ကြောက်မက်ဖွယ်ကောင်းသော လူမျက်နှာရှောင်။
Vol. 2 Ch. 13
လူမျက်နှာကျောက်စိမ်းပန်းပွင့် ပွင့်လန်းလာသောအခါ၊ ၎င်းကို ကြည့်မိသူတိုင်းနှင့် ၎င်းကိုယ်တိုင် အပါအဝင် ဖမ်းစားခြင်း ခံရလေ့ရှိသည်။
ထို့ကြောင့်၊ ဤပန်းပွင့်သည် ကြေးနီကြေးမုံပြင်ထဲမှ ၎င်း၏ ရောင်ပြန်ဟပ်မှုကို မြင်လိုက်ရသော အခိုက်အတန့်တွင် အာရုံဖမ်းစားခံလိုက်ရခြင်း ဖြစ်ပေသည်။
ပန်းပွင့် အာရုံလွင့်ပါးသွားသော ဤအခိုက်အတန့်ကို အခွင့်ကောင်းယူလိုသဖြင့်၊ လင်းပေ့သည် ဓားကို ဆွဲထုတ်လိုက်ပြီး ပန်းပွင့်၏ရိုးတံကို နောက်ဘက်မှ ဖြတ်တောက်ရန် ပြင်ဆင်လိုက်သည်။
ပန်းပွင့်ကို ခူးဆွတ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သူတို့၏ တာဝန် ပြီးမြောက်ပြီ ဖြစ်၏။
သို့သော်ငြား၊ မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာသည်။
ရွှစ်...။
အဖြူရောင်ပုံရိပ်တစ်ခု ကောင်းကင်မှ ရုတ်တရက် ကျဆင်းလာပြီး၊ ပန်းပွင့်နှင့် လင်းပေ့တို့၏ ဘေးတည့်တည့်တွင် ဆင်းသက်လိုက်သည်။
ထို့နောက်၊ ၎င်းသည် လင်းပေ့၏ လည်ချောင်းကို ရက်စက်စွာ ကုတ်ခြစ်လိုက်တော့သည်။
ဤတိုက်ခိုက်မှုသည် လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်ကာ၊ လင်းပေ့၏ အသက်ကို တစ်ချက်တည်းဖြင့် အဆုံးသတ်ရန် ရည်ရွယ်ထားချေသည်။
ကံကောင်းထောက်မစွာဖြင့်၊ လင်းပေ့တစ်ယောက် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး၊ ဓားကို အလျားလိုက် အနေအထားသို့ အလျင်အမြန် ဆွဲယူကာ တိုက်ခိုက်မှုကို ကာကွယ်လိုက်နိုင်သည်။
အဖြူရောင်ပုံရိပ်၏ လက်သည် လင်းပေ့၏ ဓားနှင့် ထိပ်တိုက်တွေ့ဆုံသွားသောအခါ၊ သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး မီးပွားများ နေရာအနှံ့ လွင့်စင်သွားတော့သည်။
ထိပ်တိုက်တွေ့မိသော အရှိန်ကြောင့် လင်းပေ့ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ အကယ်၍ သူ အနည်းငယ်သာ နှေးကွေးခဲ့လျှင်၊ သေချာပေါက် အသတ်ခံလိုက်ရပေလိမ့်မည်။
အပြင်ဘက်ဧရိယာ သုံးပါးပေါင်းစည်းဓားအခင်းအကျင်း၌ ရှိနေသော အဖွဲ့ဝင် ၃ဦးသည် ဤအခိုက်အတန့်နောက်ဆုံး၌ လှည့်ကြည့်လိုက်ကြသည်။
