အရင်အချိန်တွေ
Vol. 154 Ch. 2257
တူညီသည့် စကားလုံး၊ မတူကွဲပြားသည့် လူတို့၏ နှုတ်မှ ဆင်းသက်လာချိန်တွင် မတူကွဲပြားသည့် အာဏာပါဝါ အလေးချိန်တို့ကို သယ်ဆောင်လာတတ်သည်။
လင်းရီမှာ လုပေချိန်၏ နှုတ်မှ ဤသို့သော စကားလုံးမျိုးကို ကြားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့သောကြောင့်ပင်။
ဘာကြောင့်ဆိုတော့ သူကဲ့သို့သော လူစားကလည်း အခြားသူများကို ဘယ်တော့မှ ဦးမညွှတ်မည့် လူစားမျိုး ဖြစ်နေသောကြောင့်ပင်။
“ အကြီးအကဲက ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ … ကျွန်တော်နဲ့ ကျွန်တော့်အဖေ နှစ်ယောက်ပေါင်းလိုက်ရင်တောင် အကြီးအကဲလောက်တော့ အံ့ဩဖို့မကောင်းသေးပါဘူး … ကျွန်တော်တို့ကလည်း အကြီးအကဲ ထင်နေသလောက် အံ့အားသင့်ဖို့ ကောင်းမနေပါဘူး … လင်းမိသားစုအကြောင်းကို ချဲ့ကားပြီး မပြောကြစို့ ဟုတ်ပြီလား …”
“ ငါ့ဒီဥစ္စာက ဘာဟုတ်သေးလို့လဲကွာ ….” လုပေချိန်က သူ့ကိုယ်သူ ရယ်မောနေသည့်နှယ် ပြောလိုက်ရင်း “ မင်းအဖေနဲ့ မင်းအဘိုးကမှ တကယ့်ကို မနာလိုချင်စရာကောင်းတဲ့ ဘဝတွေနဲ့ နေခဲ့ရတဲ့ကောင်တွေ …. အခု ငါ့လက်ထဲမှာ ရှိနေတဲ့ အင်အားနဲ့ လွတ်လပ်မှုကို သူတို့က ပိုပြီး ပိုင်ဆိုင်ခဲ့ကြတဲ့သူတွေ …”
လင်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့၏။
“ အကြီးအကဲက ကျွန်တော့်အဘိုးကို သိတယ်ပေါ့ ….”
ဤသတင်းက လင်းရီ၏ နားထဲတွင် ပေါက်ကွဲထွက်သွားခဲ့၏။
“ အင်း …. ငါ သူနဲ့ သိတယ် … အဲ့ဒီတုန်းက မင်းအဘိုးက ပြင်ပ အင်အားစုက … ပြီးတော့ ငါတို့နှစ်ယောက်က ကျွန်းပေါ်မှာ ဆုံခဲ့ကြတာ … အဲ့ဒီအချိန်ကစပြီး ငါတို့နှစ်ယောက် အချင်းချင်း သိကျွမ်းသွားခဲ့ကြတာပဲ ..” ခေတ္တမျှ စဉ်းစားပြီးနောက် လုပေချိန်က စကားကို ဖြည့်စွက် ပြောလာခဲ့သည်။
“ ငါမှတ်မိသာ မှန်မယ်ဆိုရင် အဲ့တုန်းက ငါ့အသက် ၂၄ … ပြီးတော့ မင်းအဘိုးက ၂၆ …. နှစ်ယောက်လုံး ငယ်ရွယ်ပျိုမြစ်တဲ့ အချိန်တွေပေါ့ … အခု လက်ရှိ မင်းနဲ့ ဘယ်လောက်မှ မခြားဘူး ….”
“ ဒါပေမယ့် အဲ့တုန်းက အကြီးအကဲရဲ့ ရာထူးနေရာအရဆိုရင် ခင်များတို့နှစ်ယောက် တွေ့တာနဲ့ တိုက်ခိုက်ကြလောက်တယ်မလား ….”
