ကျောင်းတော်၏ ထူးဆန်းသောအမှု။
Vol. 2 Ch. 18
ညအချိန်…။
လသည် မှောင်မိုက်နေသော ကောင်းကင်ယံတွင် မြင့်မားစွာ တွဲလဲခိုနေပြီး၊ လေပြင်းများ တိုက်ခတ်နေသည်။
တောင်ပိုင်းတောင်တန်းကျောင်းတော်သည် ယန်ကျိုးမြို့၏ အပြင်ဘက်တွင် တည်ရှိပြီး၊ တောင်ပိုင်းတောင်တန်း၏ ဘေးတွင် တည်ဆောက်ထားသဖြင့် ထိုအမည်ကို မှည့်ခေါ်ထားခြင်းပင် ဖြစ်သည်။
ကျောင်းတော်၏ နောက်ဘက်တွင် ရေကန်ငယ်လေးတစ်ခု ရှိသည်။ ယခင်က နွေရာသီညများတွင် လူငယ်၊ လူရွယ်များ မကြာခဏ လာရောက်လေ့ရှိသော တိတ်ဆိတ်အေးချမ်းသည့် နေရာလေး ဖြစ်ပေသည်။
သို့သော်ငြား၊ မကြာသေးမီက ထိုနေရာတွင် လူတစ်ယောက် သေဆုံးခဲ့ဖူးသဖြင့်၊ ယခုအခါ မည်သူမျှ ထိုနေရာသို့ မလာရဲကြတော့။
သို့သော်၊ ယနေ့ညတွင်မူ စာသင်သား (၂)ဦးသည် ဤနေရာသို့ ရောက်ရှိနေကြသည်။
ရေကန်အစွန်းသို့ သူတို့ ချဉ်းကပ်သွားသောအခါ၊ အေးစက်သော လေပြင်းတစ်ချက်က သူတို့၏ အဝတ်အစားများကို ဖောက်ဝင်တိုက်ခတ်သွားသဖြင့် အလိုအလျောက် တုန်လှုပ်သွားမိကြသည်။
"အစ်ကိုရှောင်အန်း... ဘာလို့ ဒီမှာ ချိန်းရတာလဲ... ဒါက... စီတုယန် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့နေရာ မဟုတ်ဘူးလား..."
မှောင်မိုက်နေသော ရေကန်အစွန်းသို့ ချဉ်းကပ်သွားသောအခါ၊ နောက်ဘက်မှ အားနည်းပြီး ပိန်ပါးသော စာသင်သားသည် တုန်လှုပ်နေပြီး နောက်ထပ် ခြေတစ်လှမ်းမျှ တိုးမလှမ်းရဲတော့ပေ။
ရှေ့မှ စာသင်သားသည် ပိုမိုကြံ့ခိုင်ပြီး အရပ်ရှည်ကာ၊ နက်ရှိုင်းပြီး အနည်းငယ်ဩသောအသံ ရှိလေ၏။
သူ ပြန်ပြောလိုက်သည်။ "ဒီကိစ္စကို အပြီးအပိုင် ရှင်းပစ်ချင်တယ်ဆိုရင်... ဒီနေရာကို လာမှကို ရမှာ..."
လေပြင်းသည် ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ဖြတ်တိုက်သွားသဖြင့်၊ လူတစ်ယောက် ဖြတ်သန်းသွားသကဲ့သို့ တိုးညှင်းသော လှုပ်ရှားသံများ ထွက်ပေါ်လာသည်။
အားနည်းပြီး ပိန်ပါးသော စာသင်သားသည် ထိတ်လန့်တကြား နောက်လှည့်ကြည့်လိုက်ကာ၊ အရပ်မျက်နှာအနှံ့ လိုက်ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရ။ သူ သက်ပြင်းချလိုက်မိသည်။
ထို့နောက် ဆက်လက် ပြောဆိုလိုက်သည်။ "ဘာကို ရှင်းရမှာလဲ ဆိုတာ ကျွန်တော် တကယ်မသိဘူး... အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့လည်း ဘာမှမဆိုင်ဘူး... ခင်ဗျားတို့ အားလုံး စီတုယန်ကို အနိုင်ကျင့်တုန်းက... ကျွန်တော် ဘာမှလည်း သိပ်မပါခဲ့ပါဘူး... အလွန်ဆုံးရှိလှ... သူ့ကို ရုပ်ဆိုးတယ်လို့ နှစ်ခါလောက် ပြောခဲ့ရုံပါပဲ... အခု သူမ သေသွားပြီဆိုမှတော့... ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ..."
