← Chapters

လင်းမိသားစုက ဘယ်တော့မှ သူများ လက်အောက်ခံ ဖြစ်လာမှာ မဟုတ်ဘူး

Vol. 154 Ch. 2256

လင်းမိသားစုက ဘယ်တော့မှ သူများ လက်အောက်ခံ ဖြစ်လာမှာ မဟုတ်ဘူး

Vol. 154 Ch. 2256

လုပေချိန်၏ စကားကို ကြားတော့ လျန်ရူရွှယ်မှာ အံ့အားတကြီး အမူအရာဖြင့် လင်းရီကို လှည့်ကြည့်မိလိုက်၏။ ကောင်စုတ်က ယခုလို ရှက်ဖို့ ကောင်းသည့် ကိစ္စကို ပြုထားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

လင်းရီလည်း အနည်းငယ် ကိုးရို့ကားယား နိုင်သလို ခံစားသွားခဲ့ရ၏။

“ အဘိုးကြီး … ခင်များက တကယ့်ကို သစ္စာဖောက်တာပဲ … ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို ဘာလို့ အကုန် လျှောက်ပြောနေရတာလဲ …. သူများတွေ ပြောကြတာ လက်ဆောင်ဆိုတာက ရင်းနှီးမှုကို ပြသတဲ့ သင်္ကေတတစ်ခု သပ်သပ်ပဲလေ … ကျွန်တော်လည်း အရင်တစ်ခေါက်တုန်းက အလျင်လိုနေတာနဲ့ ဘာမှ သိပ်မဝယ်ခဲ့လိုက်ရဘူး … အဲ့တာကို နှစ်ကူးရောက်တဲ့အထိ ခင်များက တေးထားနေတုန်းပေါ့ …”

လင်းရီ မကျေမနပ်ဖြစ်စွာ စောဒကတက်လိုက်သည်။ “ ပြီးတော့ ခင်များဖို့ဆိုပြီး ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အသီးတွေ ၊ ဟင်းသီးဟင်းရွက်တွေ အများကြီး ယူလာခဲ့ပေးတယ် မဟုတ်ဘူးလား … ကျွန်တော်ကပဲ စေတနာမပါသလို လုပ်မနေစမ်းပါနဲ့ ….”

“ ကဲ ကဲ ရပြီ … ဝင်ခဲ့ကြတော့ …” လုပေချိန် ပြောလိုက်ပြီး “ ငါသာ စိတ်ထဲ ထားနေရင် မင်းကို အိမ်ထဲတောင် ပေးမဝင်ဘူး ဟေ့ကောင် ….”

လျန်ရူရွှယ်က လင်းရီကို အထင်သေးသည့် အကြည့်တို့ဖြင့် အများကြီး ကြည့်ပေးလိုက်၏။

ဟွာရှ တစ်ခုလုံးတွင် လင်းရီ တစ်ဦးတည်းသာ လုပေချိန်ကို ထိုသို့‌ ပြောဆို ဆက်ဆံဝံ့လိမ့်မည်။

အခြားသူများမှာ လက်ဆောင်ပေးဖို့ အခွင့်အရေး မရှိသဖြင့် ညည်းတွားနေကြရသော်လည်း သူကတော့ နွားနို့တစ်ဘူးနှင့် ချယ်ရီသီး တစ်ဖာတည်းသာ ယူလာခဲ့ပေးသည်ဆိုပင်။ ယင်းက လူနားလည်နိုင်သည်ထက်ကို ကျော်လွန်နေပြီး ဖြစ်သည်။

နှစ်ယောက်မှာ စုန့်ယွီကျန်း၏ အိမ်သို့ ဖိတ်ခေါ်ခြင်းကို ခံလိုက်ရ၏။ “ သားနဲ့ သမီး နှစ်ယောက်လုံး .... ဒီနေ့တော့ ပြန်ဖို့ အလျင်မလိုရဘူးနော်… နေ့လည်စာ စားပြီးမှ စကားပြောကြမယ် …”

“ ဒါဆိုလည်း သမီးတို့တွေ ယဉ်ကျေးမနေတော့ဘူးနော်…”

