← Chapters

အခန်း (၇၅၁-၇၅၂)

Vol. 46 Ch. 751-752

အခန်း (၇၅၁-၇၅၂)

Vol. 46 Ch. 751-752

အခန်း (၇၅၁) ရောက်ရှိခြင်း

ဆာဒင်းသည် မန်နီဆင်၏လက်အောက်ခံ ဖြစ်နေခြင်းမှာ ဟန်ရှောင်း မမျှော်လင့်ထားဘဲ ရရှိခဲ့သော သတင်းအချက်အလက် တစ်ခုဖြစ်သည်။ သူ၏ယခင်ဘဝတွင် ဆာဒင်းသည် ကစားသမားများအကြား လူသိများသော ကွန်ပျူတာဇာတ်ကောင် တစ်ဦးအဖြစ် မသတ်မှတ်ခံခဲ့ရသလို၊ စတင်လုပ်ဆောင်ရန် တာဝန်လည်း မရှိခဲ့ပေ။ ဆာဒင်းက ဤမျှအထိ ဖုံးကွယ်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မန်နီဆင်သည် အလွန်အစွမ်းထက်သောသူ တစ်ဦးဖြစ်သည်။ သူသည် ရှေးဟောင်းပုဂ္ဂိုလ်များ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ ‘စူပါများ၏ ဘေးဒုက္ခ’ ဗားရှင်းတွင် သူ၏ကိုယ်ပိုင်အဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။

ဟန်ရှောင်းသည် မန်နီဆင်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမဆို အလွန်အာရုံခံစားလွယ်ပြီး၊ သူနှင့် ပတ်သက်မှု မရှိချင်ပေ။ ၎င်းမှာ အေရိုရှီးယားကြောင့် ဖြစ်သည်။

သူမသည် မန်နီဆင် သိမ်းပိုက်ခြင်း ခံခဲ့ရသော AI လူမှုအဖွဲ့အစည်းမှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးဖြစ်ပြီး၊ ရစ်ဒါက သူတို့အတွက် ဟန်ရှောင်း လက်စားချေပေးလိမ့်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။ ဟန်ရှောင်း၏ အင်တာဖေ့စ်ပေါ်တွင် [ပြန်လည်စတင်ခြင်း] တာဝန်မှာ ရှိနေဆဲ ဖြစ်သည်။

သို့သော် သူသည် ဤရှေးကျပြီး အစွမ်းထက်သော တည်ရှိမှုနှင့် မပတ်သက်ချင်ပေ။ ယန္တရားအင်ပါယာသည် သူနှင့် မည်သည့် အကျိုးစီးပွား ပဋိပက္ခမှ မရှိပေ။ သာမန်တာဝန်တစ်ခုအတွက်နှင့် သူ၏ရန်သူ ဖြစ်လာရန်မှာ ဟန်ရှောင်းအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။ သူသည် အမှန်တကယ်ပင် ဤတာဝန်ကို မလုပ်ချင်သဖြင့် အချိန်ဆွဲနေခဲ့ခြင်း ဖြစ်သည်။ အဆင့် အေ အထက်ဆင့် စူပါ တစ်ဦး၏ အကူအညီ မပါဘဲ ၎င်းမှာ မဖြစ်နိုင်ကြောင်း ရစ်ဒါလည်း သိထားသဖြင့်၊ သူသည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပြီး ဟန်ရှောင်းကို အလျင်မလိုစေခဲ့ပေ။

မန်နီဆင်သည် အဓိကအားဖြင့် ဗဟိုဂလက်ဆီနှင့် ရှေးဦးကြယ်မြစ်တို့တွင် ရှိနေသော်လည်း၊ သူ၏အဖွဲ့အစည်းမှာ ကြယ်နယ်မြေများစွာတွင် လျှို့ဝှက်စွာ ခြေဆန့်ထားသည်။ သူ၏ ‘ယန္တရားအင်ပါယာ’ မှာ သူ၏ယန္တရားစစ်တပ်ကိုသာ ရည်ညွှန်းခြင်း မဟုတ်ဘဲ၊ သူ၏လက်အောက်ရှိ ယန္တရားပညာရှင် အရေအတွက်မှာ အင်ပါယာ တစ်ခုလုံးအထိ ဖွဲ့စည်းနိုင်သည်ဟုလည်း အဓိပ္ပာယ်ရသည်။

‘မန်နီဆင်က ယန္တရားပညာရှင်တွေကို စည်းရုံးရတာ သဘောကျတယ်။ ဒါဟာ ကွဲအက်ကြယ်စင်ကွင်းက သူ့ရဲ့ လက်အောက်ခံ ဆာဒင်းက ငါ့ကို ရုတ်တရက် စည်းရုံးနေရတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်တယ်။ ဒီလူက ဘာလို့ ဒီလောက်အထိ ဝင့်ကြွားနေရသလဲဆိုတာ မဆန်းတော့ပါဘူး။’

ဟန်ရှောင်း၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။

သို့သော် ဆာဒင်း၏ နောက်ခံကြောင့် သူထိတ်လန့်သွားခဲ့သော်လည်း၊ သူချက်ချင်းပင် စိတ်အေးသွားသည်။

ဘာပဲဖြစ်ဖြစ်၊ မန်နီဆင်က သူရှိနေမှန်းတောင် မသိပေ။ သူတို့အချင်းချင်း မည်သည့် ပဋိပက္ခမှ မရှိသဖြင့်၊ သူ့ကို ကြောက်နေရန် မလိုပေ။

မန်နီဆင်က ဟန်ရှောင်း တည်ရှိနေမှုကို မသိခြင်းမှာ သူ၏အကြီးမားဆုံး အားသာချက် ဖြစ်သည်။ ထို့အပြင် ဆာဒင်းသည် ယန္တရားအင်ပါယာ၏ လက်အောက်တွင် လျှို့ဝှက်စွာ ရှိနေသည်ကို သူရှာဖွေတွေ့ရှိခဲ့ခြင်းမှာလည်း ကြီးမားသော ရလဒ်တစ်ခု ဖြစ်သည်။

ခေတ္တမျှ တွန့်ဆုတ်နေဟန် တမင်ဆောင်ပြပြီးနောက်၊ ဟန်ရှောင်းက ခေါင်းခါလိုက်သည်။ “ဒါပေါ့၊ ငါယန္တရားအင်ပါယာအကြောင်း ကြားဖူးပါတယ်၊ ဒါပေမဲ့ ငါမင်းနဲ့ မပူးပေါင်းချင်သေးဘူး။”

ဆာဒင်း၏ မျက်နှာပေါ်မှ ယုံကြည်မှုများမှာ တောင့်ခဲသွားသည်။ ယခုတစ်ကြိမ်တွင်မူ သူကိုယ်တိုင် အံ့သြသွားခဲ့ရခြင်း ဖြစ်သည်။

သူက ယန္တရားအင်ပါယာအကြောင်း ပြောလိုက်ရုံနှင့်၊ ဤလူကို စည်းရုံးရန်မှာ ကလေးကစားစရာမျှသာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ‘ဘာနေး’ က သူ့ကို ငြင်းပယ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ယန္တရားအင်ပါယာမှာ ဘယ်လောက်တောင် အရင်းအမြစ်တွေ ရှိသလဲဆိုတာနဲ့၊ အဲ့ဒါတွေက ယန္တရားပညာရှင် တစ်ယောက်အတွက် ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ မင်းမသိဘူးလား” ဆာဒင်းက မယုံကြည်နိုင်သော လေသံဖြင့် ပြောလိုက်သည်။