အခြေအနေကို သေချာစွာ ကြည့်လိုက်သောအခါ၊ ၎င်းသည် ကလေးငယ် အရွယ်အစားရှိသော သတ္တဝါတစ်ကောင်ကြောင့် ဖြစ်ကြောင်း သဘောပေါက်လိုက်ကြရသည်။
၎င်းတွင် အရွယ်အစားကြီးမားသော ဦးခေါင်းတစ်ခု ရှိပြီး၊ ခန္ဓာကိုယ်မှာ ကျောက်စိမ်းဖြူရောင် ရှိချေသည်။
"ဒါ လူမျက်နှာရှောင်ပဲ…" ဖန်တင်း အံအားတသင့် ရေရွတ်လိုက်မိသည်။
သူ၏ မျက်နှာထား တင်းမာသွားပြီး၊ ဓားကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။
ရှာဖွေရန် အလွန်ခက်ခဲသော ဤသို့သောသတ္တဝါနှင့် ကြုံတွေ့ရမည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။
သို့သော်၊ သတ္တဝါ၏ လှုပ်ရှားမှုများသည် အလွန်အမင်း လျင်မြန်လှသည်။
လင်းပေ့ကို တွန်းထုတ်ပြီးနောက်၊ လူမျက်နှာရှောင်သည် လက်လှမ်းလိုက်ပြီး ပွင့်လန်းနေသော လူမျက်နှာကျောက်စိမ်းပန်းပွင့်ကို လျင်မြန်စွာ ချိုးယူလိုက်သည်။ ထို့နောက် ချက်ချင်း လှည့်ထွက်ပြီး ထွက်ပြေးလေတော့သည်။
မည်သို့ပင်ဖြစ်စေ၊ ဖန်တင်း၏ လှုပ်ရှားမှုများသည်လည်း မြန်ဆန်လှ၏။
သူသည် မိုးကြိုးဓားကို ညာလက်ဖြင့် ခပ်မြင့်မြင့်မြှောက်လိုက်သည်။ ဘယ်လက်ကို ရင်ဘတ်ရှေ့တွင် ထားပြီး တန်ခိုးစွမ်းရည် လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။
လက်ညှိုးနှင့် လက်ခလယ်ကို ကောင်းကင်သို့ ထိုးချိန်ထားပြီး၊ ကျန်လက်ချောင်းများကို ခေါက်ထားသည်။ မျက်စိတစ်မှိတ်အတွင်း၊ ရွှေနဂါးသဏ္ဌာန်ဓားချီသည် ဧရိယာကို လွှမ်းခြုံသွားပြီး လှောင်အိမ်တစ်ခု ပြုလုပ်လိုက်တော့သည်။
ထိုသတ္တဝါသည် ယခုအခါ မိုးကြိုးရေကန်တစ်ခုကဲ့သို့ ထင်ရသော တစ်စုံတစ်ခု၏ အလယ်တွင် ပိတ်မိနေလေပြီ။
သို့သော်ငြား၊ သတ္တဝါသည် ဓားချီကို ရှောင်တိမ်းခြင်းပင် မပြုလုပ်ခဲ့ပေ။ ထို့အစား ၎င်းသည် တည့်တည့် ခုန်တက်လိုက်ပြီး၊ စက္ကန့်ပိုင်းမျှ ထွင်းဖောက်မြင်နိုင်သော အခြေအနေသို့ ပြောင်းလဲသွားသည်။
ထိုစက္ကန့်ပိုင်း အတွင်းမှာပင်၊ ၎င်းသည် ဓားချီလှောင်အိမ်ကို ဖြတ်ကျော်ပြီး ကောင်းကင်ယံသို့ မြင့်မားစွာ ခုန်တက်သွားတော့သည်။ ထို့နောက်၊ သတ္တဝါသည် ကျောက်ဆောင်စွန်းတစ်ခုပေါ်သို့ ခုန်တက်ပြီး နောက်တစ်ဖန် ခုန်ပျံလိုက်ကာ၊ လေထဲသို့ ပျံဝဲသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း၊ ၎င်းသည် ကျန်း (၁၀)ကျန်းကျော် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်၏။
