အခန်း (၁၆၉)
Vol. 17 Ch. 169
တိဖုန်းသည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ၏ ဝင်းလက်တောက်ပသော သွားဖြူဖြူလေးများပင် ပေါ်ထွက်လာတော့သည်။
သူသည် တိုက်သစ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား အံ့သြတကြီး ရေရွတ်
လိုက်သည်။
"မင်းက တကယ်ပဲ ဝူကျိ ရတနာငါးပါးအကြောင်းကို မသိတာလား။ မင်းက တကယ်ရော ဝူကျိတိုက်ကြီးက လူမှဟုတ်ရဲ့လား"
တကယ်တော့ ငါက ဒီတိုက်က မဟုတ်ပါဘူး လမ်းကြုံလို့ ပဲငံပြာရည် လာဝယ်ရင်း မမျှော်လင့်ဘဲ အခြေချနေထိုင်သူ ဖြစ်သွားတာပါ ဟု ယွင်ရှန်းက သူမ၏ နှုတ်ခမ်းကို စေ့ရင်း စိတ်ထဲမှ ကျိတ်၍ တွေးလိုက်သည်။
တိဖုန်း၏ အထောက်အထားနှင့် ပတ်သက်၍မူ သူမ အံ့ဩမနေတော့ပေ။ တိဖုန်းသည် ရှန်ကျူးတော်ဝင်မျိုးနွယ်ဝင် ဖြစ်နိုင်ကြောင်း ဝမ်ရန်ရွှီက အစောကြီးကတည်းက ပြောဖူးသည်။ သို့သော် သူသည် ရှန်ကျူးနိုင်ငံ၏ မင်းသားတစ်ပါး ဖြစ်နေလိမ့်မည်ဟုမူ သူမ ထင်မထားခဲ့ပေ။
"ဝူကျိ ရတနာငါးပါးဆိုတာက လူတွေမဟုတ်ဘူး... မဟုတ်ပါဘူး အမှန်တော့ သူတို့က လူတွေပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဒီတိုက်ကြီးမှာ ပေါ်ထွက်လာခဲ့တဲ့ အဖိုးတန်ပြီး ပြိုင်ဘက်ကင်းတဲ့ လူငယ်ပါရမီရှင် ငါးယောက်ကို ရည်ညွှန်းတာ။ အဲဒါတွေကတော့...
ပထမရတနာက ထန်ယွမ်နိုင်ငံရဲ့ ဒုတိယမင်းသား လီရှောင်၊ ဒုတိယရတနာက ဖုန်းလိုင်နိုင်ငံရဲ့ ဘုရင်ခံမင်းသား ကျိရုမို၊ တတိယရတနာက ရှန်ကျူးနိုင်ငံရဲ့ တိဖုန်းမျိုးနွယ်စု... ဟီးဟီး အခု မင်းရှေ့မှာရှိနေတဲ့ ငါပေါ့၊ စတုတ္ထရတနာက ဟောက်ချင်နိုင်ငံရဲ့ အိမ်ရှေ့မင်းသား တူကူးရှို့၊ ပဉ္စမရတနာ..."
