← Chapters

မင်းကိုယ်မင်း ဘာကောင်ထင်နေလို့

Vol. 154 Ch. 2259

မင်းကိုယ်မင်း ဘာကောင်ထင်နေလို့

Vol. 154 Ch. 2259

ဤသတင်းက လင်းရီတို့ သုံးဦးလုံးအဖို့ နွေခေါင်ခေါင် မိုးကြိုးပစ်လိုက်သည့်နှယ်ပင်။

ထိုသို့သော အဖြစ်အပျက်မျိုးက သူတို့ထံတွင် တကယ်ပဲ ဖြစ်ပျက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

“ အဟင့်ဟင့်ဟင့် ……”

နင်ယွဲ့မှာ ကျီချင်းရန်ကို ဖက်ထားရင်း ငိုကြွေးနေတော့သည်။

“ ယောင်းမလေး … ငါ ဘာလုပ်သင့်လဲ …”

ကျီချင်းရန်က သူမ၏ နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

“ အဆင်ပြေတယ် … မကြောက်နဲ့ … နင့် အစ်ကိုရီလည်း ဒီမှာရှိနေတာပဲဟာ … အားလုံး အဆင်ပြေသွားမှာပါ ….”

ကျီချင်းရန်က အခြားသူများကို နှစ်သိမ့်ပေးရာတွင် ကောင်းမွန်သူ တစ်ဦး မဟုတ်ပေ။ အထူးသဖြင့် ယခုလို အချိန်အခါမျိုးတွင် ဖြစ်၏။ ပြီးတော့ ထိုသို့သော အရာမျိုးကို သူမကိုယ်တိုင် ကြုံတွေ့ဖူးသည့် အတွေ့အကြုံ မရှိသဖြင့် ဤသည်က သူမ အခြားသူကို ဖြောင်းဖြနှစ်သိမ့်ပေးသည့် တစ်ခုတည်းသော နည်းလမ်းပင်။

ထို့ပြင် ဤနည်းလမ်းက သိပ်ပြီး အကျိုးသက်ရောက်မှု မရှိတာကို သူမကိုယ်တိုင်လည်း နားလည်သည်။

နင်ယွဲ့၏ ငိုကြွေးသံက အနီးနားပတ်ဝန်းကျင်ရှိ မေမေများကို ဆွဲဆောင်သွားခဲ့သည်။

“ လူကြားသူကြားထဲ ဘာလို့ ငိုနေတာ …” လင်းရီ ပြောလိုက်ပြီး “ ဒီတိုင်း နှလုံးခုန်နှုန်း မမှန်တဲ့ ပြဿနာလေးပဲမလား … စစ်ထားတဲ့ မှတ်တမ်း ပြခဲ့စမ်းပါ … ငါ တစ်ချက် ကြည့်ရအောင် …”

“ ဒီမှာ …..”

နင်ယွဲ့က ရလဒ်မှတ်တမ်းကို လင်းရီထံသို့ ကမ်းပေးလိုက်သည်။

စာပါ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် လင်းရီ ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားခဲ့၏။

အင်မတန် သာမန်ဆန်သည့် ရလဒ်မှတ်တမ်းပင်။ နှလုံးခုန်နှုန်းက ပြီးပြည့်စုံခြင်း မရှိလျှင်ပင် ပြောပလောက်သည့် ပြဿနာ မဟုတ်ပေ။

ဤသည်ကလည်း လူတစ်ဦးနှင့် တစ်ဦး မတူညီသည့် ဖွဲ့စည်းတည်ဆောက်ပုံစံတို့ကြောင့် သာမန်ဆန်သည့် အရာတစ်ခုဖြစ်ပြီး ထွေထူးလုပ်၍ စိုးရိမ်နေစရာ မဟုတ်ပေ။

ဟွာရှန်းဆေးရုံတွင် ဖြစ်မည်ဆိုပါက လူနာကို ကောင်းမွန်စွာ အနားယူဖို့နှင့် ပုံမှန် လာရောက်စစ်ဆေးဖို့ ပြောမှာ ဖြစ်၏။

သို့သော် ဤနေရာတွင်တော့ နှလုံးခုန်နှုန်း ပြဿနာ ရှိနေသည်ဟုဆိုပြီး လူနာကိုလည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ ပြောနေသည်။

ဒီ ဒေါက်တာ ဘာသောက်ချီးထုပ်တွေ လုပ်နေတာလဲဟ …

“ နှလုံးခုန်နှုန်း ပြဿနာ ရှိတဲ့ ကိစ္စအပြင် တခြား ဘာတွေရော ပြောလိုက်သေးလဲ …” လင်းရီ စာရွက်ကို ကိုင်ထားရင်း မေးလိုက်သည်။

“ သူတို့က ဆေးသောက်ရမယ်လို့လည်း ပြောတယ် … ဆေးရုံက ဖွင့်တဲ့ ဆေးဆိုင်မှာ ဝယ်ရမှာတဲ့ ….”

