သားရဲစီးကြောင်း
Vol. 1 Ch. 456
ဝုန်း...ဝုန်း...ဝုန်း...
"ဝူး...ဝူး"
"ဂရား...ဂရား"
"ဂါး...ဂါး"
အရှေ့ဘက်ပင်လယ်ပြင်အနီးတွင် စစ်တပ်ကြီးများ တန်းစီရပ်နေကြသည်။ စစ်သည်များသည် ကျယ်ပြန့်သော အရှေ့ဘက်ပင်လယ်ပြင်အား ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။ ပင်လယ်ထဲမှ ပင်လယ်နတ်ဆိုးသားရဲများ၏ အော်သံများကို သူတို့ အဆက်မပြတ် ကြားနေရလေသည်။ ၎င်းတို့၏ အော်သံနက်ကြီးများအပြင် ပင်လယ်ထဲမှ ကမ်းစပ်သို့ လာရောက်ရိုက်ခတ်သည့် လှိုင်းသံကြီးများမှာလည်း ပင်လယ်အနီးမှ စစ်သည်များကို မွန်းကြပ်လာစေသည်။
ဤပင်လယ်ရေပြင်သည် နယ်မြေနှင့်ထိစပ်နေပြီး ပင်လယ်တစ်ခုလုံး၏ ရေအတိမ်ဆုံးအပိုင်းလည်းဖြစ်သည်။ ပုံမှန်ရက်များတွင် ဤနေရာ၌ အဆင့်နိမ့်ပင်လယ်နတ်ဆိုးသားရဲ တစ်ကောင်မျှပင် တွေ့ရမည်မဟုတ်ပေ။ သို့သော် လက်ရှိအချိန်တွင် ဒုတိယအဆင့်နှင့် တတိယအဆင့် နတ်ဆိုးသားရဲတို့၏ အရှိန်အဝါများကိုပင် သူတို့ခံစားနေကြရသည်။ ရေနက်ပိုင်းရှိ ပင်လယ်နတ်ဆိုးသားရဲများ၏ သောင်းကျန်းမှုမှာ မည်မျှဆိုးရွားမည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။
"အားလုံးပဲ...တိုက်ပွဲဝင်ဖို့ အဆင်သင့် ပြင်ကြတော့၊ ပင်လယ်နတ်ဆိုးသားရဲ အုပ်လိုက်ကြီး လာနေပြီ"
ကျယ်လောင်လှသော အမိန့်ပေးသံသည် စစ်သည်များအားလုံး၏ ရင်ကို လေးလံသွားစေသည်။ ရှားတိ ဤသို့ အမိန့်ပေးလာလျှင် ပင်လယ်နတ်ဆိုးသားရဲများ တကယ်လာနေပြီဟု ဆိုလိုသည်။ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များသည် အတွင်းအားများ ထုတ်ဖော်ထားလိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
ဗုန်း...ဗုန်း...ဗုန်း...
ခပ်ဝေးဝေး ပင်လယ်ပိုင်းမှ လှိုင်းလုံးကြီးများ ရိုက်ခတ်လာပြန်သည်။ လှိုင်းလုံးတစ်ခုချင်းစီတိုင်းသည် ယခင်တစ်ခုစီထက် ပို၍မြင့်ပြီး ပို၍ကြမ်းတမ်းလာကြသည်။ လှိုင်းလုံးများ၏ နောက်တွင် သွေးနီရောင်မျက်လုံးများနှင့် ပင်လယ်နတ်ဆိုးသားရဲ အုပ်လိုက်ကြီး ပေါ်ထွက်လာခဲ့သည်။ ပြန်ကျသွားသော ရေလှိုင်းတို့သည် အနီရောင်ဖျော့ဖျော့ရှိပြီး အန်ချင်စရာ သွေးညှီနံ့တို့ လှိုင်လှိုင်ထွက်နေလေသည်။
"စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်တွေ...အတွင်းအားတိုက်ခိုက်မှုတွေ လုပ်ကြတော့"
မြောက်ဘက်လျန်နိုင်ငံမှ စစ်သူကြီးတစ်ဦး၏ အမိန့်ပေးသံအဆုံးတွင် ကောင်းကင်တစ်ခွင် အတွင်းအားလှိုင်းများ ဖုံးလွှမ်းသွားခဲ့သည်။ တိုက်ခိုက်မှုများမှာ ပြင်းထန်လွန်း၍ လေထုပင် တုန်ခါနေလေသည်။ မနီးမဝေးရှိ ပင်လယ်နတ်ဆိုးသားရဲများသည် သူတို့ခြေထောက်အောက်မှ ပင်လယ်ရေလှိုင်းများကို တံတိုင်းသဖွယ် အသုံးပြုကာ အတွင်းအားလှိုင်းများကို ခုခံလိုက်ကြသည်။
ဗုန်း...ဗုန်း...ဗုန်း...