လျန်ရူရွှယ်က သူမ၏ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး စုန့်ယွီကျန်းနှင့်အတူ ထိုင်ချလိုက်သည်။ ပြီးနောက် ရေနွေးကြမ်းသောက်ရင်း အချင်းချင်း တီးတိုးစကား ပြောဆိုနေကြ၏။

ထိုအချိန်တွင် လင်းရီနှင့် လုပေချိန်တို့က ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်၏။

လင်းရီက သူ့အတွက်သူ တစ်ခွက်ငှဲ့ပြီး သက်တောင့်သက်သာ ရှိရှိ တစ်ကျိုက်မော့လိုက်၏။

“ ရန်ကျင်းမှာ အခြေအနေတွေ ဘယ်လို ရှိလဲ အကြီးအကဲလု … သူတို့အကုန်လုံး အခုလောက်ဆို ဆင်ဆင်ခြင်ခြင်နဲ့ နေကြရောပေါ့ …”

“ ဖန့်ချိန်ကုန်သည်ကြီးများ အသင်း ပြိုလဲသွားကတည်းက ရန်ကျင်းက မိသားစုတွေ အကုန် တော်တော်များများ ငြိမ်ကုန်ကြတယ် …” လုပေချိန် သက်ပြင်းချလိုက်ပြီး “ ဒါပေမယ့် ငါ့အတွက်တော့ အရေးမကြီးတော့ပါဘူး …. ဒီအခြေအနေ ရောက်ပြီဆိုတော့ ပြောရရင် အကန့်အသတ်ကို ရောက်နေပြီ …. ငါ စိတ်ပူနေရမယ့် အရေးကိစ္စတွေ မဟုတ်တော့ဘူးလေ …”

“ ဒါပေမယ့် ကျွန်တော်လည်း အခြေအနေတွေက အတော်လေး အေးချမ်းနေတယ်လို့ ခံစားနေရတယ် …” လင်းရီက အခါးရည် တစ်ကျိုက် သောက်ရင်း သူ့အတွေး စိတ်ကူးများကို ဝေမျှလိုက်သည်။ “ ခင်များက အသင်း ၄ တစ်ခုလုံးကို ဖျက်သိမ်းလိုက်ကတည်းက ကျွန်တော်လည်း ဒီကိစ္စကို အတော်လေး စိတ်ပူနေတာ … သူတို့တွေ ပြဿနာ ရှာလာမှာကို စိုးရိမ်တာက အဓိကပေါ့ … နောက်ကွယ်မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ အများကြီး ပြဿနာ ရှာနေကြတယ်ဆိုပေမယ့် ကျွန်တော် စိတ်ကူးထားတာထက်တော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြသားပဲ ….”

“ လေက အခု ငြိမ်သလို ရှိတယ် … ဒါပေမယ့် သူတို့တွေ ကြံမိကြံရာ လုပ်လာနိုင်တယ်လို့ရော မင်း မထင်ဘူးလား ….” လုပေချိန် အပြုံးလေးဖြင့် မေးလိုက်၏။

“ ထင်တာပေါ့ …”

“ မင်း ထင်တာလည်း မမှားပါဘူး …” လုပေချိန်က တစ်ချက် ညည်းညူလိုက်ရင်း “ ဒါပေမယ့် သူတို့မှာ တခြားတံခါးပေါက်တစ်ခု ရှိသေးတယ် … ဒါကြောင့်မို့ သူတို့ရဲ့ လုပ်ရပ်တွေက မင်း စိတ်ကူးထားသလောက် အစွန်းမရောက်တာပဲ …”

“ နောက်ထပ် တံခါးပေါက် တစ်ခု ရှိနေသေးတာလား …” လင်းရီ မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ဒီဖြစ်ရပ်က ဖိအားနဲ့ဆိုရင် သူတို့တွေ အဆုံးသတ်သွားသင့်တာပါ … တိုးတက်အောင် လုပ်လို့ရမယ့် တခြား အခန်းကဏ္ဍတွေလည်း မရှိတော့တဲ့ ကြားထဲက ဘယ်လိုဖြစ်ပြီး တခြား တံခါးပေါက် တစ်ခု ရှိနေနိုင်မှာ ….”

