
မိန်းမငယ်လေး ယိမ်းယိုင်သွားပြီး ထိုင်ချလိုက်ကာ၊ သွေးတိတ်စေရန် သူမ၏ ကျင့်ကြံခြင်း နည်းစနစ်ကို အလျင်အမြန် လှည့်ပတ်လိုက်သည်။
များမကြာမီ၊ သူမ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "ဒီပန်းပွင့်မိစ္ဆာက အဆိပ်ရှိတယ်…"
သေချာ ကြည့်လိုက်သောအခါ၊ အကိုက်ခံလိုက်ရသော သူမ၏ ဖြူဖွေးနူးညံ့သော ခြေသလုံးမှ မည်းနက်သော သွေးများ ယိုစီးကျလာသည်။ ဒဏ်ရာပတ်လည်ရှိ အရေပြားသည် မည်းနက်သော အငွေ့အသက်များဖြင့် စွန်းထင်းနေချေသည်။
"ဒီသစ်တောထဲက နွယ်စိမ်းပန်းပွင့်မိစ္ဆာတွေက အဆိပ်မရှိဘူး... စောစောက အကောင်က... နွယ်စိမ်းပန်းပွင့်မိစ္ဆာရဲ့ ဗီဇပြောင်းပုံစံ.. ခရမ်းနွယ်ပန်းပွင့်မိစ္ဆာပဲ ဖြစ်ရမယ်..." ဖန်တင်း ရှင်းပြလိုက်သည်။
"ဒါ.. မကောင်းတော့ဘူး..." လင်းပေ့ ပြောလိုက်သည်။
"ငါတို့ ပြင်ဆင်လာတဲ့ အဆိပ်ဖြေဆေးလုံးတွေက သစ်တောရဲ့ အဆိပ်ငွေ့တွေကို ဖြေဖျောက်ဖို့အတွက်ပဲ... ဒီခရမ်းနွယ်ပန်းပွင့်မိစ္ဆာက အရမ်း ရှားပါးတော့ ဒီအမျိုးအစား ပန်းပွင့်မိစ္ဆာအတွက် အဆိပ်ဖြေဆေး ငါတို့ဆီ ပါမလာဘူး... အခု နည်းလမ်းတစ်ခုတည်းပဲ ရှိတော့တယ်..."
"ဘာနည်းလမ်းလဲ..." လူတိုင်း သူ့ကို ဝိုင်းကြည့်ကာ မေးလိုက်ကြသည်။
လင်းပေ့သည် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အဆင်သင့် ဖြစ်နေသကဲ့သို့၊ ပြတ်သားသော မျက်နှာထားဖြင့် ကြေညာလိုက်သည်။ "ဂျူနီယာညီမလေး ဇီချင်... သွေးစီးဆင်းမှုကို ပိတ်ထားလိုက်ပြီး အဆိပ်ပျံ့နှံ့တာကို နှေးကွေးအောင် လုပ်ထားပါ... ငါ ချီစွမ်းအင် လှည့်ပတ်ပြီး မင်းအတွက် သွေးကို စုပ်ထုတ်ပေးမယ်..."
