ကျားနက်ဂိုဏ်း၏ဆက်ခံသူ။
Vol. 2 Ch. 20
ချူလျန်တစ်ယောက် လင်းပေ့ကို စိုက်ကြည့်လိုက်မိသည်။
လင်းပေ့သည်လည်း ချူလျန်ကို ပြန်လည် စိုက်ကြည့်လိုက်သည်။
ဤအခြေအနေသည် ခဏတာ ကြာမြင့်ခဲ့ပြီး၊ လေထုသည် အနည်းငယ် အနေရခက်လာတော့သည်။
အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသဖြင့်၊ လင်းပေ့ခမျာ ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်သား... ငါ့ရဲ့ အဓိကတာဝန်က ထူးဆန်းတဲ့အမှုကို စုံစမ်းစစ်ဆေးဖို့ပဲဟာ..."
‘သောက်ကျိုးနည်း.. ကောင်းပါလေရဲ့…’
‘နောက်ဆုံးတော့ အစ်ကိုကြီး.. မင်း သတိရလာပြီပေါ့…’
ချူလျန်တစ်ယောက် စိတ်ထဲမှ သက်ပြင်းမောကို မချပဲ မနေနိုင်တော့။
လင်းပေ့ ဆက်ပြောလိုက်သည်။ "တောင်ပိုင်းတောင်တန်းကျောင်းတော်မှာ သရဲခြောက်တယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး... ကောလာဟလတွေ အတော်များများ ရှိနေတယ်... ငါ ကြားတာတော့ အားလုံးက စီတုယန်လို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံရလို့ ကျောင်းတော်နောက်ဘက်က ရေကန်ထဲခုန်ချပြီး.. ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရာကနေ စခဲ့တာတဲ့..."
"စီတုယန်..." ချူလျန် သူမ၏အမည်ကို ရေရွတ်လိုက်သည်။
"ပြီးတော့ (၇)ရက်အကြာမှာ... တခြား ကျောင်းသား (၂)ယောက်ရဲ့ အလောင်းတွေကို ရေကန်ထဲမှာ တွေ့ခဲ့ရတယ်... သူတို့ရဲ့ သေဆုံးပုံက အရမ်းကို ရက်စက်ပြီး ကြောက်စရာကောင်းတယ်တဲ့..." လင်းပေ့ ရှင်းပြလိုက်သည်။
"အခု ကျောင်းမှာပျံ့နှံ့နေတဲ့ ကောလာဟလကတော့... စီတုယန်ရဲ့ ဝိညာဉ်က ကလဲ့စားဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး... သူမကို အရင်က ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့သူတွေကို လက်စားချေဖို့ ပြန်လာတာတဲ့..."
"တကယ်လို့ ကလဲ့စားဝိညာဉ်သာဆိုရင်... ဒီအခြေအနေက ဖြေရှင်းဖို့ မခက်ပါဘူး..." ချူလျန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဒါပေမဲ့ ဘာလို့ လီကျွယ်က ဒီလောက်ကြောက်လန့်နေရတာလဲ... သူ အတိတ်တုန်းက စီတုယန်ကို အနိုင်ကျင့်ခဲ့ဖူးလို့လား..."
မည်သို့ပင်ဖြစ်စေ၊ သခင်ကြီးလီနှင့် သူ့သားတို့သည် သာမန်လူများကဲ့သို့ ပြုမူနေခြင်း မရှိကြောင်း ချူလျန် ခံစားနေရဆဲ ဖြစ်သည်။
"သူ့ရဲ့ မှိုင်တွေငေးငိုင်နေတဲ့ ပုံစံကို မင်း မမြင်ဘူးလား... သူက တစ်ယောက်ယောက်ကို အနိုင်ကျင့်နိုင်မယ့်ပုံစံ ပေါက်နေလို့လား..." လင်းပေ့ နှုတ်ခမ်းမဲ့ပြီး မှတ်ချက်ချလိုက်သည်။ "သူကသာ အနိုင်ကျင့်ခံရတဲ့သူ ဖြစ်ဖို့ ပိုများသေး..."