အတွင်းအားလှိုင်းများ ပေါက်ကွဲသွားကြပြီး ရေတံတိုင်းများမှာ ရေစက်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခွင် ပြန့်ကျဲသွားခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်တွင် ရေငွေ့တစ်ချို့ ရစ်သိုင်းနေလေရာ ရေပြင်သည် ဝေဝေဝါးဝါးနှင့် လှပနေလေသည်။ ထိခိုက်ဒဏ်ရာရသွားကြသော ပင်လယ်နတ်ဆိုးသားရဲများ၏ နာနာကျင်ကျင် အော်ဟစ်သံများသည် ပင်လယ်ရေလှိုင်းသံနှင့် ပေါင်းစပ်ကာ ကျင့်ကြံဆင့်နိမ့်သော စစ်သည်များ နားမခံသာသော အသံလှိုင်းကို ဖြစ်လာစေသည်။
ဝှစ်...ဝှစ်...
များစွာသော ပင်လယ်နတ်ဆိုးသားရဲများသည် ပင်လယ်ထဲမှ ခုန်ထွက်လာကြပြီး ကမ်းခြေမှ စစ်သည်များထံ ဓားတစ်စင်းနှယ် ပြေးဝင်လာကြသည်။ ထိုပင်လယ်နတ်ဆိုးသားရဲများသည် အဆင့်နိမ့်သားရဲများသာ ဖြစ်ကြပြီး အများစုမှာ ဓားသဏ္ဍာန်ငါးများ ဖြစ်ကြသည်။ အမည်အတိုင်းပင် သူတို့တွင် ဓားနှင့်တူသည့် ခန္ဓာကိုယ်ရှိကြပြီး ပင်လယ်ထဲမှ သူတို့ခုန်ထွက်လာလျှင် ဓားမိုးများရွာချလာသည့်နှယ် မြင်ကွင်းကို ဖြစ်စေသည်။
"သုံးကီလိုမီတာ နောက်ဆုတ်ပြီး တိုက်ခိုက်ဖို့ပြင်ကြ"
မြောက်ဘက်လျန်နိုင်ငံမှ စစ်သူကြီးသည် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ ဓားသဏ္ဍာန်ငါးများ၏ တိုက်ခိုက်မှုမှာ အားမကောင်းပေ။ သူတို့တွင် ခြေထောက်များလည်း မရှိသောကြောင့် မြေပေါ်တွင် လှုပ်ရှားနိုင်မှု အားနည်းသွားသည်။ ထို့နောက်တွင် သူတို့အား ဆီးကြိုနေမည်မှာ သေခြင်းတရားသာဖြစ်သည်။ ပုံမှန်အချိန်များတွင် ဓားသဏ္ဍာန်ငါးများသည် ကမ်းပေါ်လုံးဝမတက်ကြသော်လည်း လက်ရှိအချိန်တွင် ၎င်းတို့မှာ သားရဲစီးကြောင်း၏ သက်ရောက်မှုခံရ၍ စဉ်းစားဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးကုန်ကြပြီဖြစ်သည်။ သူတို့ခေါင်းထဲတွင် အခြားမျိုးနွယ်ဟူသမျှကို သတ်ရမည်ဟူသော အတွေးတစ်ခုသာရှိသည့်အတွက် သူတို့နှင့်ရင်ဆိုင်ရသည်မှာ လွယ်ကူလှသည်။
ဝှစ်...ဝှစ်...
