← Chapters

သွားရှုပ်လို့မရတဲ့ ဒိတ်ဒိတ်ကျဲ

Vol. 154 Ch. 2260

သွားရှုပ်လို့မရတဲ့ ဒိတ်ဒိတ်ကျဲ

Vol. 154 Ch. 2260

တုဝန်ကွမ်း၏ စကားကို ကြားတော့ နင်ယွဲ့က သဘောမတူလိုဟန်ဖြင့် ပြန်လည်ချေပလိုက်သည်။

“ ကျွန်မ အစ်ကိုက ဟွာရှန်းဆေးရုံရဲ့ နှလုံးခွဲစိတ်ဌာနမှာ ဒါရိုက်တာ ဖြစ်ခဲ့ဖူးတဲ့လူပဲ … ရှင့်ထက် အပုံကြီးသာတယ် …”

“ နှလုံးခွဲစိတ် ဌာနဒါရိုက်တာ ….”

လင်းရီ၏ အထောက်အထားကို သိရှိလိုက်ရတော့ ရှိနေကြသည့် လူတိုင်း အင်မတန် အံ့အားသင့်ကုန်ကြသည်။

ကမ်းရိုးတန်း ဧရိယာတွင် ဟွာရှန်းဆေးရုံ၏ ဂုဏ်သတင်းက အင်မတန် ကြီးလေးလှ၏။

ပေရှဲ့နှင့် နန်ဟွားတောင်တန်းတို့ကဲ့သို့ လူတိုင်း၏ နှလုံးသည်းပွတ်ထဲတွင် နေရာယူထားနိုင်ကြသူများ ဖြစ်၏။

ထို့ပြင် ဤလူငယ်လေးက ထိုသို့သော နေရာမျိုးတွင် ဒါရိုက်တာ တစ်ယောက် ဖြစ်သူ ဆိုပင်။ ဤသည်က မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။

တုဝန်ကွမ်းနှင့် အခြားသော နာ့စ်များမှာ လင်းရီတွင် ထိုသို့သော အထောက်အထားမျိုး ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။ သို့သော် မကြာမီ သူတို့၏ အမူအရာက တစ်စုံတစ်ရာကို တွေးတောမိသွားသည့်နှယ် ထပ်မံ၍ ပြောင်းလဲသွားခဲ့ကြသည်။

“ လေလုံးထွားမနေနဲ့ ….” တုဝန်ကွမ်းက လင်းရီကို လက်ညှိုးထိုး၍ ပြောလိုက်ပြီး “ သူ့ အသက်၊ သူ့အရွယ်လေးနဲ့ အလွန်ဆုံးရှိလှ ဘွဲ့လွန်တက်ပြီးရုံလောက်ပေါ့ … ဆေးခန်းဖွင့်ဖို့တောင် အနိုင်နိုင် ဖြစ်နေရဦးမယ့်ဥစ္စာ ဟွာရှန်းဆေးရုံလို ဆေးရုံကြီးက သူ့လိုကောင်စားမျိုးကို ဒါရိုက်တာ တင်မြောက်ထားမှာတဲ့လား … ဘယ်လိုတောင် မရယ်ရတဲ့ ဟာသလဲ …”

တုဝန်ကွမ်း စကားဆုံးတော့ ဘေးရှိ နာ့စ်ကလည်း စကားဝင်ထောက်သည်။

“ နှလုံးခွဲစိတ် ဆရာဝန်ကများ သားဖွားမီးယပ် ဌာနမှာ အမိန့်တွေ လာပေးဝံ့နေတယ်ပေါ့လေ …. နင်ဘာတွေ စဉ်းစားနေတာ … ဘာတွေ ဖြစ်နေတာလဲ ဆိုတာရော နင့်ဦးနှောက်က နားလည်ရဲ့လား ….”

“ ငါ့အစ်ကို ……..”

