အခန်း (၈၆)
Vol. 9 Ch. 86
“ဘုရားရေ! ဒါက ဘာကြီးလဲ? ဘာလို့ ဒီလောက်တောင် ရွံ့စရာကောင်းနေရတာလဲ?”
“ဒါ… ဒါကဆင့်ကဲပြောင်းလဲသူ တစ်ယောက်လား?”
သန္ဓေပြောင်းမျောက်၏ မျက်နှာနှင့်ခေါင်းကို ကျင်းယန်က အားပြင်းပြင်းနှင့် ထိုးလိုက်သောကြောင့် ကွဲကြေသွားခဲ့လေသည်။
ထို့ကြောင်း လူသားဆန်လွန်းသော လက်မောင်းများနှင့် ပေါင်များကို ကြည့်ခြင်းအားဖြင့် ၎င်းက ဆင့်ကဲပြောင်းလဲသူတစ်ယောက်နှင့် အမှန်တကယ်ပင် တူနေခဲ့သည်။
သို့သော်လည်း သူတို့မည်မျှပင် ဆင့်ကဲပြောင်းလဲခဲ့ပါစေ လူသားခန္ဓာကိုယ်က ဤမျှလောက် ထုထည်မကြီးမားနိုင်ပါချေ။
အလောင်းက အမြင့် ၃မီတာနှင့် ၃.၅မီတာကြားတွင် ရှိလိမ့်မည်ဟု ခန့်မှန်းရလေသည်။
သုတေသနပညာရှင်အများစုက ထိုသတ္တဝါမှာ မျောက်မျိုးနွယ်ဖြစ်ကြောင်း ပြောနိုင်ခဲ့ကြသည်။
၎င်းကို အတွင်းပိုင်းအဆောက်အဦးထဲမှ ခွဲစိတ်စားပွဲဆီသို့ သယ်ဆောင်ပြီးနောက် သုတေသနပညာရှင်အချို့က mask များ၊ လက်အိတ်များကို ဝတ်ဆင်ပြီး အလောင်းကို professional ကိရိယာများဖြင့် စတင်သန့်ရှင်းခဲ့ကြသည်။
၎င်း၏အသားနှင့် သွေးကို apparatusနှင့် စစ်ဆေးပြီးနောက် ၎င်းထဲမှ မငြိမ်သက်သော ဆင့်ကဲပြောင်းလဲမျိုးရိုးဗီဇကို ရှာတွေ့ခဲ့ကြသည်။
“ဒါက အနည်းဆုံးအဆင့်သုံး ဒါမှမဟုတ် အဆင့်လေးသန္ဓေပြောင်း တိရစ္ဆာန်ပဲ.. ဒါပေမဲ့ ဆင့်ကဲပြောင်းလဲဒီဂရီနဲ့ သူရဲ့ဦးနှောက်တစ်ရှုးနဲ့အာရုံကြောတွေကလည်း အနည်းဆုံး သာမာန်ဆင့်ကဲပြောင်းလဲတိရစ္ဆာန်တွေထက် သုံးဆပိုကြီးနေတယ်”
လူအနည်းငယ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့ရှာဖွေနေကြသည့် အဖြေကို တစ်ဖက်လူ၏မျက်လုံးထဲရှိ မယုံကြည်နိုင်မှုမှ မြင်လိုက်ရပြီး အလွန်ပင်အံ့အားသင့်သွားခဲ့သည်။
ထို့နောက်တွင် သူတို့၏လက်ထောက်ကို သန့်ရှင်းသည့် ပိုးမွှားကင်းစင်းသောအခန်းတစ်ခု ပြင်ဆင်ရန်ချက်ချင်း အမိန့်ပေးလိုက်ကာ ယိုယွင်းမှုကို ဖြစ်နိုင်သမျှ ကာကွယ်ရန် အလောင်းကို ထိုနေရာသို့ အမြန်ဆုံး ပို့ဆောင်ရန်ပြင်ဆင်နေခဲ့ကြသည်။
အဆင့်ငါး သန္ဓေပြောင်းတိရစ္ဆာန်၏အလောင်းက ပုံမှန်သန္ဓေပြောင်းတိရစ္ဆာန်ထက် များစွာပို၍အရေးကြီးလေသည်။
သုတေသနဌာနမှ အသက်ကြီးဆုံးဇီဝဗေဒပညာရှင်က ကြိမ်တောင်ဝှေ့တစ်ခုနှင့်အတူ တုန်ရီစွာ အပြေးအလွှားလာခဲ့ပြီး သန္ဓေပြောင်းသားရဲ၏ ကျိုးပဲ့နေသော အလောင်းကို မြင်လျှင် သူသက်ပြင်းချကာ ကြမ်းပြင်ကို တောင်ဝှေ့နှင့် ဆောင့်ချလိုက်သည်။
“ဒါကို ဘယ်သူတွေတွေ့တာလဲ? သူတို့က ဘာလို့ငါတို့ကို အရင်သတင်းမပေးဘဲ တိုက်ခိုက်ရတာလဲ?
