လက်နက်ခန်းမ။
Vol. 2 Ch. 16
[အစွန်းအထင်းကင်းဓား - ဤဓားအား လေတိုက်စားသံမဏိကို အခြေခံပစ္စည်းအဖြစ် အသုံးပြုကာ သွန်းလုပ်ထားပြီး၊ မှော်ဝင်သိုင်းကွက် (၁၂)မျိုးဖြင့် ထွင်းထုထားသည်။ ၎င်းသည် လျင်မြန်သော လှုပ်ရှားမှုများအတွက် ဒီဇိုင်းထုတ်ထားသည့် အလွယ်တကူ ကိုင်တွယ်နိုင်သော ဓားတစ်လက် ဖြစ်သည်။ တောက်ထျယ်မြို့၏ ထုတ်ကုန် ဖြစ်သည်။ ဈေးနှုန်း - ဓားဒင်္ဂါးပြား(၃၀၀)]
[တောင်ဖျက်ဓား - ဤဓားအား သဘာဝသန့်စင်သံမဏိကို အခြေခံပစ္စည်းအဖြစ် အသုံးပြုကာ သွန်းလုပ်ထားပြီး၊ မှော်ဝင်သိုင်းကွက် (၁၄)မျိုးဖြင့် ထွင်းထုထားသည်။ ၎င်းသည် ထူထဲလေးလံပြီး ခိုင်ခံ့သော ဓားတစ်လက် ဖြစ်သည်။ ဓားသွန်းသမား ရွှမ်ချန်ဇီက ဖန်တီးထားသည်။ ဈေးနှုန်း -ဓားဒင်္ဂါးပြား(၅၀၀)]
[ဆန်းကြယ်အမှောင်ဓား - ဤဓားအား ထောင်စုနှစ်နှင်းခဲသံကို အခြေခံပစ္စည်းအဖြစ် အသုံးပြုကာ သွန်းလုပ်ထားပြီး၊ မှော်ဝင်သိုင်းကွက် (၃၆)မျိုးဖြင့် ထွင်းထုထားသည်။ ၎င်းသည် အလွန်ထက်မြက်ပြီး အေးစက်သော ဓားတစ်လက် ဖြစ်သည်။ မူလအစကို မသိရှိရ။ ဈေးနှုန်း - ဓားဒင်္ဂါးပြား(၈၀၀)]
...
ချူလျန်ခမျာ ဆောင်းလေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သစ်ရွက်ကြွေများကို လွင့်စင်သွားစေသည့်အလား၊ သူ့နှလုံးသား အေးစက်သွားသည်အား ခံစားလိုက်ရသည်။
သူသည် လက်နက်ခန်းမ၏ ကောင်တာရှေ့တွင် ငူငူကြီးသာ ရပ်နေမိတော့သည်။
သူ လက်နက်ခန်းမသို့ တစ်ခါမျှ မလာဖူးခဲ့။ သို့သော်၊ ဖန်တင်း၏ မိုးကြိုးဓားကို မြင်တွေ့ပြီးနောက်၊ ချူလျန်တွင် ယခုအခါ လက်နက်တစ်ခုအား ဝယ်ယူလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။
သူသည် ပိုင်ဆိုင်မှု အနည်းငယ် ရရှိခဲ့ပြီဟု အစပိုင်းတွင် ထင်မှတ်ခဲ့သည်။ သို့သော်၊ ဤဓားများ၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်လိုက်သောအခါ၊ သူပိုင်ဆိုင်ထားသော ငွေပမာဏမှာ အတော်လေးကိုမှ အတော်လေးနေချေသည်။
ဤဈေးနှုန်းများကို ကြည့်ရှုပြီးနောက်၊ ချူလျန် ရုတ်တရက် တွေးလိုက်သည်မှာ...