“ အဲ့ဒါတော့ သေချာပေါက်ပဲပေါ့ကွ …”
အပြုံးတစ်ခုက လုပေချိန်၏ မျက်နှာထက်တွင် ပေါ်ပေါက်လာခဲ့ပြီး သူ့အမူအရာကလည်း စိတ်အားထက်သန်လာသည်။
သူ့ကို ကြည့်ရင်း လင်းရီမှာ လုပေချိန်၏ ခန္ဓာကိုယ်ပေါ်တွင် ငယ်ရွယ်မှု အရိပ်အယောင် တစ်စွန်းတစ်စကို မြင်တွေ့သွားခဲ့ရသည်။
“ အဲ့ဒီတုန်းက … ငါက အသင်းရဲ့ ကင်းထောက် … အသင်းခေါင်းဆောင်က ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးဖို့ ငါ့ကို အမိန့်ပေးခဲ့တယ် … ဒါနဲ့ ငါလည်း လျှောက်ရင်း လျှောက်ရင်းနဲ့ သစ်တောတစ်ခုထဲကနေ ဖြတ်လျှောက်လာခဲ့တယ် … အဲ့ဒီအချိန်မှာ တစ်ယောက်က ခိုးကြောင်ခိုးဝှက် လုပ်နေတာ မြင်တော့ ငါလည်း သူ့နောက် ချက်ချင်း လိုက်တာပေါ့ …”
“ မင်းအဘိုးက ငါ့ကို သတိပြုမိသွားတော့ စပြီးပြေးတယ် … သူက အတော်လေး မြန်တယ် … ဒါပေမယ့် ငါလည်း နောက်ကောက်မကျန်ပါဘူး … ဒီလိုနဲ့ ငါ သူ့နောက် ဆက်ပြီးလိုက်တယ် … မိုင်တော်တော်များများ ရောက်ပြီးတဲ့နောက်မှာ မင်းအဘိုးက သူငါ့ကို မျက်ချေပြတ်အောင် မလုပ်နိုင်မှန်း သိတော့ သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ် … ငါ့ကို သတ်ဖို့ လုပ်တော့တာပေါ့ …”
“ ဒါပေမယ့် အခု ကောင်းကောင်းမွန်မွန် အသက်ရှင်နေသေးတယ်ဆိုတော့ ကျွန်တော် မှန်းဆရရင် သူကမှ သေသွားတဲ့လူမလား …” လင်းရီ ရယ်မောလိုက်ပြီး “ ဒါဆိုရင်တော့ ကျွန်တော်တို့နှစ်ယောက်က ရန်သူတွေလို့ သတ်မှတ်ရမှာပဲ ….”
“ မင်းက ဉာဏ်ကောင်းနေတဲ့ အချိန်ဆိုရင်တော့ ဉာဏ်ကောင်းတယ် … ဉာဏ်မကောင်းတဲ့ အချိန်ဆိုရင် အတော်တုံးတဲ့ကောင်ပဲ …” လုပေချိန်က သူ့ကို အရွှန်းဖောက်သည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါသာ သူ့ကို သတ်ခဲ့တဲ့လူဆိုရင် ငါတို့နှစ်ယောက်က ဒီလိုမျိုး စကားပြောနေနိုင်မယ် ထင်လား …”
လင်းရီ “ …. “
“ အဲ့ဒီတော့ အကြီးအကဲတို့နှစ်ယောက်က ဘယ်လိုဆက်ဖြစ်ကြတာ ….”
