ထူးခြားတဲ့ အဓိပ္ပာယ်
Vol. 154 Ch. 2258
ပြီးသည့်နောက် နှစ်ယောက်သား စကားခေတ္တပြောဆိုကြပြီး လင်းရီ ခြေထောက် အညောင်းဆန့်လိုက်သည်။ ထို့နောက် မိးဖိုချောင်ဘက်ကို တစ်ချက် ကြည့်လိုက်တော့ ဟင်းအမယ် တော်တော်များများက ပြင်ဆင်ပြီး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
သူ ဒီတိုင်း ရပ်ကြည့်မနေခဲ့။ ဟင်းချက် စကေးမည်မျှ ကောင်းကြောင်းကို လုပေချိန်ထံ ကြွယ်ပြဖို့ရာ ဆုံးဖြတ်လိုက်သည်။
မွန်းတည့်အချိန်ကိုကျော်တော့ ဟင်းပွဲ ခုနစ်မျိုးနှင့် အရည်သောက် စွပ်ပြုတစ်ခွက်က စားပွဲပေါ်တွင် တည်ခင်းထားပြီး ဖြစ်၏။
သူတို့လေးဦးအဖို့ ဤသည်က ကုန်အောင် စားနိုင်သည်ထက်ပင် လုံလောက်သည့် ပမာဏမျိုး ဖြစ်သည်။
လင်းရီက လုပေချိန်နှင့် အတူ သောက်ပေးပြီး နေ့လည်စာ ထမင်းဝိုင်းက မွန်းလွဲ လေးနာရီကျော်သည်အထိကို ဆွဲဆန့်သွားခဲ့သည်။
စားသောက်နေစဉ်အတောအတွင်း လင်းရီနှင့် လုပေချိန်တို့က ကျုံးဝေ့တပ်ဖွဲ့နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် သူ့ အတိတ်က ပုံပြင် ဇာတ်လမ်းတို့အကြောင်း စမြုံ့ပြန်နေခဲ့ကြသည်။
လင်းရီလည်း လူတွေ သိပ်မသိကြသည့် ရယ်မောဖွယ်ရာ ဇာတ်လမ်းတစ်ချို့ကို ကြားသိခဲ့ရလေသည်။
သူ့ ဖခင်ကို ယခုလို ဖြစ်အောင် လေ့ကျင့်သင်ကြားပေးခဲ့သူကလည်း လုပေချိန်ပဲ ဖြစ်၏။ ထို့ပြင် လုပေချိန် ယနေ့လက်ရှိ ရာထူးနေရာကို တက်လှမ်းလာနိုင်ခဲ့သည်က သူ၏ တမူထူးခြားသည့် အရည်အချင်းတို့ကြောင့်သာ မကဘဲ သိသာထင်ရှားလှသည့် ကိုယ်ပိုင်အင်အားကြောင့်လည်း ပါသည်။
လင်းရီအဖို့ ဤသည်က အဓိကကျသည့် သရုပ်သကန် တစ်ခုပင်။
သို့သော် ကိုယ်ပိုင်အင်အား အကြောင်း ပြောခါမှ လုပေချိန်၏ ခွန်အားကလည်း သူ စိတ်ကူးယဉ်နိုင်သည်ထက်ကို ကျော်လွန်နေသူ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ၊ ကျုံးဝေ့တပ်ဖွဲ့သည် ခွန်အားကို အခရာထားသော နေရာဖြစ်၏။
ထို့ပြင် … သူ တစ်ကြိမ် တစ်ခါမျှ မတွေ့ဖူးသေးသည့် အဘိုးဖြစ်သူ အကြောင်းကိုလည်း လင်းရီ အနည်းငယ် စိတ်ဝင်စားမိသည်။ ထိုသူ ယနေ့ထက်ထိ အသက်ရှင်နေနိုင်ဦးမလားဆိုတာကို သူ သိချင်သည်။
ထမင်းစားပြီးနောက် လျန်ရူရွှယ်က လင်းရီကို လေဆိပ်သို့ လိုက်ပို့ပေးသည်။ ထို့နောက် ကျိုးဟိုင်သို့ လေယာဉ်ဖြင့် တိုက်ရိုက်ပျံသန်းလာခဲ့၏။
သူ ကျီချင်းရန်၏အိမ်ကို ရောက်တော့ အချိန်က ည ရှစ်နာရီ ကျော်နေချေပြီ။
ထို့ပြင် ကျီချင်းရန်ကလည်း ဤအတောအတွင်း သူ ရန်ကျင်းသို့ တစ်ခေါက် ရောက်ခဲ့ပြီ ဖြစ်ကြောင်းကို လုံးဝ သိရှိခြင်း မရှိပေ။
အိမ်၌ ကျီချင်းရန်က ဧရာမ သေတ္တာကြီး နှစ်ခုကို ထုပ်ပိုးနေသည်။