ထိုစကားများနှင့်အတူ၊ သူသည် ပါးစပ်ကို အိုပုံသဏ္ဌာန်ပြင်ကာ၊ နှုတ်ခမ်းတရွရွဖြင့် လုပ်ဆောင်ရန် အသင့်ပင် ဖြစ်နေချေသည်။
"ချီး… မရှုပ်စမ်းပါနဲ့ကွာ…" ဖန်တင်း မျက်မှောင်ကြုတ်ပြီး ဆူပူလိုက်သည်။
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဂျူနီယာညီမလေး ဇီချင်နဲ့ အတူတူလောက်ပဲ ရှိတာ... မင်း သွေးစုပ်ထုတ်လိုက်လို့... မင်းပါ အဆိပ်မိသွားရင် ဘယ်လိုလုပ်မလဲ... အင်း... ငါ့ ကျင့်ကြံခြင်းအဆင့်က ပိုမြင့်တယ်... ငါပဲ လုပ်လိုက်ပါ့မယ်...အဟဲ…"
ယခုချိန်အထိ၊ ပုံမှန်အားဖြင့် တိတ်ဆိတ်ပြီး အနေအေးသော လုရန်က နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။
"အဟမ်း.. စီနီယာအစ်ကိုဖန်... အစ်ကို့မှာ ကြီးမားတဲ့ တာဝန်တွေနဲ့...ဆိုတော့.. အစ်ကို စွန့်စားဖို့ အကြံမပေးချင်ဘူး... ဂျူနီယာညီအစ်ကိုလင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း နိမ့်တော့... သူ မဆင်မခြင် မလုပ်တာ အကောင်းဆုံးပဲ... ကျွန်တော်ပဲ လုပ်သင့်တယ်လို့ ထင်တယ်..."ပြောပြီးသည်နှင့် သူသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
"အာ..." မိန်းမငယ်လေးသည် သူမ၏ နူးညံ့ဖြူဖွေးသော ခြေထောက်ကို ကိုင်ထားပြီး၊ ညည်းတွားသံပင် ပြုမိတော့သည်။ လက်ရှိ အခြေအနေသည် သူမ မျှော်လင့်ထားသော အရာ မဟုတ်ပေ။
သူတို့ (၃)ဦး ငြင်းခုံနေစဉ်၊ ချူလျန် ကြားဖြတ် ပြောလိုက်သည်။
"အားလုံးပဲ... ကျွန်တော်..."
လင်းပေ့တို့တစ်သိုက် ခေါင်းမော့ပြီး သူ့ကို ကြည့်လိုက်ကြသည်။
"ဘာလဲ... မင်းလည်း စုပ်ချင်လို့လား..."
"အာ… မဟုတ်ပါဘူး..." ချူလျန် ခေါင်းခါလိုက်သည်။
"ကျွန်တော့်ဆီမှာ အဆိပ်ဖြေဆေးတစ်မျိုး ရှိတယ်လို့ ပြောမလို့ပါ... ဂျူနီယာညီမလေးရွှီဆီက ပန်းပွင့်မိစ္ဆာအဆိပ်ကို ဖြေနိုင်လောက်တယ်..."
"တကယ်..." ရွှီဇီချင်၏ မျက်လုံးများသည် အသက်ကယ်ကောက်ရိုးတစ်စကို ဆုပ်ကိုင်မိလိုက်သကဲ့သို့ မျှော်လင့်ချက်များဖြင့် တောက်ပသွားသည်။
"စီနီယာအစ်ကိုချူ... တကယ်ပဲ အဆိပ်ဖြေဆေး ရှိတာလား..."
"ဟုတ်ပါတယ်... ပန်းပွင့်မိစ္ဆာအဆိပ်အတွက် သီးသန့်တော့ မဟုတ်ပေမဲ့... အလုပ်တော့ ဖြစ်လောက်ပါတယ်..." ချူလျန် ပြောရင်းဆိုရင်း ပန်းတစ်ရာအဆိပ်ဖြေဆေးကို ထုတ်ယူလိုက်သည်။
"သီးသန့် အဆိပ်ဖြေဆေး မဟုတ်ဘူးဆိုတော့... အန္တရာယ် ရှိနိုင်တယ်..." လင်းပေ့သည် နှမြောတသဟန်ဖြင့် ရွှီဇီချင်ကို ကြည့်လိုက်သည်။ "ဂျူနီယာညီမလေးရွှီ... မင်း စဉ်းစားသင့်တယ်နော်..."
"လက်ရှိ အခြေအနေမှာ... ရွေးချယ်စရာ (၂)ခုပဲ ရှိတယ်... သူတို့ထဲက တစ်ယောက်ယောက်ကို ပါးစပ်နဲ့ အဆိပ်စုပ်ထုတ်ခိုင်းမလား... ဒါမှမဟုတ် ဆေးသောက်မလား..."
"ဆေးပဲ သောက်လိုက်ပါ့မယ်…" ရွှီဇီချင်တစ်ယောက် ပြာပြာသလဲ ဖြေလိုက်သည်။
ထို့နောက်၊ ချူလျန်သည် ပန်းတစ်ရာအဆိပ်ဖြေဆေးကို သူမအား ကမ်းပေးလိုက်ပြီး "တစ်ဝက်ကို သောက်... ကျန်တစ်ဝက်ကို ဒဏ်ရာပေါ်မှာ လိမ်းလိုက်ပါ..."