“ ဘယ်မှာလဲ ဆေးစာ ….”

“ အဲ့စာရွက် နောက်ကျောမှာ ရေးထားတယ် ….”

လင်းရီ စာရွက်ကို နောက်ကျောလှန်ကြည့်လိုက်တော့ ဆေးအမယ် အတန်းလိုက်ကြီးကို မြင်တွေ့သွားခဲ့သည်။

ဖောလစ် အက်စစ် တစ်မျိုးကလွဲ၍ ကျန်သည့် ဆေးဝါး တစ်ခုကိုမျှ သူ မသိချေ။

ဖုန်းကို သုံးပြီး အွန်လိုင်းပေါ် ရှာကြည့်လိုက်တော့ အမျိုးမျိုးသော ကျန်းမာရေး အားဖြည့်စာများ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရလေသည်။

စာရင်းထဲတွင် ပါသည့် ပမာဏအရ ဤဆေးများအားလုံး အပြီးစီး ဝယ်ဖို့ ဆိုလျှင် အနည်းဆုံး ယွမ် ရှစ်သောင်းခန့် ကျသင့်မှာ ဖြစ်၏။

သာမန်လူတို့အဖို့ ဤသည်က ဘဝပျက်သွားနိုင်လောက်သည်အထိ ကြီးမားသည့် ပမာဏပင်။

“ မင်း လက် ခဏလောက် …”

လင်းရီသည် နင်ယွဲ့၏ လက်ကို လှမ်းဆွဲပြီး သွေးခုန်နှုန်း စမ်းသပ်ကြည့်တော့ အားလုံးက ပုံမှန်ပင်။ သူမက အနည်းငယ် အားနည်းနေရုံမျှသာ ဖြစ်ပြီး ကောင်းကောင်းမွန်မွန် စားသောက်၍ ခွန်အားဖြည့်တင်းရုံမျှနှင့် လုံလောက်နေပြီ ဖြစ်၏။ ထွေထူး ပြောပလောက်စရာ မရှိပေ။

“ ဘာပြဿနာမှ မရှိဘူး … အဲ့ စောက်ရူးဒေါက်တာ ပေါက်ကရ ပြောတာတွေ နားထောင်မနေနဲ့ …. ကိုယ့်စိတ်ကို အကောင်းဆုံးထားတာက ကျန်တာအားလုံးထက် ပိုအရေးကြီးဆုံးပဲ …”

“ ဟင် … တကယ်ပဲ ဘာပြဿနာမှ မရှိဘူးပေါ့ ….”

နင်ယွဲ့မှာ ဝမ်းနည်းနေရာမှ ချက်ချင်း ပျော်ရွှင်သွားခဲ့၏။ သို့ပေမယ့် တစ်ချိန်တည်းတွင် လင်းရီကိုလည်း အနည်းငယ် မယုံသင်္ကာ ဖြစ်နေမိသည်။

“ အမှန်ပဲ … ဘာမှ မှားယွင်းမနေဘူး ….” လင်းရီ ရလဒ် မှတ်တမ်းစာရွက်ကို ကိုင်၍ ပြောလိုက်ပြီး “ မိခင်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံက ရင်သွေးရဲ့ ကြီးထွားမှုနှုန်းအပေါ် တိုက်ရိုက် အချိုးကျ သက်ရောက်တယ် … အခု မင်းဥစ္စာက နည်းနည်း နှေးကွေးနေရုံပဲ …. အချိန်တစ်ခုလောက်ကြာရင် ကောင်းသွားလိမ့်မယ် … ဒီတော့ ဘာမှ စိုးရိမ်မနေနဲ့ …..”

“ တကယ် … အဲ့လောက်တောင်ပဲပေါ့ ….”