အားနည်းသော စာသင်သား၏ ပါးစပ်က ရပ်တန့်မသွား၊ သူ၏ ကြောက်ရွံ့မှုကို လျော့ပါးစေရန် စကားများ ဆက်လက်ပြောဆိုနေသည်။
"အင်း... မင်း ဘာမှ သိပ်မလုပ်ခဲ့ပါဘူး..." အရပ်ရှည်သော စာသင်သားက ပြောလိုက်သည်။ သူ၏ နက်ရှိုင်းသောအသံသည် မကောင်းဆိုးဝါးဆန်နေချေသည်။
"လာပါဗျာ... စကားတွေ ဝေ့ဝိုက်မနေပါနဲ့တော့..." အားနည်းသော စာသင်သားက တိုက်တွန်းလိုက်ပြီး ပိုမိုစိတ်လှုပ်ရှားလာမိတော့သည်။
"ဒါဆိုရင်..." အရပ်ရှည်သော စာသင်သားက စကားစလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော လရောင်အောက်တွင်၊ သူ၏ မျက်နှာတစ်ဝက်ကို အလင်းရောင် ကျရောက်နေပြီး၊ အလွန်အမင်း ကြမ်းကြုတ်ပြီး အေးစက်သော မျက်နှာထားကို ဖော်ပြနေချေသည်။
သူ ဆက်ပြောလိုက်သည်။ "မင်း ငါ့ကို မှတ်မိလား..."
"ဝူရှောင်အန်း… ခင်ဗျား…" အားနည်းပြီး ပိန်ပါးသော စာသင်သားသည် အရပ်ရှည်သော စာသင်သား၏ လေသံကြောင့် ကြောက်ရွံ့သွားပုံ ရသော်လည်း၊ အနည်းငယ် ဒေါသထွက်နေချေသည်။
သူ အော်ဟစ်လိုက်သည်။ "ခင်ဗျား ဒီမှာ ဘာလုပ်ချင်နေတာလဲ... ပြောစရာမရှိရင်... ကျွန်တော် ဒီသရဲခြောက်တဲ့နေရာမှာ ခင်ဗျားနဲ့ ဆက်မနေတော့ဘူး... အဆိုးဆုံးအနေနဲ့... ဒီအဆက်မပြတ် ကြောက်ရွံ့နေရတာတွေကနေ လွတ်မြောက်ဖို့.. မနက်ဖြန် မိသားစုတစ်ခုလုံးကို ယန်ကျိုးမြို့ ကနေ ပြောင်းရွှေ့ပစ်လိုက်တော့မယ်..."
"ကျန်းကုံး... မင်း... ငါ့ကို တကယ် မမှတ်မိဘူးလား..." အရပ်ရှည်သော စာသင်သားက ထပ်မေးလိုက်ပြီး၊ ရုတ်တရက် နောက်လှည့်ကာ သူ၏ မျက်နှာတစ်ခုလုံးကို ဖော်ပြလိုက်သည်။
သူ၏မျက်နှာ ညာဘက်ခြမ်းသည် ပုံမှန်အတိုင်း ရှိနေသော်လည်း၊ ဘယ်ဘက်ခြမ်းတွင် ဆိုးရွားသော မီးလောင်ဒဏ်ရာကဲ့သို့ ကြီးမားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အမာရွတ်တစ်ခု ရှိနေသည်။ မျက်လုံးအိမ်သည်ပင် ပုံပျက်နေသည်။
ထိုဘယ်ဘက် မျက်နှာခြမ်းသည် အမျိုးသမီးတစ်ဦး၏ မျက်နှာနှင့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တူညီနေပေသည်။
"အား…"
ဤထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရသောအခါ၊ အားနည်းပြီး ပိန်ပါးသော စာသင်သားသည် စူးရှစွာ အော်ဟစ်လိုက်ပြီး နောက်သို့ နှစ်လှမ်းဆုတ်လိုက်မိသည်။ သူ၏ ခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ လဲကျသွားရတော့သည်။