"ကောင်းပါပြီ... စီနီယာအစ်ကိုချူ... ကျေးဇူးတင်ပါတယ်..." ရွှီဇီချင်ခမျာ ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာချေသည်။
"ဟင်း..." လင်းပေ့ သက်ပြင်းချလိုက်ပြီး အပြစ်ရှိစိတ် ခံစားနေရပုံ ပေါက်နေသည်။
"ဘာမှ မကူညီနိုင်လို့ စိတ်မကောင်းပါဘူးဟာ... အဆိပ်စုပ်ထုတ်ပေးဖို့လည်း မကူညီလိုက်ရတော့... ဆေးကူလိမ်းပေးရမလား..."
သို့သော်ငြား၊ ဤမေးခွန်းကြောင့် လင်းပေ့တစ်ယောက် ရွှီဇီချင်၏ မျက်စောင်းထိုးခြင်းကိုသာ အကြီးအကျယ် ခံလိုက်ရသည်။
ချူလျန်၏ ညွှန်ကြားချက်အတိုင်း၊ ရွှီဇီချင်သည် ပန်းတစ်ရာအဆိပ်ဖြေဆေးကို အညီအမျှခွဲလိုက်ပြီး၊ တစ်ဝက်ကို ဒဏ်ရာတွင် လိမ်းကျံကာ ကျန်တစ်ဝက်ကို ရေဖြင့် သောက်သုံးလိုက်သည်။
ထို့နောက်၊ သူမသည် ချီစွမ်းအင်ကို လှည့်ပတ်ပြီး အသက်ရှူခြင်းကို ထိန်းညှိယူလိုက်သည်။
လက်ဖက်ရည် တစ်အိုးကျိုချိန်ထက်ပင် နည်းသောအချိန်အတွင်း၊ ဒဏ်ရာပတ်လည်ရှိ မည်းနက်သော အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားပြီး၊ ပန်းကန်လုံး အရွယ်အစားရှိသော ဒဏ်ရာသည် မျက်စိဖြင့်မြင်နိုင်သော အံ့အားသင့်ဖွယ်နှုန်းဖြင့် ကျက်သွားလေသည်။
ကျင့်ကြံသူများတွင် ရှိရင်းစွဲဖြစ်သော သန်မာသည့် ခွန်အားသက်လုံသည် ပန်းတစ်ရာအဆိပ်ဖြေဆေး၏ ကြီးမားသော အကျိုးသက်ရောက်မှုနှင့် ပေါင်းစပ်သွားသောအခါ၊ ပိုမိုမြန်ဆန်သော အနာကျက်ခြင်း လုပ်ငန်းစဉ်ကို ဖြစ်ပေါ်စေခြင်းပင်။
"စီနီယာအစ်ကိုချူ... အစ်ကို့ဆေးက အရမ်းစွမ်းတာပဲ" ရွှီဇီချင် ဝမ်းသာအားရ ရေရွတ်လိုက်သည်။
"အဆင်ပြေသွားလို့ ဝမ်းသာပါတယ်..." ချူလျန် ခပ်ဟဟ ပြုံးပြီး ပြောလိုက်သည်။
ကျင့်ကြံသူများအနေဖြင့်၊ မိစ္ဆာအဆိပ် မပါဝင်သရွေ့ အသေးအဖွဲ အပေါ်ယံဒဏ်ရာများသည် သက်ရောက်မှု သိပ်မရှိလှပေ။
ပြင်ပဒဏ်ရာ လိမ်းဆေးအချို့ လိမ်းပြီးနောက်၊ ရွှီဇီချင် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ ဘာမှ မဖြစ်ခဲ့သကဲ့သို့ ရှိနေပြီး၊ ခွန်အားအပြည့် ဖြစ်နေသည်။
သူမ စိတ်ထင်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ချူလျန် ပေးလိုက်သောဆေးကို လိမ်းပြီးနောက်၊ သူမ၏ ခန္ဓာကိုယ်မှ မွှေးပျံ့သောရနံ့များ ထွက်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။
ဤရနံ့သည် ပြောင်းလဲနေပုံရပြီး၊ သိမ်မွေ့သော စံပယ်ရနံ့အဖြစ် စတင်ကာ၊ ချိုမြိန်သော နှင်းဆီရနံ့အဖြစ် ပြောင်းလဲသွားပြီး၊ နောက်ဆုံးတွင် သူမ တစ်ခါမျှ မကြုံဖူးသော ထူးဆန်းပြီး အတော်လေး ချိုအီမွှေးပျံသော ရနံ့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ပန်းရနံ့ တစ်မျိုးမျိုး ဖြစ်လောက်ချေသည်…။
လှုပ်ရှားနိုင်စွမ်း ပြန်ရလာပြီးနောက်၊ သူမသည် ချူလျန်ထံသို့ ကျက်သရေရှိစွာ လျှောက်လှမ်းသွားပြီး နူးညံ့သောအသံဖြင့် "စီနီယာအစ်ကိုချူ... ညီမ ဘယ်လို ကျေးဇူးဆပ်ရမလဲ..."