တိဖုန်း စကားမဆုံးသေးခင်မှာပင် မှောင်မိုက်အိမ်ရှေ့မင်းသား၏ မထီမဲ့မြင် နှာခေါင်းရှုံ့သံကြောင့် စကားပြတ်သွားရသည်။
အပြစ်အနာအဆာကင်းတဲ့ ကျောက်စိမ်းရတနာတွေလိုပဲ... တကယ်ကို အပြစ်ပြောစရာမရှိဘူး ဟု ယွင်ရှန်းက ထိုအမျိုးသားနှစ်ဦးကို ကြည့်ရင်း တွေးလိုက်မိသည်။
ဆွဲဆောင်မှုနှင့် ရုပ်ရည်ကို ပြောရလျှင် ဤနှစ်ဦးကို ခေတ်သစ်ကမ္ဘာသို့ ပို့လိုက်ပါက သေချာပေါက် ပရိသတ်အသည်းစွဲ စူပါစတားများ ဖြစ်ကြပေလိမ့်မည်။ သူတို့၏ မိသားစုနောက်ခံနှင့် ကျင့်ကြံဆင့်တို့ကလည်း နိုင်ငံ၏ အဖိုးတန်ရတနာများဟူသော ဘွဲ့အမည်နှင့် လိုက်ဖက်လှပေသည်။
"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ငါ့ထက်အဆင့်မြင့်တဲ့ တတိယရတနာပါလို့ မောက်မောက်မာမာ ပြောရဲတာလဲ"
အိမ်ရှေ့မင်းသား တူကူးရှို့သည် တိဖုန်း၏ ရှင်းပြချက်အပေါ် အလွန်မကျေမနပ် ဖြစ်နေပုံရပြီး သူ၏ ကိုယ်မှ ပြင်းထန်သော ဖိအားများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ တစ်စက္ကန့်အတွင်း စုပ်ထုတ်ခံလိုက်ရသလို ဖြစ်သွားပြီး ယွင်ရှန်းမှာ ရုတ်တရက် အသက်ရှူရ ခက်ခဲသွားတော့သည်။
ဤမျှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါမျိုးမှာ သွေးပင်လယ်ဝေသည့် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသူမှသာ ထွက်ပေါ်နိုင်ခြင်း ဖြစ်သည်။ တူကူးရှို့ ကျင့်ကြံထားသော တိုက်ပွဲစွမ်းအင်မှာ သေချာပေါက် သတ်ဖြတ်ခြင်းအပေါ် အခြေခံထားပေသည်။
ရုတ်တရက် လေပြေအေးလေးတစ်ခုက ယွင်ရှန်း၏ မျက်နှာကို ဖြတ်တိုက်သွားပြီး အသက်ရှူကျပ်လောက်အောင် ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါကို ဖယ်ရှားပေးလိုက်သည်။ တိဖုန်း၏ ဝင်းလက်သော မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများဖြင့် ယွင်ရှန်းကို ကြည့်လိုက်ပြီး "တူကူးရှို့... အဲဒီအဆင့်သတ်မှတ်ချက်က တစ်လောကလုံး အသိအမှတ်ပြုထားတာပဲ။ မင်းမှာ ဒေါသရှိရင် ငါ့အပေါ်ပဲ ပုံချစမ်းပါ။ ဘာလို့ ဒီမိန်းကလေးကို လာပြီး ဖိအားပေးနေတာလဲ"
တိဖုန်းက အထိမခံဘဲ ကာကွယ်ပေးလိုက်သည်ကို မြင်သောအခါ တူကူးရှို့၏ နက်ရှိုင်းသော မျက်ဝန်းများမှာ ပိုမိုမှောင်မိုက်သွားပြီး "တိဖုန်း... တခြားသူတွေရဲ့ အဆင့်က မွေးသက္ကရာဇ် အစီအစဉ်အတိုင်း သတ်မှတ်တာ ဟုတ်တယ်။ ဒါပေမဲ့ မင်းနဲ့ငါက တစ်ရက်တည်း တစ်လတည်း တစ်နှစ်တည်းမှာ မွေးခဲ့တာလေ။ ဘာလို့ မင်းက ငါ့ရှေ့က ရောက်နေရတာလဲ။ ငါပြောပြီးပြီပဲ... မင်းနဲ့ငါ တကယ့်တိုက်ပွဲမှာ ထိပ်တိုက်မရင်ဆိုင်ရသေးသရွေ့ ဘယ်သူ့ရှေ့မှာမှ မင်းကိုယ်မင်း ဝူကျိရတနာတွေထဲမှာ တတိယမြောက်ပါလို့ မပြောနဲ့"
ယွင်ရှန်းသည် အခြေအနေအရပ်ရပ်ကို သဘောပေါက်နားလည်သွားခဲ့သည်။