"မိစ္ဆာကောင်... မင်း ထွက်မသွားရဘူး…"
အရေးတကြီး ဖြစ်လာသဖြင့်၊ ဖန်တင်းသည် သူ၏ ဓားပေါ်သို့ ခုန်တက်လိုက်သည်။ ၎င်းသည် ချက်ချင်းပင် ရုန့်ရင်းကြမ်းတမ်းသော ရွှေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သတ္တဝါနောက်သို့ လိုက်လေတော့သည်။
တောင်ကြားတွင် အလျားလိုက်၊ ဒေါင်လိုက် ဖြန့်ကျက်ထားသော ကျောက်ဆောင်စွန်းများ ဖုံးလွှမ်းနေသဖြင့် ဖြတ်သန်းသွားလာရန် ရှင်းလင်းသော လမ်းကြောင်းဟူ၍ မရှိပေ။
သို့သော်၊ အဖြူရောင်ပုံရိပ်သည် မယုံကြည်နိုင်လောက်အောင် ပေါ့ပါးသွက်လက်လှသည်။ ၎င်းသည် ကြမ်းတမ်းသော မြေပြင်အနေအထားကို ဖြတ်သန်းရန် လမ်းကြောင်းတစ်ခုကို လွယ်ကူစွာ ရွေးချယ်ပြီး ရှေ့ဆက်သွားချေသည်။
ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...။
ဓားစီးပျံသန်းခြင်းသည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းကို ပေးစွမ်းသော်လည်း၊ ဖြောင့်တန်းသော လမ်းကြောင်းများနှင့် ခရီးဝေးများအတွက် ပိုမို သင့်လျော်သည်။
ဖန်တင်းသည် အလျားလိုက် နေရာလပ်များကို ဖြတ်သန်းရန် လှည့်ပတ်ခြင်း၊ သို့မဟုတ် အတားအဆီးများကို ရှောင်တိမ်းရန် ရုတ်တရက် ကွေ့ခြင်းတို့ကို မပြုလုပ်နိုင်ပေ။
အကျိုးဆက်အားဖြင့် သူသည် တောင်ကြားကို ဖြတ်သန်းသွားစဉ်၊ ကြီးမားသော ကျောက်တုံးများကို အကြိမ်ကြိမ် ဝင်တိုက်ပြီး ချိုးဖျက်ပစ်ခဲ့ရသည်။
အကယ်၍ သာမန် ကျောက်တုံးများ ဖြစ်ခဲ့လျှင်၊ သူ့အတွက် တိုးတိုက်ဖြတ်သန်းသွားရန် ပြဿနာ မရှိပေ။ သို့သော်၊ ဤကျောက်တုံးများသည် အလွန်အမင်း မာကျောသဖြင့်၊ မြန်နှုန်းမြင့် ဓားစီးနင်းနေစဉ် ၎င်းတို့ကို အကြိမ်ကြိမ် ဝင်တိုက်မိခြင်းသည် အမှန်တကယ် အန္တရာယ်များလှသည်။
ကျင့်ကြံခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိနေသော ဖန်တင်းကဲ့သို့သော သူတစ်ယောက်အတွက်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲနေသည်။