စံသတ်မှတ်ချက်နှင့် ကိုက်ညီသော ရှုတောင်ဓားပျံလက်ကောက်သည် အလွန်တရာ အသုံးဝင်လှသည် ဟူ၍ပင်။ ၎င်းသည် သူ့အတွက် နှစ်ပေါင်းများစွာ အသုံးပြုရန် လုံလောက်ကောင်းမွန်ပေသည်။
ယေဘုယျအားဖြင့်၊ ဝိညာဉ်အသိအမြင်အဆင့်သို့ ရောက်ရှိထားပြီး တာဝန်များကို မကြာခဏ ထမ်းဆောင်လေ့ရှိသော သူကဲ့သို့သော တပည့်တစ်ဦးအတွက်၊ တစ်လလျှင် ဓားဒင်္ဂါးပြား(၁၀၀) ရရှိရန်ပင် ခက်ခဲသည်။
ထို့အပြင်၊ မှော်ဝင်ကိရိယာများ၊ ဖြည့်စွက်ဆေးဝါးများ၊ အဆောင်လက်ဖွဲ့များနှင့် တန်ခိုးစွမ်းရည်များ ကဲ့သို့သော ထည့်သွင်းစဉ်းစားရမည့် အခြားသော ကုန်ကျစရိတ်များလည်း ရှိနေသေးသည်။
'ငါ ဘယ်တော့များမှ ဓားတစ်လက် ဝယ်နိုင်မှာပါလိမ့်...'
ချူလျန်တစ်ယောက် ခန်းမထဲမှ ထွက်ခွာရန် လှည့်ထွက်လိုက်ချိန်တွင်၊ ကောင်တာမှဝန်ထမ်းသည် သူ့ကို သတိထားမိသွားပြီး ရင်းနှီးဖော်ရွေစွာ ချဉ်းကပ်လာသည်။
ဝန်ထမ်းသည် အရပ်အလွန်ရှည်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် တောက်ပစွာ ပြုံးလိုက်ပြီး ချူလျန်ကို ထိန်းထားကာ၊ ထွက်မသွားစေရန် တားဆီးလိုက်သည်။
သူမက "ဂျူနီယာမောင်လေး... မင်း ကိုယ်ပိုင်ဓားပျံတစ်လက် ဝယ်ဖို့ စိတ်ဝင်စားနေတယ်လို့ အစ်မ ထင်တယ်..."
"ဟုတ်ပါတယ်..." ချူလျန် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"ဒါဆိုရင်... ရွေးပြီးသွားပြီလား..." ဝန်ထမ်းက မေးလိုက်သည်။
ချူလျန်သည် ထိုကိစ္စအတွက် ရှက်ရွံ့နေခြင်း မရှိပေ။
ထို့ကြောင့် သူ ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။ "ဒီအတိုင်း လိုက်ကြည့်နေတာပါ... ကျွန်တော် ဘယ်ဓားကိုမှ မတတ်နိုင်ပါဘူး..."
"အဲ့လိုလည်း ဟုတ်ချင်မှ ဟုတ်မှာပါ... မင်းရဲ့ ဘတ်ဂျက်က ဘယ်လောက်လဲဆိုတာ ပြောပြ... အစ်မ ကူရှာပေးပါ့မယ်..." ဝန်ထမ်းက အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော့်မှာ ဓားဒင်္ဂါးပြား (၅၀)ပဲ ရှိတယ်..." ချူလျန် ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်တော် မြင်ရသလောက်... ဈေးအပေါဆုံး ဓားတွေကတောင် ဓားဒင်္ဂါးပြား (၃၀၀)လောက် ကျနေတာ..."
"ဟင်း..."
ချူလျန်၏ ဘတ်ဂျက်ကို ကြားလိုက်ရသောအခါ၊ ဝန်ထမ်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံ ရသည်။ သို့သော်၊ သိပ်မကြာမီ သူမ၏ မျက်နှာအမူအရာ ပြန်လည် တောက်ပလာသည်။
သူမက "ပြဿနာ မရှိပါဘူး... ခစ်ခစ်... မင်း အချိန်ကိုက် ရောက်လာတာပဲ... အစ်မတို့ ပရိုမိုးရှင်းအနေနဲ့ ငွေပေးချေမှု နည်းလမ်းအသစ်တစ်ခု မိတ်ဆက်ပေးထားတယ်... အရစ်ကျ ပေးချေလို့ ရတယ်..."
ချူလျန်တစ်ယောက် မျက်တောင် တစ်ဖျတ်ဖျတ် ခတ်လိုက်မိသည်။ "အရစ်ကျ..."