“ ငါတို့ ခဏလောက် ကောင်းကောင်းကြီး တိုက်ခိုက်ကြတာပေါ့ … ဒါပေမယ့် အနိုင်အရှုံး မပေါ်ခဲ့ဘူး … ပြီးတော့ ကျွန်းပေါ်က ပတ်ဝန်းကျင် အခြေအနေဆိုတာ အမြဲတမ်း ပြောင်းလဲနေတာ …. ရုတတရက်ဆိုသလို တောအုပ်ထဲကနေ အစာရှာထွက်လာတဲ့ ဝံပုလွေအုပ်ကြီး တစ်အုပ် ထွက်လာတယ် … တစ်ဒါဇင်လောက်ရှိတယ် … အဲ့တာနဲ့ ငါတို့လည်း တိုက်ပွဲကို အတင်းအကြပ် ရပ်တန့်လိုက်ရတော့တာပဲ ….”
“ ဝံပုလွေတွေ ဒါဇင်လောက်က ခင်များတို့ နှစ်ယောက်ကို ရပ်တန့်သွားစေတယ်ပေါ့ …”
“ ကြားရတာ ရိုးရှင်းတဲ့ပုံပေါက်နေတယ်မလား … ဒါပေမယ့် အခြေအနေက မင်းထင်ထားတာထက် ပိုပြီး ရှုပ်ထွေးတယ် …” လုပေချိန် ရှင်းပြလိုက်ပြီး “ တိလိရာ့ကျွန်းဆိုတာ ပြည်မကြီးထက်ကို အောက်ဆီဂျင်သိပ်သည်းမှုနှုန်း မြင့်မားတဲ့ နေရာ … အဲ့က သတ္တဝါတွေဆိုတာ မင်းပုံမှန်မြင်နေကျထက် အများကြီး ကြီးတယ် … ဝံပုလွေတစ်ကောင်ဆိုတာ ဒီနေ့ခေတ် ကျားတစ်ကောင် အရွယ်အစားလောက် ရှိတယ် …. ငါတို့သာ မရပ်တန့်ဘူးဆိုရင် နှစ်ယောက်လုံးကို အရိုးပါ မကျန် ဝါးစားသွားကြမှာပေါ့ကွ ….”
“ အဲ့တာနဲ့ပဲ ခင်များတို့နှစ်ယောက်က အသင်းဖွဲ့ပြီး ဝံပုလွေတွေကို သတ်ဖြတ်လိုက်တယ် ဆိုပါတော့ ….”
လုပေချိန် ခေါင်းညိတ်ရင်း အတိတ်အချိန်စက်၀န်းထဲ နစ်မြောနေဟန်ရသည်။
“ ငါ အဲ့တုန်းက ဒဏ်ရာ သွားခဲ့တယ် … ဒါပေမယ့် မင်းအဘိုးက ငါ့ရဲ့ အခြေအနေကို အခွင့်ကောင်းမယူဘဲ အဲ့ဒီအစား ငါ့အသက်ကို ကယ်တင်ခဲ့တယ် … အားစိုက်ထုတ်ပြီးတော့ ဝံပုလွေအုပ်ကြီးကို မောင်းထုတ်လိုက်နိုင်တယ် … ဒါပေမယ့် ငါတို့မှာလည်း ဆက်ပြီး တိုက်ခိုက်ဖို့ ခွန်အား မရှိတော့ဘူး … ပြန်သက်သာလာတော့ ငါတို့ ကိုယ့်လမ်းကို ပြန်ခွဲထွက်လာခဲ့ကြတာပဲ …”
“ အဲ့နောက်ပိုင်း ခင်များတို့နှစ်ယောက် ထပ်ဆုံဖြစ်ကြသေးလား ..”