သူတို့ စကားပြောနေစဉ်၊ မနီးမဝေးတွင် လီကျွယ်တစ်ယောက် ပြဿနာတက်နေသည်ကို သတိထားမိလိုက်ကြသည်။
လီကျွယ်ကို ယန်ရှောင်ဟူနှင့် သူ၏ စာအုပ်ကိုင်(၂)ဦးတို့က ထောင့်ကပ်ပြီး ဝိုင်းထားကြလေသည်။
စာအုပ်ကိုင်ဟု ဆိုသော်ငြား၊ သူတို့သည် (၈)ပေခန့် အရပ်မြင့်မားပြီး၊ ကြမ်းတမ်းခက်ထန်သော မျက်နှာထားများနှင့် ခြိမ်းခြောက်နိုင်သော အရှိန်အဝါများရှိနေသည်မှာ အငှားလူမိုက်များနှင့်ပင် တူနေရော့သည်။
နံရံတွင် ကပ်ထားခံရသော်လည်း၊ လီကျွယ်သည် စကားများများစားစား မပြောပေ။ ထို့အစား သူသည် အိတ်ကပ်ထဲမှ ငွေတုံးတစ်တုံး ထုတ်ယူလိုက်သည်။ ၎င်းသည် အတော်လေး အလေးချိန် ရှိပုံရသည်။
ယန်ရှောင်ဟူက ယူလိုက်ပြီး လက်ထဲတွင် ခဏတာမျှ ချိန်ဆကြည့်လိုက်သည်။ ထို့နောက်၊ သူ ပြုံးလိုက်ပြီး သူ၏ နောက်လိုက် (၂)ဦးနှင့်အတူ ထွက်ခွာသွားချေသည်။
ဤမြင်ကွင်းသည် လင်းပေ့ ပြောခဲ့သည်များကို သက်သေပြနေပုံရသည်။
"ငါတို့ ကူညီသင့်လား..." လင်းပေ့ ထရပ်လိုက်ပြီး ထိုလူများကို တားဆီးချင်နေသည်။
"မလိုဘူး..." ချူလျန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ သူသည် နေရာတွင်သာ ထိုင်ပြီး ထမင်းဆက်စားနေသည်။
"ငါတို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်သင့်ဘူးလား..." လင်းပေ့ကမူ စိတ်အနှောင့်အယှက်ဖြစ်စွာ ထပ်မေးလိုက်သည်။
"လီကျွယ် ပိုက်ဆံပေးလိုက်ပုံအရ ချောမွေ့လွန်းနေတယ်... သူ အနိုင်ကျင့်ခံနေရတာ အတော်ကြာနေလောက်ပြီ..." ချူလျန် ပြန်ဖြေလိုက်သည်။
"တကယ်လို့ ငါတို့ အခုဝင်ပါလိုက်ရင်... ငါတို့နဲ့ သူ့ရဲ့ဆက်ဆံရေး ပေါ်သွားနိုင်တယ်... ပြီးတော့ ယန်ရှောင်ဟူအကြောင်း ငါတို့ သိပ်မသိသေးဘူး... ဒီတော့ ငါတို့ရဲ့ အဓိကတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရာမှာ အနှောင့်အယှက်ဖြစ်စေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားလိုက်ကြရအောင်..."
"ကောင်းပြီ..." လင်းပေ့ နောက်လှည့်ပြီး ပြောလိုက်သည်။ "အင်း... အဲဒီကောင်တွေ ငါ့ကို လာမရှုပ်တာ ပိုကောင်းမယ်... မဟုတ်လို့ကတော့..."
ဖြောင်း...။
စကားပင်မဆုံးလိုက်၊ သူ့နောက်စေ့ကို ပြင်းထန်စွာ ရိုက်ချလိုက်သံ ထွက်ပေါ်လာပြီး၊ အရိပ်မည်းများ သူတို့ကို ဝိုင်းရံထားလိုက်ကြသည်။
ယန်ရှောင်ဟူနှင့် သူ၏ ထွားကျိုင်းသော စာအုပ်ကိုင်(၂)ဦးသာ ဖြစ်ချေသည်။
"ဟေ့ကောင်... လူသစ်..." ထွားကျိုင်းသော စာအုပ်ကိုင်တစ်ဦးက ချူလျန်၏ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။ "မင်းရဲ့ ပထမဆုံးနေ့ဆိုတော့... တောင်ပိုင်းတောင်တန်းကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို သိဦးမှာ မဟုတ်ဘူး... ဟုတ်တယ်ဟုတ်..."