'ဝိုး... ရှုတောင်ဂိုဏ်းမှာ ဒီလိုမျိုးတွေတောင် ရှိနေပြီလား... ခေတ်မီချက်…'
ဝန်ထမ်း ရှင်းပြလိုက်သည်။ "ဆိုလိုတာက မင်းက ကနဦး ဓားဒင်္ဂါးပြား (၅၀)ပေးချေပြီးတော့... ကျန်တဲ့ ငွေပမာဏကို ကျေတဲ့အထိ တစ်လကို ဓားဒင်္ဂါးပြား (၁၀)ပြားနှုန်းနဲ့ ပေးသွင်းသွားလို့ ရတယ်... ပေးချေမှု အစီအစဉ်က လပေါင်း (၅၀)တော့ ကြာမြင့်လိမ့်မယ်... ဘယ်လိုလဲ... ဖောက်သည်တွေကို အများကြီး ထည့်သွင်းစဉ်းစားပေးထားတဲ့ ငွေပေးချေမှု နည်းလမ်း မဟုတ်ဘူးလား...အဟင်း…"
'ကနဦးအနေနဲ့ ဓားဒင်္ဂါးပြား(၅၀) ပေးသွင်းပြီးရင်... လက်ကျန် ဓားဒင်္ဂါးပြား(၂၅၀) ကျန်လိမ့်မယ်... တကယ်လို့ ငါက လပေါင်း (၅၀)အတွက် တစ်လကို (၁၀)ပြားနှုန်း ပေးသွင်းမယ်ဆိုရင်... စုစုပေါင်း ဓားဒင်္ဂါးပြား(၅၀၀) ကျသင့်သွားမှာပဲ...' ချူလျန် စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်လိုက်သည်။
'တခြားစကားနဲ့ ပြောရရင်... အတိုးနှုန်း၁၀၀%နဲ့ (၄)နှစ်ကြာ ချေးငွေပဲ... ယုတ်မာလိုက်တာ...'
"မက်လောက်စရာ ကောင်းပေမဲ့... လောလောဆယ်တော့ မယူသေးပါဘူး..." ချူလျန် ပြုံးပြီး ပြောလိုက်သည်။ "နောက်တစ်ခါမှ ပြန်လာကြည့်ပါ့မယ်..."
'ထားလိုက်ပါတော့... မိစ္ဆာတွေကို ထပ်ပြီးပဲ သွားအမဲလိုက်တာ ပိုကောင်းမယ်... ကံကောင်းရင် ဆုလာဘ်အနေနဲ့ ဓားပျံတစ်လက် ရနိုင်လောက်သေးတယ်...'
"အိုကွယ်... လာပါ... ဈေးနှုန်းအတွက် အရမ်းကြီး စိတ်ဖိစီးမနေပါနဲ့... ဒါက မင်းရဲ့ ပထမဆုံး ဓားပျံလေ... အဓိပ္ပာယ်အများကြီး ရှိတယ်.. နည်းနည်း ဈေးကြီးတာက ကိစ္စမရှိပါဘူး…" ဝန်ထမ်းက အတင်းပင် တိုက်တွန်းလိုက်ပြီး၊ ဝယ်ယူရန် ဆွဲဆောင်စည်းရုံးနေဆဲ…။
သို့သော်၊ ချူလျန်သည် လှည့်ထွက်သွားပြီး ဖြစ်သဖြင့်၊ စိတ်မဝင်စားကြောင်း ရှင်းလင်းစွာ ပြသလိုက်သည်။
ခန်းမထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ်၊ သူသည် လူကောင် ခပ်သေးသေးတစ်ယောက်၏ ရှေ့သို့ မတော်တဆ ရောက်သွားပြီး၊ ထိုလူက သူ့ကို ဝင်တိုက်မိလုနီးပါး ဖြစ်သွားချေသည်။
"ဟွန့်..." အစိမ်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသော ချစ်စရာကောင်းသည့် မိန်းမငယ်လေးတစ်ဦးက စိတ်အနှောင့်အယှက်ဖြစ်စွာ ရေရွတ်လိုက်သည်။
သို့သော်ငြား၊ သူမ ဝင်တိုက်မိလုနီးပါး ဖြစ်သွားသူမှာ ချူလျန်ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါတွင်မူ၊ ဝမ်းသာအားရ အံ့အားသင့်သွားသည်။