ထို့နောက် အရပ်ရှည်သော စာသင်သား၏ ယခင်က ပကတိအတိုင်း ရှိနေသော မျက်နှာတစ်ဝက်သည် နံရံမှ ဆေးသားများ ကွာကျသကဲ့သို့ အရေခွံများ ကွာကျလာပြီး၊ အောက်ဘက်ရှိ သွေးမရှိသော တစ္ဆေဆန်သည့် အမျိုးသမီးမျက်နှာကို ဖော်ပြလိုက်တော့သည်။
"စီတုယန်... အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ..." အားနည်းပြီး ပိန်ပါးသော စာသင်သားသည် နောက်ဆုတ်ရင်း အသဲအသန် ရေရွတ်လိုက်သည်။
ထို့နောက်၊ သူသည် နောက်လှည့်ပြီး သစ်တောထဲမှ လွတ်မြောက်ရန် ကုန်းရုန်းထွက်ပြေးလေတော့သည်။
သူ ပြေးနေရင်း ဆက်လက် အော်ဟစ်နေတော့သည်။ "ကျူးမီငှား… သရဲ.. သရဲဗျို့… ကယ်တော်မူကြပါ..."
အမောဖောက်လာသဖြင့်၊ သစ်တောငယ်လေး၏ အစွန်းတွင် နောက်ဆုံး၌ ရပ်တန့်လိုက်ရသည်။ သိပ်သည်းထူထပ်သော သစ်တောကို ပြန်လှည့်ကြည့်လိုက်မိသည်။ မည်သူမျှ သူ့နောက်သို့ လိုက်မလာပုံ ရသည်။
"ဖူး..."
သူ သက်ပြင်းချရန် ပြင်လိုက်စဉ်မှာပင်၊ သူ၏ ကိုယ်ပိုင်လက်များက လည်ချောင်းကို ရုတ်တရက် ညှစ်လိုက်ပြီး၊ မျက်လုံးများ ပြူးထွက်လာတော့သည်။ သူ၏မျက်နှာ ဘယ်ဘက်ခြမ်းသည် ခြောက်သွေ့လာပြီး အရေခွံများ ကွာကျလာကာ၊ ထူထဲသော မီးလောင်ဒဏ်ရာ အမာရွတ်များကို ဖော်ပြလိုက်တော့သည်။
"အသက်ချမ်းသာပေးပါ... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ..."
"ငါ တောင်းပန်ပါတယ်... အား..."
...
"သရဲခြောက်တဲ့ကိစ္စ… ဘာလို့ ကျွန်တော်တို့ကို တောင်ပိုင်းတောင်တန်းကျောင်းတော်က ဖိတ်ခေါ်တာလဲ..."
ယန်ကျိုးမြို့၏ စည်ကားသော လမ်းမများပေါ်တွင်၊ ချူလျန်က လင်းပေ့ကို မေးလိုက်သည်။
အစပိုင်းတွင် လင်းပေ့သည် တာဝန်စာရွက်လက်ခံရန်၊ သူ့ကို အလျင်စလို ဆွဲခေါ်ဆောင်သွားပြီးနောက် တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။
လင်းပေ့က ဤတာဝန်သည် ဆုလာဘ်များပြားကြောင်း ပြောဆိုခဲ့သဖြင့်၊ သူသည် အသေးစိတ် မမေးမြန်းခဲ့မိပေ။ ယခုမှသာ ချူလျန်တစ်ယောက် အခြေအနေကို ရှင်းလင်းစွာ သိမြင်လာရခြင်း ဖြစ်သည်။
ဤနေရာသည် ရှုတောင်နှင့် မဝေးလှသဖြင့်၊ ရှုတောင်မှ တပည့်များသည် ယေဘုယျအားဖြင့် ယန်ကျိုးမြို့နှင့် ရင်းနှီးကျွမ်းဝင်ကြသည်။