“ ရပြီ …”

လင်းရီက နင်ယွဲ့ကို ဟန့်တားလိုက်ပြီး “ ဒီလိုလူတွေနဲ့ ငြင်းခုန်နေစရာ မလိုဘူး … မင်းအစ်ကို ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ ကိုင်တွယ်လိုက်လို့ရတယ် …”

ထိုသို့ ပြောပြီးနောက် လင်းရီက ရန်ချိန်၏ ထိပ်သီးပိုင်း ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဝူကျောင်းယို၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။

သူတို့ချင်း မကြာခဏ မဆက်သွယ်ဖြစ်သော်ငြားလည်း လင်းရီ ကိုယ်တိုင်ကြောင့်ဖြစ်စေ၊ ဒါမှမဟုတ် သူနှင့် လျန်မိသားစု၏ ရင်းနှီးကျွမ်းဝင်မှုကြောင့်ဖြစ်စေ၊ ဝူကျောင်းယိုမှာ လင်းရီ ရှေ့တွင် မာနမကြီးဝံ့ပေ။

“ အတွင်းရေးမှူးဝူ … ကျိုးရှန်းဆေးရုံမှာ တုဝန်ကွမ်းလို့ ခေါ်တဲ့ ဆရာဝန် တစ်ယောက် လူနာကို ဆေးစာတွေ ပရမ်းပတာ ရေးပေးနေလို့ … ဒီကိစ္စ ကိုင်တွယ်ဖို့ သက်ဆိုင်ရာ ဌာနနဲ့ ဆက်သွယ်ပေးပါဦး …”

“ ရတယ် … ဘယ်လိုကိုင်တွယ်ချင်လဲ ခင်များကိုယ့်ဘာသာ ဆုံးဖြတ် … ကျုပ်ဝင်စွက်ဖက်မှာ မဟုတ်ဘူး …”

ဝူကျောင်းယိုနှင့် ဖုန်းပြောပြီးနောက် လင်းရီသည် နင်ယွဲ့၏ ဦးခေါင်းကို ကိုင်လိုက်ပြီး “ သွားစို့ … သူတို့နဲ့ အလုပ်ရှုပ်ခံစရာ မလိုတော့ဘူး … နောက်တစ်ခါကျ တခြားဆေးရုံကို ပြောင်းပြီးပြ … ဒီကို ထပ်မလာနဲ့တော့ …”

“ ဟုတ် ….”

လေးယောက်မှာ တုဝန်ကွမ်းကို ဂရုမစိုက်တော့ဘဲ ဆေးရုံက ထွက်သွားခဲ့ကြ၏။

“ ဟမ့် … တောကြီးမျက်မည်းထဲမှာ ကျေးငှက်ပေါင်းစုံ ရှိတယ် … သူ့ကိုယ်သူ အရေးပါတဲ့လူတစ်ယောက်ဆီ ဖုန်းဆက်ရုံ ဟန်ဆောင်လိုက်တာနဲ့ ငါ့ကို ခြောက်လန့်နိုင်ပြီလို့ ထင်နေလား မသိပါဘူး …”

“ သူတို့ကို ခေါင်းထဲ ထည့်မနေနဲ့ ဒေါက်တာတု … ဒီတိုင်း ဟိတ်ဟန်ထုတ်ဖို့လောက် သိတဲ့ စာမတတ် ပေမတတ် ကျေးတောသား တစ်သိုက်နေမှာ …”

“ ငါ ဆေးရုံမှာ နေလာတာ နှစ် ၂၀ ကျော်ပြီ … သူတို့လို လူတွေ အများကြီးနဲ့ ဆုံခဲ့ဖူးတယ် … သူတို့လို ကောင်တွေကို ပြတ်ပြတ်သားသား မလုပ်ပြရင် လူတွေရဲ့ အထက်မှာ လူတွေ ၊ ကောင်းကင်ရဲ့ အနောက်မှာ နောက်ထပ် ကောင်းကင် တစ်ခု ရှိသေးတာကို သိမှာ မဟုတ်ဘူး …”

တုဝန်ကွမ်းက သူ့အင်္ကျီကို ဖုန်ခါခပ်ပြီး အဖြူရောင်ကုတ်ကို ချပ်ရပ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် ရှိနေသည့် ကျန်သူများထံသို့ ပြောဆိုလိုက်၏။

“ ငါနဲ့ ဆေးပြဖို့ ချိန်းထားတဲ့လူတွေ နားထောင်ကြ … ငါ့ကို မယုံဘူးဆို တခြားဆေးရုံကို သွားလို့ရတယ် … ဒါပေမယ့် တစ်ခါတည်း ပြောပြလိုက်မယ် … ငါတို့ ဆေးရုံက ဒီစီရင်စုမှာ အကောင်းဆုံး ဆေးရုံပဲ … သားဖွားမီးယပ်ဌာန ဆိုတာလည်း စီရင်စု တစ်ခုလုံးမှာ နံပါတ် တစ် ရထားတဲ့ ဌာန … မင်းတို့က တခြားဆေးရုံကိုမှ ယုံကြည်ချင်တယ်ဆိုလည်း သွားကြ … ဒါပေမယ့် တစ်ခုတော့ ကြိုမှာလိုက်မယ် … တစ်ခုခု ဖြစ်လာခဲ့ပြီးမှ ငါတို့ခေါင်းပုံ အပြစ်လာပုံချမယ်တော့ မကြံနဲ့ ….”