ခဏအကြာတွင်၊ သူသည် နည်းလမ်းပြောင်းလိုက်ပြီး ဓားစီးမည့်အစား လေဟုန်စီးနင်းလိုက်သည်။ သူသည် မိုးကြိုးဓားကို သတ္တဝါရှိရာ လေထုထဲသို့ ခွဲထွက်သွားစေလိုက်သည်။ သူသည် အနီးကပ်ရန်မလိုဘဲ သတ္တဝါကို သတ်ဖြတ်ရန် ဓားကို ဓားပျံကဲ့သို့ အသုံးပြုရန် ရည်ရွယ်လိုက်သည်။
သို့သော်၊ ထိုသို့ ပြုလုပ်ခြင်းသည် သူ့ကို သိသိသာသာ နှေးကွေးသွားစေသည်။
မျက်စိတစ်မှိတ်အတွင်း၊ သူနှင့် သတ္တဝါအကြား အကွာအဝေးသည် တစ်ဖန် ကြီးမားစွာ ကျယ်ပြန့်သွားသည်။ ဓားပျံသည် အလွန်အမင်း လျင်မြန်သော သတ္တဝါနောက်သို့ ဆက်လက် လိုက်ပါနေသော်လည်း၊ ဘယ်သောအခါမျှ အမီလိုက်နိုင်မည့်ပုံ မပေါ်ပေ။
ဤအရာအားလုံးသည် လျှပ်တစ်ပြတ်စာအတွင်း ချက်ချင်းဆိုသလို ဖြစ်ပျက်သွားခြင်းပင် ဖြစ်၏။
နှစ်ဖက်စလုံး လျှပ်စီးကဲ့သို့ မြန်ဆန်သော အမြန်နှုန်းဖြင့် ရှေ့ဆက်သွားနေကြသဖြင့်၊ ဖန်တင်းသည် တောင်ကြား၏ ပိုမိုနက်ရှိုင်းသောအပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိမထားမိခဲ့ပေ။
သူ၏ အာရုံစိုက်မှုသည် ရှေ့မှ အဖြူရောင်ပုံရိပ်အပေါ်တွင်သာ ရှိနေပြီး၊ ခေါင်းပေါ်မှ မိုးခြိမ်းသံကဲ့သို့ တိုက်ခတ်လာသော လေပြင်းကို သတိမပြုမိလိုက်ပေ။
ကြီးမားသော အရိပ်မည်းကြီးတစ်ခုက သူ့အပေါ် လွှမ်းခြုံလာတော့သည်။
ဝူးရှ်…။
ဖန်တင်း အလောသုံးဆယ် ရပ်တန့်လိုက်ရပြီး၊ ထိုအရိပ်သည် ကြီးမားသော သစ်ကိုင်းကြီးတစ်ခု ဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။
သူသည် ကောင်းကင်ယံသို့ မြင့်မားစွာ ထိုးတက်နေသော ဧရာမသစ်ပင်ကြီးတစ်ပင်၏ ရှေ့တည့်တည့်တွင် ရပ်တန့်လိုက်ရခြင်းပင် ဖြစ်ချေသည်။
အနည်းဆုံး၊ ကျန်းပေါင်း ဆယ်ဂဏန်း မြင့်မားသော ဧရာမသစ်ပင်ကြီးသည် တောင်ကြားအလယ်တွင် တည်ရှိနေသည်။ ၎င်း၏ အကိုင်းအခက်များသည် ကျယ်ပြန့်စွာ ဖြန့်ကျက်ထားပြီး၊ ကောင်းကင်ကို ဖုံးကွယ်ကာ မြေပြင်ကို လွှမ်းခြုံထားသော ကြီးမားသည့် သစ်ပင်ထိပ်ဖျားကို ထောက်ပံ့ထားသည်။ ဤသစ်ပင်သည် တောင်ကြားအတွင်းရှိ စိမ်းလန်းစိုပြေသော အပင်များကို ဖြစ်ထွန်းစေခဲ့ပုံ ရသည်။
သစ်ပင်ပတ်လည်တွင် အကိုင်းအခက် အမြောက်အမြား ရှိနေပြီး၊ ၎င်းအနီးသို့ ချဉ်းကပ်လာသော မည်သည့် သက်ရှိသတ္တဝါမဆို အကိုင်းအခက်များ၏ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