ဂုဏ်မောက်လှသော မင်းသားနှစ်ပါး တစ်ဦးနှင့်တစ်ဦး အဆင်မပြေဖြစ်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ဝူကျိ ရတနာငါးပါး အဆင့်သတ်မှတ်ချက်နှင့် ပတ်သက်၍ အငြင်းပွားနေကြခြင်းကြောင့်သာ ဖြစ်သည်။ မှောင်မိုက်အိမ်ရှေ့မင်းသားသည် တိဖုန်းကို တိုက်ရိုက်စိန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းပင်။
"အစွမ်းထက်တဲ့သူက အဆင့်ပိုမြင့်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲ။ မင်းက အဲဒီလောက်တောင် စိန်ခေါ်ချင်နေတယ်ဆိုရင် ရှာဝန်ရွှီကို သွားစိန်ခေါ်ပါလား"
တိဖုန်းက ဒေါသတကြီး ပြန်လည်တုံ့ပြန်လိုက်သည်။ သူသည် ယွင်ရှန်းနှင့် စကားလက်ဆုံကျနေစဉ်အတွင်း ကြားဖြတ်နှောင့်ယှက်ကာ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်နေသော တူကူးရှို့ကို အလွန်အမင်း စိတ်ပျက်နေမိသည်။
"ရှာဝန်ရွှီကလည်း ဝူကျိ ရတနာငါးပါးထဲမှာ ပါဝင်နေတာလား။ ဝူကျိ ရတနာငါးပါးရဲ့ နောက်ဆုံးတစ်ယောက်က မဟာကျိုးနိုင်ငံရဲ့ အိမ်ရှေ့မင်းသား ဖြစ်ရမှာ မဟုတ်ဘူးလား"
ရှာဝန်ရွှီ၏ အမည်ကို ကြားလိုက်ရချိန်တွင် ယွင်ရှန်းက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။ တိဖုန်း၏ ပြောစကားများအရ နောက်ဆုံးအဆင့်တွင် မဟာကျိုးနိုင်ငံမှ တစ်ဦးဦး ပါဝင်လိမ့်မည်ဟု သူမ ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
"မဟာကျိုးနိုင်ငံရဲ့ အိမ်ရှေ့မင်းသား ဟုတ်လား။ အဲဒီလို အသုံးမကျတဲ့သူမျိုးက ငါတို့နဲ့ တန်းတူအဆင့်မှာ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ"
တိဖုန်းက မထီမဲ့မြင် ပြုလျက် ပြောလိုက်သည်။ သူ၏ တုံ့ပြန်မှုမှာလည်း အံ့ဩစရာ မဟုတ်ပေ။
တော်ဝင်မှော်အကယ်ဒမီတွင် ရှိခဲ့စဉ်က မဟာကျိုးနိုင်ငံ၏ အိမ်ရှေ့မင်းသား ယီပိုင်လျန်မှာ နံပါတ်တစ်အဖြစ် ကျော်ကြားခဲ့သော်လည်း သူသည် သာမန်မှော်ညွှန်ကြားရေးမှူးအဆင့်သာ ရှိသည်။ တိဖုန်းနှင့် အိမ်ရှေ့မင်းသား တူကူးရှို့တို့ကဲ့သို့သော ပုဂ္ဂိုလ်များနှင့် ယှဉ်လိုက်လျှင် ကျင့်ကြံဆင့်သာမက ရုပ်ရည်နှင့် အရှိန်အဝါပိုင်းတွင်ပါ ယီပိုင်လျန်မှာ အဆပေါင်းများစွာ နောက်ကျကျန်ရစ်နေခဲ့သည်။
မှော်ဘုရားကျောင်းမှ ရှာဝန်ရွှီမှာမူ အခြားလေးဦးကဲ့သို့ မြင့်မြတ်သော မျိုးရိုးမရှိသော်လည်း သူ၏ ထူးခြားပြောင်မြောက်လှသော မှော်ပါရမီနှင့် မှော်ဘုရားကျောင်း၏ ဩဇာအာဏာတို့ကြောင့် အသုံးမကျသော မဟာကျိုးအိမ်ရှေ့မင်းသား၏ နေရာကို အစားထိုးကာ ပဉ္စမမြောက် ရတနာဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဝူကျိ ရတနာငါးပါး၏ အစီအစဉ်မှာ သူတို့၏ ကျော်ကြားမှုနှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားခြင်း