ငါတို့လူတွေကိုသာ အရှင်ဖမ်းခိုင်းလိုက်ရင် သုတေသနတန်ဖိုးက အကောင်းဆုံးဖြစ်မှာပဲ.. ဒါကို နျိုဖေးဟောင်ရဲ့လူတွေ ဖမ်းလာတာလား? ဒါပေမဲ့ သူတို့တွေ ဘာလို့ ငါတို့ဌာနကို ပေးဖို့ ဆန္ဒရှိနေခဲ့တာလဲ?”
လူအိုကြီး၏နာမည်က ပိုင်ချီကောင်းဖြစ်ပေ၏။ ပျက်ကပ်မဖြစ်ခင်က သူ့အနေဖြင့် နာမည်ကြီးဇီဝဗေဒပညာရှင်တစ်ယောက်ဖြစ်ခဲ့ကာ ကွေ့ကျိုတွင် အပင်ရိုင်းအစေ့မျိုးစုံကို စုဆောင်းနေခဲ့လေသည်။
ပျက်ကပ်ဖြစ်လာသောအချိန်တွင် ဗဟိုအစိုးရက စီရင်စုအားလုံးကို ချက်ချင်းဆက်သွယ်ခဲ့ကာ သူတို့၏ထိပ်တန်းဦးစားပေးက ကျွမ်းကျင်ပညာရှင်များကို လုံခြုံမှု အပြည့်ပေးနိုင်ရန်သာဖြစ်ခဲ့သည်။
လောင်ပိုင်က မြို့တော်Bသို့ ဘေးမသီရန်မခခေါ်သွားခံခဲ့ရသည်။ ထို့နောက် သုတေသနဌာနကို စောင့်ရှောက်ရန်အတွက် မြို့တော်Z၏ အခြေစိုက်စခန်းဆီသို့ လီကျန်ကျောင်းနောက်မှ လိုက်လာခဲ့လေသည်။ သူက ဤနေရာ၌ အလွန်ပင် ဂုဏ်သတင်းကောင်းတို့ရှိနေခဲ့သည်။
ဤကဲ့သို့တန်ဖိုးရှိသော ပစ္စည်းကို ဖြုန်းတီးသွားစေသည့်အတွက် လောင်ပိုင်တစ်ယောက် သက်ပြင်းချနေသည်ကို မြင်လျှင် သုတေသနပညာရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် အမျိုးသားတစ်ယောက် ပြောလာခဲ့သည်။
“အဲဒီနေရာက တစ်ယောက်ယောက် ဟုတ်ပုံမရဘူး.. ကျွန်တော်တို့ရဲ့အခြေစိုက်စခန်းကို လတ်တလောက ဝင်လာခဲ့တဲ့ လူသစ်တွေဖြစ်တဲ့ပုံပဲ.. သူတို့က တခြားတာဝန်ကို လုပ်ဆောင်ဖို့သွားတဲ့ လမ်းမှာတင် ဒီအဆင့်ငါးဆင့်ကဲပြောင်းလဲ တိရစ္ဆာန်နဲ့ ပက်ပင်းတိုးသွားခဲ့တာတဲ့”
ပိုင်ချီကောင်းလည်း အံ့သြသွားသည်။
“လူသစ်တွေက အရမ်းသန်မာတာလား?”
မတိုင်ခင်က သူ့အနေဖြင့် သူငယ်ချင်းဟောင်းကြီး နျိုဖေးဟောင်းလက်အောက်မှ ဆင့်ကဲပြောင်းလဲသူအချို့ကသာ ဤကဲ့သို့ထူးခြားသော လုပ်ဆောင်မှုကို အောင်မြင်နိုင်ပြီး ဤကဲ့သို့ရုတ်ရုတ်သဲသဲဖြစ်မှုအား ဖန်တီးနိုင်သည်ဟု ယူဆခဲ့သည်။
ထို့ကြောင့် ဤအခိုက်တွင် သူကကျင်းယန်နှင့် သူ၏အသင်းဖော်များကို ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။
“မင်း ဗိုလ်ချုပ်ကြီးလီကို အကြောင်းကြားခဲ့ရဲ့လား?”