ထို့နောက်၊ သူမ ချက်ချင်း ပျော်ရွှင်စွာ နှုတ်ဆက်လိုက်တော့သည်။ "စီနီယာအစ်ကိုချူလား…"
"ဂျူနီယာညီမလေးရွှီလား…"
ချူလျန်သည်လည်း သူမကို တွေ့ရသည့်အတွက် အံ့အားသင့်သွားမိသည်။ သူမသည် သူနှင့်အတူ တာဝန်တစ်ခု ပြီးမြောက်ခဲ့သော ကျောက်စိမ်းဓားတောင်ထွတ်မှ ဂျူနီယာညီမလေး ရွှီဇီချင်ပင်။
"ဒီမှာ လာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး... ကျွန်မတို့ ရေစက်ပါလို့ပဲ ဖြစ်ရမယ်..." ရွှီဇီချင် ပြောလိုက်သည်။ သူမ၏ မျက်လုံးများက လခြမ်းကွေးလေးများ ဖြစ်သွားသည်အထိ သဘောကျစွာ ပြုံးနေချေသည်။
"ဟုတ်ပါ့... ညီမရော ဓားပျံ လာဝယ်တာလား..." ချူလျန် နွေးထွေးပျူငှာစွာ မေးလိုက်သည်။
"ဟုတ်တယ်.. ဒါက ညီမရဲ့ ပထမဆုံးတာဝန် ဆိုပေမဲ့... အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လေ... ဒါကြောင့် အစ်ကိုကြီးက ဆုချတဲ့အနေနဲ့ ဓားပျံတစ်လက်ဝယ်ပေးမယ်တဲ့... ညီမကို ကိုယ်တိုင် ရွေးခိုင်းထားတာ..." ရွှီဇီချင် ပြုံးပြီး ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ၊ စေတီတော်ဖြူထံမှ ဆုလာဘ်များ ရရှိရန်အတွက် မိစ္ဆာများကို သတ်ဖြတ်ရာတွင် မည်မျှပင်အားစိုက်ထုတ်ခဲ့ရကြောင်း ချူလျန် မတွေးဘဲ မနေနိုင်ပေ။
ရွှီဇီချင်မှာမူ သူမ၏ အစ်ကိုကြီးထံမှ ဆုလာဘ်ရရှိပုံမှာ လွယ်ကူပြီး ရိုးရှင်းလှ၏။ လုံးလုံးရယ်မှကိုဝဝ ကွဲပြားခြားနားလှချေသည်။
"ကောင်းတာပေါ့..." ချူလျန် ရိုးသားစွာ ပြောလိုက်သည်။
"ဒါနဲ့... စီနီယာအစ်ကိုချူ... ဓားဝယ်ပြီးပြီလား..." ရွှီဇီချင် မေးလိုက်သည်။
"မဝယ်ရသေးပါဘူး... ဒီက ဓားပျံတွေက ဈေးကြီးလွန်းတယ်... အစ်ကို့မှာ ဝယ်ဖို့ ဓားဒင်္ဂါးပြား အလုံအလောက်မရှိဘူး..." ချူလျန် ရိုးသားစွာ ဖြေလိုက်သည်။
"ဟင်..." မိန်းမငယ်လေး ရေရွတ်လိုက်ပြီး ခေါင်းစောင်းလိုက်သည်။ ထို့နောက် ရုတ်တရက် ပြောလိုက်သည်။ "ဘယ်ဟာကို ကြိုက်လဲ... ညီမ လက်ဆောင်ပေးမယ်လေ..."
"ဟာ... မဖြစ်ပါဘူး... လက်ခံလို့ ဘယ်ဖြစ်ပါ့မလဲ..." ချူလျန် ချက်ချင်း လက်ဝှေ့ယမ်းပြီး ငြင်းဆန်လိုက်သည်။ "ဓားပျံတွေက အရမ်း ဈေးကြီးတာ... ဘယ်လိုလုပ် လက်ဆောင်အနေနဲ့ လက်ခံနိုင်မှာလဲ..."
'ဝါး...'
'ဒီကောင်မလေးက တကယ်ကို ရက်ရောတာပဲ...'