"ဘာစည်းမျဉ်းတွေလဲ..." ချူလျန် မေးလိုက်သည်။
"မင်း ဒီမှာ ဘေးကင်းကင်းနေချင်ရင်... တစ်လကို ငွေ (၅)တေးလ် ပေးရမယ်... ကြေးပေးသွင်းရင် ငါ့သခင်လေးက မင်းကို ကာကွယ်ပေးလိမ့်မယ်..." အခြား ထွားကျိုင်းသောစာအုပ်ကိုင်က ပြောလိုက်သည်။
"ငွေ (၅)တေးလ်..." လင်းပေ့ ခေါင်းမော့ပြီး အော်ဟစ်လိုက်သည်။ "ငါတို့ကို ဓားပြတိုက်နေတာလို့ပဲ ပြောလိုက်ပါတော့လား…"
အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများအနေဖြင့်၊ လင်းပေ့နှင့် ချူလျန်တို့သည် ရွှေနှင့် ငွေကို အသုံးပြုလေ့ မရှိကြ။ သို့သော်ငြား၊ ငွေ (၅)တေးလ်သည် သာမန်အိမ်ထောင်စုတစ်ခုအတွက် လပေါင်းများစွာ ကုန်ကျစရိတ်ကို ကာမိစေနိုင်ကြောင်း သူတို့ သိထားသည်။
၎င်းသည် ပမာဏ နည်းပါးသည် မဟုတ်ပေ။
တောင်ပိုင်းတောင်တန်းကျောင်းတော်တွင် တက်ရောက်နေသော ကလေးများသည် ကြွယ်ဝချမ်းသာသော မိသားစုများမှ ဖြစ်ကြသော်လည်း၊ ဤပမာဏသည် သူတို့အတွက်ပင် အနည်းငယ် များလွန်းနေသည်။
"မင်းမှာ ကန့်ကွက်စရာ ရှိလို့လား..." အခြား ကြံ့ခိုင်သောလူက ပြောလိုက်ပြီး လင်းပေ့၏နောက်စေ့ကို ထပ်မံ ရိုက်ချလိုက်သည်။
လင်းပေ့တစ်ယောက် ဒေါသပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ "ယီး..."
"အဟဲ…” ချူလျန်သည် သူ့အဖော်၏ ဒေါသကို ဖြေလျှော့ရန် လက်ကို အလျင်အမြန် မြှောက်လိုက်သည်။ အပြုံးတစ်ခုဖြင့် သူသည် (၁၀)တေးလ်တန် ငွေတုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး ယန်ရှောင်ဟူကို ကမ်းပေးလိုက်သည်။
"စည်းမျဉ်းဆိုတော့လည်း... စည်းမျဉ်းပဲပေါ့… လိုက်နာရမှာပေါ့လေ... လောလောဆယ် (၂)လစာ ပေးထားလိုက်မယ်... နောက်နောင်ကျရင်လည်း ကျွန်တော်တို့ကို စောင့်ရှောက်ပေးပါဦး... အစ်ကိုကြီးရှောင်ဟူ..."
ယန်ရှောင်ဟူ တဟဲဟဲ ရယ်မောလိုက်ပြီး၊ ငွေတုံးကို နွေးထွေးပျူငှာစွာ လက်ခံလိုက်သည်။
"မင်းက တော်တော် အလိုက်သိတာပဲ..." သူ ပြောလိုက်သည်။
"စိတ်သာချလိုက်... ဒီနေ့ကစပြီး မင်းက တောင်ပိုင်းတောင်တန်းကျောင်းတော်မှာ ငါ့ရဲ့ ညီအစ်ကို ဖြစ်သွားပြီ... ငါ့နာမည် ယန်ရှောင်ဟူလို့သာ ပြောလိုက်... မင်း အဆင်ပြေပြေနေရစေရမယ်..."
"အစ်ကိုကြီးရှောင်ဟူ…. တကယ့်ကို လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါပဲ…" ချူလျန် ချီးကျူးလိုက်ပြီး မေးလိုက်သည်။
"ဒါနဲ့... အစ်ကိုကြီးရှောင်ဟူ... တောင်ပိုင်းတောင်တန်းကျောင်းတော်ကနေ ထွက်သွားပြီးရင်... ယန်ကျိုးမြို့ထဲမှာရော ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်ဦးမလား ဆိုတာ သိချင်လို့..."