တုဝန်ကွမ်း၏ စကားက လူနာများကို တီးတိုးစကားသံများ ညံသွားစေသည်။

ယခု သူတို့တွေ မည်သူ့ကို ယုံလို့ ယုံစားရမလဲ မသိကြတော့ပေ။

“ တကယ်လို့ မင်းတို့တွေ စစ်ဆေးကြဦးမယ်ဆိုရင်တော့ တန်းစီ … မစီချင်ဘူးဆို မြန်မြန်လစ် … မင်းတို့‌နေရာမှာ တခြားလူ ဝင်လိမ့်မယ် ….”

ပြောနေစဉ်တွင် တုဝန်ကွမ်းက ဘဝခိုက်နေပြီး အတော်လေးလည်း မောက်မာစီးပိုးနေလျက် ရှိသည်။

“ ဒါရိုက်တာလျို … မင်္ဂလာပါရှင့် …”

တုဝန်ကွမ်း ဆေးခန်းထဲသို့ ပြန်သွားတော့မည့် အချိန်မှာပဲ ရုတ်ချည်းဆိုသလို နာ့စ်တစ်ဦး၏ စကားသံကို ကြားလိုက်ရသဖြင့် နောက်သို့ အလျင်အမြန် ပြန်လှည့်ကြည့်လိုက်သည်။

အသက် ငါးဆယ် အရွယ်ရှိမည့် လူကြီးတစ်ဦးက အပြင်မှ ဝင်လာပြီး ဝတ်စုံပြည့်နှင့် ကိုင်းမျက်မှန်ကို တပ်ဆင်ထားကာ မျက်နှာအမူအရာကလည်း တင်းထော်နေသည်။

ထိုအမျိုးသား၏ နာမည်ကတော့ လျိုကျန်းလီ ဖြစ်ပြီး ကျိုးရှန်းဆေးရုံး၏ လက်ထောက် ဒါရိုက်တာ ဖြစ်၏။

“ အိုး … ဒါရိုက်တာလျို … ဘာကိစ္စများ ရှိလို့လဲ မသိဘူး …”

လျိုကျန်းလီ ရောက်လာတာကို မြင်တော့ တုဝန်ကွမ်းက ယဉ်ကျေးသည့် မျက်နှာအမူအရာဖြင့် ရှေ့သို့ တက်လာပြီး နှုတ်ဆက်သည်။

“ ဒါရိုက်တာလင်းကိုတောင် စော်ကားဝံ့လောက်အောင် မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ …”

ရုတ်တရက်ချည်း ဤသို့ မေးခံလိုက်ရသည့်အတွက် တုဝန်ကွမ်းနှင့် အခြားသော နာ့စ်များမှာ အံ့အားသင့်သွားခဲ့ကြသည်။ ဘာတွေ ဖြစ်နေလဲဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။

“ ဘယ်က ဒါရိုက်တာလင်းလဲ … ကျုပ်လည်း ဘယ်သူ့ကိုမှ မစော်ကားမိရပါလား…”

“ မင်းကများ ပြောရတယ် ရှိသေး …” လျိုကျန်းလီ ပြောလိုက်ပြီး “ ဒါရိုက်တာလင်းက ခေါင်းဆောင်ဝူဆီ ဖုန်းဆက်လာတယ် … ကျန်းမာရေး ကော်မရှင်ကလည်း မင်းနာမည်ကို ခေါင်းစဉ်တပ်ပြီး ငါတို့ ဆေးရုံကို စစ်ဆေးမှု ဝင်ချင်ပါတယ်တဲ့ … ဒါကို မင်းက မင်းကိုယ်မင်း မသိဘူးပေါ့ ….”

