← Chapters

ငွေတောင်းခံခြင်း။

Vol. 2 Ch. 17

ငွေတောင်းခံခြင်း။

Vol. 2 Ch. 17

"အဲဒါ တိမ်တိုက်စက်ဝန်းတောင်ထွတ် တောင်ထွတ်သခင်ရှန်ရဲ့သား ရှန်ဇီလျန်ပေါ့..." ရွှီဇီချင်သည် လက်နက်ခန်းမထဲမှ ထွက်လာသည်နှင့် တပြိုင်နက်၊ ချူလျန်အား ခပ်တိုးတိုး ပြောလိုက်သည်။

"သူ့အဖေက တောင်ထွတ်သခင်ဖြစ်နေလို့... သူက အမြဲတမ်း သူ့ကိုယ်သူ အထင်ကြီးနေတတ်တာ... အဲ့ဒါကြောင့် ကျွန်မ သူ့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး... ဒါပေမဲ့ သူက ကျွန်မနား အမြဲတမ်း လိုက်ကပ်နေတာ... အရမ်း မုန်းဖို့ကောင်းတာပဲ..."

'သြော်... ဒီလိုကိုး...'

တိမ်တိုက်စက်ဝန်းတောင်ထွတ်၏ တောင်ထွတ်သခင် ရှန်ရှုးဝမ်သည် ရှုတောင်ဂိုဏ်း၏ ကွန်ဖြူးရှပ်ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

သူသည် ကျန်းနန်ရှိ မွန်မြတ်သူများခန်းမဆောင်တွင် အမည်ထွင်းထုခြင်း ခံထားရသော ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဖူးပြီး၊ သူသည် သိုင်းလောကတွင် ကျော်ကြားသူတစ်ဦး ဖြစ်သည်။

သို့သော်၊ သူ၏ သားဖြစ်သူသည်မူ သူ၏ဂုဏ်သတင်းနှင့် ထိုက်တန်မည့်ပုံ မပေါ်ပေ။

ချူလျန် ထိုအကြောင်းကို တွေးတောနေစဉ်တွင်ပင်၊ အရှေ့တောင်ဘက်မှ ကြယ်ကြွေတစ်ခုကဲ့သို့ မီးအလင်းတန်းတစ်ခုက ငွေဓားတောင်ထွတ်ဆီသို့ ဦးတည်ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။

ချူလျန်၏ မျက်လုံးများ ချက်ချင်းပင် တောက်ပလာချေသည်။

"ဂျူနီယာညီမလေး ဇီချင်... အဲဒါ အစ်ကို့ဆရာသခင်ပဲ ဖြစ်ရမယ်... သူ ပြန်လာပြီ... အစ်ကို သွားကြိုဆိုလိုက်ဦးမယ်..." ချူလျန် ပြောလိုက်သည်။

"ဟုတ်..." မိန်းမငယ်လေးသည် ခေါင်းညိတ်လိုက်ပြီး၊ ချူလျန်၏ ထွက်ခွာသွားသော ပုံရိပ်ကိုသာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့ရတော့သည်။

ချူလျန်တစ်ယောက် ဓားစီးနင်းလျက် ငွေဓားတောင်ထွတ်သို့ ပြန်ရောက်လာသည်။ မျှော်လင့်ထားသည့်အတိုင်း၊ တောင်ထွတ်သခင်နန်းဆောင်ထဲတွင် သူ၏ဆရာသခင်ကို တွေ့လိုက်ရသည်။

အနက်ရောင် အနားကွပ်ပါသော အနီရောင်ရင့်ရင့်ဝတ်ရုံကို ဝတ်ဆင်ထားသည့် တိနွီဖုန့်သည် လွှမ်းမိုးကြီးစိုးနိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ရင်း ထိုင်နေချေသည်။

သူမ၏ ရင်ဘတ်သည် အသက်ရှူလိုက်တိုင်း စည်းချက်တကျ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့်၊ သူမ အတော်လေး ဒေါကန်နေပုံရသည်။