မြောက်ဘက်လျန်နိုင်ငံ၏ စစ်တပ်သည် အမိန့်ကို တသဝေမတိမ်း လိုက်နာ၍ သုံးကီလိုမီတာစီ စနစ်တကျ ဆုတ်လိုက်ကြသည်။ ဓားသဏ္ဍာန်ငါးများသည် ကမ်းခြေပေါ်ရောက်သည့်အခါ အမြီးများကို ခါရုံသာခါနေနိုင်ကြပြီး အမြန်နှုန်းမှာ ခရုများလို နှေးကွေးလာကြသည်။ သို့သော် ၎င်းတို့သည် ပါးစပ်အတွင်းမှ ရေမြားတံများ ပစ်လွှတ်နိုင်နေတုန်းပင်။
၎င်းတို့ မည်မျှပင် ကြမ်းတမ်းပါစေ ကမ်းခြေပေါ်မှ ငါးအမျိုးအနွယ် ပင်လယ်နတ်ဆိုးသားရဲများသည် ကုန်းပေါ်ရောက်လာသည့် ငါးများနှင့် အတူတူပင်။ ထို့ပြင် ဤသတ္တဝါများသည် သားရဲစီးကြောင်း၏ သက်ရောက်မှုခံနေရ၍ ပင်လယ်ထဲပြန်ဆင်းရမည်ဟူသော အသိစိတ်မရှိကြတော့ပေ။ သူတို့သည် ကုန်းပေါ်တွင်နေ၍ အသတ်ခံရမည်ကိုသာ စောင့်ဆိုင်းနေကြသည်။
သားရဲစီးကြောင်းသည် ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ၎င်းသည် နယ်မြေမှ လူများကို နှစ်ထောင်ပေါင်းများစွာ ပဟေဠိ ဖြစ်စေခဲ့သည့် အရှေ့ဘက်ပင်လယ်ပြင်၏ လျှို့ဝှက်ချက်တစ်ခုလည်း ဖြစ်သည်။ နယ်မြေစတင်တည်ရှိခဲ့သည့် အချိန်မှစ၍ အရှေ့ဘက်ပင်လယ်ပြင်တွင် သားရဲစီးကြောင်း ဆယ်ခုအထက်ရှိခဲ့ပြီး မြောက်ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်ပင်လယ်ပြင်များတွင် သားရဲစီးကြောင်း တစ်ကြိမ်မှ မဖြစ်ပွားခဲ့ဖူးပေ။ သားရဲစီးကြောင်း ဖြစ်စဉ်အတွင်းတွင် ပင်လယ်နတ်ဆိုးသားရဲဘုရင်များ အပါအဝင် အရှေ့ဘက်ပင်လယ်ပြင်မှ ပင်လယ်နတ်ဆိုးသားရဲ မှန်သမျှ ရူးသွပ်သွားကြလိမ့်မည်။ သူတို့သည် မျိုးနွယ်မတူသည့် ပင်လယ်နတ်ဆိုးသားရဲဟူသမျှကို သတ်ဖြတ်ကြပြီး ကုန်းမြေပေါ်သို့ အသတ်မခံရမချင်း မနားမနေတက်လာသည့် ပင်လယ်နတ်ဆိုးသားရဲအုပ်ကြီးများလည်း ရှိလေသည်။
အရှေ့ပင်လယ်ပြင်တွင် ဘာရှိနေသနည်း။ အဘယ့်ကြောင့် ပင်လယ်နတ်ဆိုးသားရဲများအားလုံး ရူးသွပ်ကုန်ကြသနည်း။
အရှေ့ပင်လယ်၏ ရေနက်ပိုင်းသို့ သွားရောက်စုံစမ်းဝံ့သူ မရှိခဲ့သည့်အတွက် အဖြေကို မည်သူမှ မသိကြပေ။ သို့မဟုတ် အရှေ့ပင်လယ် ရေနက်ပိုင်းသို့ သွားရောက်ခဲ့ကြသူမှန်သမျှ တစ်ယောက်မှ ပြန်ရောက်မလာခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
"ဝူး...ဝူး..."