သူတို့နှစ်ဦး၏ အင်္ကျီအဝတ်အစားတို့က သိပ်မများပြားလှပေ။ အများစုက သူတို့ မိသားစုဝင်များအတွက် လက်ဆောင်များ ဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်အတွက် အသုံးတည့်မည့် ပစ္စည်းတော်တော်များများလည်း ပါဝင်သည်။ ထိုအရာများကိုတော့ နင်ယွဲ့အတွက် အထူးတလှယ် ပြင်ဆင်ပေးထားခြင်းပင်။
“ နင် လီရုံဂျင်းနဲ့ စကားပြောခဲ့တာ ဘယ်လိုရှိလဲ ….” ကျီချင်းရန်က သိချင်စိတ်ဖြင့် မေးမြန်းလာခဲ့ပြီး “ ယွမ်ယွမ် ပြောတာတော့ ဆမ်ဆောင်းဘက်က ဘဏ္ဍာရေး ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေသလိုပဲတဲ့ … ပူးပေါင်းမယ့် ကိစ္စအပေါ် သက်ရောက်မှု ရှိနိုင်မလား မသိဘူးနော်…”
“ မပူနဲ့ … အားလုံး ကိုင်တွယ်ပြီးသွားပြီ …”
“ အဲ့တာဆို ကောင်းတယ် …” ကျီချင်းရန် ပြောပြီးနောက် တွေးတွေးဆဆဖြင့် “ ဒါပေမယ့် ငါတို့ချင်း သိလာတာ ဒီလောက် ကြာပြီကို သူ့ ဂုဏ်သတင်းနဲ့ ပတ်သက်လို့ကတော့ မကောင်းတာလည်း မကြားမိပါဘူး …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ဘာပဲပြောပြော သူတို့က ကုမ္ပဏီကြီးတစ်ခုပဲလေ … ဒီအပိုင်းတော့ စိတ်ချလို့ရပါတယ် …”
“ ဖြေရှင်းပြီးပြီဆိုတော့ နှစ်သစ်ကူး ပြီးတဲ့အချိန်ထိ တခြား ဘာကိစ္စမှ မရှိတော့ဘူးမလား … ငါတို့ အေးအေးချမ်းချမ်းနဲ့ ပွဲတော်ကျင်းပလို့ရပြီ …”
ပြီးသည့်နောက် နှစ်ယောက်မှာ ရေမိုးချိုး၍ အနားယူရန်အတွက် အိပ်ခန်းထဲသို့ ရောက်လာကြသည်။
သို့ပေမယ့်လည်း အနက်ဝတ်နှင့်လူ၏ ကိစ္စက လင်းရီစိတ်ထဲတွင် အရိပ်စွဲထင်နေဆဲ ဖြစ်၏။
သူ့အမြင်တွင် အဆိုပါ ဆန်းကြယ်ပြီး အထူးသီးသန့်ဆန်သည့် အဖွဲ့အစည်းကို ကိုင်တွယ်ရသည်မှာ ဖရီးမေဆင်ထက်ကို ပို၍ ခဲယဉ်းလှသည်။ သူတို့အကြောင်း သိရှိထားသည့် နည်းကျဉ်းလှသည့် သတင်းအချက်လေးဖြင့် ထိရောက်သည့် ကြိုတင်ပြင်ဆင်မှုတို့ ပြုလုပ်ထားနိုင်ဖို့ ဆိုသည်မှာ ခက်ခဲလှ၏။
သူတို့တွေက ကျုံးဝေ့တပ်ဖွဲ့အပေါ် မည်သို့သော အကျိုးသက်ရောက်မှုတွေကို ဆောင်ကြဉ်းပေးလာမလဲဆိုတာ လင်းရီ တကယ်ပဲ မမှန်းဆနိုင်ချေ။
နောက်တစ်နေ့ နံနက်ခင်း ၊ လင်းရီ အိပ်ရာထသည့် အချိန်၌ ကျီချင်းရန်လည်း အိပ်ရာနိုးနေပြီကို သတိထားမိလိုက်သည်။
လင်းရီ အဝတ်အစားလဲဖို့ အိပ်ရာထဲက ထွက်တော့ ကျီချင်းရန်က အောက်ထပ်မှ အလျင်စလိုဖြင့် တက်လာ၍ “ ငါ စားပြီးသွားပြီ … နင် ပြီးရင် ကိုယ့်မနက်စာကို စားလိုက် …”
“ ငါက အခုမှ ထတာကို မင်းက စားပြီးသွားပြီပေါ့ …”
“ ငါတို့ ခဏနေကျရင် အပြင်သွားဖို့ ရှိတယ်မလား … မြန်မြန်လုပ်ဖို့ လိုတယ်လေ …”
“ အဲ့လိုဆိုရင်တောင် အပြင်မထွက်ခင် ငါပြီးတဲ့အထိ စောင့်ရဦးမယ်မလား … အဲ့လောက်ထိ လောဖို့ မလိုပါဘူးကွာ ….”