မြို့ထဲတွင် ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်ပွားသောအခါ၊ စုံစမ်းစစ်ဆေးပြီး ဖြေရှင်းရန်မှာ ပုံမှန်အားဖြင့် ရှုတောင်တပည့်များ၏ တာဝန်ပင် ဖြစ်သည်။
သို့သော်…
ခြွင်းချက် အနည်းငယ် ရှိလေသည်။
ဥပမာအားဖြင့်၊ ဘုရားကျောင်းများသည် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ တာဝန်ဖြစ်သည်။ အလားတူပင်၊ တောင်ပိုင်းတောင်တန်းကျောင်းတော်ကဲ့သို့သော အဖွဲ့အစည်းများအတွက်မူ၊ ကွန်ဖြူးရှပ်အဆုံးအမကို လိုက်နာသော ကျင့်ကြံသူများက တာဝန်ယူရမည်သာ ဖြစ်သည်။
ကိစ္စအများစုတွင်၊ ဂိုဏ်းများအကြား မလိုလားအပ်သော ပြဿနာများနှင့် ပဋိပက္ခများဖြစ်ပေါ်စေနိုင်သဖြင့်၊ ခိုင်လုံသော အကြောင်းပြချက်မရှိလျှင် လမ်းစဉ်ကြီး (၃)ခုမှ ကျင့်ကြံသူများသည် တစ်ဖက်နှင့်တစ်ဖက်၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ။
"ဟီးဟီး..." လင်းပေ့ ရယ်မောလိုက်သည်။ ထို့နောက်၊ နွေးထွေးသော အပြုံးဖြင့် သူ ရှင်းပြလိုက်သည်။ "ကျောင်းတော်က အခြေအနေနဲ့ ပတ်သက်ရင်၊ ကွန်ဖြူးရှပ်ဝါဒကို လိုက်နာတဲ့ ကျင့်ကြံသူတွေက ဖြေရှင်းသင့်တာ မှန်ပါတယ်... ငါတို့ရဲ့ အခန်းကဏ္ဍက ပြောရရင် ကျောင်းသားတစ်ယောက်ကို ကာကွယ်ပေးဖို့ပါပဲ..."
သူသည် လီစံအိမ်တော်ဟု ရေးသားထားသော ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် ခမ်းနားထည်ဝါသော ကျောက်ခြင်္သေ့ရုပ်တုများ စောင့်ကြပ်နေသော ဝင်ပေါက်ကြီးကို ညွှန်ပြလိုက်သည်။
"သခင်ကြီးလီက ယန်ကျိုးမြို့မှာ နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးပဲ... သူ့ရဲ့ တစ်ဦးတည်းသောသား လီကျွယ်က တောင်ပိုင်းတောင်တန်းကျောင်းတော်မှာ ကျောင်းတက်နေတယ်... မကြာသေးမီက ကျောင်းတော်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်ပွားနေပြီးတော့... ကျောင်းသား (၂)ယောက် အသက်ဆုံးရှုံးသွားခဲ့ရတယ်..."
"သူက သားဖြစ်သူရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတာလေ... ဒါကြောင့် သားဖြစ်သူကို ခဏတာ ကာကွယ်စောင့်ရှောက်ပေးဖို့ လူလွှတ်ပေးပါလို့ ရှုတောင်ဂိုဏ်းကို မေတ္တာရပ်ခံခဲ့တာ... သရဲခြောက်တဲ့ကိစ္စ ပြီးသွားတာနဲ့ ငါတို့ တာဝန်ပြီးဆုံးပြီ..."