"ရပါတယ်..." ချူလျန်က ပြုံးလိုက်ပြီး "ညီမက အစ်ကို့ကို ချီစုစည်းဆေးလုံးတွေ ပေးတယ်... အပြန်အလှန်အနေနဲ့ အစ်ကိုက ပန်းတစ်ရာအဆိပ်ဖြေဆေးပေးတယ်... လက်ဆောင်ချင်း မျှမျှတတ ဖလှယ်လိုက်တာပါပဲ..."
"ဒါပေမဲ့..." မိန်းမငယ်လေးက မေးလေးချီလိုက်ပြီး ဆက်ပြောသည်။ "ချီစုစည်းဆေးလုံးက အစ်ကို့ရဲ့ ပန်းတစ်ရာအဆိပ်ဖြေဆေးနဲ့ ဘယ်လိုသွား ယှဉ်လို့ရမှာလဲ..."
ချူလျန် လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ "ငါတို့က ဂိုဏ်းတူအဖွဲ့ဝင်တွေနဲ့ သူငယ်ချင်းတွေပဲဟာ... ဒီလောက်ကြီး မြင်နေစရာ မလိုပါဘူး..."
"သူငယ်ချင်းတွေတဲ့လား..." ရွှီဇီချင် ခဏတာ ကြောင်သွားသည်။
ရုတ်တရက် သူမ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။ "ကောင်းပါပြီ..."
ထိုအချိန်တွင်၊ ဘေးနားတွင် ရှိနေသော လင်းပေ့က မေးလိုက်သည်။ "ဒါပေမဲ့ ညီအစ်ကိုချူ... ငါတို့ မင်းကို ဖိတ်ခေါ်တုန်းက မင်း ဓားလဲလှယ်ရေးခန်းမမှာ ရှိနေတာ မဟုတ်ဘူးလား... မင်း အမြဲတမ်း အဆိပ်ဖြေဆေးတွေ ဆောင်ထားတတ်တာလား..."
"ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းပါတယ်ဗျာ..." ချူလျန်က အလေးအနက်မထားသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
မကြာမီ၊ ဖန်တင်းသည် ခရီးဆက်ရန် အဖွဲ့ကို စုစည်းလိုက်သည်။ ချူလျန်သည် ချက်ချင်း ရှေ့ဆုံးသို့ တက်သွားပြီး၊ လမ်းရှင်းလင်းခြင်းတာဝန်ကို ပြန်လည် စတင်လိုက်သည်။
အဖွဲ့သည် ဤတစ်ကြိမ်တွင် သူ၏ ကျောပြင်ကို ပိုမိုနူးညံ့သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဤအခိုက်အတန့်တွင် ကျောက်စိမ်းဓားတောင်ထွတ်မှ တပည့်များအားလုံးသည် ငွေဓားတောင်ထွတ်မှ ဤတပည့်သည် သူငယ်ချင်းအဖြစ် ထားရှိရန် ထိုက်တန်သူဖြစ်ကြောင်း ခံစားလိုက်ရသည်။
မိစ္ဆာများ ထွက်ပေါ်လာလျှင် ရင်ဆိုင်ပေးသလို၊ ဆေးဝါးများရှိလျှင်လည်း မျှဝေတတ်သေးသည်။
ချူလျန်... ဘယ်လောက်တောင် ကောင်းလိုက်တဲ့ သူငယ်ချင်းလဲ…