“ ငါက နင့်လို မဟုတ်ဘူး … မိတ်ကပ်လိမ်းရဦးမှာ … နင့်လို မျက်နှာပြောင်ကြီးနဲ့ အပြင်ထွက်လို့ ရတယ်များ ထင်နေလား …..” ကျီချင်းရန်မှာ ၎င်းကိစ္စကို ကမ္ဘာပေါ်တွင် သဘာဝ အဆန်ဆုံး ကိစ္စရပ်တစ်ခုနှယ် ပြောဆိုနေတော့သည်။
“ ဘယ်သူကရော ငါ့ကို သဘာဝအတိုင်း ချောမောခန့်ညားခိုင်းထားလို့လဲ … အဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ငါလည်း ဘာမှ မတတ်နိုင် …”
“ တော်တော့ … စောစောစီးစီး လူကို အန်ချင်လာအောင် မလုပ်နဲ့ …”
ကျီချင်းရန်က လင်းရီနှင့် စကားဆက်မပြောတော့ဘဲ အဝတ်လဲခန်းသို့ အလျင်အမြန် ထွက်သွားခဲ့သည်။
လင်းရီလည်း ရေးကြီးခွင်ကျယ် လုပ်မနေဘဲ မျက်နှာသစ် ၊ သွားတိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းကာ မနက်စာ စားလိုက်သည်။
သူ မနက်စာ စားပြီးခါနီး အချိန်မှာပဲ ကျီချင်းရန်က အပေါ်ထပ်မှ ဆင်းလာသည်ကို မြင်တွေ့လိုက်ရလေသည်။
သူမက အနက်ရောင် ခါးအထက် ဘောင်းဘီ၊ အဖြူရောင် အမျိုးသမီးရှပ်နှင့် အနီရောင် သားမွေးကုတ်ကို လက်ထဲ ကိုင်ထား၏။ ဤမျှ များပြားလှသည့် အရောင်ကာလာတို့ ရောစပ်နေမှုက သူမ၏ ခန္ဓာကိုယ်အထက်တွင်သာ လိုက်ဖက် ပနံသင့်နိုင်မည် ဖြစ်ကြောင်းကို လင်းရီ ရင်ဘက်ကြီးနဲ့ လောင်းကြေးထပ်လိုက်ချင်သည်။
သူများ ကြားလျှင်တော့ ကြွားသယောင်ယောင် ထင်ကြလိမ့်မည်။ သို့ပေမယ့် သူက မှန်သော စကားကို ဆိုနေခြင်း ဖြစ်၏။
ကျီချင်းရန် အဆင်သင့် ဖြစ်တော့ လင်းရီလည်း အရှိန်တင်လိုက်သည်။
မထွက်ခွာမီ စုန့်လန်က တစ်ဖက် ခမည်းခမက် မိသားစုအတွက် ပြင်ဆင်ထားသည့် လက်ဆောင်များကို လင်းရီအား ယူသွားခိုင်း၏။
လေယာဉ်က ရန်မြို့ကို ဆင်းသက်လာချိန်တွင် မွန်းလွဲ တစ်နာရီ ကျော်နေလေပြီ။
“ ငါတို့ ဒီလာနေတာကို နင်ယွဲ့ သိလား …”
လမ်းတွင် လင်းရီ မေးမြန်းလိုက်၏။
“ အင်း… ဒါပေမယ့် သူ ဒီနေ့ ကိုယ်ဝန်ဆောင် ကျန်းမာရေး စစ်ဆေးဖို့ ရှိတယ် … ဂေဟာကို နောက်ကျမှ ပြန်ရောက်လာမယ် ထင်တယ် … သူနဲ့တွေ့ဖို့ဆို စောင့်ရဦးမှာ ….”