“ဟုတ်ကဲ့! အကြောင်းကြားခဲ့ပါတယ်”
ပိုင်ချီကောင်း ခေါင်းငြိမ့်လိုက်၏။ ဤအကြောင်းကို သတင်းရပြီးနောက် မည်သို့လုပ်ရမည်ကို လီကျန်ကျောင်းသိလိမ့်မည်ပင်။
ဤဆင့်ကဲပြောင်းလဲသူများသာ နျိုဖေးဟောင်ဘက်သို့ ဝင်သွားခဲ့လျှင် သူတို့က ယခုထက်ပို၍ပင် အင်အားကြီးသွားမည်ဖြစ်သည်။
ဤအချိန်၌ ကျောင်းစီဟွေ့က အမှတ်များ သူတို့၏အကောင့်ထဲ ရောက်လာမည််အချိန်ကို တုန်လှုပ်စွာစောင့်ဆိုင်းနေခဲ့သည်။အမှတ်ခန်းမထဲမှလူများက သူတို့ကိုချီးမြှင့်ရန် မည်သည့်စံသတ်မှတ်ချက်ကို အသုံးပြုရမည်ကို မသိကြသောကြောင့် လောလောဆယ်အတွက် အလောင်းကို သူတို့၏တာဝန်ကတ်အရ အဆင့်နှစ်သန္ဓေပြောင်းတိရစ္ဆာန်ဟု ရေတွက်ခဲ့ကြသည်။
အမှတ်များရလာပြီးနောက် ကျင်းယန်က အမှတ်ကို သူမ၏ကတ်ထဲသို့ တိုက်ရိုက်လွှဲပြောင်းပေးပြီး ကျောင်းချီယန်နှင့် ဝံပုလွေပေါက်လေးကို ဒဏ်ရာများကုသရန် အခြေစိုက်စခန်းထဲမှ ဆေးစင်တာသို့ ခေါ်သွားခိုင်းခဲ့လိုက်က် သူကတော့ ခန္ဓာကိုယ်မှ သွေးများကိုသန့်ရှင်းရန်အတွက် သူတို့၏ အိမ်သို့ပြန်ရန်တွေးထားခဲ့သည်။
ကျင်းယန်မှ ဆေးခန်းသို့သွားရန်အတွက် တွန့်ဆုတ်နေကြောင်းကို ယင်ရိလျိုကြားလျှင် သူမအနည်းငယ်ဒေါသထွက်သွားခဲ့သည်။
သူမက ကျောင်းစီဟွေ့၏ ပုခုံးပေါ်ရပ်၍ သွေးများစိုချွဲနေသည့် လူကို စိုက်ကြည့်ပြီး နူးညံ့သော်လည်း ဒေါသအရိပ်အယောင်များပါဝင်သည့် အော်သံကို ထုတ်လွှတ်လိုက်လေသည်။
ကျင်းယန်၏လက်က ဒဏ်ရာရထားသောကြောင့် ၎င်းကိုပိုးသတ်ရလိမ့်မည်။
ဒါကို သူက ဘယ်လိုလုပ်ပြီး အိမ်ကိုတန်းပြန်သွားချင်နေရတာလဲ?