ဒေါသထွက်လွန်းနေသဖြင့်၊ ဖီးနစ်ဝိညာဉ် သွေးကျောက်စိမ်း၏ အရောင်အဝါများသည်ပင် လင်းကနဲ လက်ကနဲ ဖြစ်နေချေသည်။

"လေးစားရပါသော ဆရာသခင်..." ချူလျန်သည် တိနွီဖုန့်ထံသို့ ချဉ်းကပ်သွားရင်း နှုတ်ဆက်လိုက်သည်။ "ဆရာသခင် ပြန်ရောက်လာပြီဆိုတော့... တပည့် ကြိုဆိုဂါရဝပြုပါတယ်..."

"အင်း... ဒီ (၂)ရက်အတောအတွင်း ဘာမှ ထူးထူးခြားခြား မဖြစ်ဘူး မဟုတ်လား..." တိနွီဖုန့် မေးလိုက်သည်။

"မဖြစ်ပါဘူး... ကျွန်တော် နောက်ထပ်တာဝန်တစ်ခုတောင် ပြီးမြောက်ခဲ့ပါသေးတယ်... အတော်လေး ချောမွေ့ခဲ့ပါတယ်..." ချူလျန် ပြန်ဖြေလိုက်ပြီး မေးလိုက်သည်။ "ဆရာသခင်ရဲ့ ခရီးစဉ်ကရော ဘယ်လိုနေလဲ..."

"မပြောပါနဲ့တော့..." တိနွီဖုန့် မျက်မှောင်ကြုတ်ရင်း ညည်းတွားလိုက်သည်။

"ငါဘာသာ အရှေ့ပင်လယ်ထဲမှာ ဆိုးသွမ်းတဲ့ မိစ္ဆာတွေ ရှိမရှိ လိုက်ရှာနေတာကို... အဲဒီ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းက လူတွေ ဝင်ပါပြီး... ငါ့ကို အရှေ့ပင်လယ်ရဲ့ ဂေဟစနစ်ကို ဖျက်ဆီးနေသလေး ဘာလေးနဲ့ စွပ်စွဲကြတယ်... ငါ့ကို အတင်းအကျပ်ကို မောင်းထုတ်ကြတာ… တကယ်လို့ ငါသာ ရှုတောင်ဂိုဏ်းတစ်ခုလုံးကို ငဲ့ကွက်မနေခဲ့ရင်... သူတို့နဲ့ တိုက်ခိုက်မိတော့မှာ..."

ချူလျန် ခဏတာ တိတ်ဆိတ်သွားမိသည်။

ဆရာသခင်၏ အပြုအမူသည် သူ ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်ချေသည်။

သူမက မိစ္ဆာများကို ရှာဖွေနေသည်ဟု ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း၊ သူမ၏ လုပ်ရပ်များသည် တည်ငြိမ်မှုနှင့် လားလားနှင့်မျှ မသက်ဆိုင်နေမည်ကို ချူလျန်တစ်ယောက် သေချာပေါက် စိတ်ကူးကြည့်နိုင်သည်။

မိစ္ဆာများ သောင်းကျန်းနေချိန်တွင်၊ တိနွီဖုန့်သည် အန္တရာယ်များကို ဖယ်ရှားပေးနိုင်ပေသည်။

သို့သော်…

ထိုကဲ့သို့သော အနှောင့်အယှက်များ မရှိချိန်တွင်မူ၊ တိနွီဖုန့်ကိုယ်တိုင်သည်က အန္တရာယ် ဖြစ်လာတတ်သည်။

သူမ၏ လုပ်ရပ်များသည် အရှေ့ပင်လယ်တွင် ကသောင်းကနင်း ဖြစ်စေခဲ့ပြီး၊ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းအဖွဲ့ဝင်များ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ပုံရသည်။ ရလဒ်အနေဖြင့်၊ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းက ဝင်ရောက်စွက်ဖက်ပြီး သူမကို တားဆီးခဲ့ခြင်းသာ ဖြစ်ရပေမည်။

ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းသည်လည်း မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းအနက် တစ်ခုဖြစ်ပြီး၊ အရှေ့ပင်လယ်တွင် နယ်မြေပိုင်ဆိုင်ထားသဖြင့်၊ သူတို့၏ နယ်မြေအတွင်း လာရောက်မွှေနှောက်နေခြင်းကို သည်းခံမည် မဟုတ်ကြောင်း ထင်ရှားနေသည်။

သူတို့၏ အပြုအမူသည် တရားမျှတပြီး အကြောင်းပြချက် ခိုင်လုံပုံရ၏။

ထိုသို့ စိတ်ထဲတွင် တွေးနေသော်လည်း၊ သူ ပြောလိုက်သည်မှာမူ "ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်း လူတွေက သိပ်ရိုင်းစိုင်းတာပဲ…"

တိနွီဖုန့် ဒေါသတကြီး ခေါင်းညိတ်လိုက်သည်။ "အမှန်ပဲ..”

သူမ ထိုအကြောင်း ပြောနေစဉ်၊ တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားလိုက်ရသည်။

သူမ မျက်ခုံးပင့်လိုက်ပြီး ချူလျန်ကို ကြည့်ကာ မေးလိုက်သည်။ "မင်းက ပုံမှန်ဆိုရင် ဒီလောက် လိမ္မာတဲ့ကောင် မဟုတ်ပါဘူး... ငါ ပြန်လာတာကို အကြောင်းအရင်း တစ်ခုခုရှိလို့ လာကြိုဆိုတာလား... ငါ့ဆီက တစ်ခုခု လိုချင်လို့လား..."

"ဆရာသခင် အိမ်ပြန်ရောက်တာ ကြိုဆိုရမှာက တပည့်တစ်ယောက်ရဲ့ တာဝန် မဟုတ်ဘူးလားဗျာ..." ချူလျန် ပြုံးပြီး ပြောလိုက်သည်။

"ဒါပေမဲ့... ဆရာသခင်နဲ့ ဆွေးနွေးစရာ ကိစ္စတချို့တော့ ရှိပါတယ်..."

"ဟမ့်..." တိနွီဖုန့် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။ "ပြော..."

"ပြီးခဲ့တဲ့ တာဝန်တုန်းက... ကျွန်တော် ကျောက်စိမ်းဓားတောင်ထွတ်က တပည့်တွေနဲ့ မတော်တဆ ပူးပေါင်းမိခဲ့တယ်... သူတို့အထဲမှာ ရွှေအမြုတေအဆင့်ရောက်နေတဲ့ လူတစ်ယောက် ပါလာတယ်... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ကျွန်တော့်ထက် အများကြီးကို သာလွန်တယ်... သူက အရမ်းကို စွမ်းအားကြီးမားတဲ့ ဓားပျံတွေနဲ့ တန်ခိုးစွမ်းရည်တွေကို သုံးနိုင်တယ်...

ဒါပေမဲ့… အဲဒီလူက ကျောက်စိမ်းဓားတောင်ထွတ်ရဲ့ အဓိကအဖွဲ့ဝင်တောင် မဟုတ်သေးဘူး... လာမယ့် ရှုတောင်ထွတ်သီးဆွေးနွေးပွဲမှာ ကျွန်တော်တို့ သူတို့ကို ဘယ်လိုယှဉ်ပြိုင်နိုင်မလဲ ဆိုတာကို စိုးရိမ်မိပါတယ်..." ချူလျန် ရှင်းပြလိုက်သည်။

"မင်း ပိုသန်မာလာဖို့ အချိန်ရှိပါသေးတယ်... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်..." တိနွီဖုန့်ကမူ ဂရုမစိုက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

ချူလျန်က ဆက်လက်၍ "ဒါကြောင့်.. ကျွန်တော် ဘယ်လို တိုးတက်အောင်လုပ်ပြီး ပိုသန်မာလာနိုင်မလဲ ဆိုတာ မေးချင်လို့ပါ... ကြိုးကြိုးစားစား ကျင့်ကြံပြီး ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ လိုအပ်တာအပြင်... တန်ခိုးစွမ်းရည်အပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ထင်ပါတယ်... ဒီတော့ ဆရာသခင်အနေနဲ့ ကျွန်တော့်ကို စွမ်းအားကြီးမားတဲ့ တန်ခိုးစွမ်းရည်တချို့ သင်ပေးနိုင်မလား ဆိုတာ မေးချင်လို့ပါ..."