“ ပြည်တွင်းမှာတော့ အခွင့်အရေး မရှိတာ ဟုတ်တယ် … ဒါပေမယ့် နိုင်ငံခြား သွားလို့ရတယ်လေ … ကျိုးမိသားစုက ပြီးပြည့်စုံတဲ့ ဥပမာကောင်းပဲ …” လုပေချိန် ရှင်းပြလိုက်ပြီး “ သူတို့က ကိုယ်ပိုင် ခွန်အား တိုးမြင့်ဖို့အတွက် ဖရီးမေဆင်နဲ့ E အဆင့် ဗီဇဆေးရည်ကို အလဲအလှယ် လုပ်နေတယ် … နိုင်ငံခြားမှာ ကြီးထွားအောင် လုပ်နိုင်မယ့် နေရာတစ်ခုကို အာမခံ လုပ်ထားရင်းပေါ့ … အဲ့ခါကျရင် ပြည်တွင်းဆိုတာ သူတို့အတွက် မရှိလည်း ဖြစ်တဲ့ နေရာဖြစ်သွားပြီ …..”

“ နိုင်ငံခြားမှာ ကြီးထွားအောင်လုပ်မယ် …”

လင်းရီ ရေရွတ်လိုက်ရင်း လုပေချိန်၏ စကားက သူ့ကို လှုပ်နိုးလိုက်သကဲ့သို့ပင်။ အကြောင်းမူကား ၊ ဤသည်က တကယ့်ကို အတိုင်းအတာ တစ်ခုလောက်အထိ ရှင်သန်နိုင်မည့် အလားအလာရှိသည့် လမ်းတစ်ခု ဖြစ်နေသောကြောင့်ပင်။

“ ငါ့အထင် … နောက်ပိုင်းမှာ ဒီမိသားစုတွေက အတူစုဖွဲ့ပြီး နိုင်ငံခြားမှာ မဟာမိတ်ဖွဲ့ရင်း နိုင်ငံအသေးလေး တစ်ခုမှာ အခြေချမယ် … ပြီးရင် ဖရီးမေဆင်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ကြလိမ့်မယ် …”

“ အဲ့လိုဆိုလည်း ကောင်းတာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ပန်းသီးပုပ်တွေ တစ်လုံးလျော့တော့လည်း တစ်လုံးပဲလေ … တိုင်းပြည် အေးချမ်းတာပေါ့ …”

“ သူတို့ ထွက်သွားနိုင်မှာ မဟုတ်ဘူး …” လုပေချိန်က မမှုသည့် လေသံ အရိပ်အယောင်ဖြင့် “ သူတို့မိသားစုတွေ ပိုင်ဆိုင်ထားတဲ့ ကြွယ်ဝမှုတွေက မင်းထင်ထားတာထက် ပိုတယ် … တကယ်လို့ ဒီငွေတွေ အကုန်လုံးကို လွှဲပြောင်းလိုက်မယ်ဆိုရင် ဟွာရှအတွက် ဆုံးရှုံးမှုကြီး ဖြစ်သွားမှာ … ဒီတော့ သူတို့ ထွက်သွားချင် ထွက်သွားလို့ရတယ် …. ငွေတွေကိုတော့ ချန်ထားခဲ့ …”

ဤစကားကြားတော့ လင်းရီသည် လုပေချိန်၏ အစီအစဉ်ကို သဘောပေါက်သွားခဲ့သည်။

ယခင်နှစ်က နိုင်ငံခြားတွင် အရူးအမူး ရင်းနှီး မြုပ်နှံပြီးနောက် အာဏာပိုင်တို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မိရင်း ကြီးလေးစွာ အရေးယူခံလိုက်ရသည့် လောင်ဝမ်ကဲ့သို့ပင်။

လင်းရီ နားလည်သွားခဲ့၏။ “ ဒါဆိုအခု အကြီးအကဲက အရင်နည်းလမ်းအတိုင်း လုပ်ဖို့ ကြံရွယ်နေတယ်ပေါ့ … လူတော့ ထွက်သွားလို့ရမယ် … ငွေကတော့ နေရစ်ခဲ့ရမယ် …”

“ အခုရော ဘယ်မိသားစုက အဲ့လို ထွက်သွားချင်တဲ့ အရိပ်အယောင်တွေ ပြနေပြီလဲ ….”