“ စိတ်ကို အေးအေးထားစမ်းပါ နင်ယွဲ့ရယ် … ဒီလောက် အရေးကြီးတဲ့ ကိစ္စမျိုးကို နင့်အစ်ကိုက နောက်ပြောင်ပြီး ပြောပါ့မလား ….” ကျီချင်းရန်က ပြုံးလျက် ဆိုလိုက်ပြီး “ နင့်အစ်ကိုက ဟွာရှန်းဆေးရုံမှာ ဆရာဝန်လုပ်ခဲ့ဖူးတာကိုလည်း မမေ့လိုက်နဲ့လေ … သူက ဒီလိုမျိုး စကားပြောပိုင်ခွင့် ရှိတယ် …”

“ ဟုတ်တယ် ဟုတ်တယ် … ငါလည်း ဘယ်လို ဖြစ်ပြီး မေ့သွားမှန်း မသိဘူး ….” နင်ယွဲ့က စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

“ ဒီဒေါက်တာက အရမ်း ကောက်ကျစ်တာပဲ … လူတွေကို ခြောက်လှန့်ပြီး မလိုအပ်တဲ့ ဆေးတွေ ဝယ်အောင်လုပ်တယ် … ဒါ လိမ်နေတာပဲ မဟုတ်လား ….”

ထိုအချိန် အခိုက်အတန့်မှာပဲ အသက်သုံးဆယ် အရွယ်ခန့်ရှိမည့် အမျိုးသမီး တစ်ဦးက သူတို့အနားသို့ ရောက်လာခဲ့ပြီး “ မိန်းကလေး …. နင့်အစ်ကိုက ဆရာဝန်လား … ငါ့ရလဒ်ကိုလည်း တစ်ချက် ကြည့်ပေးစမ်းပါဦးဟယ် … ငါတို့ကြည့်ရတာ ဆရာဝန်အတူတူ ပြခဲ့မိတယ် ထင်တယ် … ငါ့ကလေးလေးရဲ့ နှလုံးခုန်သံကလည်း မကောင်းဘူး ပြောပြီး ဆေးတွေ အများကြီး ဝယ်ခိုင်းလာတာပဲ …”

“ ဒါက ….”

ထိုသို့သော တောင်းဆိုမှုမျိုးကို နင်ယွဲ့က ငြင်းဆန်မှာ ဖြစ်၏။ သူမ လင်းရီကို ဒုက္ခမပေးချင်ပေ။ သို့ပေမယ့် အကူအညီတောင်းလာသည့် အမျိုးသမီးက အပြင်တွင် စောင့်ဆိုင်းနေစဉ်တွင် စကားစမြည်ပြောဆိုဖူးသည့် အသိတစ်ယောက် ဖြစ်နေသဖြင့် ငြင်းဆန်ဖို့ကလည်း အားနာချင်စရာ ဖြစ်နေခဲ့သည်။

“ ရတယ် … ကျွန်တော် ကြည့်ပေးမယ်လေ …”

လင်းရီ အလုပ်ရှုပ်ခံပြီး နင်ယွဲ့ကို မျက်နှာသာပေးလိုက်သည်။

“ ကျေးဇူးတင်လိုက်တာ ငါ့မောင်ရယ် ….”

အမျိုးသမီးက သူ့ ဆေးမှတ်တမ်းကို လင်းရီထံသို့ ကမ်းပေးလာခဲ့ပြီး လင်းရီလည်း တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကျောဘက်တွင် ရေးထားသည့် ဆေးစာကို ကြည့်လိုက်၏။

“ ကျွန်တော့်ညီမနဲ့ အတူတူပဲ … ဘာ ထွေထူးမှ မရှိဘူး … ဖောလစ်အက်စစ်ကိုသာ ပုံမှန်လေး သောက်ပေးဖို့ မမေ့နဲ့ … အဲ့ဆေးကိုလည်း မိခင်နဲ့ ကလေး ကျန်းမာရေး စောင့်ရှောက်မှု စင်တာတွေမှာ အလကားသွားယူလို့ရတယ် … ပြီးတော့ အရည်အသွေးကလည်း ကောင်းတယ် … အဲ့က သွားယူလိုက် ….”