"ငါတို့ရဲ့ ဝန်ဆောင်မှုအတွက် နေ့စဉ်ကြေး ပေးချေလိမ့်မယ်..." လင်းပေ့က ထပ်လောင်း ပြောလိုက်သည်။
နောက်ဆုံး စာကြောင်းကို ကြားလိုက်ရသောအခါ၊ ချူလျန် သက်ပြင်းချလိုက်မိသည်။
သခင်ကြီးလီသည် ရွှေ၊ ငွေများဖြင့် သိသာထင်ရှားသော ဝန်ဆောင်ခအား ပေးချေသော်လည်း၊ ရှုတောင်ဂိုဏ်းကမူ ၎င်း၏တပည့်များကို ဓားဒင်္ဂါးပြားဖြင့် ပြန်လည်ပေးချေသည်။
ဓားပျံတစ်လက် ဝယ်ယူရန် လုံလောက်အောင် ကြိုးစားစုဆောင်းနေသော ချူလျန်အတွက်၊ ဤလစာကောင်းသော တာဝန်သည် သူ လိုအပ်နေသောအရာ အတိအကျ ဖြစ်ချေသည်။
စကားပုံအတိုင်းဆိုရလျှင်၊ အိပ်ချင်နေသောသူကို ခေါင်းအုံးပေးလိုက်သကဲ့သို့ပင်။ ဤအခြေအနေသည် အံခွင်ဝင်ကျ ဖြစ်လေ၏။
"အိုက်ယား... ရှုတောင်ဂိုဏ်းက သူရဲကောင်းလေးနှစ်ယောက် နောက်ဆုံးတော့ ရောက်လာကြပြီပဲ..." သခင်ကြီးလီသည် မိသားစုတစ်ခုလုံးနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနှုတ်ဆက်လိုက်သည်။ သူတို့၏ လေးစားမှုပြသပုံမှာ အမှန်စင်စစ်အားဖြင့် အတော်လေးပင် ခမ်းနားလှချေသည်။
ကျင့်ကြံသူတစ်ဦး ဖြစ်ရခြင်း၏ အားသာချက်များအနက် တစ်ခုမှာ၊ ကြွယ်ဝချမ်းသာပြီး ဩဇာအာဏာရှိသော လူသားများပင်လျှင်၊ သင်နှင့် တွေ့ဆုံသောအခါ လေးစားမှု အတိုင်းအတာ တစ်ခုအထိ ပြသကြရခြင်းပင် ဖြစ်၏။
"ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ... ကျွန်တော်တို့က ရှုတောင်ဂိုဏ်းက ဂျူနီယာတပည့်တွေပါ..." လင်းပေ့က နွေးထွေးစွာ ပြန်ပြောလိုက်သည်။
"ကျွန်တော့်နာမည်က လင်းပေ့ပါ... ဒါက ကျွန်တော့်ရဲ့ ဂိုဏ်းတူညီအစ်ကို ချူလျန်... ခင်ဗျားက ကျွန်တော့်အဖေထက် အသက်နည်းနည်း ငယ်ပုံရတော့... ခင်ဗျားကို ရင်းရင်းနှီးနှီး ဦးလေးလီလို့ပဲ ခေါ်ခွင့်ပြုပါ... ခင်ဗျားရဲ့ သားကိုလည်း ညီအစ်ကိုလို့ ခေါ်ခွင့်ပြုပါဗျ..."
ထိုသို့ ပြောပြီးနောက်၊ သူသည် ချူလျန်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ "ဒီမှာ အရမ်းကြီး ယဉ်ကျေးနေစရာမလိုဘူး... ကိုယ့်အိမ်ကိုယ့်ယာလိုပဲ သဘောထား..."
ချူလျန်တစ်ယောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။
လူမှုဆက်ဆံရေး ကျွမ်းကျင်သော လင်းပေ့ကဲ့သို့ လူတစ်ယောက် သူ့ဘေးတွင် ရှိနေသဖြင့်၊ သူသည် ရှုပ်ထွေးသော လူမှုဆက်ဆံရေး ကိစ္စရပ်များစွာကို အလွယ်တကူ ဖြတ်သန်းလိုက်နိုင်သည်။
သခင်ကြီးလီ၏ နောက်တွင် ရပ်နေသော တိတ်ဆိတ်သည့် လူငယ်လေးကို သူ သတိမပြုမိဘဲ မနေနိုင်ပေ။
အိမ်နေရင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် (၁၆)နှစ်၊ (၁၇)နှစ်ခန့် ရှိပုံရသည်။ သူသည် ဖြူဖွေးသော အသားအရေ ရှိသော်လည်း၊ မျက်လုံးအောက်တွင် သိသာထင်ရှားသော အမည်းကွင်းများ ရှိနေသဖြင့် အလွန်တရာ ပင်ပန်းနွမ်းနယ်နေပုံ ရသည်။
ဤသူသည် သခင်ကြီးလီ၏သား လီကျွယ် ဖြစ်ရပေလိမ့်မည်။ သူ၏ စိတ်ထဲတွင် အတွေးများစွာ ယောက်ယတ်ခတ်နေကြောင်း ထင်ရှားနေသည်။
ကျယ်ဝန်းသော အိမ်ကြီးထဲသို့ ဝင်ရောက်ပြီး အတွင်းခန်းမဆောင်သို့ ရောက်ရှိလာသောအခါ၊ လင်းပေ့နှင့် သခင်ကြီးလီတို့သည် မိတ်ဆွေရင်းချာများကဲ့သို့ ပြုမူနေကြပြီ ဖြစ်သည်။
"ဦးလေးလီ... ဦးလေးရဲ့သားကို ကျွန်တော်တို့ ကောင်းကောင်း စောင့်ရှောက်ပါ့မယ်ဆိုတာ စိတ်ချသာထားတော့... သူ့ရဲ့ လုံခြုံရေးကို ကျွန်တော် အာမခံပါတယ်... အခုအချိန်ကစပြီး တစ်နေ့လုံး သူ့ကို စောင့်ကြည့်ပေးသွားမှာပါ... ရှုတောင်ဂိုဏ်းမှာ လင်းပေ့အကြောင်း မေးကြည့်လိုက်ရင်..."