“ အခုထိတော့ တိတိကျကျ မမြင်ရသေးဘူး … ဒါပေမယ့် သူတို့တွေ အကုန်လုံး ဂနာမငြိမ် ဖြစ်နေလောက်ပြီလို့ ငါထင်တယ် …” လုပေချိန် ပြောလိုက်ပြီး “ မင်း စုံစမ်းနေတဲ့ ကျိုးမိသားစုက အရင်ဆုံး ဦးဆောင်လာလောက်တယ် … တကယ်လို့ သူတို့တွေသာ အောင်မြင်သွားခဲ့ရင် တခြားမိသားစုတွေလည်း ပါလာမှာပဲ ….”

“ ဆိုတော့ ……. “

လင်းရီ စကားဆက်ပေးလိုက်သည်။ “ ဆိုတော့ … ကျွန်တော်တို့တွေ ကျိုးမိသားစုကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ လိုတယ် … ဦးဆောင်နေတဲ့ ငှက်ခေါင်းကို နာနာလေး ထုပေးလိုက်ရင် ကျန်တဲ့‌ နောက်လိုက်တွေလည်း ပျက်စီးသွားမှာပဲ …”

လုပေချိန် ခေါင်းညိတ်လိုက်သည်။ “ ကျုံးဝေ့တပ်ဖွဲ့ကို ဒီကိစ္စ စေ့စေ့ပေါက်ပေါက် စုံစမ်းဖို့ ငါ့ဘက်က အမိန့်ပေးထားပြီးသား … အချိန်ကျလာရင် အဲ့ကိစ္စကို သေချာကိုင်တွယ်ရမယ် … ဒီလူ‌တွေကို ရိုက်မချပေးဘူးဆိုရင် သူတို့ လုပ်ချင်တိုင်း လုပ်လို့ ရတယ် ထင်နေကြမှာ …”

“ စိတ်ချထားလိုက် … ကျွန်တော် ဒီကိစ္စကို သေချာ ရှင်းရှင်းလင်းလင်း ကိုင်တွယ်မယ်လို့ အာမခံတယ် …”

လုပေချိန် ထပ်မံ၍ ခေါင်းညိတ်ပြလိုက်ပြီး မီးဖိုချောင်သို့ တစ်ချက် ကြည့်လိုက်သည်။

လျန်ရူရွယ်နှင့် သူ့ အိမ်ရှင်မက မီးဖိုချောင်ဘက်တွင် နေ့လည်စာအတွက် ဟင်းသီးဟင်းရွက်များ ပြင်ဆင်ရင်း ရယ်ရယ်မောမောနှင့် စကားပြောဆိုနေသည်ကို မြင်တွေ့လိုက်ရလေသည်။ သူမတို့ ကြည့်ရသည်မှာ သူတို့ စကားဝိုင်းကို သတိမမူမိသည့်ပုံပင်။

“ လင်းမိသားစုရော ကျိုးဟိုင်မှာ ဘယ်လိုနေသေးလဲ … မင်းရော ကျုံးဝေ့တပ်ဖွဲ့ရဲ့ အလုပ်တွေကို ပုံမှန်အတိုင်း လုပ်နိုင်နေသေးရဲ့လား ….”

“ ခင်များ ဘယ်လိုဖြစ်ပြီး အကုန်လုံး လိုက်သိနေရတာ … ကျွန်တော့်အိမ်မှာ ကင်မရာများ တပ်ထားသေးလား …”

“ မင်းရဲ့ ပြဿနာလေးတွေကို ငါက မသိရင်ခက်မယ် …” လုပေချိန် မှတ်ချက်ပေးလိုက်ပြီး “ မင်းရဲ့ တခြားကိစ္စတွေကိုတော့ ငါ ဝင်မစွက်ဘူး … ဒါပေမယ့် မီလိ … ၊ အဲ့ကောင်မလေးက ငါ့လက်ဝါးပေါ်မှာ ကြီးလာတာကွ … သူ့ကို ကောင်းကောင်းဆက်ဆံ … မဟုတ်ရင် နောင်ကျ အဲ့ အဘိုးကြီးကို ငါ ရှင်းပြချက် ပေးနိုင်မှာ မဟုတ်ဘူး ….”

“ မပူစမ်းပါနဲ့ဗျာ … ကျွန်တော် ကိုယ်လုပ်နေတဲ့ အလုပ်ကို သိပါတယ် ….”