ဒဏ်ရာက မနက်ရှိုင်း၊ မပြင်းထန်လျှင်ပင် သန္ဓေပြောင်းဘက်တီးရီးယားများ၏ စွမ်းအားကိုလျော့မတွက်သင့်ချေ။
တခြားတစ်ယောက်၏ ပုခုံးပေါ်တွင်ရပ်ကာ ဒေါသထွက်နေသော မျက်လုံးလေးများနှင့် စိုက်ကြည့်နေသော ထုထုကိုကြည့်ပြီး ကျင်းယန် အားတင်း၍ပြုံးလိုက်ကာ ညင်သာစွာပြောလိုက်သည်။
“လိမ်လိမ်မာမာနေ ကျောင်းစီဟွေ့နဲ့လိုက်သွားနော်.. လျှောက်ပတ်မပြေးနဲ့ဦး”
ကျင်းယန် လက်သီးကို တိတ်တဆိတ် ဆုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မျောက်သွေးများဖြင့် ဖုံးလွှမ်းနေသောကြောင့် သူ၏ကိုယ်ပိုင်ဒဏ်ရာများနှင့် သွေးအစွန်းအထင်းများကို တခြားလူများ သတိမထားမိနိုင်ချေ။
လမ်းတစ်လျှောက် အများဆုံး မိနစ်နှစ်ဆယ်ကြာအောင် လျှောက်ခဲ့သော်လည်း သူ၏လက်မောင်းပေါ်မှ နက်ရှိုင်းသောဒဏ်ရာက သွေးခဲသွားကြောင်းကို သူခံစားနိုင်သည်။
သူ၏ခန္ဓာကိုယ်ထဲမှ အထူးစွမ်းအားသည်က ဒဏ်ရာကိုအဆတ်မပြတ် ပြုပြင်နေခဲ့သည်။ သူ၏ဒဏ်ရာမှ ယားယံမှုကိုခံစားရသော်ငြား ပိုးဝင်ခြင်းကြောင့်မဟုတ်ဘဲ ကုသသည့်နှုန်းက မြန်လွန်းနေသောကြောင့်သာ ဖြစ်သည်။
ဤအထူးစွမ်းအားက သူ၏ခြေထောက်များကို အဆတ်မပြတ် ကုသနေသော စွမ်းအားနှင့်တူညီလောက်ပေသည်။
၎င်းက မည်သည့်အရာဖြစ်ကြောင်းကို ကျင်းယန် မသိသော်လည်း သူ၏ခန္ဓာကိုယ်မှ လျှို့ဝှက်ချက်ကို မပေါ်အောင် ထိန်းသိမ်းသင့်ကြောင်းကို ရှင်းလင်းစွာသိနေခဲ့သည်။
သူ့အနေဖြင့် ဆေးရုံသို့ မသွားသင့်ပါချေ။ သူ၏မူမမှန်မှုကို ရှာတွေ့သွားပါက အခြေစိုက်စခန်းထဲမှ သြဇာအာဏာရှိသော လူများ၏အာရုံစိုက်မှုများကို သေချာပေါက်ဆွဲဆောင်သွားနိုင်လိမ့်မည်ဖြစ်သည်။
ပျက်ကပ်ထဲတွင် ပိုးမဝင်ဘဲ ဒဏ်ရာများကို အလျှင်အမြန်ကုသနိုင်သည့် စွမ်းရည်...
သူ၏ ဤစွမ်းရည်အကြောင်းကိုသာ လူများရှာတွေ့သွားလျှင် သူ့ကိုတိုက်ခိုက်ရန်အတွက် အတူတကွစုပေါင်းသွားကြလိမ့်မည်ဟူသော အဖြေကိုရှာတွေ့နိုင်ရန် ဥာဏ်ကြီးရှင်တစ်ယောက်၏ ဦးနှောက်ပင် မလိုအပ်ပါချေ။
သူ့ကို သုတေသနဌာနတွင်နေရန် ဖိအားပေးပြီး သူ့အပေါ်၌ ကျယ်ပြန့်သည့် သုတေသနကို စီမံခန့်ခွဲကြလိမ့်မည်။
ကျင်းယန်က ယင်ရိလျိုအား အသံတိုးတိုးဖြင့် နှစ်သိမ့်စကားအနည်းငယ်လောက်ပြောခဲ့ပြီး သူအမှန်တကယ်အဆင်ပြေကြောင်းကို ထပ်ခါတလဲလဲ အာမခံခဲ့သည်။
ထို့အပြင် သူ၏လက်မောင်းအတွင်းဘက်မှ မနှစ်မြို့ဖွယ်ဒဏ်ရာကိုပင် ယင်ရိလျိုကို ကြည့်ခွင့်ပေးခဲ့သည်။ ဒဏ်ရာက ပိုးမဝင်နေကြောင်း သေသေချာချာ စစ်ဆေးပြီးနောက်မှသာ ယင်ရိလျိုလည်း စိတ်သက်သာရာရသွားခဲ့သည်။