မန်နီဆင်သည် နည်းပညာများနှင့် ဒီဇိုင်းပုံစံများကို နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးပေါ်အသိပညာများကို ထားပါဦး၊ သူသည် ယန္တရားပညာရှင် အတန်းအစားအတွက် အန္တိမအသိပညာများနှင့် လျှို့ဝှက်ထားသော သို့မဟုတ် ပျောက်ကွယ်နေသော ဒီဇိုင်းပုံစံ အမျိုးမျိုးကိုပင် ပိုင်ဆိုင်ထားပေလိမ့်မည်။ သူ့တွင် စကြာဝဠာအဆင့် လူမှုအဖွဲ့အစည်း သုံးခု၏ အာကာသယာဉ်နှင့် လက်နက် ဒီဇိုင်းပုံစံများစွာပင် ရှိနေသည်။ ဤအရာများက မရေမတွက်နိုင်သော ယန္တရားပညာရှင်များကို သူ၏လက်အောက်သို့ ဝင်ရောက်ရန် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်... ဒါပေါ့၊ ထိုဗဟုသုတများ အားလုံးကို အဖွဲ့အစည်းအပေါ် စွမ်းဆောင်ရည်ဖြင့် လဲလှယ်ယူရမည် ဖြစ်သည်။

ဟန်ရှောင်းက မျက်ခုံးပင့်လိုက်သည်။

“မင်းဆိုလိုတာကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ ယန္တရားပညာရှင်တိုင်းက မန်နီဆင်ရဲ့ လက်အောက်ခံ ဖြစ်ချင်ကြတာတော့ မဟုတ်ဘူး မဟုတ်လား။”

သူသည် ယန္တရားအင်ပါယာ၏ အရင်းအမြစ်များကို အမှန်တကယ်ပင် စိတ်ဝင်စားမိသည်။ သို့သော် ထိုအရာများမှာ အလကားရမည် မဟုတ်ပေ။ သူသည် ယန္တရားအင်ပါယာအတွက် ရေရှည် အလုပ်လုပ်ပေးရမည် ဖြစ်သည်။ သူအပြတ်အသတ် အနိုင်ယူနိုင်သည်ဟု ယုံကြည်မှုရှိသည့် ဆာဒင်း၏ လက်အောက်သို့ ဝင်ရောက်ခြင်းနှင့် မတူဘဲ၊ ယန္တရားအင်ပါယာသို့ ဝင်ရောက်ခြင်းမှာမူ သူသေချာပေါက် အနိုင်ယူနိုင်လိမ့်မည် မဟုတ်သောကြောင့် ကွဲပြားလှသည်။ ဆိုလိုသည်မှာ သူသာ ယန္တရားအင်ပါယာသို့ ဝင်ရောက်ခဲ့လျှင် သူ၏တကယ့် မည်သူမည်ဝါဖြစ်ကြောင်းမှာ သေချာပေါက် ပေါ်သွားမည်ဖြစ်ပြီး၊ သူသည် တကယ်တမ်း၌ ၎င်းအတွက် အလုပ်လုပ်ပေးရသူ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် သူသည် ထိုဖိတ်ကြားချက်ကို လက်ခံရန် မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်မည် မဟုတ်ပေ။ ၎င်းမှာ ကမ္ဘာကျော် ကုမ္ပဏီကြီး တစ်ခုက သူ့ကို အလုပ်ခန့်ရန် ကြိုးစားနေသော်လည်း၊ သူက သူ၏ကိုယ်ပိုင်ကုမ္ပဏီကိုသာ တည်ထောင်ချင်နေသကဲ့သို့ပင် ဖြစ်သည်။ ‘ငါ့ကုမ္ပဏီက မင်းတို့လောက် အခုချိန်မှာ မကြီးသေးပေမဲ့၊ အမြတ်အစွန်း အကုန်လုံးကို ငါတစ်ယောက်တည်း ရတာပဲလေ’

ဆာဒင်းသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး၊ လှည့်ထွက်သွားကာ ကုလားထိုင်၌ ပြန်ထိုင်လိုက်သည်။ သူက မည်သည့် အမူအရာမှ မရှိသော မျက်နှာဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် မင်းအခု ထွက်သွားလို့ ရပြီ။”

ဘာနေးက ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်သည်ကို မြင်လိုက်ရသဖြင့်၊ သူသည် သူ့ကို နားချရန်အတွက် အချိန်နှင့် ခွန်အားများ ဖြုန်းမနေတော့ပေ။

သူသည် ဟန်ရှောင်း သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို သိသွားမည်ကို စိုးရိမ်ခြင်း မရှိပေ။ မက်ဆီဖာဂြိုလ်ကို နှစ်ပေါင်း တစ်ရာကျော် စီမံခန့်ခွဲလာခဲ့ပြီးနောက်၊ သူ၏နောက်ခံအကြောင်းမှာ လူအများအပြားအတွက် လျှို့ဝှက်ချက် မဟုတ်ပေ။ သူသည် ပေါ်သွားမည်ကို မကြောက်သောကြောင့် သူ၏နောက်ခံအမှန်တရားကို ပြောဝံ့ခြင်း ဖြစ်သည်။ သူသည် မက်ဆီဖာဂြိုလ်ကို ဥပဒေနှင့်အညီ စီမံခန့်ခွဲနေခြင်းဖြစ်ရာ၊ သူသည် ယန္တရားအင်ပါယာ၏ အစိတ်အပိုင်း ဖြစ်နေသည်ကို လူတွေ သိသွားလျှင်ကော ဘာဖြစ်မှာလဲ။ လူကြီးမင်း မန်နီဆင်မှာ အလိုရှိနေသည့် ရာဇဝတ်ကောင် မဟုတ်ပေ၊ ကွဲအက်ကြယ်စင်ကွင်းတွင် အခြေစိုက်စခန်း တစ်ခု တည်ဆောက်ရန် လက်အောက်ခံ တစ်ဦး ထားရှိခြင်းမှာ မည်သည့်ဥပဒေကိုမျှ ချိုးဖောက်ခြင်း မရှိပေ။

ဟန်ရှောင်းကတော့ ဆာဒင်း၏ မကျေနပ်မှုကို ဂရုမစိုက်ပေ။ သူသည် ခေါင်းခါလိုက်ပြီး မတတ်သာသည့်ဟန်ဖြင့် အခန်းထဲမှ ထွက်လာသည်။

သူသည် ဆာဒင်းကို ရန်စမိမည်ကို မကြောက်သော်လည်း၊ ၎င်းမှာ ဆာဒင်းက သူ့ကို ပို၍ တင်းကျပ်စွာ စောင့်ကြည့်တော့မည် ဖြစ်ကြောင်း ဆိုလိုနေသဖြင့် ထာဝရအလင်းတန်း ဒီဇိုင်းပုံစံကို ခိုးယူရန်မှာ ပို၍ ခက်ခဲသွားပေလိမ့်မည်။

‘ကံကောင်းတာက ဆာဒင်းက ငါ့ရဲ့ တကယ့် မည်သူမည်ဝါဖြစ်ကြောင်းကို မသိသေးတာပဲ။ သူက ငါ့ရဲ့ ခွန်အားကို မှားယွင်း တွက်ချက်ထားတာက ငါ့အတွက် အားသာချက် ဖြစ်စေတယ်။ ငါသူ့ကို လှည့်ကွက်အချို့နဲ့ လှည့်စားနိုင်ရမယ်၊ ဒါပေမဲ့ နောက်ဆုံးအထိ ငါဒါကို မခိုးယူနိုင်သေးရင်တော့၊ ဘာနေးရဲ့ အထောက်အထားကို သုံးပြီး လုယူရုံပဲ ရှိတော့တယ်... ဒါမှမဟုတ် တခြား အထောက်အထား တစ်ခုကို ပြောင်းလိုက်ရမလား။’

လူသတ်ပြီး လုယက်ရန် စဉ်းစားနေရင်းနှင့်ပင်၊ ဟန်ရှောင်းသည် ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်ခွာသွားသည်။

ဟန်ရှောင်း ထွက်သွားပြီးနောက်၊ ရုံးခန်းထဲတွင် ဆာဒင်း တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ သူသည် ခေါင်းခါလိုက်ပြီး အတော်လေး စိတ်ပျက်သွားသည်။

သူသည် မူလက ဘာနေးကို စည်းရုံးရန်မှာ ရိုးရှင်းလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း၊ ဤလူက ဤမျှအထိ ခေါင်းမာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

တီ တီ တီ...