"ဟားဟား.. စိတ်သာချ..." နောက်ဘက်မှ ကြွက်သားအမြှောင်းမြှောင်းနှင့် လူက ဝင်ပြောလိုက်သည်။
"ငါတို့ သခင်လေးက ကျားနက်ဂိုဏ်းရဲ့ ဆက်ခံသူပဲ... မင်း စုံစမ်းကြည့်လို့ ရတယ်... ငါတို့ ကျားနက်ဂိုဏ်းက ဝေလငါးဂိုဏ်းရဲ့ လက်အောက်ခံပဲ... ငါ ဘာပြောချင်လဲဆိုတာ မင်းတို့ နားလည်မှာပါ... ငါတို့ သခင်လေးနဲ့ မိတ်ဆွေဖွဲ့ထားရင်... ယန်ကျိုးမြို့တစ်ခုလုံးမှာ မင်း ကြိုက်တာ လုပ်လို့ရတယ်..."
"အိုး... ခင်ဗျားက ကျားနက်ဂိုဏ်းရဲ့ ဆက်ခံသူကိုး… ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံပေးပါ..." ချူလျန်သည် ကျားနက်ဂိုဏ်း၏ ဆက်ခံသူအကြောင်း ကြားဖူးသယောင် ဟန်ဆောင်ပြီး ပြောလိုက်သည်။
စကားအနည်းငယ် အပြန်အလှန် ပြောဆိုပြီးနောက်၊ ချူလျန်သည် ယန်ရှောင်ဟူကို စိတ်ဓာတ်တက်ကြွစွာဖြင့် အောင်မြင်စွာ ပြန်လွှတ်လိုက်နိုင်သည်။
သူတို့ ထွက်ခွာသွားပြီးနောက်၊ လင်းပေ့သည် နောက်စေ့ကို အလိုအလျောက် ပွတ်သပ်လိုက်ပြီး လေးနက်သော လေသံဖြင့် မေးလိုက်သည်။
"အဲဒီလူတွေမှာ သိုင်းပညာ စွမ်းရည်တချို့ ရှိကောင်း ရှိနိုင်ပေမဲ့... သူတို့က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လောက်ပဲ ရှိပုံရတယ်... ငါ အကွက်နည်းနည်းလောက် သုံးလိုက်ရုံနဲ့တင် သူတို့ကို ချက်ချင်း ရှင်းပစ်နိုင်တယ်... ဘာလို့ ငါ့ကို တိုက်ခိုက်ခွင့် မပေးတာလဲ..."
"အခြေအနေက မရေရာသေးဘူး... လောလောဆယ် ပြဿနာမရှာတာ အကောင်းဆုံးပဲ... ဒီကျားနက်ဂိုဏ်းက ဒီဒေသမှာ ဩဇာအာဏာ ရှိပုံရတယ်... တကယ်လို့ ငါတို့ သူတို့ကို ရန်စပြီး ဝေလငါးဂိုဏ်းက တစ်ယောက်ယောက်ရဲ့ အာရုံစိုက်မှုကို ရရှိသွားရင်... ငါတို့ရဲ့ တာဝန်ကို ရှုပ်ထွေးသွားစေနိုင်တယ်..." ချူလျန် ရှင်းပြလိုက်သည်။
"လှုပ်ရှားမလုပ်ခင် သတင်းအချက်အလက်တွေ ပိုပြီး စုဆောင်းလိုက်ကြရအောင်..."
လင်းပေ့သည် ဆုံးရှုံးသွားသော ငွေအတွက် စိတ်မကောင်း ဖြစ်နေဆဲ ဖြစ်ပြီး ပြန်ပြောလိုက်သည်။ "အေးပါကွာ... ငါ့တို့မယ် တာဝန်အတွက် ဆုလာဘ်မရခင်မှာတင် ငွေ (၁၀)တေးလ် ဆုံးရှုံးသွားရပြီ..."