ဤစကားကြားတော့ အမျိုးသမီးလည်း စိတ်သက်သာရစွာ သက်ပြင်းတစ်ချက်ချပြီး လင်းရီကို ဆက်တိုက် ကျေးဇူးတင်နေတော့သည်။

“ ကျေးဇူးအများကြီး တင်ပါတယ် ငါ့မောင်ရယ် … ဒီနေ့ခေတ် ဒေါက်တာတွေကလည်း တကယ့်ဟာတွေပါပဲ … မရှိတဲ့ ရောဂါကို အရှိလုပ်ပြီး လူနာကို ဆေးတွေ ပေးနေတယ် …. ဓားပြတိုက်နေတာနဲ့ ဘာထူးတော့မှာ ….”

လင်းရီ ပြုံးရုံမျှသာ ပြုံးလိုက်ပြီး ရှည်ရှည်ဝေးဝေး မည်သည့် မှတ်ချက်တို့မျှ မပေးခဲ့ချေ။

စောဒကတက်ပြီးနောက် အမျိုးသမီးနှင့် သူ့ခင်ပွန်းသည်တို့နှစ်ဦးက လင်းရီကို ထပ်မံ၍ ကျေးဇူးတင်ပြီး ထွက်ခွာသွားခဲ့ကြသည်။

ထိုအချိန်မှာပဲ အခြားသော စိုးရိမ်နေကြသည့် လူနာများကလည်း လင်းရီတို့အနားသို့ ဝိုင်းရံလာကာ သူတို့ကို တစ်ချက် ကြည့်ပေးကြဖို့ တောင်းဆိုလာကြတော့၏။

တစ်ယောက်စ ၊ နှစ်ယောက်စဆိုလျှင် အဆင်ပြေသည်။ သို့‌သော ရုတ်ချည်းဆိုသလို လူဒါဇင်ခန့် ဝိုင်းရံလာသည်ဖြစ်ရာ လင်းရီတွင် သူတို့ အကုန်လုံးကို ကိုင်တွယ်နိုင်သည့် အားအင် မရှိပေ။

သူ ငြင်းပယ်တော့မည့် အချိန်မှာပဲ ဧည့်ညွှန်ကောင်တာတွင် ထိုင်သည့် နာ့စ်တစ်ဦးက ရောက်လာပြီး လူအုပ်ကြီးကို အော်ငေါက်လိုက်၏။

“ နင်တို့စောက်ပေါက်တွေ တိတ်စမ်း … ဒါဆေးရုံ … ပျံကျဈေးမဟုတ်ဘူး … ရုတ်ရုတ်ရုတ် လုပ်မနေကြနဲ့ … မစစ်ဆေးချင်ဘူးဆိုလည်း ထွက်သွားကြ …”

“ နင်က ဘာတွေ လာအော်နေတာလဲ …”

လူတစ်ချို့က ဒေါပွပြီး ခွန်းတုံ့ပြန် အော်ဟစ်ကြသည်။

“ တကယ်လို့ ဒေါက်တာက မှားနေတယ်ဆိုရင် ဒီ လူငယ်လေးကို တစ်ချက် ကြည့်ခိုင်းတာ ဘာပြဿနာ ရှိလဲ …”

“ နင့် ရင်ဘက်မှာ ဆွဲထားတဲ့ တံဆိပ်ကို ရာဇ တောင်ဝှေးမှတ်မနေနဲ့ … နင့်ရဲ့ ပေါက်ကရ အာဏာက ငါ့အပေါ်တော့ သက်ရောက်နိုင်မယ် မထင်နဲ့ …”

အကယ်၍ လူအုပ်ကြီးထဲတွင် ယောက်ျားသားများ ပါခဲ့မည်ဆိုပါက တော်တော်များများမှာ နာ့စ်နှင့် အော်ဟစ် ငြင်းခုန်နေလိမ့်မှာ မဟုတ်ချေ။

မည်သို့ပင်ဆိုစေ ယောက်ျားကောင်းတစ်ယောက်က အမျိုးသမီးတို့နှင့် ဖက်ပြိုင်ပြီး ရန်မဖြစ်တတ်ပေ။

သို့ပေမယ့် ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး စစ်ဆေးသည့် နေရာတွင်တော့ အများစုက အမျိုးသမီးများ ဖြစ်ကြ၏။