“ ဒါဆိုလည်း အသင့်ပြင်တော့ … နှစ်သစ်ကူးပြီးရင် ကျွန်းပေါ် တက်ရမယ့် မစ်ရှင် တစ်ခု ရှိလိမ့်မယ် … အရင်ဆုံး ကျွန်းနဲ့ မင်းကိုယ်မင်း ရင်းနှီးအောင် လုပ်ထား … မစ်ရှင်လုပ်ရမယ့် အချိန်ကျရင် ဘာလုပ်ရမှန်း မသိ လမ်းပျောက်နေဦးမယ် …”

“ ကျွန်တော့်ဘက်ကတော့ အချိန်မရွေး အသင့်ပဲ …”

“ ဒါပေမယ့် မစ်ရှင်ကိုတော့ လျှော့လျှော့ပေါ့ပေါ့လေး စီစဉ်ပေးဦးနော်… ကျွန်တော်သာ အဲ့မှာ သေသွားခဲ့ရင် သူတစ်ယောက်တည်း မုဆိုးမ ဖြစ်နေရလိမ့်မယ် … အဲ့ခါကျရင် ခင်များလည်း သူ့အဘိုးကို မျက်နှာပြဝံ့လိမ့်မယ် မထင်နဲ့ …”

“ မင်းကောင်စုတ်လေး … အခုတော့ ငါ့ကိုတောင် အမိန့်တွေ လာပေးနေပြီပေါ့ …”

“ ကျွန်တော်က ဒီတိုင်း အမှန်တရားတွေ ပြောပြနေရုံပါပဲ … ဘယ်သူကရော သူတို့ရဲ့ ကြင်သူသက်ထားနဲ့ အေးဆေး တည်ငြိမ်တဲ့ ဘဝကို မလိုချင်ကြလို့ ….”

“ ထုထောင်းတာတွေ မခံရဘူးဆိုရင် လူက ဘယ်တော့မှ သံမဏိ မဖြစ်နိုင်ဘူးကွ ….”

လုပေချိန်က လင်းရီကို မျက်လုံးလှိမ့်ပြပြီး လက်ဖက်ရည်ခွက်ကို လက်ထဲ ကိုင်လျက် “ ဒီရဲ့ခွက်က အပူချိန် ဒီဂရီ သောင်းဂဏန်းရှိတဲ့ မီးဖိုထဲ ထည့်ဖုတ်ပြီးတော့မှ သန်းနဲ့ချီ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခု ဖြစ်လာခဲ့တာ … မင်းက ခက်ခဲမှုတွေကို မရင်ဆိုင်ဘူးဆိုရင် မင်းရဲ့ ဘဝကြီးကလည်း ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေလိမ့်မယ် …”

“ အင်း … အဲ့တာလည်း ဆိုးတော့မဆိုးပါဘူး … စားဝတ်နေရေး ကိစ္စ ပူစရာ မလိုဘူးလေ …” လင်းရီ ရယ်မောလိုက်၏။

“ မင်း တကယ်ပဲ အဲ့လို ဆန္ဒရှိတယ်ဆိုရင် ငါမင်းကို ထွက်သွားခွင့် ပြုလိုက်မယ် …” လုပေချိန်က လင်းရီကို ပြုံးလျက် ကြည့်လိုက်ပြီး “ မင်း တကယ်ပဲ ထွက်သွားနိုင်မှာလား …”

“ ကျွန်တော်ကရော တကယ်ပဲ ထွက်မသွားချင်ဘူးလို့ ခင်များကရော သေချာရဲံလား …”

“ မင်း ထွက်သွားရင်တောင် ရလဒ်က တူညီနေဦးမှာပဲ … မင်းလုပ်သင့်တဲ့ ကိစ္စကို လုပ်ရမှာပဲ …” ပြောရင်းဖြင့် လုပေချိန် ရုတ်တရက် စကားရပ်တန့်သွားခဲ့သည်။ သူ့မျက်ဝန်းတို့က တစ်စုံတစ်ရာ စဉ်းစားတွေးတောမိသွားသည့်နှယ် ကျုံ့ဝင်သွားခဲ့ပြီး “ မင်းတို့ လင်းမိသားစုက ဘယ်တော့မှ သူများကို အညံ့ခံမှာ မဟုတ်ဘူး …”

All Chapters