"နောက်ကျရင် သခင်ကြီးလီဆီကနေ ပြန်တောင်းလိုက်မှာပေါ့..." ချူလျန် ပြုံးပြီး ပြန်ဖြေလိုက်သည်။
ဝေလငါးဂိုဏ်း၊ ပင်လယ်လေးစင်းဝေလငါးဂိုဏ်းဟုလည်း လူသိများသောဂိုဏ်းသည် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းအနက် တစ်ခုအဖြစ် ရပ်တည်နေသည်။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်း နှစ်ခုစလုံးတွင် ပါဝင်သော တစ်ခုတည်းသော ဂိုဏ်းအဖွဲ့အစည်း ဖြစ်ပြီး၊ အင်မော်တယ်ဂိုဏ်းများနှင့် ဆင်တူသော အဆင့်အတန်းကို ရရှိထားသဖြင့် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ဩဇာအာဏာကို ပြသနေသည်။
အဖွဲ့ဝင်သောင်းချီ ရှိသော ဝေလငါးဂိုဏ်းသည် လုပ်ငန်းအမျိုးမျိုး၊ အထူးသဖြင့် သင်္ဘောလုပ်ငန်းနှင့် ဆိပ်ကမ်းလုပ်ငန်းများတွင် လွှမ်းမိုးထားသည်။ သံသယ ဖြစ်ဖွယ်မရှိ၊ သူတို့သည် ကြီးမားသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လေသည်။
အကယ်၍ ကျားနက်ဂိုဏ်းသည် ဝေလငါးဂိုဏ်းနှင့် အမှန်တကယ် ဆက်စပ်မှု ရှိနေပါက၊ ယန်ရှောင်ဟူ၏ အရှက်မဲ့သော ရိုင်းစိုင်းမှုကို ပြသခြင်းသည် အံ့ဩစရာ မဟုတ်တော့ပေ။
မည်သို့ပင်ဖြစ်စေ၊ စာသင်ခန်းသို့ ပြန်ရောက်ပြီးနောက်၊ ချူလျန်သည် လီကျွယ်ဘက်သို့ ကိုင်းလိုက်ပြီး မေးလိုက်သည်။ "အဆင်ပြေရဲ့လား... ယန်ရှောင်ဟူကို ရှင်းပစ်ပေးဖို့ လိုမလား..."
"မလိုပါဘူး..." လီကျွယ် ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး တီးတိုး ပြောလိုက်သည်။ "ကျွန်တော် ကျင့်သားရနေပါပြီ... ပြီးတော့... သူက သိပ်ကြာကြာ အသက်ရှင်ရတော့မှာမှ မဟုတ်တာ..."
ချူလျန် ထွက်ခွာရန် ပြင်လိုက်စဉ်၊ လီကျွယ်က အံ့ဩဖွယ်ကောင်းသော စကားတစ်ခွန်း ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့်၊ သံသယ ဖြစ်သွားချေသည်။
ထို့နောက်၊ သူ မေးလိုက်မိသည်။ "ဘာကို ဆိုလိုတာလဲ..."
လီကျွယ်ကမူ၊ ခေါင်းကို အလျင်အမြန် ခါလိုက်ပြီး တိတ်ဆိတ်သွားသဖြင့်၊ ချူလျန်အား ကြီးထွားလာသော သံသယများနှင့်အတူ ချန်ထားရစ်ခဲ့တော့သည်။
နေ့လယ်ခင်းတစ်ခုလုံး မည်သည့် ပြဿနာမျှ မရှိခဲ့ဘဲ ကုန်ဆုံးသွားသည်။
ကျောင်းဆင်းချိန် ရောက်သောအခါ၊ ချူလျန်နှင့် လင်းပေ့တို့သည် လီကျွယ်တစ်ယောက် တောင်အောက် ယန်ကျိုးမြို့ဘက်သို့ ဆင်းသွားသည်ကို အဝေးမှ စောင့်ကြပ်လိုက်ပါသွားကြသည်။
လင်းပေ့သည် သူ စုဆောင်းထားသော သတင်းအချက်အလက်များကို ချူလျန်အား အစီရင်ခံလိုက်သည်။ "ကျားနက်ဂိုဏ်းက ဝေလငါးဂိုဏ်းရဲ့ အစိတ်အပိုင်းလို့ ပြောနေတာက ဟန်ပြသက်သက်ပဲ... ဝေလငါးဂိုဏ်းက သူတို့နဲ့ အလုပ်တွဲလုပ်တာ ဘယ်သူမှ မမြင်ဖူးဘူး..."
လင်းပေ့က ဆက်ပြောလိုက်သည်။ "ယန်ကျိုးမြို့မှာတော့... သူတို့က ဂိုဏ်းကြီးတစ်ခုအဖြစ် သတ်မှတ်ခံထားရတယ်... သူတို့ဆီမှာ သိုင်းပညာကျင့်ကြံသူ ဒါဇင်အနည်းငယ်လောက် ရှိတယ်... ဒါပေမဲ့.. အများစုက ပထမအဆင့်ကျင့်ကြံသူတွေပဲ... သူတို့ရဲ့ ခန်းမဆောင်သခင်အနည်းငယ်က ဒုတိယအဆင့်ကျင့်ကြံခြင်းကို ရောက်ရှိထားကြပေမဲ့... ဂိုဏ်းချုပ်တစ်ယောက်တည်းကသာ တတိယအဆင့်ကျင့်ကြံခြင်းကို ရောက်ရှိထားတယ်..."