ဓားသဏ္ဍာန်ငါးများအားလုံးကို သတ်၍ပင်မပြီးသေး၊ နောက်ထပ်ပင်လယ်နတ်ဆိုးသားရဲတစ်အုပ် ရောက်လာကြပြန်သည်။ ဤတစ်ခေါက် ရောက်လာကြသည်မှာ ကုန်းနေရေနေ ပင်လယ်ခြင်္သေ့များ ဖြစ်ကြသည်။ ထိုပင်လယ်ခြင်္သေ့များသည် ဒုတိယအဆင့်အမြင့်ဆုံး ပင်လယ်နတ်ဆိုးသားရဲများ ဖြစ်ကြပြီး ရင်ဆိုင်ရခက်သည့် အထဲတွင် မပါပေ။ တစ်ခုတည်းသော ပြဿနာမှာ ၎င်းတို့၏ ပမာဏဖြစ်လေသည်။
တိုက်ပွဲသည် စတင်ရုံသာရှိသေးသည်။ မြောက်ဘက်လျန်နိုင်ငံသည် ထောင်သောင်းမကသော စစ်သည်များကို ခေါ်ဆောင်လာခဲ့သော်လည်း သားရဲစီးကြောင်းအပြီးတွင် ဘယ်နှစ်ယောက် အသက်ရှင်ကျန်ရစ်နိုင်မည်နည်း။ ဘုရားမှသာ သိပေလိမ့်မည်။
တစ်ချိန်တည်းတွင် ရှန်ဝူနိုင်ငံ၏ အရှေ့ဘက်ပင်လယ်တွင်လည်း တိုက်ပွဲတစ်ခု ဖြစ်ပွားနေခဲ့သည်။ ရှန်ဝူနိုင်ငံသည် အစတည်းက မငြိမ်မသက် ဖြစ်နေပြီးသားဖြစ်သည်။ ကျန်းပိုင်လီကိုယ်တိုင် စစ်တပ်ကို ဦးဆောင်၍သာ တော်သေးသည်။ ထိုမှသာ စစ်သည်များ၏ ဂိုဏ်းများမှာ စိတ်အေးသွားကြသည်။
ကျန်းပိုင်လီသည် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး တစ်ပွဲမှ မရှုံးခဲ့ဖူးပေ။ သူ့တစ်သက်တွင် ကျန်းရီနှင့်တိုက်ခိုက်ခဲ့သည့် ရှန်ဝူမြို့မှ တိုက်ပွဲတွင်သာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုတိုက်ပွဲသည် ဖခင်နှင့်သားအကြားမှ တိုက်ပွဲတစ်ခုဖြစ်သည်။ ကျန်းပိုင်လီသည် အင်အားကုန်မသုံးခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်လောက်သည်။
စုလောရွှယ်၏ အစီအစဉ်မှာ ချောမွေ့နေခဲ့သည့်အတွက် ရှားနိုင်ငံသည် အေးအေးဆေးဆေး ဖြစ်နေခဲ့သည်။ ပင်လယ်နတ်ဆိုးသားရဲများသည် ကုန်းပေါ်တက်လာကြပြီး ကုန်းပေါ်တွင် သွားလာနိုင်ကြသည့် မျိုးနွယ်များရှိသော်လည်း ပင်လယ်နတ်ဆိုးသားရဲများသည် ပင်လယ်နတ်ဆိုးသားရဲများသာဖြစ်သည်။ အချိန်အတော်ကြာ ရေထဲမှ ထွက်လာခြင်းသည် သူတို့အား အင်အားကုန်ဆုံးစေလေသည်။