ကျင်းယန်မှလွဲ၍ တခြားလူများအားလုံးက ဆေးခန်းသို့ အမြန်ဆုံးအရှိန်နှင့်အပြေးအလွှားသွားခဲ့ကြသည်။ ယင်ရိလျိုကတော့ ကျောင်းစီဟွေ့၏ ပုခုံးပေါ် တွင်တိတ်တဆိတ်ထိုင်နေခဲ့ပြီး နေရာကို ခြုံငုံလေ့လာနေခဲ့သည်။
ပျက်ကပ်မဖြစ်ခင်က ဤနေရာမှာ မြို့တော်Zရှိ အကြီးမားဆုံးနှင့် အကောင်းဆုံး တပ်ဆင်ထားသည့် ဆေးရုံဖြစ်ခဲ့၏။
ပျက်ကပ်ဖြစ်ပြီးနောက်တွင်လည်း ဆေးရုံအဖြစ် တူညီစွာရှိနေခဲ့သော်လည်း ဟောခန်းတစ်ခုလုံးတွင် လက်တစ်ဖက်စာ လူများသာရှိနေပြီး နေရာတစ်လုလုံးက ဗလာဖြစ်ကာ အလွန်တိတ်ဆိတ်နေလေသည်။
မြို့ထဲတွင် ကျန်နေသော ဆရာဝန်က အများအပြားမရှိတော့ပေ။ ထို့အတူ မြင့်မားသည့် ဆေးရုံကုသအမှတ်များကို (ဆေးရုံစရိတ်) တတ်နိုင်သည့်သူက ပို၍ပင်နည်းပါးလာခဲ့ပေပြီ။
အခြေခံအားဖြင့် ဤနေရာသို့ရောက်လာနိုင်သည့် လူနာများက အပြင်ဘက်သို့ထွက်ချိန်တွင် ဒဏ်ရာရပြီး ပိုးဝင်ခဲ့ကြသည့် ဆင့်ကဲပြောင်းလဲသူများသာဖြစ်ပေသည်။
ဆေးရုံမှ လူများမှာလည်း အထက်လူကြီးများထံမှ ညွှန်ကြားချက်များကို ရရှိနှင့်ပြီးဖြစ်လောာာသည်။
သူတို့က စိတ်ကောင်းစေတနာကို ဖော်ပြသည့်အနေဖြင့် ကျောင်းချီယန်အတွက် ပိုးမွှားကင်းသည့် သီးသန့်အခန်းတစ်ခုကို ပြင်ဆင်ထားခဲ့ပြီး ဝံပုလွေလေးသည်လည်း အထူးတိရစ္ဆာန်ဆရာဝန်နှင့် ကုသခံခဲ့ရသည်။
ဤအချိန်တွင် ကျောင်းချီယန်က အဖျားပြင်းနေခဲ့ပြီးဖြစ်ကာ သူ၏ပါးပြင်နှင့် မျက်လုံးတစ်ဝိုက်အသားအရေတို့က နီရဲနေခဲ့သည်။သူ့အစ်မဖြစ်သည့်ကျောင်းစီဟွေ့က သူနှင့်အနီးဆုံးနေရာတွင် ရပ်နေခဲ့ပြီး သူမ၏ပုခုံးပေါ်တွင်ရှိနေသော ယင်ရိလျိုသည်လည်း လူငယ်လေး၏ ပိန်ပါးသောနောက်ကျောက စတင်ပုပ်လာသည်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်။
သူမ၏ နှာခေါင်းကို အနည်းငယ်လောက်ရှုံ့ရုံမျှဖြင့် ဖျော့တော့သည့် အပုပ်နံ့ဆိုးကို သူမအနံ့ခံနိုင်လေသည်။
ဤအကြိမ်တွင် ကျောင်းချီယန်တစ်ယောက် အသက်ရှင်လျက်ဖြတ်ကျော်နိုင်လောက်မည်လားဆိုသည်ကို သူမ မစိုးရိမ်ဘဲ မနေနိုင်ပါချေ။
လေထဲတွင် သန္ဓေပြောင်းအနုမြူသက်ရှိ အများအပြား ရှိနေခဲ့သည်။
မရေမတွက်နိုင်သော ခြင်များနှင့် ဘက်တီးရီးယားများက လတ်ဆတ်သောသွေးရမံ့ကို အာရုံခံမိပြီး သူ၏ဒဏ်ရာဆီသို့ ဝိုင်းအုံနေခဲ့လောက်သည်။
ဤကဲ့သို့ ဒဏ်ရာမျိုးက ခုခံစွမ်းအား အဆင့်နိမ့်သည့် လူများတွင်ဖြစ်လာမည်ဆိုပါက နေ့တစ်ဝက်အတွင်း သေဆုံးပြီး ပုပ်နေသော အလောင်းများဖြစ်လာလိမ့်မည်ပင်။