ဖြစ်သည်။ ထန်ယွမ်နိုင်ငံမှ လီရှောင်မှာ အသက် ၁၉ နှစ်ဖြင့် အကြီးဆုံးဖြစ်ပြီး ရှာဝန်ရွှီမှာမူ အသက် ၁၅ နှစ်ဝန်းကျင်ဖြင့် အငယ်ဆုံးဖြစ်သည်။ တူကူးရှို့နှင့် တိဖုန်းတို့မှာမူ အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်ဝန်းကျင်များ ဖြစ်ကြပြီး မွေးရက်ချင်း တူညီနေကြသော်လည်း တိဖုန်းမှာ တူကူးရှို့၏ ရှေ့တွင် အဆင့်သတ်မှတ်ခြင်း ခံခဲ့ရသည်။
ရတနာငါးပါးထဲတွင် မည်သူက အစွမ်းအထက်ဆုံးလဲဆိုသည်မှာ တိုက်ကြီးတစ်ခုလုံးတွင် အငြင်းပွားစရာ ဖြစ်နေသော်လည်း ရှာဝန်ရွှီ၏ စွမ်းအားမှာမူ ထိပ်တန်းသုံးယောက်စာရင်းဝင်ဖြစ်ကြောင်း အားလုံးက လက်ခံထားကြသည်။
"လော်လီမလေး... မင်းက ရှာဝန်ရွှီကိုတော့ သိပြီး ငါ့ကိုကျတော့ ဘာလို့ မသိရတာလဲ"
တိဖုန်းက မကျေမနပ် ဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။
ရှန်ကျူးနိုင်ငံ၏ တိဖုန်းမင်းသားအဖြစ် မွေးဖွားလာသူဖြစ်ရာ သူသည် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံထားရသူဟု ယူဆထားပြီး ရှာဝန်ရွှီကို အရေးတယူ လုပ်လေ့မရှိပေ။ တိဖုန်းသည် ကလေးတစ်ယောက်ကဲ့သို့ပင် စိတ်အလိုလိုက်တတ်သူဖြစ်ပြီး အကြိုက်နှင့် မကြိုက်သည်မှာ အလွန်ပြတ်သားလှသည်။ ယွင်ရှန်းကို ပြုံးပြုံးရွှင်ရွှင် စကားပြောဆိုနေခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ မျက်နှာမှာ စိတ်ပျက်အားလျော့မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ယွင်ရှန်းနှင့် ရှာဝန်ရွှီတို့၏ ရင်းနှီးကျွမ်းဝင်မှုမှာ တိဖုန်းအတွက် အကြောင်းပြချက်မရှိဘဲ စိတ်မသက်မသာ ဖြစ်စရာ ဖြစ်လာခဲ့သည်။
"တော်တော့... တိုက်မှာလား မတိုက်ဘူးလား"
မှောင်မိုက်အိမ်ရှေ့မင်းသားသည် တိဖုန်း၏ အဓိပ္ပာယ်မရှိသော စကားများကို ဆက်လက်နားထောင်ရန် စိတ်ရှည်ခြင်း မရှိတော့ပေ။ လွန်ခဲ့သော ငါးနှစ်ခန့်က ဝူကျိ ရတနာငါးပါး ဟူသော ဘွဲ့အမည်များ ပေါ်ထွက်လာကတည်းက အဆင့်သတ်မှတ်ချက်အပေါ် မကျေနပ်မှုကြောင့် အိမ်ရှေ့မင်းသား တူကူးရှို့သည် တိဖုန်းနောက်သို့ တစ်တိုက်လုံးအနှံ့ မနားမနေ လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်သည်။
ကံဆိုးစွာဖြင့် တိဖုန်းမှာ အသွားအလာ အလွန်လျှို့ဝှက်ပြီး ရှန်ကျူးနိုင်ငံမှ ထွက်ခွာခဲလှသည်။ သူတို့နှစ်ဦး ဆုံတွေ့ခဲ့သည့် အကြိမ်အနည်းငယ်တွင်လည်း တိဖုန်းသည် သူ၏ ထူးခြားဆန်းပြားသော လေနတ်သူငယ် လှုပ်ရှားမှုနည်းဗျူဟာကို အသုံးပြု၍ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးတိမ်းရှောင်သွားလေ့ရှိသဖြင့် တူကူးရှို့မှာ အမိအရ မဖမ်းဆီးနိုင်ခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ အဆင့် B အကဲဖြတ်ပွဲအတွင်း ဟေးဆန်းမှာ တိဖုန်း၏ ကျောက်ခဲဖြင့် အပစ်ခံလိုက်ရပြီး ထိုကျောက်ခဲတွင် မှော်အငွေ့အသက်အချို့ ကျန်ရှိနေခဲ့ခြင်းကြောင့်သာ မှောင်မိုက်အိမ်ရှေ့မင်းသားမှာ ခြေရာခံလျက် ဤနေရာသို့ ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။