ချူလျန် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ယန်ကျိုးမြို့ကဲ့သို့သော နေရာမျိုးတွင်၊ ဤအဆင့် ဩဇာအာဏာရှိခြင်းသည် ၎င်း၏ အဖွဲ့ဝင်များကို ဖိနှိပ်ချုပ်ချယ်နိုင်သော စွမ်းအားကို ပေးစွမ်းနိုင်သည်။
ဒေသခံအာဏာပိုင်များနှင့် အငှားကြေးစားစစ်သားများသည် မတူညီကြ။ လီကျွယ်၏ မိသားစုကဲ့သို့သော သူများသည် ရက်အနည်းငယ်ကြာ ကိစ္စရပ်များကို ကြီးကြပ်ရန် ဝိညာဉ်အသိအမြင်အဆင့် ကျင့်ကြံသူများကို ငှားရမ်းနိုင်သော်လည်း၊ သူတို့ကို အိမ်တွင် အချိန်ကြာမြင့်စွာ ထားရှိနိုင်ရန် မတတ်နိုင်ကြပေ။
ရှုတောင်ဂိုဏ်းသည် ပုံမှန်အားဖြင့် သဘာဝလွန်ပြဿနာများကို ဖြေရှင်းရန်နှင့် တရားမျှတမှုကို ထိန်းသိမ်းရန် အာရုံစိုက်သော်လည်း၊ အခြား ကိစ္စရပ်များတွင် ကူညီလိမ့်မည် မဟုတ်ပေ။
အကယ်၍ ဂိုဏ်းတစ်ခုသည် သိုင်းပညာကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို ထောက်ပံ့နိုင်ပြီး၊ တတိယအဆင့် ကျင့်ကြံခြင်းရှိသူ ကျွမ်းကျင်သူတစ်ဦးကသာ ကြီးကြပ်ထားပါက၊ အမှန်စင်စစ်အားဖြင့် ကြောက်မက်ဖွယ် ကောင်းသည်ဟု ဆိုနိုင်သည်။
သို့သော်၊ ၎င်းသည် အကန့်အသတ် ရှိပေသည်။
ချူလျန် အခြေအနေကို ရှင်းလင်းစွာ နားလည်သွားသောအခါ၊ ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ပြီး ကျောင်းတော်ထဲမှ ထွက်ခွာလာသော ယန်ရှောင်ဟူကို လျင်မြန်စွာ တွေ့ရှိလိုက်သည်။
"အစ်ကိုကြီးရှောင်ဟူ..." ချူလျန် တောက်ပသော အပြုံးဖြင့် ချဉ်းကပ်သွားရင်း နှုတ်ဆက်လိုက်သည်။
လင်းပေ့ကမူ၊ သူ၏နောက်မှ လိုက်ပါလာသည်။
"ဟေး... ချူလေး... ဘာကိစ္စ..." ယန်ရှောင်ဟူ မေးလိုက်သည်။
သူသည် ချူလျန်ကို လိမ္မာပါးနပ်သူတစ်ဦးအဖြစ် သတ်မှတ်ထားပြီး၊ သူ၏ သစ္စာရှိ နောက်လိုက်တစ်ဦး ဖြစ်လာမည့် အလားအလာကို မြင်တွေ့ထားသဖြင့် အတော်လေး သဘောကျနေသည်။
ချူလျန်သည် အပြုံးကို ထိန်းသိမ်းထားရင်း ပြန်ဖြေလိုက်သည်။ "ကျားနက်ဂိုဏ်းအကြောင်း စုံစမ်းကြည့်ဖို့ ပြောခဲ့တယ် မဟုတ်လား... ကျွန်တော် စုံစမ်းကြည့်ပြီးပြီ..."
ချူလျန်၏ အပြုံးသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသဖြင့်၊ ယန်ရှောင်ဟူတစ်ယောက် မေးလိုက်မိသည်။ "ဒီတော့... မင်း အခု ဘာလုပ်ဖို့ စီစဉ်ထားလဲ..."
ချူလျန်က ဆက်လက် ပြုံးနေရင်း ပြောလိုက်သည်။ "အဲ့တာ.. ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ပြန်ယူမလို့..."