“ မစ်ရှင်ကိစ္စနဲ့ သုံးလေးကြိမ်လောက်တော့ ဆုံဖြစ်သေးတယ် … ငါတို့ချင်း တိုက်ခိုက်ဟန် ဆောင်ကြတာပေါ့ … ဒါပေမယ့် တခြား အထိကရုဏ်းတွေတော့ မဖြစ်ဘူး …”
“ ငါ အသက် ၂၈ အရွယ်မှာ ကျုံးဝေ့တပ်ဖွဲ့ရဲ့ အကြီးအကဲ ခေါင်းဆောင် ဖြစ်လာတယ် … အဲ့နှစ်က မင်းအဘိုး ရန်ကျင်း ပြန်လာတဲ့ အချိန်ပဲ …. သူ့လက်မောင်းထဲ ကလေးတစ်ယောက်ကို ပွေ့ထားပြီး ငါ့ကို သူ့ကိုယ်စား ခဏလောက် စောင့်ရှောက်ထားပေးဖို့ ပြောတယ် …. အဲ့နောက်မှာ မင်းအဖေကို ငါ့လက်ထဲ ထည့်ပေးသွားပြီး ငါတို့အချင်းချင်းလည်း ထပ်မတွေ့ဖြစ်ကြတော့ဘူး … လေထဲ ပျောက်သွားတဲ့ အတိုင်းပဲ ….”
“ နောက်ပိုင်း ငါ ကျွန်းပေါ် သုံးလေးခေါက်လောက် ရောက်ဖြစ်တာတောင် မင်းအဘိုးနဲ့ ထပ်ပြီး မဆုံဖြစ်တော့ဘူး … သူ ဘယ်မှာ ရှိနေလဲ ဆိုတာနဲ့ ပတ်သက်တဲ့ သတင်းသဲလွန်စတွေလည်း မရှိဘူး … ပြောရရင် သူနဲ့ ဘယ်တော့မှ ထပ်မတွေ့ဖြစ်တော့ဘူး …”
“ တကယ်လို့ သူ့ကို ရှာလို့ မတွေ့ဘူးဆိုရင် ကျွန်တော့်အဘွားကို ရှာလို့ရတာပဲလေ … အဲ့လိုသာဆို အခွင့်အရေး ရှိရင်ရှိဦးမှာပေါ့ ….”
“ မင်း အဲ့လိုပြောကြေးဆို ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသလို ဖြစ်သွားတော့မှာပေါ့ဟ …” လုပေချိန်က ခွန်းတုံ့ပြန်လိုက်ပြီး “ လင်းမိသားစုက အမြဲတမ်း သူတို့ပြဿနာနဲ့ သူတို့အကြောင်းကြောင်းချည်းပဲ … မင်းအဘိုးကနေ မင်းအဖေ ၊ မင်းအဖေကနေ အခု မင်းအထိ လေးနက်တည်ငြိမ်တဲ့ကောင်ဆိုတာ တစ်ကောင်မှ မရှိဘူး … မင်းပြောတဲ့ မင်းအဘွားဆိုတာ လက်နှစ်ဖက်နဲ့ ရေတွက်လို့တောင် နိုင်ပါ့မလား မသိဘူး …”
“ မင်း အဘွားကို တွေ့ချင်တယ်ဆိုရင်တော့ ရန်ကျင်းက သက်ကြီးဂေဟာကို သွားရှာကြည့်ကြည့် … ပြောမရဘူး … အဲ့ထဲ အဘွားကြီး တစ်ယောက်ယောက်က မင်း အဘွား ဖြစ်ချင် ဖြစ်နေမှာ ….”
“ အကြီးအကဲက အဲ့လို ပြောလာတော့ ကျွန်တော်လည်း အများကြီး စိတ်သက်သာရသွားပြီ … လက်စသတ်တော့ မျိုးရိုးလိုက်နေတာကိုး … ဒါပေမယ့် ကျွန်တော်ကတော့ တည်ကြည်သိက္ခာသမာဓိနဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်လေ … မထင်ဘူးလား ….”
“ မင်းသာ တည်ကြည်သိက္ခာသမာဓိနဲ့လူဆိုလို့ကတော့ လောကကြီးမှာ မကောင်းတဲ့ကောင်ကို ရှိတော့မယ် မထင်ဘူး ဟေ့ကောင် ….”