ရှုတောင်ဂိုဏ်းတွင် ‘လု’ဟု အမည်ရသော ထင်ရှားကျော်ကြားသည့် ရှေ့ဆောင်တစ်ဦး ရှိခဲ့ဖူးသည်။
သူ ပြောဖူးသည်မှာ၊ "အမျိုးသမီးတွေက ငါ ဓားဆွဲထုတ်တဲ့ အမြန်နှုန်းကို ထိခိုက်စေလိမ့်မယ်... ဒါပေမဲ့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ငါ့ကို ပိုကောင်းတဲ့ ဓားတစ်လက်ရအောင် လုပ်ပေးနိုင်တယ်" ဟူ၍ ဖြစ်သည်။
ထိုရှေ့ဆောင်ကြီး လိမ်ပြောခဲ့ခြင်း မဟုတ်ပေ။
"ဘာလို့ လက်မခံနိုင်ရမှာလဲ... ကျွန်မတို့က သူငယ်ချင်းကောင်းတွေပဲဟာ..." ချမ်းသာသော မိန်းမငယ်လေး ရွှီဇီချင်က ချူလျန်၏လက်မောင်းကို ဆွဲရင်း ပြောလိုက်သည်။
"မဖြစ်ဘူး... ထိုက်တန်မှုမရှိဘဲနဲ့ ဆုလာဘ်ကို ငါ လက်မခံနိုင်ဘူး..." ချူလျန် ပြတ်သားစွာ ခေါင်းခါရင်း ပြောလိုက်သည်။
ချီစုစည်းဆေးလုံးကဲ့သို့သော တန်ဖိုးနည်းပစ္စည်းများကို သူ လက်ခံနိုင်သော်လည်း၊ ဤမျှ ဈေးကြီးသော ဓားပျံတစ်လက်ကိုမူ မျက်စိစုံမှိတ်ပြီး လက်ခံ၍ မဖြစ်နိုင်ပေ။
"ကောင်းပါပြီ..." ရွှီဇီချင် လိုက်လျောလိုက်ပြီး မပျော်မရွှင် နှုတ်ခမ်းဆူလိုက်သည်။
"ဒါဆိုရင်... ဂျူနီယာညီမလေးရွှီ... ဓားကို အေးဆေး ရွေးလိုက်ဦးနော်... အစ်ကို ပြန်တော့မယ်..." ချူလျန် ပြောလိုက်သည်။
"အစ်ကိုက ညီမကို ဂျူနီယာညီမလေးရွှီလို့ ခေါ်နေတုန်းပဲ... ကျွန်မတို့က သူငယ်ချင်းတွေလို့ ပြောပြီးပြီပဲဟာ... တခြားသူတွေခေါ်သလိုပဲ ခေါ်ပေါ့... ဇီချင်လို့ ခေါ်ပါ..." မိန်းမငယ်လေး ပြောလိုက်သည်။
"ကောင်းပါပြီ... ဂျူနီယာညီမလေးရွှီ..." ချူလျန် နောက်ဆုံးတွင် သဘောတူလိုက်ရသည်။
သူတို့နှစ်ဦး စကားပြောနေစဉ်၊ အပေါ်ထပ်မှ လူတစ်ယောက် ဆင်းလာချေသည်။
ထိုလူ ရွှီဇီချင်ကို မြင်လိုက်ရသောအခါ၊ ချက်ချင်း နှုတ်ဆက်လိုက်သည်။ "ဂျူနီယာညီမလေး ဇီချင်"
ရွှီဇီချင်နှင့် ချူလျန်တို့ လှည့်ကြည့်လိုက်ရာ၊ မေးရိုးမြင့်မြင့်နှင့် ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများ ရှိသည့် ပိန်ပါးသော လူငယ်တပည့်တစ်ဦးကို တွေ့လိုက်ရသည်။
သူသည် စာသင်သားဝတ်စုံကို ဝတ်ဆင်ထားသော်လည်း၊ ပညာတတ်တစ်ဦး၏ ဟန်ပန်အမူအရာ လုံးဝ မရှိပေ။
သူ့နောက်တွင် အမျိုးသား တပည့် (၂)ဦး လိုက်ပါလာသည်။ သူတို့သည်လည်း အလားတူ ဝတ်ဆင်ထားကြပြီး၊ သူ၏ နောက်လိုက်များ ဖြစ်ပုံရလေသည်။
သူမအား လှမ်းခေါ်လိုက်သူကို မြင်လိုက်ရသောအခါ၊ ရွှီဇီချင်တစ်ယောက် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ သူမ မလိုလားစွာဖြင့် ပြန်လည်နှုတ်ဆက်လိုက်ရသည်။ "စီနီယာအစ်ကိုရှန်..."