ဤအချိန်တွင် ဆာဒင်း၏ ဆက်သွယ်ရေးကိရိယာ မြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုသူကို မြင်လိုက်ရသောအခါ၊ သူ၏အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ဆက်သွယ်ရေးကိရိယာကို ချက်ချင်း ဖြေကြားလိုက်သည်။ “မင်္ဂလာပါ၊ လူကြီးမင်း ဆိုင်ကာ”

သူ့ကို ဆက်သွယ်လာသည့်သူမှာ ဆိုင်ကာ ဖြစ်နေသည်။

ဆိုင်ကာ၏ ဗီဒီယိုဖုန်းခေါ်ဆိုမှုမှာ စကရင်ပေါ်တွင် ပေါ်လာပြီး သူက မေးလိုက်သည်။ “ငါမှတ်မိတာ မှန်မယ်ဆိုရင်၊ မက်ဆီဖာဂြိုလ်က မင်းရဲ့ နယ်မြေ၊ ဟုတ်တယ်မလား။”

“ဟုတ်ကဲ့ပါ၊ ကျွန်တော် ဘာများ ကူညီပေးရမလဲခင်ဗျာ။” ဆာဒင်း၏ လေသံမှာ အလွန်ပင် ရိုသေကိုင်းရှိုင်းနေပြီး၊ ဟန်ရှောင်းနှင့် စကားပြောစဉ်ကနှင့် လုံးဝ ကွာခြားလှသည်။

ကြယ်မျက်လုံး မြင့်မြတ်သော မျိုးနွယ်စု၏ ခေါင်းဆောင်အနေဖြင့်၊ ဆိုင်ကာအတွက် လူသိများသော ကြားနေဂြိုလ်တစ်ခု၏ ပိုင်ရှင်ကို ဆက်သွယ်ရန်မှာ ရိုးရှင်းလှသည်။

ထို့အပြင် သူသည် ဆာဒင်းကို သိကျွမ်းလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူ့နောက်ကွယ်တွင် အာကိန်းဘုရားကျောင်း ရှိနေသဖြင့်၊ သူသည် သတင်းအချက်အလက်များစွာကို ရရှိထားသည်။ ဆာဒင်း၏ တကယ့် မည်သူမည်ဝါဖြစ်ကြောင်းမှာ သူ့အတွက် လျှို့ဝှက်ချက် လုံးဝ မဟုတ်ပေ။

သူသည် အာကိန်းဘုရားကျောင်း၏ ထောက်ခံမှုကို ရရှိထားသဖြင့်၊ ဆိုင်ကာသည် ဝေးလံသော ကွဲအက်ကြယ်စင်ကွင်းတွင် ရှိနေသော်လည်း၊ ဗဟိုဂလက်ဆီ၏ အဆင့် အေ အထက်ဆင့် အသိုင်းအဝိုင်းတွင် အတော်လေး လူသိများသည်။ ဤအစွမ်းထက်သော ပုဂ္ဂိုလ်များ အားလုံးက သူသည် အာကိန်းဘုရားကျောင်း၏ မဟာမိတ် တစ်ပိုင်း ဖြစ်သည်ကို သိထားကြပြီး၊ သူတို့အတွက် တန်ဖိုးရှိသော အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။

ဆိုင်ကာသည် သူ၏မျိုးနွယ်စုကို စီမံခန့်ခွဲရန်သာ အာရုံစိုက်ပြီး အာဏာရှင်ကဲ့သို့ ပြဿနာရှာရသည်ကို မနှစ်သက်သော်လည်း၊ အထက်လူန်းလွှာ အသိုင်းအဝိုင်းတွင် သြဇာလွှမ်းမိုးမှုပိုင်း၌မူ ဆိုင်ကာသည် ကွဲအက်ကြယ်စင်ကွင်းရှိ အဆင့် အေ အထက်ဆင့် လေးဦးအကြား ထိပ်ဆုံးတွင် ရှိနေသူဖြစ်သည်။

ထို့ကြောင့် ဆာဒင်းက သူ့ကို အလွန်ပင် ရိုသေစွာ ဆက်ဆံခြင်း ဖြစ်သည်။

“အင်း၊ ငါမင်းကို တစ်ခုလောက် လုပ်ပေးစေချင်တယ်” ဆိုင်ကာက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါမင်းကို ‘လိုက်ဖောက်စ်’ ပုံစံ အာကာသယာဉ် တစ်စင်းကို သတိထားကြည့်ခိုင်းချင်တယ်။ အဲဒါရဲ့ ပုံသဏ္ဍာန်ကို ငါမင်းဆီ နောက်မှ ပို့ပေးမယ်။ ဒီလို အာကာသယာဉ် အမျိုးအစားနဲ့ မင်းရဲ့ ဂြိုလ်ကို ဘယ်သူပဲ ရောက်လာရောက်လာ၊ သူတို့ကို သေသေချာချာ စောင့်ကြည့်ပါ။ သူတို့က အာကာသယာဉ်ကို ပြုပြင်ဖို့အတွက် ရောက်လာတာ ဖြစ်နိုင်ခြေ တော်တော်များတယ်၊ ဒါကြောင့် သူတို့ကို မက်ဆီဖာဂြိုလ်ပေါ်မှာ ရှိနေအောင် နည်းလမ်းရှာပါ။။”

“ကောင်းပါပြီ၊ ကျွန်တော် သိပါပြီ။” ဆာဒင်းက ဘာမှစဉ်းစားမနေဘဲ သဘောတူလိုက်သည်။ ၎င်းမှာ အခြေခံအားဖြင့် အလကားရသည့် မျက်နှာသာပေးမှု တစ်ခုပင် ဖြစ်သည်။

သူသည် ကြားနေဟု ကြွေးကြော်ထားသော်လည်း၊ မည်ကဲ့သို့သော လူမျိုးများကို အထူးအခွင့်အရေး ပေးရမည်ကို သူကောင်းကောင်း သိထားသည်။

“မင်း သူတို့ကို အချိန်ဆွဲထားရမယ်၊ သူတို့ကို ကွဲအက်ကြယ်စင်ကွင်းကနေ ထွက်ပြေးခွင့် မပေးနဲ့” ဆိုင်ကာက အလေးပေး ပြောလိုက်သည်။

“နားလည်ပါပြီ။” ဆာဒင်းက ခေတ္တ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ဆိုင်ကာက ဖုန်းချလိုက်သည်။

အက်စ်ဂေါ့ဒ် ကိုယ်ပွားများထဲမှ တစ်ခုသည် ကော်လင်နှင့် အခြားသူများကို ဆင့်ကဲဖြစ်စဉ်ကုဗတုံးအား ခိုးယူရန် တယ်လီပို့ အသုံးပြု ပို့ဆောင်ပေးခဲ့သဖြင့်၊ ကြယ်မျက်လုံး မြင့်မြတ်သော မျိုးနွယ်စုတွင် ဤလူများ၏ ပုံရိပ်မှတ်တမ်းများ မရှိဘဲ၊ သူတို့ မည်ကဲ့သို့ ပုံစံရှိသလဲဆိုသည်ကို မသိကြပေ။ သို့သော် သူတို့၏ ပင်မယာဉ်အပြင်ဘက်ရှိ တိုက်ပွဲကြောင့်၊ သူတို့သည် ဤ ‘လိုက်ဖောက်စ်’ အာကာသယာဉ်များ၏ ပုံသဏ္ဍာန်ကို သိရှိထားကြသည်။