ရှားနိုင်ငံမှ မြို့များသည် ယခင်တည်းက ဖျက်စီးခံထားရပြီး သေဆုံးမှုလည်း များပြားခဲ့သည်။ အရှေ့ဘက်ပင်လယ်ပိုင်းမှ မြို့များတွင်လည်း လူဦးရေအမြောက်အများ မကျန်ခဲ့ပေ။ သူတို့အတွက် မြို့များကို အခွံလွတ်အတိုင်း ချန်ခဲ့၍ မြို့သူမြို့သားများကို ရွှေ့ပြောင်းပေးရန် ရက်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ ပင်လယ်နတ်ဆိုးသားရဲများ ကုန်းပေါ်တွင် ရက်အနည်းငယ် ကုန်ဆုံးပြီး ခြေကုန်လက်ပန်း ကျနေသည့် အချိန်ရောက်မှ ရှားနိုင်ငံသည် အထူးတပ်ဖွဲ့ကို စေလွှတ်၍ အလွယ်တကူ နှိမ်နင်းခဲ့သည်။
ငါးရက်ခန့်ကုန်ဆုံးပြီးနောက်တွင် ရှားတိနှင့် ကျန်းပိုင်လီသတ်ခဲ့သည့် ပင်လယ်နတ်ဆိုးသားရဲဘုရင် သုံးကောင်အပါအဝင် ကုန်းပေါ်တက်လာကြသည့် ပင်လယ်နတ်ဆိုးသားရဲ အရေအတွက်မှာ အနည်းဆုံး တစ်သန်းခန့်ရှိပြီဖြစ်သည်။ နှစ်နိုင်ငံလုံး အထိခိုက်အကျအဆုံး များပြားခဲ့သည်။
ဤသားရဲစီးကြောင်းသည် သမိုင်းတွင်ကြုံခဲ့ဖူးသည့် သားရဲစီးကြောင်းဟူသမျှထက် အဆပေါင်းများစွာ များပြားလေရာ နိုင်ငံနှစ်ခုသည် အကူအညီတောင်းခံလွှာများ အဆတ်မပြတ် ပို့ခဲ့ကြသည်။ ဤသားရဲစီးကြောင်း ပြီးဆုံးရန် အနည်းဆုံးဆယ်ရက်မှ လဝက်အထိ ကြာမြင့်နိုင်သည်ဟု သူတို့ခန့်မှန်းထားကြသည်။ ထိုအချိန်အတောအတွင်း မည်သည့်နိုင်ငံကမှ အကူအညီမပေးလျှင် စစ်တပ်ကြီးနှစ်ခုလုံးသည် တစ်ယောက်မကျန် သုတ်သင်ခံရလိမ့်မည်။
မိုးပြာနဂါးအင်ပါယာသည် နိုင်ငံနှစ်ခုကို ကူညီရန် စစ်တပ်များစေလွှတ်ကြရန် အမိန့်စာထုတ်ခဲ့သည်။ ယခင်ကလိုပင် သူတို့ဘက်မှ စစ်သည်တစ်ဦးတစ်လေတောင် မစေလွှတ်ခဲ့ပေ။
ကျန်နိုင်ငံများမှာလည်း ငြိမ်သက်နေကြသည်။ သင်တန်းကျောင်းသုံးခုနှင့် ဇင်ဘုရားကျောင်းမှသာလျှင် အကူအညီတပ်ဖွဲ့များ စေလွှတ်ပေးခဲ့သည်။ ရွှေယွဲ့လျန်မျှော်စင်ကမူ တပ်ကူလွှတ်မပေးခဲ့ပေ။ သူတို့တွင် ဝင်္ကပါရှိသည်မှာ မှန်သော်လည်း ကြယ်တံခွန်ကျွန်းသို့ မတော်တဆ ရောက်လာသည့် ပင်လယ်နတ်ဆိုးသားရဲအချို့တော့ ရှိသည်သာ။ ထို့ပြင် သူတို့နေရာသည် ပင်လယ်ရေနက်ပိုင်း၊ အန္တရာယ်များသည့် နေရာပင် မဟုတ်ပါလော။
***
ဘန်း...