“ ကိုယ်ဝန်ဆောင် ကျန်းမာရေး စစ်ဆေးတယ်ဟုတ်လား ….”
“ အင်းလေ … အခုက နှစ်လရှိပြီဆိုတော့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆိုရင် အခုက ရင်သွေးရဲ့ နှလုံးခုန်သံကို နားထောင်ရမယ့် အချိန်ရောက်နေပြီ ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ အချိန်တစ်ခုကြာအောင် ဒေါက်တာ ဖြစ်ခဲ့ဖူးသည့်အတွက် ထိုသို့သော လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးနေသည်။
“ ဒါဆိုလည်း ဂေဟာကို သွားမယ့်ကိစ္စ ခဏထား … ဆေးရုံကိုပဲ တန်းသွားကြစို့ … သူ ဘယ်လိုတွေ လုပ်နေလဲ ငါ ကြည့်ဦးမယ် …” လင်းရီ ပြောလိုက်သည်။ “ ရင်သွေးရဲ့ နှလုံးခုန်သံကို စစ်ဆေးတာက အတော်လေး အရေးကြီးတဲ့ ကိစ္စပဲ … တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် ပြဿနာ တက်သွားနိုင်တယ် ….”
“ ကောင်းပြီလေ … ငါ ဖုန်းဆက်ပြီး ဘယ်ဆေးရုံလဲ လှမ်းမေးလိုက်ဦးမယ် … ပြီးရင် သွားကြတာပေါ့ …”
“ အင်း …”
ထို့နောက် ကျီချင်းရန်က ဖုန်းထုတ်ပြီး နင်ယွဲ့ထံသို့ ဖုန်းဆက်က ဆေးရုံလိပ်စာကို တောင်းလိုက်သည်။ သူမတို့နှစ်ဦးလည်း ဆေးရုံသို့ မောင်းထွက်လာခဲ့လိုက်၏။
ကားထဲတွင် ထိုင်နေရင်း ကျီချင်းရန်မှာ လင်းရီ၏ ပုံရိပ်ကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။
သူမတို့တွေ ယခင်က ရန်မြို့ကို အကြိမ်ရေ တော်တော်များများ ရောက်ဖူးသော်လည်းပဲ လင်းရီ နင်ယွဲ့နှင့် တွေ့ဆုံဖို့ တက်ကြွနေသည်ကိုတော့ ပထမဆုံး အကြိမ်အဖြစ် မြင်တွေ့မိခြင်းပင်။
သူက အပြင်လောကသို့ ရောက်မလာသေးသည့် ကလေးလေးအပေါ် တကယ်ပဲ ဂရုတစိုက် ရှိလှ၏။
နာရီဝက်ခန့် ကြာပြီးနောက် ရန်မြို့ရှိ ကျုံးရှန်း ဆေးရုံသို့ ရောက်ရှိလာသည်။
ဆေးရုံက လူစည်ကားပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင် ကျန်းမာရေး စစ်ဆေးပေးသည့် ဌာနဖြစ်၏။ လူတို့က အတော်လေး ပြည့်ညှပ်နေသည်။
ဌာနဝင်ပေါက်ဝတွင် လင်းရီတို့တွေ နင်ယွဲ့ခင်ပွန်းဖြစ်သူ ချွီရွှမ့်ဟော်နှင့် ပက်ပင်းတိုး၏။ သူ့မှာ ဟော့ပေါ့အိုးပေါ် ရောက်နေသည့် ပုရွက်ဆိတ်ကဲ့သို့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ဂနာမငြိမ် ဖြစ်နေသည်။
“ ယောက်ဖ ၊ မရီး … ရောက်လာကြပြီလား …”
“ ဘာဖြစ်တာ .. ဘာတွေ ဖြစ်လို့ ဒီလောက်တောင် ချွေးဒီးဒီဂ ကျနေရတာ ….” လင်းရီ ပြုံးလျက် မေးလိုက်သည်။
“ ကျုပ် စိတ်တွေ လှုပ်ရှားလွန်းလို့ပါဗျာ ..” ချွီရွှမ့်ဟော်က ဆိုလိုက်ပြီး “ တကယ်လို့ ရင်သွေးရဲ့ နှလုံးခုန်သံက မကောင်းရင် ၊ မဟုတ်လည်း နှလုံးက မခုန်ရင် ပြဿနာ အကြီးကြီး တက်သွားမှာလေ …”