ဤရှေးဟောင်း ဧရာမသစ်ပင်ကြီးသည် ဤတောင်ကြား၏ မိစ္ဆာဘုရင်ဖြစ်ကြောင်း ထင်ရှားနေသည်။
ဖန်တင်းသည် ပထမ အကိုင်းအခက်ကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း၊ ညာဘက်မှ ရောက်ရှိလာသော ဒုတိယ အကိုင်းအခက်ကိုမူ မရှောင်နိုင်ခဲ့တော့ပေ။
ဘုန်း...။
ဤတိုက်ခိုက်မှုက သူ့ကို ကျန်း (၁၀)ကျန်းကျော် အကွာအဝေးသို့ လွင့်စင်သွားစေသည်။
ဖန်တင်းသည် မြေကြီးပေါ်တွင် လှိမ့်သွားပြီး၊ ရပ်တန့်သွားသောအခါ သတ္တဝါကို ကြည့်ရန် ခေါင်းမော့လိုက်သည်။
ရိုက်ခတ်နေသော အကိုင်းအခက်များ ကြားတွင်ပင်၊ အဖြူရောင်ပုံရိပ်သည် ဆက်လက် ခုန်ပျံနေပြီး ဧရာမသစ်ပင်ကြီး၏ တိုက်ခိုက်မှုများကို လွယ်ကူစွာ ရှောင်တိမ်းနေသည်။ သစ်ရွက်တစ်ရွက်မျှပင် ထိုအဖြူရောင်ပုံရိပ်ကို မထိတွေ့နိုင်ပေ။
‘သောက်ကျိုးနည်း.. ရယ်စရာကောင်းလောက်အောင်ကို မြန်လိုက်တာကွာ..’
ဖန်တင်း၏ မိုးကြိုးဓားမှ ဓားချီသည် လျင်မြန်သော်လည်း၊ ရိုးရှင်းပြီး ကျယ်ပြန့်သော ဓားချက်များကိုသာ အသုံးပြုနိုင်သည်။
အကယ်၍၊ ဖန်တင်းသည် မြေပြင်ညီညာသော ကွင်းပြင်ကျယ်တွင် လူမျက်နှာရှောင်ကို လိုက်ဖမ်းရမည် ဆိုပါက၊ အချိန်တိုအတွင်း ဖမ်းမိနိုင်လိမ့်မည်ဟု ယုံကြည်သည်။
သို့သော်၊ ဤကြမ်းတမ်းပြီး ရှုပ်ထွေးသော တောင်ကြားတွင် သတ္တဝါကို ဖမ်းဆီးရန်မှာ လုံးဝ မဖြစ်နိုင်ပုံ ရသည်။
ယခုအခါ၊ ဧရာမသစ်ပင်ကြီးကြောင့် သူသည် သတ္တဝါနောက်သို့ ဆက်လက် လိုက်ဖမ်းရန် မဝံ့ရဲတော့ပေ။
သူ လုပ်နိုင်သည်မှာ၊ မျက်စိတစ်မှိတ်အတွင်း လူမျက်နှာရှောင် ပိုမိုဝေးကွာသော နေရာသို့ ခုန်ပျံသွားသည်ကို ကြည့်နေရုံသာ ဖြစ်တော့သည်။
"ချီးပဲကွာ.." ဖန်တင်း ဒေါသတကြီး ဆဲရေးလိုက်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်နေသည့်တိုင်၊ အဖွဲ့သည် သူတို့၏ တာဝန်ကို ကျရှုံးခဲ့လေပြီ။
'ငါတို့ ဒီအတိုင်း တောင်ပေါ် ပြန်တက်သွားရင်... ဆရာသခင်က ငါ့ကို ဘယ်လို ထင်မလဲ... စီနီယာအစ်ကိုကြီးဇီယန်က ငါ့ကို ဘယ်လို ထင်မလဲ... ဂျူနီယာညီမလေးဇီချင်က ငါ့ကို ဘယ်လို ထင်မလဲ... ဟာကွာ..' ဖန်တင်း တွေးတောနေမိသည်။
ရွှစ်...