သူမ အေးစက်သောအမူအရာဖြင့် တုံ့ပြန်လိုက်သော်လည်း၊ စီနီယာအစ်ကိုရှန်၏ ပြင်းထန်သော စိတ်အားထက်သန်မှုကိုမူ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
စီနီယာအစ်ကိုရှန်သည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ရွှီဇီချင်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
ထို့နောက် ပြုံးလိုက်ပြီး "ဒီမှာ လာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး... တကယ်ပဲ ရေစက်ပါလို့ ဖြစ်ရမယ်..."
"အို... ဟုတ်ကဲ့... အစ်ကိုလည်း ဓားပျံ လာဝယ်တာလား..." ရွှီဇီချင်မှာ အကြည့်လွှဲထားသော်လည်း ပြန်ဖြေလိုက်ရသည်။
"ဟဲဟဲ.." စီနီယာအစ်ကိုရှန် ရင်ကို ကော့လိုက်သည်။ "မနေ့က ဟွာလီမြစ်ထဲက ရေမိစ္ဆာတွေကို သုတ်သင်ရှင်းလင်းဖို့ အဖွဲ့တစ်ဖွဲ့ကို ကိုယ် ဦးဆောင်ခဲ့တယ်လေ... ကိုယ့်အဖေက ကိုယ့်ကို ဓားပျံအသစ်တစ်လက် ဆုချမယ်တဲ့... ကိုယ်တိုင် လာရွေးခိုင်းထားတာလေ..."
"ကောင်းတာပေါ့..." ရွှီဇီချင်သည် ခံစားချက်မပါဘဲ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
ထို့နောက် သူမ ထွက်ခွာရန် ကြိုးစားလိုက်သည်။
စီနီယာအစ်ကိုရှန်က သူမ၏ လမ်းကို အလျင်အမြန် ပိတ်လိုက်သည်။
သူသည် အပြုံးဖြင့် "ဂျူနီယာညီမလေး ဇီချင်... မင်း ဘယ်လိုဓားမျိုး ဝယ်လိုက်လဲ..."
"မဝယ်ရသေးပါဘူး... ကြည့်နေတုန်းပါပဲ..." ရွှီဇီချင် ပြန်ဖြေလိုက်သည်။
"အို..." စီနီယာအစ်ကိုရှန် လက်ခုပ်တီးလိုက်သည်။ "ဒါဆိုရင်... မင်း ဘယ်ဟာကြိုက်လဲ... ကိုယ် လက်ဆောင်အနေနဲ့ ဝယ်ပေးမယ်လေ..."
"မဖြစ်ပါဘူး... လက်ခံလို့ မဖြစ်ပါဘူး..." ရွှီဇီချင် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကို အကြိမ်ကြိမ် ယမ်းခါလိုက်သည်။ "ဓားပျံတွေက အရမ်းဈေးကြီးတာ... စီနီယာအစ်ကိုရှန်ကို ဒီလောက် ငွေအများကြီး သုံးခိုင်းပြီး ဒုက္ခမပေးပါရစေနဲ့..."
"ဘာလို့လဲ... ငါတို့က... သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား..." စီနီယာအစ်ကိုရှန်က နွားပြာကြီးအောက်သွားမရှိသော အပြုံးဖြင့် မေးလိုက်သည်။
"မဟုတ်ဘူး… ထိုက်တန်မှုမရှိတဲ့ ဆုလာဘ်ကို ကျွန်မ လက်မခံနိုင်ဘူး..." ရွှီဇီချင် ဒေါသတကြီး ပြောလိုက်သည်။
စီနီယာအစ်ကိုရှန်၏ လက်ဆောင်ကို လက်မခံလိုကြောင်း၊ သူမ၏ မျက်နှာပေါ်တွင် ရှင်းလင်းစွာ ပေါ်လွင်နေသည်။
"ကောင်းပါပြီ..."