လင်းရီ ကျယ်လောင်စွာ အားပါးတရ ရယ်မောလိုက်၏။ လုပေချိန်၏ စကားကို များများပြားပြား ဂရုစိုက်မနေချေ။
သူ့အဖေ၊ သူ့အဘိုးနှင့် ပတ်သက်၍ လင်းရီတွင် ခံစားချက်တို့ များများစားစား မရှိပေ။
အကယ်၍ သူတို့တွင် အခွင့်အရေး ရှိမည်ဆိုပါက တွေ့ခွင့်ရလျှင်လည်း ကောင်းသည်။ မရခဲ့လျှင်လည်း အဆင်ပြေသည်။ လူတိုင်းက ကိုယ့်ဘဝကိုယ် ကျောင်းနေကြသူများဖြစ်၏။ မည်သို့ပင်ဆိုစေ တစ်ချို့သော အရာများက အတင်းအကြပ် လုပ်ယူ၍ မဖြစ်ပေ။
“ အဲ့တော့ ခင်များ ကျွန်တော့်အဖေကို အရင်က ဘယ်လိုမျိုး ပြုစုပျိုးထောင်ခဲ့ပေးတာ …” လင်းရီ မေးမြန်းလိုက်ပြီး “ သူ့ကို သွေးဝေးဆွေမျိုး တစ်ယောက်လို့တော့ ပြောလို့ မရဘူးလေ … ဟုတ်တယ်ဟုတ် …”
“ အဲ့ကိစ္စက လွယ်ပါတယ် …” လုပေချိန် ပြောလိုက်ပြီး “ အဲ့တုန်းက ရန်ကျင်းမှာ ငါက နာမည် တစ်လုံးနဲ့လူလေ … ကလေးမရနိုင်တဲ့ စုံတွဲ တစ်ယောက်ဆီ ပေးထားခဲ့ပြီး မင်းအဖေကို စောင့်ရှောက်ခိုင်းထားလိုက်တယ် …”
လုပေချိန်က သူ့ခွက်ထဲသို့ အခါးရည် ငှဲ့ရင်း “ ပြောရရင် မင်းအဘိုးက အသိစိတ် ရှိသေးတယ်လို့ ပြောရမယ် … သူ ထွက်မသွားခင်တုန်းက ငါ့ဆီ ယွမ် ၂ သန်း ချန်ထားခဲ့ပေးတယ် … မင်းအဖေကို အရွယ်ရောက်တဲ့အထိ ပျိုးထောင်ပေးဖို့က ပြဿနာ မရှိဘူး ….”
“ အဲ့တုန်းက ၂ သန်းဆို အခု ၂ ဘီလီယမ်လောက် ရှိနေပြီပဲ ….”
“ အင်း … အဲ့တာကြောင့်မို့ မင်းအဖေ ငယ်ငယ်တုန်းက သက်တောင့်သက်သာ ဇိမ်ကျခဲ့တယ်လေ … မိဘမဲ့ ဂေဟာရောက်သွားတဲ့ မင်းလို မဟုတ်ဘူး …”
လင်းရီ နှုတ်ခမ်းကိုက်လိုက်၏။ “ အဲ့မိသားစုကရော အခု ဘယ်လို ဖြစ်သွားပြီလဲ ….”
“ မင်း သူတို့ကို သွားကြည့်ချင်လို့လား …..”
“ သွားကြည့်ရင်ကောင်းမလားလို့ … ဘာပဲဆိုဆို ကျွန်တော့်အဖေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့လူတွေပဲလေ …”
“ မင်းအဲ့လို ခံစားနေရတယ်ဆိုရင်တော့ သူတို့ဖို့ ငွေစက္ကူတစ်ချို့ မီးရှို့ပေးလိုက်ပေါ့ကွာ …” လုပေချိန် ပြောလိုက်ပြီး “ မင်း မွေးပြီး သိပ်မကြာတော့ သူတို့ ဆုံးသွားကြတာပဲ … အိမ်း … လူကောင်းတွေက ဘယ်တော့မှ အချိန်သက်တမ်းစေ့အောင် မနေရပါလား ….”