"တန်ခိုးစွမ်းရည် ဟုတ်လား..." တိနွီဖုန့် ခေတ္တမျှ ကြောင်အသွားပြီး ဆက်ပြောလိုက်သည်။ "ငါ့မှာ မင်းကို သင်ပေးစရာ ဘယ်လိုလုပ် ရှိမှာလဲ..."

သူမ အမှန်အတိုင်း ပြောနေခြင်းသာ ဖြစ်လေ၏။

ထိုစဉ်က၊ ရှုတောင်ဂိုဏ်း၏ ခေါင်းဆောင်သည် သူမအား တပည့်လက်ခံရန် ခွင့်မပြုခဲ့။

အကြောင်းမှာ၊ သူမသည် ခေါင်းမာပြီး စကားနားမထောင်တတ်ရုံသာမက၊ ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦးလည်း ဖြစ်သောကြောင့် ဖြစ်သည်။

ရုပ်ခန္ဓာကျင့်ကြံခြင်းသည် သိုင်းပညာလေ့ကျင့်ခြင်းနှင့် မတူဘဲ၊ တိကျသော မူဝါဒများနှင့် နည်းစနစ်များကို အသုံးပြု၍ ခန္ဓာကိုယ်၏ ခွန်အားနှင့် ခံနိုင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်သည်။

၎င်းသည် သိုင်းပညာ နည်းစနစ်များကို ထည့်သွင်းခြင်း မရှိဘဲ၊ ကြံ့ခိုင်သော ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုကို တည်ဆောက်ရန်သာ အာရုံစိုက်သည်။

တိနွီဖုန့်သည် စိုးမိုးအုပ်ချုပ်သော မီးဖီးနစ်တစ်ကောင်၏ ခန္ဓာကိုယ်ကို ကျင့်ကြံပြီး၊ ရုပ်ခန္ဓာကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်စားသည်။ သူမ၏ စွမ်းအားသည် သံသယဖြစ်ဖွယ်မရှိ ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့သော်၊ ရုပ်ခန္ဓာကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်စားသူများသည် အလွန်တရာ ရှားပါးလှသည်။ ဤလမ်းစဉ်တွင် အောင်မြင်မှုရရှိရန် ကံကောင်းမှုလိုအပ်ပြီး၊ သူမသည် သူမ၏ ကျင့်ကြံခြင်း နည်းစနစ်များကို တပည့်အား သင်ပေးနိုင်မည် မဟုတ်ပေ။

သို့သော်ငြား...

တပည့်များအတွက် တန်ခိုးစွမ်းရည်များ ရယူနိုင်သော နည်းလမ်း (၂)ခု ရှိသည်။ ဆရာသခင်ထံမှ ဆက်ခံရရှိခြင်းအပြင်၊ ထိန်းသိမ်းရေးခန်းမမှလည်း ရယူနိုင်သည်။

အကယ်၍၊ ချူလျန်သည် သူ၏ဆရာသခင် မကျွမ်းကျင်သေးသော တန်ခိုးစွမ်းရည်များကို လေ့လာလိုပါက၊ ထိန်းသိမ်းရေးခန်းမထံမှ ဝယ်ယူရုံသာ ရှိသည်။

ထို့ကြောင့်၊ ချူလျန်တစ်ယောက် အပြုံးဖြင့် "ဒါကြောင့်... ကျွန်တော် ထိန်းသိမ်းရေးခန်းမကနေ တချို့တလေ ဝယ်ချင်လို့ပါ..."