ဖန်တင်း ကိုယ့်ကိုယ်ကိုယ် သနားနေစဉ်မှာပင်၊ မမြင်နိုင်လောက်အောင် ဝေဝါးသော အရိပ်မည်းတစ်ခုက သူ့ဘေးမှ ဖြတ်သန်းသွားပြီး သတ္တဝါနောက်သို့ လိုက်သွားချေသည်။
အရိပ်မည်းသည် လူမျက်နှာရှောင်ထက်ပင် ပိုမို မြန်ဆန်ပြီး သွက်လက်နေသေးသည်။ ဧရာမသစ်ပင်ကြီး၏ အကိုင်းအခက်များသည် အရိပ်မည်းကို လုံးဝ တိုက်ခိုက်ခြင်း မပြုနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော်၊ ဘာဖြစ်ပျက်သွားမှန်း သစ်ပင်ကြီး သဘောမပေါက်လိုက်မီမှာပင် ၎င်းသည် ဖြတ်သန်းသွားခဲ့ပြီး ဖြစ်ချေသည်။
ရွှစ်... ရွှစ်... ရွှစ်... ရွှစ်... ရွှစ်...။
...
လူမျက်နှာရှောင်သည် အလွန် ရှားပါးသော တောင်စောင့်ဝိညာဉ်အမျိုးအစား ဖြစ်သည်။ ၎င်းသည် လူမျက်နှာကျောက်စိမ်းပန်းပွင့် ပွင့်လန်းပြီးပြီးချင်း စားသုံးလိုက်သော သဘာဝလွန် သတ္တဝါတစ်ကောင်၏ ရလဒ်ဖြစ်သည်။
ထို့နောက်၊ သဘာဝလွန်သတ္တဝါသည် ရုပ်ခန္ဓာကိုယ် ဖြစ်တည်လာပြီး လူမျက်နှာရှောင်ဟူ၍ ဖြစ်လာသည်။
၎င်းတို့၏ အဓိကလက္ခဏာများမှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းနှင့် သွက်လက်မှုတို့ ဖြစ်သည်။
တောင်ကြားထဲရှိ ဤလူမျက်နှာရှောင်သည် လူမျက်နှာကျောက်စိမ်းပန်းပွင့် ပွင့်လန်းလာမည့်အချိန်ကို အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့သည်။
ထို့ကြောင့်၊ ၎င်းတွေ့ရှိထားသော ပန်းပွင့်ကို ထိရဲသည့် လူသားတိုင်းကို သတ်ဖြတ်ရန် သေချာပေါက် တုံ့ဆိုင်းနေမည် မဟုတ်ပေ။
သို့သော်၊ ဤလူသားအုပ်စုတွင် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအဆင့် ရှိနေသဖြင့်၊ လူမျက်နှာရှောင်သည် ပန်းပွင့်ကို လုယူပြီး ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။
လူမျက်နှာရှောင်သည် ၎င်း၏ ဂူထဲသို့ ပြန်ရောက်ပြီး ပန်းပွင့်ကို စားသုံးလိုက်ရုံသာ လိုအပ်သည်။ ပန်းပွင့်ကို စားသုံးလိုက်ခြင်းဖြင့်၊ ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် သိသိသာသာ တိုးတက်လာပေလိမ့်မည်။
ထိုသို့ ဖြစ်လာသည်နှင့်...။
"ဟီးဟီးဟီး..."