တုဝန်ကွမ်းမှာ ထပ်မံ၍ ကြက်သေသေသွားခဲ့၏။ “ ကျုပ် တကယ်ပဲ ဘယ်သူ့ကိုမှ မစော်ကားမိတာပါ ဒါရိုက်တာလျိုရာ … စောနလေးတင် လူနာမိသားစုဝင် တစ်ဦးနဲ့ အငြင်းပွားခဲ့မိတာလေးပဲ ရှိတာပါ … သူ့ကိုယ်သူ ဟွာရှန်းဆေးရုံရဲ့ ဒါရိုက်တာဆိုပြီး ပြောတယ် … ဒါပေမယ့် ကျုပ်ကတော့ သူ့ လိမ်ဆင်တွေကို ကြိုမြင်မိတော့ မောင်းထုတ်လွှတ်လိုက်တယ် ….”

“ မင်း ဂြိုလ်ကောင် … စောက်ပြဿနာ အကြီးကြီးကို မီးမွှေးခဲ့လိုက်တာပဲ …”

လျိုကျန်းလီက တုဝန်ကွမ်းကို လက်ညှိုးထိုးပြီး စိတ်ပျက်သွားသည့် အမူအရာဖြင့် “ ငါ ပြောပြမယ် … သူက ဟွာရှန်း ဆေးရုံရဲ့ ဌာန ဒါရိုက်တာတင် မကဘူး … ဟွာရှ ဆေးပညာ အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူးဆိုလည်း ဟုတ်တယ် …. ပြီးတော့ နိုင်ငံထဲက ထိပ်သီး ခွဲစိတ်ဆရာဝန် … သူ့ နှုတ်ထွက်စကားတစ်ခွန်းက ဟွာရှ ဆေးပညာလောကကြီးကို မုန်တိုင်းထန်သွားစေဖို့ လုံလောက်တယ် … မင်းနားလည်လား … အဲ့တာကို မင်းက စော်ကားမော်ကား သွားပြောခဲ့တယ် … ငါ့အထင်တော့ မင်း ဒီနယ်ပယ်ထဲမှာ အလုပ်ဆက်မလုပ်ချင်တော့ဘူး ထင်တယ် …”

ဤသည်ကို ကြားတော့ တုဝန်ကွမ်းမှာ နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားခဲ့၏။

“ ဒါပေမယ့် သူ့အသက်က ၂၀ ကျော်လား ရှိသေးတာလေ … အလွန်ဆုံးရှိလှ မာစတာဘွဲ့ရအောင် တက်ပြီးခါစပေါ့ … ဟွာရှန်းဆေးရုံရဲ့ ဌာန ဒါရိုက်တာဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ … “

“ အဲ့တာ သူက ပါရမီရှင်မို့လို့ … မင်းတို့ငါတို့လို သာမန်လူ မဟုတ်ဘူး ….” လျိုကျန်းလီ ပြောလိုက်ပြီး “ ပြီးတော့ မင်းအခု ဌာနကို ပြန်သွားတော့ … အဝတ်အစားလဲထား .. ပြီးရင် စစ်ဆေးမေးမြန်းတာခံဖို့ အဆင်သင့် ပြင်ထား … မင်းရဲ့ အနာဂတ်ကိုတော့ …. ငါလည်း မသေချာဘူး … ရှိသမျှ ဘုရားတွေမှာ အကုန်လိုက်ပြီးသာ ဆုတောင်းနေလိုက်တော့ …”

တုဝန်ကွမ်း၏ အမူအရာမှာ အလဲလဲအပြိုပြို ဖြစ်နေတော့သည်။

“ ဒါရိုက်တာလျို … ဒါက အထင်လွဲတာပါ … သူက အဲ့လို ပုဂ္ဂိုလ်မျိုး ကျုပ် မသိခဲ့လိုပါ … မဟုတ်ရင် ကျုပ်အဲ့လို စကားမျိုးတွေ လုံးဝ ပြောခဲ့မိမှာ မဟုတ်ပါဘူး …”

တုဝန်ကွမ်း တစ်ဦးတည်းသာ ထိတ်ထိတ်ပျာပျာ ဖြစ်နေခြင်း မဟုတ်ဘဲ သူ့ဘေးနားရှိ နာ့စ်များလည်း ထိုနည်းလည်းကောင်း ဖြစ်နေမိကြသည်။

အကယ်၍ ကိစ္စများသာ မှားယွင်းသွားခဲ့မည်ဆိုပါက သူမတို့မှာ ရောထွေး ကံဆိုးသွားနိုင်သည်။