ဆိုင်ကာ ဆင့်ကဲဖြစ်စဉ်ကုဗတုံးပေါ်တွင် ချန်ထားခဲ့သော အမှတ်အသားက ဆင့်ကဲဖြစ်စဉ်ကုဗတုံးမှာ ဟိုက်ပါဒရိုက်ဖြင့် ထွက်ပြေးနေခြင်း မရှိတော့ဘဲ ပထမဆုံးအကြိမ်အဖြစ် ရပ်တန့်သွားကြောင်း ပြသနေသည်။ ကြယ်မြေပုံကို ကြည့်ရှုပြီးနောက်၊ ဆင့်ကဲဖြစ်စဉ်ကုဗတုံးသည် မက်ဆီဖာဂြိုလ် အနီးတွင် ရပ်တန့်နေသည်ကို ဆိုင်ကာ သတိပြုမိလိုက်သည်။

သူတို့၏ အာကာသယာဉ် တည်နေရာကို သိရှိထားသဖြင့်၊ ထိုသူခိုးများ ဘာစီစဉ်နေကြသလဲဆိုသည်ကို သူခန့်မှန်းနိုင်သည်။

ထို့ကြောင့် ဆိုင်ကာသည် အစီအစဉ်တစ်ခု ဆွဲလိုက်ပြီး ဆာဒင်းထံသို့ အကူအညီတောင်းရန် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့လုပ်ဆောင်နေစဉ်မှာပင်၊ သူသည် မက်ဆီဖာဂြိုလ်ဆီသို့ တစ်ောက်လျှောက် ဦးတည်နေသည်။ ဆာဒင်းက သူတို့ကို ရက်အနည်းငယ်မျှ အချိန်ဆွဲထားနိုင်သရွေ့၊ သူရောက်ရှိလာနိုင်ပေလိမ့်မည်။

သူ၏ခွန်အားနှင့်ဆိုလျှင်၊ ကော်လင်နှင့် အခြားသူများမှာ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် မက်ဆီဖာဂြိုလ်၏ ပတ်လမ်းကြောင်းတွင်၊ ကော်လင်သည် အပြင်းအထန် ပျက်စီးနေသော ‘လိုက်ဖောက်စ်’ အာကာသယာဉ်ကို မောင်းနှင်ကာ မက်ဆီဖာဂြိုလ်၏ ဆိပ်ကမ်းသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။

သူတို့၏ အာကာသယာဉ် အင်ဂျင်၏ သာလွန်မှုကြောင့်၊ သူတို့သည် မြန်နှုန်းမြင့် ဟိုက်ပါဒရိုက် ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဆယ်ရက်ခန့်အတွင်း ကြယ်နယ်မြေ၏ တစ်ဝက်နီးပါးကို ဖြတ်ကျော်ကာ၊ လိုက်လံဖမ်းဆီးသူများကို အဝေးတွင် ထားရစ်ခဲ့သည်။

နောက်ဆုံးတွင် သူတို့သည် ဤကျော်ကြားသော ကြားနေဂြိုလ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မက်ဆီဖာဂြိုလ်သည် သူတို့၏ အာကာသယာဉ်ကို ပြုပြင်ရန်အတွက် သူတို့ ရွေးချယ်ခဲ့သော နေရာ ဖြစ်သည်။

စာစဉ် (၄၆)၊ အခန်း (၇၅၁) ပြီးပါပြီ။

လင်းဆက်

+++++

အခန်း (၇၅၂) ယန္တရားဧကရာဇ်

‘လိုက်ဖောက်စ်’ အာကာသယာဉ်များမှာ မက်ဆီဖာဂြိုလ်ဆိပ်ကမ်းဆီသို့ ပျံသန်းလာကြသည်။ ယာဉ်အတွင်း၌ ကော်လင်က သူ၏လက်အောက်ခံများကို စကားပြောနေသည်။

“ငါတို့ အရင်ဆုံး မြို့ခွဲတစ်ခုမှာ ဆင်းသက်ကြမယ်။ မင်းတို့တွေ ချက်ချင်းပဲ ဒေသခံ အာကာသယာဉ်ကျင်းတစ်ခုကို သွားရှာလိုက်။ ငါတို့ရဲ့ အာကာသယာဉ်တွေကို အဲ့ဒီဆီ သယ်ခိုင်းပြီး အမြန်ဆုံး ပြင်ခိုင်းလိုက်။ ပိုက်ဆံက ပြဿနာ မဟုတ်ဘူး... ကျန်တဲ့သူတွေကတော့ အနားယူဖို့အတွက် မြို့ခွဲထဲမှာ အတော်လေး လုံခြုံတဲ့ နေရာတစ်ခု ရှာကြမယ်။”

အခြားသူများကလည်း ပရမ်းပတာ ပြန်လည်ဖြေကြားကြသည်။

“စိတ်မပူပါနဲ့” အိုရိုဇန်က ပျင်းရိစွာ ပြောလိုက်သည်။ “မက်ဆီဖာဂြိုလ်က ကြားနေဂြိုလ်တစ်ခုပဲ။ ဘယ်သူမှ ငါတို့ကို ဒုက္ခပေးမှာ မဟုတ်ဘူး။ ကြယ်မျက်လုံး မြင့်မြတ်သော မျိုးနွယ်စုက ငါတို့ ဘယ်ဘက်ကို ထွက်ပြေးခဲ့သလဲဆိုတာတောင် မသိဘူးလေ။ ငါတို့နောက်ကို လိုက်နေတဲ့သူလည်း မရှိဘူး၊ ဒါကြောင့် ငါတို့ အခြေခံအားဖြင့် ဘေးကင်းပါတယ်။ မက်ဆီဖာဂြိုလ်ပေါ်မှာ တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက် နေပြီး ငါတို့ အာကာသယာဉ်တွေ ပြင်ပြီးတာကို စောင့်ရုံပဲ။ အဲ့ဒီနောက်မှာတော့ ဆင့်ကဲဖြစ်စဉ် ကုဗတုံးကို ပြန်သယ်သွားလို့ ရပြီ။”

ဆင့်ကဲဖြစ်စဉ် ကုဗတုံးအကြောင်း ပြောလိုက်သည်နှင့် အိုရိုဇန်၏ မျက်လုံးထဲတွင် လောဘရိပ်များ ပေါ်လာပြီး၊ ကော်လင်၏ လည်ပင်းတွင် ဆွဲထားသော အမည်းရောင် ကုဗတုံးလေးကို သူက မသိစိတ်ဖြင့် တစ်ချက် ကြည့်လိုက်မိသည်။

သူ၏အကြည့်ကို သတိပြုမိသွားသဖြင့် ကော်လင်က ပြောလိုက်သည်။ “ဒါကို ဘယ်လိုသုံးရမလဲဆိုတာ ငါတို့ ကွဲအက်ကြယ်စင်ကွင်းကနေ ထွက်သွားပြီးမှ စဉ်းစားကြမယ်။ အခုတော့ အဲ့ဒါကို လုံးဝ စိတ်မကူးနဲ့ဦး။”