ဤစကားကို ကြားတော့ လင်းရီနှင့် ကျီချင်းရန်တို့နှစ်ဦးလုံး နားလည်ပေးနိုင်ကြသည်။
မည်သို့ပင်ဆိုစေ ဤသည်က ပြင်ပအကြောင်းအရင်းတို့နှင့် ဆက်စပ်မနေချေ။ လင်းရီ၏ ဆေးပညာအစွမ်းက အံ့မခန်း ဖြစ်နေလျှင်ပင် နှလုံးခုန်သံ မမြည်သည့် ကလေးတစ်ယောက်ကိုတော့ ကယ်တင်ပေးဖို့ငှာ စွမ်းသာလိမ့်မှာ မဟုတ်ချေ။
ဖြစ်နိုင်ချေက နည်းပါးသော်လည်းပဲ အနှီ အနည်းငယ်မျှသော ဖြစ်နိုင်ချေကပင် လူကို နှိပ်စက်ညှင်းပန်းဖို့ လုံလောက်၏။
“ မပူနဲ့ … စိတ်ကို တည်တည်ငြိမ်ငြိမ်ထား …” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ပြဿနာ ရှိလာခဲ့ရင်တောင် ကြီးကြီးမားမား မဟုတ်ပါဘူး .. မင်းတို့နှစ်ယောက်က ငယ်သေးတာပဲဟာ … နောက်ထပ် တစ်ကြိမ်ပြီးတစ်ကြိမ် ကြိုးစားလို့ရတယ် … အေးအေးဆေးဆေးနေ …”
“ အဲ့တာတော့ ဟုတ်ပါတယ် … ဒါပေမယ့် တကယ်ပဲ တစ်ခုခု ဖြစ်လာခဲ့ရင် နင်ယွဲ့ရဲ့ ခန္ဓာကိုယ်လည်း ထိခိုက်ရမယ် … သူ့ရဲ့ စိတ်ကျန်းမာရေးလည်း ချို့ယွင်းသွားနိုင်တယ် … ဟင်း …..”
“ ကောင်းတဲ့ဘက်က တွေးစမ်းပါကွာ …. အဲ့လောက်ကြီးလည်း စိုးရိမ်မနေစမ်းပါနဲ့ …”
လင်းရီ၏ လေသံက တည်ငြိမ်နေဟန် ရသော်လည်းပဲ သူ့နဖူးထက်တွင် သေးငယ်သည့် ချွေးအေးပေါက်တို့ စီးကျနေသည်ကို ကျီချင်းရန် မြင်တွေ့နေရသည်။
သူနှင့် နင်ယွဲ့က မိဘမဲ့ဂေဟာတွင် အတူကြီးပြင်းလာခဲ့ကြသူများ ဖြစ်ပြီး အကယ်၍ နင်ယွဲ့တွင် ကလေးရှိလာခဲ့လျှင် လင်းရီက နောက်မျိုးဆက်အသစ်ကို မြင်တွေ့ရမှာ ဖြစ်၏။
ယင်းက သူမ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်သည့် ခံစားချက်ပင်။
အချိန်က တစ်မိနစ်ပြီးတစ်မိနစ် ဖြည်းညင်းစွာ ကုန်ဆုံးနေပြီး မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် နင်ယွဲ့က ကျန်းမာရေး ဆွေးနွေးခန်းထဲမှနေ၍ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
သို့ပေမယ့် သူမက ရလဒ် မှတ်တမ်းကို ခေါင်းငိုက်စိုက်ဖြင့် ကြည့်ရင်း မျက်လုံးမှ မျက်ရည်များကိုလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ၊ အဆက်မပြတ် ဖယ်ရှားနေခဲ့၏။
“ ယွဲ့ယွဲ့ … ကိုယ့်ဇနီးလေး … ဘာတွေ ဖြစ်ခဲ့တာလဲ … မင်းဘာလို့ ငိုနေတာလဲ ….”
သုံးဦးလုံး သူမအနားသို့ ချဉ်းကပ်လာခဲ့ပြီး ချွီရွှမ့်ဟော်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
သူတို့ သုံးဦးကို မြင်သော်လည်းပဲ နင်ယွဲ့က သူမ၏ မျက်ရည်တို့ကို မရပ်တန့်နိုင်ခဲ့ချေ။
“ အစ်ကို … ယောင်းမလေး …၊ ဒေါက်တာပြောတာ ကလေးရဲ့ နှလုံးခုန်သံက သိပ်မကောင်းဘူးတဲ့ … စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ ပြောတယ် …”