ကျင်းရှန်နိုင်ငံ၏ အမှောင်တောအုပ် နယ်စပ်တစ်နေရာတွင် မြေပြင်သည် ရုတ်တရက် ပွင့်ထွက်သွားခဲ့သည်။ ထိုနေရာမှ အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး ခေါင်းကိုပါ အနက်ရောင်အဝတ်စ ပတ်ထားသည့် ပုံရိပ်တစ်ခု ထွက်လာခဲ့သည်။ ထိုလူ၏တစ်ကိုယ်လုံးတွင် မသင်္ကာစရာမျက်လုံးတစ်စုံနှင့် အမူအရာကင်းမဲ့သည့် မျက်နှာတစ်ခုသာ ပေါ်လွင်နေခဲ့သည်။
ကျန်းရီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူရောက်နေသောနေရာကို စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် မြေပုံတစ်ခုကို ထုတ်၍ သေချာကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
"ဒီနေရာက ဝိဉာဉ်ပျောက်တောင်ကြားနဲ့ မဝေးတော့ဘူး၊ ငါဒီည ဒီနေရာမှာပဲ အနားယူပြီး တောင်ကြားကို ဝင်ဖို့အတွက် အားယူလိုက်မယ်"
သူသည် နေရာတစ်ဝိုက်ကို လှည့်ပတ်သွားလာလိုက်ပြီး တွေ့သည့် မြစ်ငယ်တစ်စင်းထံမှ ငါးအနည်းငယ်ဖမ်းလိုက်သည်။ ထို့နောက် သူသည် ငါးကင်၍ စားလိုက်ပြီး အနားယူနိုင်ရန်အလို့ငှါ ဂူတစ်ခုအရင်တူးရန် ပြင်ဆင်လိုက်သည်။
ဝှစ်...
ထိုခဏတွင် ကောင်းကင်သည် ရုတ်တရက် တုန်ခါသွားခဲ့ရာ ကျန်းရီ၏မျက်လုံးများ ထက်ရှသွားခဲ့သည်။ အနီရောင်ဓားရှည်တစ်ချောင်းသည် သူ့လက်တစ်ဖက်ထဲတွင် ပေါ်ထွက်လာခဲ့ပြီး ကျန်လက်တစ်ဖက်မှ အစိမ်းရောင် မီးလျှံများ ထွက်ပေါ်လာခဲ့သည်။
"ကျန်းရီ...ငါပါ"
စွဲဆောင်မှုရှိလှသော အသံတစ်ခုနှင့်အတူ အလွန်လှပသော အမျိုးသမီးတစ်ဦးသည် လေထဲတွင် ပေါ်ထွက်လာခဲ့သည်။ သူမသည် အလွန်ချစ်စဖွယ်ကောင်းသော မြေခွေးလေးတစ်ကောင်ကို ရင်တွင် ပွေ့ထားခဲ့သည်။
"ကျီ...ကျီ"
မြေခွေးလေးသည် အနက်ရောင်ဝတ်လူကို မြင်သောအခါ အမျိုးသမီး၏လက်များအတွင်းမှ ခုန်ဆင်း၍ ထိုသူ၏ လက်များအတွင်း ခုန်ဝင်သွားခဲ့သည်။ အနက်ရောင်ဝတ်လူသည် ပြုံး၍ မြေခွေးလေး၏ခေါင်းကို ညင်ညင်သာသာ ပုတ်လိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့၍ အမျိုးသမီးကိုကြည့်ကာ မေးလိုက်သည်။
"နတ်ဆိုးဧကရီ...ကျွန်တော်ဒီရောက်နေတာ ဘယ်လိုသိတာလဲ။ ရှောင်ဖေးကိုပါ ခေါ်လာတယ်ဆိုတော့ တစ်ခုခုဖြစ်ခဲ့တာလား"
နတ်ဆိုးဧကရီသည် ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည်။
"တစ်ခုခု ဖြစ်ခဲ့တာ အမှန်ပဲ။ ရက်နည်းနည်းကြာရင် ငါနယ်မြေက ထွက်သွားတော့မယ်။ ငါထွက်သွားရင် ရှောင်ဖေးကို ကာကွယ်နိုင်မှာ သေချာလားလို့ ဒီဧကရီက မင်းကိုမေးချင်တယ်...မင်း မသေချာဘူးဆိုရင် အရဲစွန့်ပြီး သူမကို ငါနဲ့အတူ ခေါ်သွားရမှာပဲ"
***