“ ဒါ သူ့ရဲ့ အထောက်အထားနဲ့ မဆိုင်ဘူး … မင်းရဲ့ လုပ်ရပ်ကြောင့်ပဲ … မင်းက ဒီဆေးရုံမှာ ဆရာဝန်တစ်ယောက်အနေနဲ့ ဆက်ပြီး အလုပ်လုပ်ကိုင်ဖို့ မသင့်တော့ဘူး….” လျိုကျန်းလီ ပြောလိုက်သည်။ “ မင်းရေးခဲ့တဲ့ ဆေးစာတွေက ဘာတွေလဲ မင်းကိုယ်မင်း သိမှာပါ … ငါ ကျန်တာ ရှည်ရှည်ဝေးဝေးတွေ မပြောချင်ဘူး … ပြန်ပြီး စစ်ဆေးခံဖို့ အသင့်ပြင်ထားတော့ …”

တုဝန်ကွမ်းမှာ အလွန်အမင်း နောင်တရမိနေသကဲ့သို့ ကိုယ့်ကိုယ်လည်း စိတ်ပျက်အားလျော့နေမိသည်။

သူ့ကိုယ်သူ ယခုလို ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်မိခဲ့ချေ။

ရေနစ်သူ ဝါးကူထိုး ဆိုသည့် လူပြောစကားအတိုင်း ထိုစကားဝိုင်းကို ကြားတော့ သူနှင့် အချိန်းအချက် ပြုထားကြသည့် လူနာများကို သူ့ကို စတင်ပြီး ယိုးစွပ်ကြတော့၏။

ဆေးရုံမှ အသက်ရှင်လျက် ထွက်သွားနိုင်လျှင်ပင် သူ့ကံက အတော်လေး ကောင်းမွန်နေပြီဟူ၍ ဆိုရမည့်ပုံပင်။

ထိုအချိန်တွင် လင်းရီနှင့် အခြားသူများက ကားထဲသို့ ဝင်၍ မိဘမဲ့ဂေဟာသို့ မောင်းနှင်လာခဲ့ကြသည်။

ရင်သွေးက အဆင်ပြေပြေ ရှိနေသည်ကို သိလိုက်ရတော့ နင်ယွဲ့လည်း ကျီချင်းရန်နှင့်အတူ နောက်ခန်းတွင် ထိုင်ရင်း စိတ်ကောင်းဝင်နေသည်။ ကလေးအတွက် မည်သည့် ပစ္စည်းများ ဝယ်ယူရမလဲ ဆိုတာကိုပင် တိုင်ပင်ဆွေးနွေးနေလျက် ရှိသည်။

လင်းရီနှင့် ချွီရွှမ့်ဟော်တို့က ရှေ့ခန်းတွင် ထိုင်နေရင်း ချွီရွှမ့်ဟော်က “ ယောက်ဖ … မင်း ကျိုးဟိုင်မှာ အလုပ်တွေ များလား … ရန်ချိန်မှာ ရက်နည်းနည်းလောက် နေသွားပါဦးလား … ပြီးရင် အစ်ကိုကြီးကို ခေါ်ပြီး အရက်သွားသောက်ကြတာပေါ့ …”

“ ငါ့ဘက်ကတော့ ထွေထူး ကိစ္စတွေ မရှိဘူးရယ် … မင်း မရီးအပေါ် မူတည်တာပဲ … ပြီးတော့ ငါတို့အားလုံးက တစ်မိသားစုတည်းတွေပဲလေ … ဘယ်နေရာ သောက်သောက် ရပါတယ်ကွာ … အဲ့လောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး …”

“ ကောင်းတယ် … ဒါဆို ငါ့ဘာငါပဲ စီစဉ်လိုက်တော့မယ် …”

အုပ်စုက မိဘမဲ့ဂေဟာသို့ ရောက်ရှိလာခဲ့ကြ၏။ သူတို့ အထဲသို့ ရောက်လာသည်နှင့် ဝူဖေးယွဲ့က ကလေးတစ်ယောက်အား ရိုက်နှက်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

ဤသည်က လင်းရီနှင့် အခြားသူများကို နားမလည်နိုင် ဖြစ်သွားစေခဲ့ပြီး ခေါင်းခြောက်သွားစေခဲ့တော့၏။

All Chapters