“ အဲ့မှာတင် တော်လိုက်တော့ … ကလေးကို ရှင့်ရဲ့ ပုံပြင်အဟောင်းကြီးတွေ ပြောပြောပြမနေနဲ့ …. ရှင် အက်ကြောင်းထပ်အောင် ပြောနေတာ သူလည်း ကြားရတာ ငြီးငွေ့ရောပေါ့ …” စုန့်ယွီကျန်းက ပြောရင်းဖြင့် ပဲစိမ်းတစ်ပန်းကန် ပို့ပေးလာခဲ့ပြီး “ ရှင် အားနေတယ်ဆို ဒီပဲတွေ ကူပြီး အခွံခွာပေး…”
လုပေချိန်ကို ဆူငေါက်ပြီးနောက် စုန့်ယွီကျန်းက လင်းရီကို ပြုံးလျက် ပြောလိုက်၏။ “ အိမ်က အဘိုးကြီးက စကားပြောရတာ ကြိုက်တယ်လေ … ဂရုစိုက်မနေနဲ့ … မဟုတ်လို့ကတော့ နေဝင်မိုးချုပ်တောင် သူ့ဇာတ်လမ်းတွေက ပြောလို့ ပြီးဦးမှာ မဟုတ်ဘူး …”
“ ရပါတယ်ဗျာ … ကျွန်တော်လည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်ပါတယ် …” လင်းရီ ရယ်သွမ်းလိုက်သည်။
“ ဒါဆိုလည်း ဆက်ပြောနေလိုက် … ဟင်းက အဆင်သင့် ဖြစ်ဖို့ လိုသေးတယ် …”
“ ဟုတ်ကဲ့ …”
လုပေချိန်မှာ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားရင်း အလိုမကျ ဖြစ်သွားခဲ့သည်။ သူ့ကြည့်ရသည်မှာ စုန့်ယွီ့ကျန်းကို သူ့အား မျက်နှာသာမပေးသည့်အတွက် စိတ်ထဲ မကျေမနပ် ဖြစ်နေပုံပင်။
လူအိုစုံတွဲကို ကြည့်ရင်း အတော်လေး ရယ်ရွှင်ဖို့ကောင်းသည်ဟု လင်းရီ ခံစားနေရ၏။
လုပေချိန်က အထင်ကြီးဖို့ကောင်းလားဆိုရင် …
ဒါပေါ့ … ကျိန်းသေပေါက်ပဲလေ။
သူ့ အဆင့်အတန်းနဲ့ဆိုရင် သူက ဒီနေ့လို နေရာမျိုးနဲ့ ထိုက်တန်တဲ့အကြောင်းတွေ စကားတွေ ပြောပြီး သက်သေပြနေစရာတောင် မလိုဘူး။
ဒါပေမယ့် တကယ်လို့ အခွင့်အရေး ပေးလာခဲ့ရင်တော့ တခြားလူတွေ ရှေ့မှာ ကိုယ့်အကြောင်းကိုယ် ကြွားဝါရတာကို နှစ်သက်တဲ့ လူတစ်မျိုး ဖြစ်နေသေးတုန်းပဲ။
ဒါကလည်း လူသားတွေရဲ့ ခွင့်လွှတ်နိုင်လောက်တဲ့ အားနည်းချက် ဖြစ်နေလို့ ဖြစ်လိမ့်မယ် …
ဖြစ်ကောင်းဖြစ်နိုင်တာ နောက် ဆယ်စုနှစ် အနည်းငယ်လောက်ကြာပြီး သူလည်း အိုမင်းလာတဲ့အချိန် လုပေချိန်ကဲ့သို့ တူညီသည့် လုပ်ရပ်မျိုး လုပ်ကောင်းလုပ်မိနိုင်သည်။
တွေးကြည့်ရုံမျှနှင့်ပင် အတော်လေး ရယ်ရွှင်ဖွယ် ကောင်းလှသည်။