"တိုက်မှာပေါ့ သေချာပေါက် တိုက်မှာ။ ဒါပေမဲ့ မတိုက်ခင်မှာ ငါ့ကို အရင်မိအောင် လိုက်ကြည့်ဦးလေ"
တိဖုန်းက ပါးနပ်စွာ ပြုံးလိုက်ရင်း ယွင်ရှန်း၏ သွယ်လျသော ခါးလေးကို ရုတ်တရက် ဖက်
တွယ်လိုက်သည်။ သူ၏ ကျောပြင်တွင် မြစိမ်းရောင် လေတောင်ပံတစ်စုံ ပေါ်ထွက်လာပြီး သူ၏ သွယ်လျသော ခြေတံများဖြင့် မြေပြင်ကို အားပြုကာ ကောင်းကင်ယံသို့ ဝုန်းခနဲ ပျံတက်သွားတော့သည်။
အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ရလျှင် တိဖုန်းသည် မှောင်မိုက်အိမ်ရှေ့မင်းသားထက် အစွမ်းမသာနိုင်သော်လည်းထွက်ပြေးသည့်နေရာတွင်မူ နိုင်ငံကြီးများရှိ ဝါရင့်ပညာရှင်ကြီးအချို့မှလွဲ၍ လူငယ်မျိုးဆက်သစ်များအကြား တိဖုန်းကို ယှဉ်နိုင်သူ မရှိသလောက်ပင်။ ထို့ကြောင့်လည်း တူကူးရှို့သည် ငါးနှစ်၊ ခြောက်နှစ်တိုင်တိုင် တိဖုန်းကို အမိအရ မဖမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ အိမ်ရှေ့မင်းသားသည် ကြိုတင်ပြင်ဆင်လာခဲ့ပုံရသည်။
"ဒီနည်းဟောင်းကြီးပဲလား။ ဒီတစ်ခါတော့ မင်းကို လွတ်ခွင့်ပေးမယ်လို့ ထင်နေတာလား"
အိမ်ရှေ့မင်းသား၏ မျက်မှောင်မှာ တင်းကျပ်စွာ ကြုတ်သွားပြီး သူ၏ ချီလင်စစ်ချပ်ဝတ်တန်ဆာမှာလည်း အချင်းချင်း ထိခိုက်သံများ ထွက်ပေါ်လာသည်။ သူသည် တိမ်တိုက်များကို နင်းလျှောက်နေသကဲ့သို့ အလွန်လျှင်မြန်သော အရှိန်ဖြင့် တိဖုန်းနောက်သို့ ထပ်ကြပ်မကွာ လိုက်လံတော့သည်။
အကယ်၍ တိဖုန်းတစ်ဦးတည်းသာဆိုလျှင် တူကူးရှို့မှာ လိုက်မီရန် ခက်ခဲနိုင်သော်လည်း ယခုအခါ တိဖုန်းသည် ယွင်ရှန်းကိုပါ ပွေ့ချီထားရသဖြင့် သူ၏ လှုပ်ရှားမှုမှာ အနည်းငယ် နှေးကွေးသွားခဲ့ရသည်။
ရှေ့မှ တိဖုန်းနှင့် နောက်မှ မှောင်မိုက်အိမ်ရှေ့မင်းသား... သူတို့နှစ်ဦးလုံးမှာ လူငယ်မျိုးဆက်သစ်များထဲတွင် ထိပ်တန်းအဆင့်ရှိသူများ ဖြစ်ကြသည်။ တောက်ယဲ့တောင်၏ လမ်းမများပေါ်တွင် လူရိပ်နှစ်ခုမှာ လျှပ်စီးတန်းသဖွယ် ဖြတ်သန်းသွားသဖြင့် မုဆိုးများမှာ ပုံရိပ်အချို့ကိုသာ မသဲမကွဲ မြင်လိုက်ရတော့သည်။
"အဲဒါ ဘယ်သူတွေလဲ။ လှုပ်ရှားမှုက တကယ်ကို မြန်လွန်းတာပဲ"
သူတို့ရရှိလိုက်သည့် အဖြေမှာ ဝေဝါးနေသော အရိပ်များသာ ဖြစ်သည်။ မြို့အတွင်း ရှုပ်ထွေးနေသည်ကို မြင်သောအခါ တိဖုန်းသည် ယွင်ရှန်းကို လွှတ်မပေးဘဲ မြို့ပြင်ဘက်သို့ ဦးတည်၍ အရှိန်ကုန် မောင်းနှင်သွားတော့သည်။