ဤကဲ့သို့သော ရတနာကြီး လက်ထဲရှိနေသဖြင့် လူတိုင်းမှာ စိတ်လှုပ်ရှားနေကြသော်လည်း မည်သူမျှ မကောင်းသော စိတ်ကူးများ မရှိကြပေ။ သူတို့သည် ဆင့်ကဲဖြစ်စဉ် ကုဗတုံး၏ အာနိသင်ကို အလွန်ဆုံး စမ်းသပ်ကြည့်ချင်ရုံသာ ရှိကြသည်။

ဆင့်ကဲဖြစ်စဉ် ကုဗတုံးမှာ စကြာဝဠာအဆင့် ရတနာတစ်ခု ဖြစ်နေလျှင်ပင်၊ ၎င်းအတွက်နှင့် အက်စ်ဂေါ့ဒ်ကို သစ္စာဖောက်ရန်မှာ မထိုက်တန်ပေ။

အက်စ်ဂေါ့ဒ်တွင် ဆင့်ကဲဖြစ်စဉ်လူမှုအဖွဲ့အစည်း၏ အချက်အလက်များ ရှိနေသဖြင့် သူတို့သည်လည်း ဆင့်ကဲဖြစ်စဉ် ကုဗတုံးအကြောင်း အနည်းငယ် သိထားကြပြီး ဖြစ်ရာ၊ ၎င်းအပေါ်တွင် မလိုအပ်သော မျှော်လင့်ချက်များ မထားကြပေ။ ဘာပဲဖြစ်ဖြစ် ကြယ်မျက်လုံး မြင့်မြတ်သော မျိုးနွယ်စုတွင် ကပ်ဘေးအဆင့်များစွာ ရှိနေလျှင်ပင် ဆိုင်ကာမှာ တစ်ဦးတည်းသော အဆင့် အေ အထက်ဆင့် ဖြစ်နေဆဲပင် မဟုတ်လား။

သို့သော်လည်း ဆင့်ကဲဖြစ်စဉ် ကုဗတုံးကို အသုံးပြုခြင်းက သူတို့ကို ပိုမို အားကောင်းလာစေမည်ဟူသော အချက်မှာ ငြင်းချက်ထုတ်ရန် မလိုသည့် အမှန်တရား ဖြစ်သည်။

ဤအချိန်တွင် အာကာသယာဉ်များမှာ ဆိပ်ကမ်းသို့ ဝင်ရောက်ပြီး ရိုးရှင်းသော လုပ်ထုံးလုပ်နည်းများကို ပြီးမြောက်ကာ မက်ဆီဖာဂြိုလ်ရှိ မြို့ခွဲတစ်ခုသို့ ဆင်းသက်လိုက်ကြသည်။

သူတို့ အာကာသယာဉ်ပေါ်မှ ဆင်းလာသည်နှင့် ကော်လင်နှင့် အခြားသူများမှာ စတင် လှုပ်ရှားကြတော့သည်။ သူတို့သည် သိပ်ပြီး လူမသိသော အာကာသယာဉ်ကျင်း တစ်ခုကို ရှာတွေ့ပြီး သူတို့၏ အာကာသယာဉ်များကို ပြုပြင်ရန် ငွေချေလိုက်ကြသည်။

‘လိုက်ဖောက်စ်’ အာကာသယာဉ်များတွင် ထိပ်တန်း ဟိုက်ပါဒရိုက် အင်ဂျင်များ တပ်ဆင်ထားသည်။ သာမန် အာကာသယာဉ်များ လနှင့်ချီ သွားရမည့် အကွာအဝေးကို ၎င်းတို့က ရက်အနည်းငယ်အတွင်း သွားနိုင်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် ကြယ်မျက်လုံး မြင့်မြတ်သော မျိုးနွယ်စု၏ နယ်မြေမှ ကွဲအက်ကြယ်စင်ကွင်း၏ အစွန်အဖျားရှိ မက်ဆီဖာဂြိုလ်သို့ ဆယ်ရက်အတွင်း ရောက်ရှိလာနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့က ဤအာကာသယာဉ်များကို ပြုပြင်ရန် အတင်းအကျပ် လုပ်ဆောင်နေခြင်းမှာ ‘လိုက်ဖောက်စ်’ အာကာသယာဉ်၏ အရှိန်က ခရီးသွားလာရာတွင် အချိန်များစွာ သက်သာစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ အခြားရွေးချယ်စရာ လုံးဝ မရှိတော့မှသာ သူတို့သည် အာကာသယာဉ်ကို ပြောင်းလဲပေလိမ့်မည်။

သူတို့သည် အတတ်နိုင်ဆုံး အမြန်ဆုံး ထွက်ပြေးလာခဲ့ကြသဖြင့် သူတို့နောက်တွင် လိုက်လံဖမ်းဆီးသူများ ရှိမရှိကို သေချာ မသိကြပေ။

သို့သော်လည်း သူတို့အတွက်မူ ‘လိုက်ဖောက်စ်’ အာကာသယာဉ်၏ အလွန်မြန်သော ဟိုက်ပါဒရိုက် အရှိန်က မည်သည့် လိုက်လံဖမ်းဆီးသူကိုမဆို ဖယ်ထုတ်ရန် လုံလောက်လှသည်။ ကြယ်မျက်လုံး မြင့်မြတ်သော မျိုးနွယ်စုမှာ သူတို့ ဘယ်ကိုသွားခဲ့သလဲဆိုသည်ကိုပင် သိနိုင်လိမ့်မည် မဟုတ်ပေ။ ဒါပေါ့၊ ဆိုင်ကာနှင့် ဆင့်ကဲဖြစ်စဉ် ကုဗတုံးကြားက ချိတ်ဆက်မှုမှာ လျှို့ဝှက်ချက် တစ်ခုဖြစ်နေသဖြင့် သူတို့၏ တည်နေရာမှာ ပေါ်သွားပြီဖြစ်ကြောင်းကို သူတို့ မသိကြပေ။

သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ပတ်သက်လျှင်မူ သူတို့ လုံးဝ စိုးရိမ်ခြင်း မရှိကြပေ။ သူတို့သည် အက်စ်ဂေါ့ဒ်ကိုယ်ပွား၏ တယ်လီပို့ခြင်း စွမ်းရည်ကို အသုံးပြုကာ ဆင့်ကဲဖြစ်စဉ် ကုဗတုံးကို ခိုးယူခဲ့ခြင်း ဖြစ်သဖြင့် ကြယ်မျက်လုံး မြင့်မြတ်သော မျိုးနွယ်စုမှာ သူတို့ မည်ကဲ့သို့ ပုံစံရှိသည်ကို မသိကြပေ။

သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားခဲ့သည့် တစ်ခုတည်းသော အချိန်မှာ တိုင်လာလူမှုအဖွဲ့အစည်းတွင် ဖြစ်ပြီး ၎င်းမှာ လပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သလို ဆင့်ကဲဖြစ်စဉ် ကုဗတုံး ခိုးယူမှုနှင့်လည်း မည်သို့မျှ မပတ်သက်ပေ။ ထိုအဖြစ်အပျက် နှစ်ခုကို မည်သူမျှ ချိတ်ဆက်မိလိမ့်မည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ကြယ်မျက်လုံး မြင့်မြတ်သော မျိုးနွယ်စုမှာ ဆင့်ကဲဖြစ်စဉ် ကုဗတုံး အခိုးခံရသည်ကို အဗီတန်ဂြိုလ်၏ သတင်းများတွင်ပင် ထည့်သွင်း ကြေညာခြင်း မရှိခဲ့ပေ။ လျှို့ဝှက်စစ်ပွဲမှာ သတင်းများ၏ ထိပ်ဆုံးတွင် ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် ကော်လင်နှင့် အခြားသူများအတွက်မူ မက်ဆီဖာဂြိုလ်သို့ ရောက်ရှိလာခြင်းမှာ ကွဲအက်ကြယ်စင်ကွင်းမှ ထွက်ခွာရန် ခြေတစ်လှမ်း ပြင်ပြီးသား ဖြစ်သွားပြီဟု ဆိုနိုင်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ လုံးဝ ဘေးကင်းသွားပြီဟု ထင်နေကြသည်။

သူတို့၏ အာကာသယာဉ်များကို ပြုပြင်ရန် ပေးထားစဉ်မှာပင် ကော်လင်နှင့် အခြားသူများသည် မြို့ခွဲရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေကြသည်။

သူတို့ မသိလိုက်သည့် အချက်မှာ သူတို့ မက်ဆီဖာဂြိုလ်သို့ ဝင်ရောက်လာသည့် အချိန်ကတည်းက သူတို့မှာ သတိပြုမိခြင်း ခံလိုက်ရပြီး ဖြစ်သည်။

ဆိုင်ကာ၏ ဖုန်းခေါ်ဆိုမှုအပြီး နာရီဝက်ခန့်တွင်...