တိနွီဖုန့်သည် အလားအလာရှိသော ပြဿနာကို အာရုံခံမိလိုက်ပြီး၊ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ကာ ပြန်ဖြေလိုက်သည်။ "ဒါဆို ဝယ်လိုက်လေ..."

"ဒါပေမဲ့... ဆရာသခင်ရဲ့ တပည့်ဖြစ်တဲ့ ကျွန်တော့်မှာ... ရန်ပုံငွေ နည်းနည်း လိုနေလို့..." ချူလျန် တီးတိုး ပြောလိုက်သည်။

"ဟမ့်..." တိနွီဖုန့် မထီမဲ့မြင် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "အိုးဟိုး... ကောင်လေး.. မင်းက ပိုက်ဆံရဖို့အတွက် ပလီပလာနည်းလမ်းတွေ သုံးလာတာ ငါ မြင်နေရတယ်... ပိုက်ဆံလိုချင်လို့ ဟိုအကြောင်း ဒီအကြောင်းတွေ လျှောက်ပြောနေတာပေါ့လေ..."

"ဒါတွေအားလုံးက ဆရာသခင်ရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်အတွက်ပါပဲ..." ချူလျန်က လေးနက်သော ပုံစံဖြင့် ပြောလိုက်သည်။

သူသည် လူမှုဆက်ဆံရေး အတတ်ပညာကို အမြဲတစေ အလေးထားခဲ့သည် မဟုတ်ပါလော။

"အင်း..." တိနွီဖုန့်သည် မေးစေ့ကို လက်ဖြင့် ထောက်လိုက်ရာ အင်္ကျီလက်စ လျောကျသွားပြီး၊ သူမ၏ ဖြူဝင်းသော လက်ကောက်ဝတ်ပင် ပေါ်လာချေသည်။

ထို့နောက် သူမ ပြောလိုက်သည်မှာ "မင်းက တန်ခိုးစွမ်းရည်တွေနဲ့ မှော်ဝင်ပစ္စည်းတွေ လိုချင်တာပေါ့... အဲဒါတွေ ရနိုင်မယ့် နည်းလမ်းတွေကို ငါ ကူစဉ်းစားပေးလို့တော့ ရတယ်... ဒါပေမဲ့ မင်း တောင်းနေတဲ့ ပိုက်ဆံကတော့... ငါ့မှာ တကယ်ကို မရှိတာ..."

"လေးစားရပါသော ဆရာသခင်... ဆရာသခင်က လစာကောင်းကောင်းရတယ် မဟုတ်ဘူးလား... ပြီးတော့ တောင်ထွတ်သခင်တွေအတွက် အပို ထောက်ပံ့ကြေးတွေရော မရှိဘူးလား..."

အမှန်စင်စစ်အားဖြင့်၊ ဤသည်မှာ သူ အချိန်ကြာမြင့်စွာကတည်းက သိချင်နေခဲ့သော ကိစ္စပင် ဖြစ်သည်။

ငွေဓားတောင်ထွတ်သည် အမြဲတမ်း ဆင်းရဲနေပုံရသည်။ သူ ငယ်စဉ်ကမူ သိပ်အများကြီး မတွေးမိခဲ့။

သို့သော်၊ သူ ကြီးပြင်းလာပြီး အခြားတောင်ထွတ်များ၏ ကြွယ်ဝချမ်းသာမှုကို မြင်တွေ့လိုက်ရသောအခါ၊ သဘာဝကျစွာပင် သူ ထူးဆန်းသည်ဟု ခံစားမိသည်။

အထူးသဖြင့်၊ ငွေဓားတောင်ထွတ်တွင် တပည့်တစ်ဦးတည်းသာ ရှိပြီး၊ အရင်းအမြစ်များ ခွဲဝေပေးရန် မလိုအပ်ကြောင်း ထည့်သွင်းစဉ်းစားပါက ပို၍ပင် ထူးဆန်းနေသည် မဟုတ်ပါလော။

အကယ်၍၊ ဆရာသခင်ဖြစ်သူက သူ့ကို တစ်လလျှင် ထောက်ပံ့ကြေး အနည်းငယ်မျှ ပေးခဲ့လျှင်ပင်၊ ဓားပျံတစ်လက်ဝယ်ယူရန် လုံလောက်အောင် စုဆောင်းမိနေပေလိမ့်မည်။

"ဟူး..." တိနွီဖုန့် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အဲဒီ ပိုက်ဆံနည်းနည်းလေးနဲ့ ငါ ဘာလုပ်လို့ ရမှာလဲ... အခု ငါ မွဲနေတာတင် မကဘူး... အကြွေးတွေလည်း အများကြီး တင်နေသေးတယ်..."