သူတို့မိသားစုဝင်တို့က ယောက္ခမများ၊ ဒါမှမဟုတ် သူတို့မိခင်များ ဖြစ်ပြီး ထိုသူတို့ပေါင်းစပ်မှုက ဖြုံလောက်သည့် အင်အားစု ဖြစ်တာကတစ်ကြောင်း၊ ပြီးတော့ သူတို့၏ သားမြေးဖြစ်လာမည့် ရင်သွေးလေးများအတွက် စိုးရိမ်သည်က တစ်ကြောင်း၊ အကြောင်းအမျိုးမျိုးတို့ကြောင့် ဤ နာ့စ် အငယ်လေးများမှာ လူအုပ်ကြီးကို မကိုင်တွယ်နိုင်ပေ။

သို့ပေမယ့် ဆေးရုံရှိ နာ့စ်များက နောက်ဆုတ်မည့်ဟန်မပြ။ ဆက်ပြီး အမိန့်ပေးလာခဲ့သည်။

“ ငါ့ကို လာမအော်နဲ့ … နင်တို့ အာကျယ်တိုင်း အလုပ်ဖြစ်မယ် ထင်လား … နင်တို့ အသံကို မတိုးဘူးဆိုရင် လုံခြုံရေး ခေါ်ပြီး ချက်ချင်း မောင်းထုတ်ပစ်မယ် …”

ထိုသို့ ပြောပြီးနောက် နာ့စ်က လင်းရီကို လက်ညှိုးထိုးလိုက်သည်။

“ နင်ကရော ဘယ်ကလဲ … ပေါက်ကရ လုပ်နေတာတွေ တော်လိုက်တော့ … ပိုင်တုလေး သုံးလေးရက်လောက် ဖတ်ပြီးတာနဲ့ နင့်ကိုယ်နင် ဆရာဝန် လုပ်လို့ရပြီများ ထင်နေလား ….”

လင်းရီမှာ အစက ဤကိစ္စတွင် ဝင်စွက်ဖက်ဖို့ စိတ်ကူးမရှိသော်လည်းပဲ နာ့စ်၏ ပြောစကားကို ကြားတော့ သူမထံ တစ်ချက်ကြည့်လိုက်မိသည်။

“ မင်းတို့ ဆေးရုံက ဘယ်လို ဒေါက်တာမျိုးတွေ ခန့်ထားလဲ မင်းတို့ကိုယ်မင်းတို့ပဲ သိမှာပေါ့ …”

လင်းရီ၏ ငေါ့တော့တော့ စကားကို ကြားလိုက်ရတော့ နာ့စ်မှာ တိတ်ဆိတ်သွားခဲ့သည်။ သို့သော် ထိုအချိန် အခိုက်အတန့်မှာပဲ ကျန်းမာရေး တိုင်ပင်ဆွေးနွေးသည့် အခန်းထဲကနေ ဆရာဝန်တစ်ယောက် ထွက်လာသည်။

ထိုသူက မျက်မှန်တပ်ထားပြီး အသက်လေးဆယ် အရွယ်ရှိသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်၏။

နင်ယွဲ့က သူ့ကို တစ်ချက်ကြည့်ပြီး လက်ညှိုးထိုးပြလိုက်သည်။

“ အစ်ကို … ငါ့ကို စစ်ဆေးပေးတာ သူပဲ … သူ့နာမည်က တုဝန်ကွမ်းဆိုလား … ဘာလား …”

“ အင်း …”

တုဝန်ကွမ်း ထွက်လာပြီးနောက် နာ့စ်နှင့် လင်းရီတို့ အငြင်းပွားနေသည်ကို မြင်လျှင် သူတို့ထံသို့ ချဉ်းကပ်လာသည်။

“ ဘာတွေ ဖြစ်နေတာ … ဆူညံနေတာပဲ …”

အမျိုးသမီး နာ့စ်က တုဝန်ကွမ်းကို အခြေအနေအား တီးတိုးရှင်ပြလိုက်ပြီး သူ့မျက်နှာအမူအရာမှာ ချက်ချင်း အေးစက်သွားခဲ့သည်။

“ မင်း ဘယ်ကကောင်လဲ … ဒီလာပြီး လက်ညှိုးညွှန်နေရအောင် မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ … ပိုင်တုက စာတွေ သုံးလေးရက်လောက် ဖတ်ပြီး ကိုယ့်ကိုယ်ကို ဆရာဝန် လုပ်လို့ရပြီများ ထင်နေလား ….”

All Chapters