“လိုက်ဖောက်စ် အာကာသယာဉ်တွေ ပေါ်လာပြီပဲ...”

ဆာဒင်းသည် ထိုသတင်းကို ချက်ချင်း ရရှိသွားသည်။

မက်ဆီဖာဂြိုလ်တစ်ခုလုံးရှိ ဆိပ်ကမ်းဝင်ရောက်မှု သတင်းအချက်အလက်များကို သူက စောင့်ကြည့်နေခြင်း ဖြစ်သည်။ ကော်လင်၏ အာကာသယာဉ်များ ဝင်ရောက်လာသည်နှင့် ၎င်းတို့မှာ ရှာဖွေတွေ့ရှိခြင်း ခံလိုက်ရသည်။ ဆာဒင်းသည် ကော်လင်နှင့် အခြားသူများကို တင်းကျပ်စွာ စောင့်ကြည့်နေ၏။

“သူတို့က မြို့ခွဲ အမှတ် ၂ ကို သွားခဲ့ကြတယ်၊ အဲ့ဒီမှာ သူတို့ရဲ့ အာကာသယာဉ်ကို ပြင်ဖို့ အာကာသယာဉ်ကျင်း တစ်ခုကို ရှာပြီး... မှာရှိတဲ့ အဆောင်တစ်ခုကို သွားခဲ့ကြတယ်...”

ဂြိုလ်တစ်ခုလုံးမှာ သူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။ ‘လိုက်ဖောက်စ်’ အာကာသယာဉ်များကို ပစ်မှတ်ထားပြီးနောက်၊ ဆာဒင်းသည် ကော်လင်နှင့် အခြားသူများကို ဆက်လက် စောင့်ကြည့်နေသည်။

သူသည် သူတို့ကို မမှတ်မိသော်လည်း သူ၏ AI လက်ထောက်က ခေတ္တမျှ ရှာဖွေပြီးနောက် တိုင်လာလူမှုအဖွဲ့အစည်းမှ ထုတ်ပြန်ထားသည့် အိုရိုဇန်၏ ဆုငွေသတင်းကို ရှာတွေ့သွားသည်။

“အလိုရှိနေတဲ့ ရာဇဝတ်ကောင် အုပ်စုတစ်စုလား။ ဆိုင်ကာက သူတို့နောက်ကို ဘာလို့ လိုက်နေရတာလဲ” ဆာဒင်းက မစဉ်းစားဘဲ မနေနိုင်တော့ပေ။ “သူက ဒီအခွင့်အရေးကို အသုံးချပြီး တိုင်လာလူမှုအဖွဲ့အစည်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ချင်လို့လား။ ဆိုင်ကာအနေနဲ့ ဒီလိုမျိုးအရာကို လုပ်ဖို့ ဖြစ်နိုင်ပေမဲ့၊ သူကိုယ်တိုင် လှုပ်ရှားနေတာဆိုတော့... သူက သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ချင်လို့များလား။”

သူ့တွင် သတင်းအချက်အလက်များစွာ လိုအပ်နေသဖြင့်၊ ဆင့်ကဲဖြစ်စဉ် ကုဗတုံး အခိုးခံရသည်ကို သူ မသိရှိသည်မှာ မဆန်းပေ။

ထို့ပြင် ဆာဒင်းသည် ကော်လင်၏ လည်ပင်းတွင်ရှိသော အမည်းရောင် ကုဗတုံးလေးနှင့် ကြီးမားလှသော ဆင့်ကဲဖြစ်စဉ် ကုဗတုံးကိုလည်း မည်သို့မျှ ချိတ်ဆက်မိလိမ့်မည် မဟုတ်ပေ။

“ဆိုင်ကာက သူတို့ကို အချိန်ဆွဲထားပေးဖို့ပဲ ငါ့ကို ပြောထားတာ။ အင်း၊ မလိုအပ်ရင် ငါ သူတို့ကို တိုက်ခိုက်နေဖို့ မလိုဘူး။”

ဆာဒင်းက ခေတ္တမျှ စဉ်းစားပြီးနောက် သူတို့ကို မလှန့်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

ထို့အစား သူသည် သူ၏ ယန္တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့များထံသို့ အမိန့်သစ်တစ်ခု ထုတ်ပြန်လိုက်ပြီး၊ ကော်လင်နှင့် အခြားသူများ၏ ပတ်ဝန်းကျင် ဧရိယာတွင် ကင်းလှည့်မှုများကို တိတ်တဆိတ် တိုးမြှင့်လိုက်သည်။ ၎င်းသည် သူတို့ကို ပိုမို တင်းကျပ်စွာ စောင့်ကြည့်နိုင်စေလိမ့်မည် ဖြစ်သည်။

“ဟုတ်သားပဲ...”

ဆာဒင်းက အခြားတစ်ခုကို သတိရသွားသည်။ သူသည် ‘လိုက်ဖောက်စ်’ အာကာသယာဉ်များကို ပြုပြင်ရန် အလုပ်လက်ခံထားသော အာကာသယာဉ်ကျင်းထံသို့ ဖုန်းခေါ်ဆိုလိုက်ပြီး လုပ်ငန်းစဉ်ကို နှောင့်နှေးအောင် လုပ်ရန် အမိန့်ပေးလိုက်သည်။

ဤအာကာသယာဉ်ကျင်းမှာ သူ၏ ပိုင်ဆိုင်မှု မဟုတ်သော်လည်း မက်ဆီဖာဂြိုလ်ပေါ်ရှိ သူ၏ တည်ရှိမှုနှင့်ဆိုလျှင် ထိုသို့လုပ်ရန် သူ၌ အာဏာရှိနေသည်။

“ဒီလောက်ဆို ရပြီ။ အခုတော့ သူတို့ကို ဖြည်းဖြည်းချင်း စောင့်ကြည့်နေရုံပဲ...”