လူမျက်နှာရှောင်သည် ၎င်းကိုယ်တိုင် ပိုမို စွမ်းအားကြီးလာမည်ကို တွေးတောမိပြီး၊ ကြောက်မက်ဖွယ် ကောင်းအောင် မရယ်မောဘဲ မနေနိုင်တော့ပေ။
၎င်းနောက်သို့ မနားမနေ လိုက်နေသော လူသားကျင့်ကြံသူအတွက်မူ…၊
လူမျက်နှာရှောင်သည် အထင်သေးမှုမှလွဲ၍ ဘာမျှ မခံစားရပေ။
ထိုကျင့်ကြံသူ မည်မျှပင် စွမ်းအားကြီးမားသည်ဖြစ်စေ၊ သူသည် လူမျက်နှာရှောင်၏ နောက်တွင် အမြဲတမ်း ပြတ်ကျန်နေခဲ့ပြီး၊ ၎င်း ချန်ထားခဲ့သော ဖုန်မှုန့်များကိုသာ ဖုန်ရှူနေရပေမည်။
လူမျက်နှာရှောင်သည် ဤတောင်ကြားကို ၎င်း၏ လက်ဖမိုးကဲ့သို့ သိကျွမ်းထားသဖြင့်၊ ကျင့်ကြံသူကို အလွယ်တကူ ခေါက်ထားခဲ့နိုင်မည် ဖြစ်သည်။
'ဒီတော့... မင်းက ဒီမှာ မင်းရဲ့ ဓားပျံကို စီးနိုင်တယ်လို့ ထင်နေတာပေါ့လေ... ဟီးဟီး... ငါ မင်းခေါင်းကို အပိုင်းပိုင်း ရိုက်ခွဲပစ်မယ့်အချိန်ကိုသာ စောင့်နေလိုက်...'
လူမျက်နှာရှောင်သည် ဧရာမသစ်ပင်ကြီး၏ အကိုင်းအခက်များဆီ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ဘေးကင်းသွားမည် ဖြစ်ကြောင်း သိထားသည်။
ဤဧရာမသစ်ပင်ကြီးပေါ်တွင် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သော အခြား မိစ္ဆာသတ္တဝါမရှိကြောင်း ၎င်း သိထားသည်။ ထိုလူသားများဆိုလျှင်မူ ပြောဖွယ်ရာ မရှိတော့ပေ။
လူမျက်နှာရှောင်သည် ပန်းခြံထဲတွင် လမ်းလျှောက်နေသော လူသားတစ်ဦးကဲ့သို့၊ သစ်ပင်၏ အကိုင်းအခက် များစွာအကြား သွက်လက်စွာ လှုပ်ရှားသွားလာနေသည်။
တစ်ချိန်တွင်မူ၊ လူသားကျင့်ကြံသူ၏ စိတ်ပျက်အားငယ်နေသော မျက်နှာထားကို နောက်လှည့်ကြည့်သင့်သည်ဟု ၎င်း တွေးလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော်၊ သူတို့ကြား အကွာအဝေး ပိုမို ကျယ်ပြန့်လာသည်နှင့်အမျှ၊ လူသား၏ မျက်နှာကို မြင်တွေ့နိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်လေသည်။
ထိုအချက်ကို တွေးတောရင်း၊ လူမျက်နှာရှောင် မထီမဲ့မြင် ပြုံးလိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင်၊ ၎င်း၏ လူမျက်နှာပေါ်ရှိ မျက်လုံးကြီးများ ရုတ်တရက် ပြူးကျယ်သွားတော့သည်။
မယုံကြည်နိုင်လောက်သည့် ထိတ်လန့်ဖွယ်ရာ တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ပင်…။
'မွေးမေ့လေး.. ဒါ ဘာကြီးလဲ...'
လူမျက်နှာရှောင်သည် ၎င်း၏ မဖွံ့ဖြိုးသေးသော ဉာဏ်ရည်ဖြင့် ဘာတွေဖြစ်ပျက်နေသည်အား အသည်းအသန် စဉ်းစားနေမိတော့သည်။
နောက်လှည့်ကြည့်လိုက်သည်နှင့် ၎င်း မြင်လိုက်ရသည့် အရာမှာ၊ ၎င်း၏ နောက်တည့်တည့် လက်တစ်ကမ်း အကွာအဝေးတွင် ကပ်လိုက်လာသော အရိပ်မည်း ပုံရိပ်တစ်ခုသာ ဖြစ်ချေသည်။
ရွှစ်... ရွှစ်...