စီနီယာအစ်ကိုရှန်ခမျာ လက်လျော့လိုက်ရုံသာ တတ်နိုင်တော့သည်။
"ဘာပဲဖြစ်ဖြစ်... စီနီယာအစ်ကိုရှန်... ကျွန်မတို့ အရင် သွားနှင့်တော့မယ်" ရွှီဇီချင် ပြောလိုက်သည်။
သူမသည်လည်း ဓားမဝယ်တော့ရန် ဆုံးဖြတ်လိုက်ပြီး၊ ချူလျန်ကိုပါ သူမနှင့်အတူ ဆွဲခေါ်ကာ လှည့်ထွက်သွားတော့သည်။
သို့သော်၊ စီနီယာအစ်ကိုရှန်က သူတို့နောက်သို့ လိုက်လာပြီး "မင်းက ကိုယ့်ကို စီနီယာအစ်ကိုရှန်လို့ ခေါ်နေတုန်းပဲ... သူစိမ်းတွေလို ဖြစ်နေပြီ... ဒါပေမဲ့ ငါတို့က သူငယ်ချင်းကောင်းတွေပဲဟာ... ငါ့ကို အစ်ကိုကြီးဇီလျန်လို့ပဲ ခေါ်ပါ..."
"နားလည်ပါပြီ... စီနီယာအစ်ကိုရှန်"
သူမ ထိုသို့ ပြန်ပြောလိုက်ချိန်တွင်မူ၊ ရွှီဇီချင်သည် ချူလျန်နှင့်အတူ အဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဟူး..." ရှန်ဇီလျန်တစ်ယောက် သက်ပြင်းမောကြီး ချလိုက်သည်။ "ပြောစမ်းပါဦး... ငါလို ချောမောခန့်ညား… ဥစ္စာပေါရုပ်ချော… သဘောဖြူအူဆင်း…ပျိုတိုင်းကြိုက်… ပါရမီပါတဲ့ လူငယ်တစ်ယောက်ကို... ဇီချင်က အမြဲတမ်း လျစ်လျူရှုဆက်ဆံတယ်တဲ့ကွာ... ဒါဖြစ်သင့်ရဲ့လား..."
ရှန်ဇီလျန်၏ နောက်တွင် ရပ်နေသော နောက်လိုက် (၂)ဦး လျင်မြန်စွာ ဖြေကြားလိုက်သည်။
"မဖြစ်သင့်ပါဘူး…"
"လုံးဝကို မဖြစ်သင့်တာပါ.."
"ဒါဆို ဘာလို့လဲ..." ရှန်ဇီလျန် ကောင်းကင်ကို မော့ကြည့်ရင်း တွေးတောလိုက်သည်။
"ဆရာသမား... ဖြစ်နိုင်ခြေတစ်ခု ရှိမယ်လို့ ထင်လား... ဂျူနီယာညီမလေး ဇီချင်က တခြားတစ်ယောက်ကို ကြိုက်နေပြီးသားများ ဖြစ်နေနိုင်မလား... အဲဒါကြောင့် ဆရာသမားအပေါ် လျစ်လျူရှုနေတာ ဖြစ်နိုင်တယ်နော်..." နောက်လိုက်(က)က အကြံပြုလိုက်သည်။
"ဟမ်..." ရှန်ဇီလျန် မျက်မှောင်ကြုတ်လိုက်သည်။ "ဟုတ်လို့လား..."
"သူ့ဘေးကလူ ဖြစ်ဖို့ တော်တော်လေး ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်တော်တော့ ထင်တယ်..." နောက်လိုက်(ခ)က ဆက်ပြောလိုက်သည်။ "စောစောက အဲဒီကောင်ကို သူမ ကြည့်တဲ့ပုံစံက တစ်ခုခုတော့ တစ်ခုခုပဲ..."
"အမူအရာတင် ထူးဆန်းနေတာ မဟုတ်ဘူး... သူတို့နှစ်ယောက်ဆီက ထူးဆန်းတဲ့ ရနံ့တစ်ခုလည်း ရလိုက်သလိုပဲ..." နောက်လိုက်(က)က ရေရွတ်လိုက်ပြီး၊ ဆက်လက် ရှင်းပြရန် မဝံ့ရဲတော့ပေ။
"ဟမ့်..." ရှန်ဇီလျန် နှာခေါင်းရှုံ့လိုက်သည်။ သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "သူ့ကို စုံစမ်းလိုက်... နာမည်အပြည့်အစုံနဲ့ ဘယ်တောင်ထွတ်ကလဲ ဆိုတာ ရှာ... သူ ဘယ်သူလဲ ဆိုတာ ငါ သိချင်တယ်... ဂျူနီယာညီမလေး ဇီချင်ကို ငါ့ဆီကနေ လုယူရဲတဲ့ ဒီကောင်တော့လား..."