သခင်ကြီးလီက ကြားဖြတ်ကာ ပြောလိုက်သည်။ "ကောင်လေး... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... မင်းတို့ကို ငါ့သားကို ကာကွယ်ပေးဖို့ တောင်းဆိုထားပေမဲ့... ဒီကိစ္စကို တခြားသူတွေ မသိအောင် လျှို့ဝှက်ထားပေးလို့ ရမလား..."
"လျှို့ဝှက်ထားပေးရမယ်... ဘာကိုဆိုလိုတာလဲ..." လင်းပေ့နှင့် ချူလျန်တို့ ဇဝေဇဝါ ဖြစ်သွားကြသည်။
"ဒီလိုကွာ... မင်းတို့ကို ကျောင်းတော်မှာ ကျောင်းအပ်ဖို့ပါ ငါ စီစဉ်ပေးမယ်... မင်းတို့က တောင်ပိုင်းတောင်တန်းကျောင်းတော်မှာ အတန်းတက်ရမယ်... အဲဒီကျရင် မင်းတို့ လုပ်ရမှာက လီကျွယ်ကို စောင့်ကြည့်ပေးဖို့နဲ့ ကျောင်းဆင်းရင် အိမ်ပြန်လိုက်ပို့ပေးဖို့ပဲ... ဒါပါပဲ... ဒါပေမဲ့.. ဒီအချိန်အတောအတွင်း... မင်းတို့က သူ့ကို အထူးတလည် ကာကွယ်ပေးနေတယ်ဆိုတာ ဘယ်သူမှ မသိပါစေနဲ့... ဟုတ်ပြီလား..." သခင်ကြီးလီက လက်ချင်းပွတ်သပ်လိုက်ကာ မေတ္တာရပ်ခံလိုက်သည်။
"သခင်ကြီးလီ... ခင်ဗျားရဲ့ တောင်းဆိုမှုကို ကျွန်တော်တို့ သေချာပေါက် လိုက်နာပါ့မယ်... ဒါပေမဲ့ ခင်ဗျား စိတ်မရှိရင်... ဘာကြောင့်လဲဆိုတာ မေးလို့ ရမလား..." လင်းပေ့ မေးလိုက်သည်။
"ရှင်းပြဖို့ နည်းနည်းတော့ ခက်တယ်..." သခင်ကြီးလီ ပြုံးလိုက်ပြီး ရှောင်လွှဲသော အဖြေကိုသာ ပြန်ပေးလိုက်သည်။
'သူ့သားကို ကာကွယ်ပေးဖို့ လူလိုချင်တယ်... ဒါပေမဲ့.. ပြင်ပလူတွေ သတိထားမိမှာကိုလည်း မလိုလားဘူး ဟုတ်လား...' ချူလျန် တွေးလိုက်မိသည်။
တိတ်ဆိတ်နေသော လီကျွယ်နှင့် လက်ပွတ်နေသော သခင်ကြီးလီတို့ကို သူ တစ်ချက် ကြည့်လိုက်သည်။
'ဘာလို့ သူတို့က အပြစ်ရှိစိတ် ခံစားနေကြရတာလဲ...'