ဆာဒင်းသည် ပျံဝဲမြို့တော်၏ ထိန်းချုပ်ရေးစင်တာသို့ ကော်လင်နှင့် အခြားသူများ တစ်ခုခု ထူးထူးခြားခြား လုပ်ဆောင်သည်နှင့် သူ့အား အသိပေးရန် အမိန့်သစ်တစ်ခု ထပ်မံပေးလိုက်သည်။ ထို့နောက် သူသည် ဤကိစ္စကို ဘေးဖယ်ထားလိုက်သည်။

ဂြိုလ်တစ်ခု၏ ပိုင်ရှင်အနေဖြင့် သူသည် အလွန် အလုပ်ရှုပ်နေသူဖြစ်ရာ စောင့်ကြည့်ရေး စကရင်များကို တစ်နေ့လုံး ထိုင်ကြည့်နေမည့်သူ မဟုတ်ပေ။

ဆာဒင်းနှင့် မနှစ်မြို့ဖွယ် တွေ့ဆုံမှု ပြီးဆုံးသွားပြီးနောက်၊ ဟန်ရှောင်းသည် သူ့ကို မည်သူမျှ မောင်းမထုတ်သည်ကို သတိပြုမိလိုက်သည်။ သူသည် နေ့ခင်းပိုင်း အလုပ်ကို ပုံမှန်အတိုင်း ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သော်လည်း ညနေရောက်သောအခါတွင်မူ သတင်းဆိုးအချို့ကို ရရှိလိုက်သည်။

ကော်နာစတုန်း ဆမ်းမစ် ကော်ပိုရေးရှင်းသည် သူ့ကို ‘ထာဝရအလင်းတန်း’ စီမံကိန်းမှ ဖယ်ထုတ်လိုက်ပြီး ဤစီမံကိန်းတွင် ဆက်လက် ပါဝင်ခွင့် မပေးတော့ပေ။ အာကာသယာဉ် အစိတ်အပိုင်းများ တည်ဆောက်ရန် သူ့ကို မလိုအပ်တော့သလို သူ၏လက်ထဲတွင် ရှိသော ဒီဇိုင်းပုံစံများကိုလည်း ပြန်လည် သိမ်းယူသွားသည်။

သူသည် ထိုဒီဇိုင်းပုံစံ အားလုံးကို သင်ယူပြီးသား ဖြစ်နေသဖြင့် ပြန်သိမ်းသွားခြင်းက သူ့အတွက် ဘာမှ မဟုတ်ပေ။ သို့သော် ဆာဒင်း ပေးလိုက်သော အချက်ပြမှုက အလွန်ပင် ရှင်းလင်းလှသည် - သူသည် ဟန်ရှောင်းအား ‘ထာဝရအလင်းတန်း’ ဒီဇိုင်းပုံစံကို ထပ်မံ မြင်တွေ့နိုင်မည့် မည်သည့်အခွင့်အရေးမျှ ပေးတော့မည် မဟုတ်ပေ။

‘ဆာဒင်းက ငါ့ကို စတင် သတိထားနေပြီပဲ။ ငါ ဒီမှာ ဆက်နေမယ်ဆိုရင်တော့ ငါဟာ လက်လုပ်လက်စား အလုပ်သမား တစ်ယောက်ပဲ ဖြစ်နေမှာဖြစ်ပြီး အရေးကြီးတဲ့ စီမံကိန်းတွေမှာ ဘယ်တော့မှ ပါဝင်ခွင့် ရမှာ မဟုတ်တော့ဘူး။’

ဟန်ရှောင်းက ခေါင်းခါလိုက်သည်။

‘ငါ အရည်အချင်းကိုလည်း ရပြီးပြီဆိုတော့ မက်ဆီဖာဂြိုလ်မှာ ဆက်နေဖို့ မလိုတော့ဘူး။ ငါ ‘ထာဝရအလင်းတန်း’ ဒီဇိုင်းပုံစံကို ရတာနဲ့ ချက်ချင်း ထွက်သွားလို့ ရပြီ...’

ဆာဒင်းက သူ့အပေါ် သတိထားနေလျှင်ပင် ဟန်ရှောင်း၏ စိတ်ထဲ၌ ‘ထာဝရအလင်းတန်း’ ၏ ကျန်ရှိနေသော အဓိက ဒီဇိုင်းပုံစံများကို ခိုးယူရန် အစီအစဉ်အချို့ ရှိနေပြီးသား ဖြစ်သည်။

၎င်းနှင့် ပတ်သက်လျှင် ဆာဒင်းကိုယ်တိုင်က သူ့ကို အကြံပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

မူလက ဟန်ရှောင်းသည် ကော်နာစတုန်း ဆမ်းမစ် ကော်ပိုရေးရှင်း၏ ဒေတာဘေ့စ်အတွင်း၌ ထိုအဓိက ဒီဇိုင်းပုံစံများကို ဘယ်မှာ ဝှက်ထားသလဲဆိုသည်ကို ရှာမတွေ့ခဲ့သဖြင့် လမ်းစပျောက်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆာဒင်းက သူ၏ တကယ့် ဘယ်သူဖြစ်ကြောင်းကို တက်ကြွစွာ ပြောပြလိုက်ပြီးနောက်တွင်မူ သူ့တွင် ရည်မှန်းချက် အသစ်တစ်ခု ရှိလာသည်။

ထာဝရအလင်းတန်း ဒီဇိုင်းပုံစံ၏ တကယ့်ပိုင်ရှင်မှာ ဆာဒင်း ဖြစ်နေသည် မဟုတ်ပါလား။

ဆိုလိုသည်မှာ သူ၏အိမ်၌ ‘ထာဝရအလင်းတန်း’ ဒီဇိုင်းပုံစံ တစ်စုံ သေချာပေါက် ရှိနေမည်ဖြစ်ရာ၊ ဟန်ရှောင်းအနေဖြင့် ကော်နာစတုန်း ဆမ်းမစ် ကော်ပိုရေးရှင်းကို ဘာမှလုပ်နေရန် မလိုအပ်တော့ပေ။

ဆာဒင်း၏ အိမ်မှာ မက်ဆီဖာဂြိုလ်၏ အထက်တွင်ရှိသော ထိုခမ်းနားလှသည့် ပျံဝဲမြို့တော် အခြေစိုက်စခန်းပင် ဖြစ်သည်။

ဟန်ရှောင်း၏ ပစ်မှတ်မှာ ဆာဒင်း၏ ပျံဝဲမြို့တော်ကို ဟက်ခ်လုပ်ရန်ပင် ဖြစ်သည်။

‘ဆာဒင်းက ငါ့ရဲ့ တကယ့်ခွန်အားကို မသိဘူး။ ဒီနေ့ သူ၏ တကယ့် မည်သူမည်ဝါဖြစ်ကြောင်းကို ငါ့ကို ပြောပြခဲ့မိတာကို သူ နောင်တရမလားဆိုတာ ငါ တကယ် သိချင်မိတယ်... အိုး ငါ မေ့သွားတယ်၊ သူ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူ၏ ပျံဝဲမြို့တော်ကို ငါ ဟက်ခ်လုပ်လိုက်တာကို သူ ဘယ်တော့မှ သိမှာ မဟုတ်လို့ပဲ။’

အကယ်၍ သူသာ အရည်အချင်းတစ်ခုအတွက် ကော်နာစတုန်း ဆမ်းမစ် ကော်ပိုရေးရှင်းတွင် အလုပ်မလုပ်ခဲ့လျှင် ဆာဒင်း၏ အာရုံစိုက်မှုကို ရရှိလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူ ဆာဒင်း၏ အာရုံစိုက်မှုကို မရရှိခဲ့လျှင် ဆာဒင်းက သူ့ကို စည်းရုံးရန် ကြိုးစားလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူ စည်းရုံးခြင်း မခံခဲ့ရလျှင် ဆာဒင်းက ‘ထာဝရအလင်းတန်း’ ဒီဇိုင်းပုံစံ၏ တကယ့်ပိုင်ရှင် ဖြစ်ကြောင်း သူ သိလိမ့်မည် မဟုတ်ပေ။

ဆာဒင်းကိုယ်တိုင်က သူ့အတွက် လမ်းပြပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ဟန်ရှောင်းက စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်သည်။

ပျံဝဲမြို့တော်မှာ အဆင့် အေ+ လက်နက်ကိုင်ဌာနခွဲ ယန္တရားပညာရှင် တစ်ဦး၏ အခြေစိုက်စခန်း ဖြစ်သည်။ ကော်နာစတုန်း ဆမ်းမစ် ကော်ပိုရေးရှင်း၏ ဒေတာဘေ့စ်နှင့် နှိုင်းယှဉ်လျှင် ၎င်း၏ AI ကာကွယ်ရေးမှာ လုံးဝကို ကွဲပြားသည့် အဆင့်တွင် ရှိနေသည်။

သို့သော် ဟန်ရှောင်းသည် ဆာဒင်းထက်ပင် အဆင့်ပိုမြင့်သော ပုံရိပ်ယောင် ယန္တရားပညာရှင် တစ်ဦး ဖြစ်သည်။ သူသာ ကောင်းမွန်စွာ ပြင်ဆင်ထားနိုင်လျှင် ပျံဝဲမြို့တော်၏ ထိန်းချုပ်ရေးစင်တာကို မည်သူမျှ မသိစေဘဲ ဟက်ခ် လုပ်နိုင်လိမ့်မည် ဖြစ်သည်။

‘ငါ့ရဲ့ အခွင့်အရေးကို ပိုပြီး တိုးမြင့်ထားတာ အကောင်းဆုံးပဲ...’