မျက်စိတစ်မှိတ်အတွင်း၊ အရိပ်မည်းသည် လူမျက်နှာရှောင်ကို ကျော်တက်သွားသည်။ ယခုအခါ အရိပ်မည်းသည် ၎င်း၏ ဘေးတွင် ယှဉ်ပြေးနေပြီး၊ အရှိန်တူ ထိန်းထားချေသည်။
'သောက်ကျိုးနည်း… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...'
'ငါ သရဲနဲ့ တွေ့နေတာလား...'
'နေဦး... မဟုတ်သေးပါဘူး... ငါကမှ သရဲလေ...'
၎င်း၏ ဘဝတစ်လျှောက်လုံးတွင်၊ လူမျက်နှာရှောင်သည် ၎င်း၏ အမြန်နှုန်းကို ယှဉ်နိုင်သော မည်သည့် သတ္တဝါကိုမျှ မကြုံဖူးခဲ့ပေ။
'တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ...'
လူမျက်နှာရှောင်နှင့် အရိပ်မည်းသဏ္ဌာန်သည် တူညီသော လျင်မြန်သည့် အရှိန်အဟုန်ကို ထိန်းသိမ်းထားကြသည်။
ထို့ကြောင့် ဝေဝါးနေသော ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်လျှင်၊ သူတို့သည် တစ်ဦးနှင့်တစ်ဦး ငြိမ်သက်နေသကဲ့သို့ ထင်ရသည်။ ထို့ကြောင့် လူမျက်နှာရှောင်သည် အရိပ်မည်းသဏ္ဌာန်ကို ကောင်းစွာ မြင်တွေ့ခွင့် ရရှိလိုက်သည်။
အရိပ်မည်းသည် သပ်ရပ်သောဝတ်ရုံကို ဝတ်ဆင်ထားသည့် ချောမောခန့်ညားသော လူငယ်တစ်ဦး ဖြစ်နေပြီး၊ သိမ်မွေ့ယဉ်ကျေးကာ ဖော်ရွေမည့်ပုံ ပေါက်နေသည်။
'သူ့မှာ ဘာလို့ ဒီလောက် မယုံကြည်နိုင်လောက်အောင် မြန်ဆန်တဲ့ လှုပ်ရှားမှု ရှိနေရတာလဲ...'
လူမျက်နှာရှောင်၏ အကြည့်များ သူ့အပေါ် ကျရောက်နေသည်ကို သတိပြုမိလိုက်ပြီး၊ လူငယ်လေးသည် ခေါင်းမော့ပြီး လူမျက်နှာရှောင်ကို ကြည့်လိုက်သည်။
ထို့နောက်...
လူငယ်လေးသည် လျှာထုတ်လိုက်ပြီး လက်ဖဝါးကို လျက်လိုက်သည်။ သူ၏ မျက်လုံးများသည် ပြင်းထန်သော စိတ်အားထက်သန်မှုဖြင့် တောက်ပနေပြီး၊ ဤအမဲလိုက်ပွဲကို အမှန်တကယ်ပင် နှစ်သက်နေပုံ ရသည်။
လူမျက်နှာရှောင်၏ မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ်အပြုံး ချက်ချင်းပင် အေးခဲသွားသည်။
‘ဗုဒ္ဓေါ... ဒီကောင်က နှာဘူးကြီးပဲ…'
[ စကားချပ် - လူမျက်နှာရှောင် ဆိုတာက တောင်တန်းနှင့်မြစ်ချောင်းများထဲက ဖော်ပြချက်အရ၊ လူမျက်နှာနဲ့ ငှက်ခန္ဓာရှိတဲ့ သက်ရှိတစ်ကောင် (မိစ္ဆာ) ပါ။ ပျံနိုင်မပျံနိုင်တော့ ကျွန်တော်လည်း မသိပါဘူး။ လက်ရှိဇာတ်အရဆိုရင်တော့ ငှက်ကုလားအုတ်လိုပုံကိုမှ ခေါင်းက လူခေါင်းလို့သာ မြင်ယောင်ကြည့်ပါကုန်။]