"ဘာဖြစ်လို့လဲ..." ချူလျန်တစ်ယောက် ဇဝေဇဝါဖြစ်စွာ မေးလိုက်မိတော့သည်။

တိနွီဖုန့်က ခါးရှိ ဗူးသီးခြောက်ကို ပုတ်ပြလိုက်သည်။ "ငါ့လို အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို မူးအောင်လုပ်နိုင်တဲ့ အရက်မျိုးကို ဈေးပေါပေါနဲ့ ဝယ်လို့ရမယ် ထင်နေလား... ဒီ အင်မော်တယ်ယစ်မူးအရက်တစ်ဗူးဆိုရင် ဓားဒင်္ဂါးပြား (၅၀၀)တောင် ပေးရတယ်..."

"ဗျာ..."

ချူလျန်သည် ငယ်စဉ်ကတည်းက တိနွီဖုန့်တစ်ယောက် ဤအရက်ကို သောက်နေသည်ကို မြင်တွေ့ခဲ့ရသော်လည်း၊ ၎င်းသည် ဓားပျံတစ်လက်နှင့် ညီမျှသော ဈေးနှုန်းရှိကြောင်းကိုမူ လုံးဝ မသိခဲ့ပေ။

သူ ထိတ်လန့်သွားမိတော့သည်။

'သောက်ကျိုးနည်း… ဒါကြီးကတော့ အလွန်အကျွံ သောက်စားနေတာ မဟုတ်တော့ဘူး... ပိုက်ဆံတွေကို မီးရှို့ပစ်နေတာပဲ...'

"ငါ မင်းကို အမှန်တိုင်း ပြောလိုက်ပြီ... အခု ငါ့မှာ အကြွေးကလွဲပြီး ဘာမှမရှိဘူး... နှစ်တွေတစ်လျှောက်လုံး ခရီးတွေ သွားခဲ့ပေမဲ့... ဒီ ဖီးနစ်သွေးကျောက်စိမ်းကလွဲရင်... မှော်ဝင်ပစ္စည်း.. လက်နက်တစ်ခုမှ ငါ မပိုင်ဆိုင်ဖူးဘူး... ငါ့ရဲ့ ရုပ်ခန္ဓာစွမ်းအားကိုပဲ အားကိုးခဲ့တာ..."

တိနွီဖုန့်က ပခုံးတွန့်လိုက်ပြီး၊ ဆင်းရဲဒုက္ခကို ဂရုမစိုက်သော၊ သင်္ခါရတရားကို ထွက်ရပ်ပေါက်နေသည့်အလား အမူအရာကို ပြသလိုက်သည်။

"တကယ်လို့ မင်း ပိုက်ဆံ အရမ်းလိုနေရင်တောင်... ငါ့မှာ ရောင်းစရာ ဘာမှမရှိဘူး... တကယ်လို့ မဖြစ်မနေ တစ်ခုခုကို ရောင်းရမယ် ဆိုရင်တော့... ငါ့ခန္ဓာကိုယ်ပဲ ရှိတော့တယ်..."

ချူလျန် မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။ "ဆရာသခင် အဲဒီလိုလုပ်ဖို့ရော စဉ်းစားဖူးလား..."

"ထွက်သွားစမ်း…"

...