ဟန်ရှောင်းသည် ယခုအခါ အဆင့် ၂၂၁ တွင် ရှိနေသည်။ သူသည် အဆင့် ၂၂၅ ၌ [တမန်တော် ယန္တရားပညာရှင်] အဆင့်တက်ခြင်းကို စတင်နိုင်လိမ့်မည်။ သူ၏ ပုံရိပ်ယောင် နည်းပညာမှာ အဆင့်တက်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာလိမ့်မည် ဖြစ်သည်။

သူ၏ အင်တာဖေ့စ်တွင် အတွေ့အကြုံအမှတ်များစွာ ရှိနေသည်။ အရင်က မည်သည့် အရေးပေါ်ကိစ္စမှ မရှိခဲ့သဖြင့် ဟန်ရှောင်းသည် အဆင့် ၂၄၀ ရောက်သည်အထိ အတွေ့အကြုံများကို စုဆောင်းထားချင်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူ လိုအပ်လာပြီဖြစ်ရာ ထပ်မံ စောင့်မနေတော့ပေ။

မက်ဆီဖာဂြိုလ်၏ ညဘက်မှာ နေ့ဘက်ကဲ့သို့ပင် စည်ကားလှသည်။ ဖျော်ဖြေရေး နေရာများမှာ တစ်ညလုံး ဖွင့်ထားကြသည်။ အာကာသယာဉ်များမှာ မြင့်မားသော အဆောက်အအုံများကြားတွင် ပျံသန်းနေကြပြီး ညကောင်းကင်ယံတွင် သက်တန့်များကဲ့သို့ အရောင်စုံ မီးတောက်လမ်းကြောင်းများကို ချန်ထားခဲ့ကြသည်။

ညဘက် လူနေမှုဘဝမှာ အလွန်စည်ကားလှသဖြင့် ဟန်ရှောင်း ကော်နာစတုန်း ဆမ်းမစ် ကော်ပိုရေးရှင်း၏ အဆောင်မှ ထွက်ခွာသွားသည်ကို မည်သူမျှ မတားကြပေ။

သူသည် မြေပြင်ဆိပ်ကမ်းသို့ သွားခဲ့ပြီး သူငှားထားသော အာကာသယာဉ်ရုံသို့ ပြန်လာခဲ့ကာ၊ အာကာသယာဉ်အတွင်းသို့ ဝင်ရောက်ပြီး လေ့ကျင့်ရေးခန်းမထဲသို့ ဝင်သည်။ ၎င်းမှာ သူ၏ အဆင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများက မလိုအပ်သော အာရုံစိုက်မှုများ မရရှိစေရန် ဖြစ်သည်။

လေ့ကျင့်ရေးခန်းမ တံခါးကို ပိတ်လိုက်ပြီးနောက် ဟန်ရှောင်းသည် အင်တာဖေ့စ်ကို ဖွင့်လိုက်ပြီး မည်သည့် တွန့်ဆုတ်မှုမှ မရှိဘဲ အဆင့်တက်ရန် အတွေ့အကြုံအမှတ်များကို အသုံးပြုလိုက်သည်။

မကြာမီမှာပင် သူသည် အဆင့် ၂၂၅ သို့ ရောက်ရှိခဲ့ပြီး [တမန်တော် ယန္တရားပညာရှင်] ၏ အဆင့်တက်ခြင်း တာဝန်ကို ရရှိခဲ့သည်။

ဟန်ရှောင်းသည် ‘မစ်ရှင်ပြီးမြောက်ခြင်း ကတ်’ များကို ခုနစ်နှစ်လုံးလုံး စုဆောင်းလာခဲ့ခြင်း ဖြစ်သောကြောင့် သေချာပေါက်ပင် သူ့တွင် ကျန်ရှိနေသေးသည်။ သူသည် အဆင့်တက်ခြင်း တာဝန်ကို ချက်ချင်းပင် ပြီးမြောက်စေခဲ့သည်။

နောက်တစ်စက္ကန့်တွင် သူ၏ ဦးနှောက်မှာ တုန်ခါသွား၏။

သင်သည် [မစ်ရှင်ပြီးမြောက်ခြင်း ကတ်] တစ်ခုကို အသုံးပြုခဲ့သည်။

သင်သည် အဆင့်တက်ခြင်း တာဝန်ကို ပြီးမြောက်ပါပြီ။

သင်သည် အတန်းအစားသစ် [ယန္တရားဧကရာဇ် အဆင့် ၁] ကို ရရှိသည်။ +၃၀၀ စွမ်းအင်၊ +၅ ခွန်အား၊ +၅ သွက်လက်မှု၊ +၈ ခံနိုင်ရည်၊ +၁၂ ဉာဏ်ရည်။

သင်သည် လွတ်လပ်သော ပင်ကိုယ်အရည်အသွေး အမှတ် ၁၀ မှတ် ရရှိသည်။

သင်သည် အလားအလာ ပွိုင့် ၁ မှတ် ရရှိခဲ့သည်။

သင်သည် [ယန္တရားဧကရာဇ်] အရည်အချင်းကို ရရှိသည်။

သင်သည် [ဧကရာဇ်အဆင့် စက်ယန္တရား ရင်းနှီးကျွမ်းဝင်မှု] စွမ်းရည်ကို ရရှိသည်။

သင်သည် [ဧကရာဇ်၏ လက်ဆောင်] စွမ်းရည်ကို ရရှိသည်။

သင်သည် [ကွမ်တမ် အကန့်အသတ်မဲ့ အကွာအဝေး ပို့ဆောင်ရေး လမ်းကြောင်း (အသက်မသွင်းရသေး)] စွမ်းရည်ကို ရရှိသည်။

သင်သည် [ဒုတိယ ဒိုင်မန်းရှင်း စစ်တပ် (အသက်မသွင်းရသေး)] စွမ်းရည်ကို ရရှိသည်။

သင်သည် [ယန္တရားစွမ်းအား- ဧကရာဇ်၏ ခွန်အား (အသက်မသွင်းရသေး)] စွမ်းရည်ကို ရရှိသည်။

သင်သည် [ဘုရင်၏ သင်ကြားပြသသူ (အသက်မသွင်းရသေး)] စွမ်းရည်ကို ရရှိသည်။

သင်၏ ပုံရိပ်ယောင် နည်းပညာနှင့် ပတ်သက်သည့် စွမ်းရည်များနှင့် အရည်အချင်းများ အားလုံး၏ အာနိသင်မှာ ၃၅% တိုးတက်လာသည်။

စာစဉ် (၄၆)၊ အခန်း (၇၅၂) ပြီးပါပြီ။

လင်းဆက်

+++++

All Chapters