ချူလျန်ခမျာ သစ်သားအိမ်လေးဆီသို့ လမ်းလျှောက်ပြန်လာစဉ်၊ အမှန်တကယ်ပင် စိတ်ပျက်အားငယ်နေမိသည်။

ငွေတောင်းခံမည့် သူ၏အစီအစဉ် မအောင်မြင်ခဲ့သလို၊ တိနွီဖုန့်အနေဖြင့်လည်း လာမည့်ရာစုနှစ်တစ်ခုအထိတိုင် အရက်ဖြတ်ရန် အစီအစဉ်မရှိကြောင်း ဆိုးရွားသော သတင်းဆိုးကိုလည်း ကြားသိခဲ့ရသည်။

အနာဂတ်တွင် သူသည် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရတော့မည့်ပုံ ပေါက်နေချေသည်။

သူ လိုချင်သော ဓားပျံများ၊ မှော်ဝင်ပစ္စည်းများ၊ ဆေးလုံးများ၊ မင်္ဂလာခန်းဝင်လက်ဖွဲ့များနှင့် အဆောင်လက်ဖွဲ့များကို ဝယ်ယူရန် လိုအပ်သော ငွေကြေးရရှိရေးအတွက် ကိုယ့်ကိုယ်ကိုသာ အားကိုးရတော့မည် ဖြစ်ကြောင်း သူ ကောင်းကောင်း သဘောပေါက်လိုက်ရသည်။

တနည်းအားဖြင့်၊ သူသည် မည်သည့်အရာကိုမျှ မဝယ်ယူတော့ဘဲ၊ မိစ္ဆာများကို သတ်ဖြတ်ခြင်းအတွက် ဆုလာဘ်များအဖြစ် ဤပစ္စည်းများ ပေါ်ထွက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနိုင်တော့သည်။

တောင်ကုန်းကို ကွေ့ပတ်လိုက်သောအခါ၊ မမျှော်လင့်ထားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူး၊ တောက်ပသောဝတ်ရုံနှင့် ရွှင်လန်းသောမျက်နှာထား...

၎င်းသည် ကျောက်စိမ်းဓားတောင်ထွတ်မှ တပည့်လင်းပေ့ပင် ဖြစ်၏။

ချူလျန်ကို မြင်လိုက်ရသောအခါ၊ လင်းပေ့သည် ချက်ချင်းပင် သဘောကျစွာ ရယ်မောပြီး နှုတ်ဆက်လိုက်သည်။ "ဟဲဟဲ.."

လင်းပေ့က ပြောလိုက်သည်။ "သူငယ်ချင်း ညီအစ်ကိုချူ... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ…"

"ညီအစ်ကိုလင်း... ဘာလို့ ကျွန်တော့်ကို ဒီမှာစောင့်နေတာလဲ... လိုအပ်တာတစ်ခုခုများ ရှိလို့လား..." ချူလျန် မေးလိုက်သည်။

"ဒါပေါ့..." လင်းပေ့က တောက်ပစွာ ပြုံးလိုက်ပြီး"ဆုလာဘ် အရမ်းကောင်းတဲ့ တာဝန်တစ်ခု ငါတွေ့လိုက်တယ်လေ... ထူးချွန်တဲ့စွမ်းရည်၊ သွက်လက်တဲ့ဉာဏ်ရည်နဲ့ ချောမောခန့်ညားတဲ့ရုပ်ရည်ရှိတဲ့ ဝိညာဉ်အသိအမြင်အဆင့် တပည့် (၂)ဦး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်... ရှုတောင်ဂိုဏ်းမှာရှိတဲ့ တပည့်တွေ အကုန်လုံးထဲမှာ... ငါတို့နှစ်ယောက်ကလွဲလို့ ဘယ်သူတွေ ဖြစ်နိုင်ဦးမှာလဲ... မဟုတ်ဘူးလား... ဟားဟား…"

လင်းပေ့၏ မြှောက်ပင့်မှုများကို လျစ်လျူရှုလိုက်ပြီး၊ ချူလျန် မေးလိုက်သည်။ "ဘယ်သွားရမှာလဲ..."

"ယန်ကျိုးမြို့နားက တောင်ပိုင်းတောင်တန်းကျောင်းတော်..."

All Chapters